News @ M-Media

Author: Ko Lay

  • အာဆင်နယ်တွင် ဆက်နေချင်သည်ဟု ပြောကြားလိုက်သည့် အိုဇေးလ်

    အာဆင်နယ်တွင် ဆက်နေချင်သည်ဟု ပြောကြားလိုက်သည့် အိုဇေးလ်

    ဇူလိုင် ၁၂၊ ၂၀၁၇
    M-Media

    – မိမိအနေဖြင့် အာဆင်နယ်တွင်သာ ဆက်နေချင်ပြီး သြစတေးလျနှင့် တရုတ်တို့တွင် ရာသီကြို ခြေစမ်းပွဲများ ကစားပြီးပါက အနာဂတ်အတွက် အသင်းနှင့် ဆွေးနွေးသွားမည်ဟု ကွင်းလယ်လူ မီဆု အိုဇေးလ်က ပြောကြားလိုက်သည်။

    အသက် ၂၈ နှစ်အရွယ်အိုဇေးလ်၏ သက်တမ်းမှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍လည်း ကောလဟာလများ ထွက်ပေါ်နေသည်။

    “ကျွန်တော် ဒီမှာ ဆက်နေချင်တာ အသေအချာပါပဲ။ အားလုံး လန်ဒန်ပြန်ရောက်ရင် ကျွန်တော်တို့ဟာ ထိုင်ပြီး အနာဂတ်အတွက် ဆွေးနွေးကြမှာပါ။ အာဆင်နယ်မှာ ကျွန်တော် ပျော်တယ်လို့ အမြဲတမ်း ကျွန်တော် ပြောခဲ့ပါတယ်” ဟို အိုဇေးလ်က ယနေ့တွင် ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ သြစတေးလျတွင် ခြေစမ်းပွဲ ၂ ပွဲ၊ တရုတ်တွင် ၂ ပွဲကစားကာ ဇူလိုင်လကုန်ပိုင်းတွင် အင်္ဂလန်သို့  ပြန်ရောက်မည်ဖြစ်သည်။

    အိုဇေးလ်ကမူ လက်ရှိတွင် ရာသီကြိုခြေစမ်းပွဲများအတွက် အာရုံစိုက်ထားသည်ဟု ပြောကြားခဲ့သည်။ အိုဇေးလ်မှာ ၂၀၁၃ ခုနှစ်တွင် ရီးယဲလ်မှ အာဆင်နယ်သို့ ပေါင်း ၄၂.၄ သန်းဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

    Ref: BBC

  • နာရီဓာတ်ခဲနဲ့ ပေ ၃၀၀၀ လျှောက်စောက်ကို တက်ပြခဲ့တဲ့ စက်ရုပ်

    နာရီဓာတ်ခဲနဲ့ ပေ ၃၀၀၀ လျှောက်စောက်ကို တက်ပြခဲ့တဲ့ စက်ရုပ်

    ဇူလိုင် ၁၂၊ ၂၀၁၇
    M-Media

    – Panasonic က တီထွင်ထုတ်လုပ်ထားပြီး နာရီဓာတ်ခဲ ၂ လုံးနဲ့ လည်ပတ်တဲ့ Evolta Neo-kun စက်ရုပ်ငယ်လေးဟာ မီတာ ၁၀၀၀ မြင့်တဲ့ ဒေါင်လိုက်လျှောစောက်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။

    လျှောစောက်တွေကို တက်နိုင်တဲ့ စက်ရုပ် တီထွင်ဖန်တီးမှုကို Panasonic က ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တာပါ။ ပြီးခဲ့တဲ့တစ်ပတ်က နော်ဝေနိုင်ငံ Lysefjord မြို့မှာပြုလုပ်တဲ့ ဒီအမြင့်တက်မှုဟာ ဓာတ်ခဲသက်တမ်းကို စမ်းသပ်တာဖြစ်ပြီး စက်ရုပ်လေးဟာ ၁၁ နာရီခွဲလောက် တက်ခဲ့ရပါတယ်။

    ပထမအကြိမ်စမ်းသပ်မှုအတွင်း မိုးရွာ၊ လေတိုက်မှုကြောင့် မအောင်မြင်ခဲ့ဘဲ ဒုတိယအကြိမ်မြောက်မှ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

    Evolta Neo-kun စက်ရုပ်လေးဟာ ဒေါင်လိုက် လျှောစောက်အဖြစ် တန်းထားတဲ့ ကြိုးတစ်လျှောက် တက်ခဲ့တာဖြစ်ပြီး စမ်းသပ်မှုကို Panasonic ရဲ့ Facebook စာမျက်နှာမှာ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။

    စက်ရုပ်ကို ဂျပန်လူမျိုး တိုမိုတာကာ တာကာဟာရှီက တီထွင်ကာ ၂၀၀၈ ခုနှစ်က EVOLTA Robot Challenge ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

    Panasonic က စီစဉ်တဲ့ ဒီပြိုင်ပွဲ ကျင်းပစဉ်အချိန်က Evolta Neo-kun စက်ရုပ်လေးဟာ အမေရိကန်က Grand Canyon က မီတာ ၅၃၀ မြင့်တဲ့ လျှောစောက်တစ်ခုကို အောင်မြင်စွာ တက်ပြနိုင်ခဲ့ပါတယ်။

    Ref: CNA

  • တရုတ်၏ ပထမဆုံး ပြည်ပစစ်စခန်းအတွက် တပ်ဖွဲ့ဝင်များ ထွက်ခွာ

    တရုတ်၏ ပထမဆုံး ပြည်ပစစ်စခန်းအတွက် တပ်ဖွဲ့ဝင်များ ထွက်ခွာ

    ဇူလိုင် ၁၂၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံ၏ ပထမဆုံး စစ်အခြေစိုက်စခန်းအတွက် တပ်ဖွဲ့ဝင်များမှာ စစ်သင်္ဘောဖြင့် အာဖရိကဦးချိုဒေသ ဒီဘောက်တီနိုင်သို့ စတင်ထွက်ခွာသွားခဲ့ပြီဟု သိရသည်။

    ဒီဘောက်တီတွင် ၂၀၂၆ ခုနှစ်အထိ တပ်ဖွဲ့ဝင်တစ်သောင်း တည်ရှိရန် တရုတ်က သဘောတူညီချက် ရရှိထားသည်ဟု The Diplomat မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ တရုတ်တပ်ဖွဲ့များကို တင်ဆောင်သွားသော သင်္ဘောမှာ ယမန်နေ့က နိုင်ငံတောင်ပိုင်း ဇန်ဂျန်းမြို့မှ ထွက်ခွာသွားခြင်း ဖြစ်သည်။

    အိန္ဒိယသမုဒ္ဒရာ၏ အနောက်မြောက်ဖက်တွင် ရှိနေသည့် ဒီဘောက်တီနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့ ပါဝင်သည့် တရုတ်၏ ပုလဲကုံး စစ်ဖက်ဆိုင်ရာ မဟာမိတ်ဗျူဟာ၏ နောက်ထပ်အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာမည်ကို အိန္ဒိယ စိုးရိမ်မှုများ ရှိနေသည်။

    တရုတ်မှာ ဒီဘောက်တီတွင် ပြီးခဲ့သည့် နှစ်ကတည်းက စစ်အခြေစိုက်စခန်းကို ဆောက်လုပ်နေခြင်းဖြစ်ပြီး ယီမင်နှင့် ဆိုမာလီယာ ကမ်းလွန်တွင် ဆောင်ရွက်နေသည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်နေသော တရုတ်စစ်သင်္ဘောများအား ထောက်ပံ့ပေးရန် အသုံးပြုမည်ဖြစ်သည်။

    တရုတ်နိုင်ငံက အဆိုပါ စခန်းကို ပို့ဆောင်ရေးအတွက်သာ အသုံးပြုမည်ဟု ပြောကြားထားသော်လည်း ထိုစခန်းမှာ တရုတ်၏ ပထမဆုံး ပြည်စစ်အခြေစိုက်စခန်း ဖြစ်လာမည်ဖြစ်သည်။ သို့သော်လည်း မည်သည့်အချိန်တွင် စတင်လည်ပတ်မည်ဆိုသည်ကို သိရှိရခြင်း မရှိသေးပေ။

    Ref: Aljazeera

  • ဗလီဖျက်ဆီးခံရမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု ကန်ပြည်သူများ ပြုလုပ်

    ဗလီဖျက်ဆီးခံရမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု ကန်ပြည်သူများ ပြုလုပ်

    ဇူလိုင် ၁၂၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ် မြို့တစ်မြို့က ဗလီဝတ်ကျောင်းတော်တစ်ခု နှောက်ယှက်ခံရမှုကို ဆန့်ကျင်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့အတွက် ဒေသခံပြည်သူတွေဟာ မနေ့ညနေက အဲဒီဗလီဝတ်ကျောင်းတော်ရှေ့မှာ စုရုံးခဲ့ကြပါတယ်။

    မာဖရီးစ်ဘိုရိုမြို့က ဗလီဝတ်ကျောင်းတော်ဟာ စနေနေ့မှာ နှောက်ယှက်ခံခဲ့ရတာဖြစ်ပြီး ကျူးလွန်သူတွေက နံရံမှာ စော်ကားတဲ့မှတ်ချက်တွေကို ရေးသားခဲ့ကာ တံခါးလက်ကိုင်နဲ့ လျှောက်လမ်းတွေမှာ ၀က်သားတုံးတွေ ချိတ်ဆွဲတာ၊ ကြဲချတာမျိုးတွေ လုပ်ခဲ့ပါတယ်။

    ဒါပေမယ့် မြို့နေပြည်သူတွေကတော့ ဒီလိုလုပ်ရပ်တွေကို ရှုတ်ချုပ်ဖို့၊ လူနည်းစုတွေကို အားပေးဖို့ ၀န်မလေးခဲ့ပါဘူး။

    မွတ်စလင်တွေနဲ့ တစ်သားတည်းရှိကြောင်းပြသဖို့ အဝေးတစ်နေရာကနေ လာရတဲ့ ဒီယာနီ ရှူလ်မန်က “ကြောက်ရွံ့မှုဟာ အမုန်းရဲ့ အခြေခံပါပဲ။ ကိုယ်မသိတဲ့လူ၊ ကိုယ်မသိတဲ့အရာတစ်ခုကို ကြောက်ရွံ့နေမယ်ဆိုရင် အဲဒီကြောက်ရွံ့မှုက ဒေါသဖြစ်လာပြီး တစ်ခါတစ်ရံမှာ အကြမ်းဖက်မှု ဖြစ်ပွားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    မာဖရီးစ်ဘိုရိုက ပြည်သူတွေဟာ သူတို့ရဲ့မြို့လေးကို နွေးထွေးတဲ့မြို့လေးတစ်ခုဖြစ် ထိန်းသိမ်းထားချင်တာပါ။

    “မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးတွေကို စာနာတတ်ဖို့၊ အခြားသောယဉ်ကျေးမှုတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာ ကျွန်မ သိပါတယ်။ လူ့အဖွဲ့အစည်းမှာ တစ်ဝိုင်းတည်းထိုင်ပြီး ကိုယ့်ရဲ့ ကိစ္စတွေကို ပြောဆိုဖို့၊ ကိုယ့်ရဲ့ သတင်းစကားတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းပြောပြဖို့ လိုအပ်ပါတယ်” လို့ စုရုံးပွဲမှာ ပါဝင်ခဲ့တဲ့ အေရီယဲလ် ပေါ်ဝဲလ်က ပြောကြားခဲ့ပါတယ်။ ပေါ်ဝဲလ်တို့ ဇနီးမောင်နှံ နှစ်ဦးစလုံးဟာ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

    နောက်ပြီး လူတွေက ဒါမျိုးလုပ်ရပ်တွေ လုပ်တယ်ဆိုတာ မယုံနိုင်ကြောင်း၊ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြဿရာမရောက်ကြောင်းလည်း ပေါ်ဝဲလ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    မာဖရီးစ်ဘိုရိုက ဒီဗလီဝတ်ကျောင်းတော်ဟာ ယခင်ကလည်း နှောက်ယှက်ဖျက်ဆီးမှုတွေကို ခံခဲ့ရဖူးပြီး၊ ဒေသခံလူ့အဖွဲ့အစည်းက အကြိမ်တိုင်း ရှုတ်ချခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆာလေဟ် ဆဘီနတီက ဒီလိုမျိုး ပြည်သူတွေရဲ့ မေတ္တာကို ရရှိတဲ့အတွက် အံ့အားသင့်ရတယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ တော်တော်လေး ကြံ့ကြံ့ခံနိုင်ပြီး၊ နာကျင်မှုတွေကိုလည်း အများအပြား ခံစားခဲ့ရပါတယ်။ အကြိမ်တိုင်းမှာ ဒီကလူ့အဖွဲ့အစည်းဟာ ဒီလိုအခြေအနေမျိုးကို နှစ်လိုဖွယ်ရာကောင်းတဲ့ အရာအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်” လို့ ဒေါက်တာက ပြောကြားခဲ့ပါတယ်။

    တနင်္လာနေ့က အဖြစ်အပျက်အတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး သံသယရှိသူစာရင်းကိုတော့ မကြေငြာသေးပါဘူး။

    Ref: wsmv, fox17

  • အစ္စရေးကြောင့် ဂါဇာပြည်သူများ အသက်ရှင်ရပ်တည်ရန် မဖြစ်နိုင်သည့် အခြေအနေမျိုး ရောက်နေ

    အစ္စရေးကြောင့် ဂါဇာပြည်သူများ အသက်ရှင်ရပ်တည်ရန် မဖြစ်နိုင်သည့် အခြေအနေမျိုး ရောက်နေ

    ဇူလိုင် ၁၂၊ ၂၀၁၇
    M-Media

    – အစ္စရေး၏ ၁၀ နှစ်ကြာ ပိတ်ဆို့မှုကို ခံထားရသည့် ဂါဇာကမ်းမြှောင်မှ ပါလက်စတိုင်းပြည်သူများ၏ အသက်ရှင်ရပ်တည်မှုအခြေအနေမှာ ဆိုးရွားလာခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    ယမန်နေ့က Gaza – 10 years later အမည်ဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်ကအစောပိုင်းက ကုလမှ မှတ်တမ်းတင်ခဲ့သော ၀င်ငွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် လျှပ်စစ်ဓာတ်အားရရှိမှုကဲ့သို့ ကဏ္ဍများတွင် ဆုတ်ယုတ်မှုများမှာ ပိုမို၍ ဆိုးရွားလာသည်ဟု ဆိုသည်။

    ဂါဇာရှိ တစ်ဦးချင်း ဂျီဒီပီမှာ ကျဆင်းနေပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု အလျင်အမြန်လိုအပ်နေသူများကို ထောက်ပံ့ပေးနိုင်မှု အခြေအနေမှာလည်း ကျဆင်းလျက်ရှိနေသည်ဟု ကုလက ပြောကြားခဲ့သည်။

    ထို့ပြင် ချက်ခြင်းဆောင်ရွက်မှုများ မပြုလုပ်ပါက ဂါဇာ၏ တစ်ခုတည်းသော အဏ္ဏ၀ါအရင်းအမြစ်များမှာ ၂၀၂၀ ခုနှစ်အရောက်တွင် လုံးဝသုံးမရသည့် အခြေအနေမျိုးသို့ ရောက်သွားနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး ကဏ္ဍများစွာတွင် ဆုတ်ယုတ်မှုများမှာ မိမိတို့ မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်နေကြောင်း ကုလ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး ရောဘတ် ပစ်ပါက ပြောကြားခဲ့သည်။

    ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများ အထူးသဖြင့် ကုလအဖွဲ့များမှတစ်ဆင့် ဆောင်ရွက်ပေးမှုများမှာ ထိုဆိုးရွားမှုများကို နှေးသွားအောင်သာ ပြုလုပ်နိုင်ပြီး၊ ဂါဇာပြည်သူများ၏ အသက်ရှင်ရပ်တည်နိုင်မှုအခြေအနေမှာ အောက်သို့ ထိုးဆင်းနေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်မှ ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဗာလ်လန့်က ဂါဇာပြည်သူများမှာ ငတ်မွတ်ခေါင်းပါးသည့် အခြေအနေမျိုးကို မရောက်သေးသော်လည်း အလွန်ဆိုးရွားသည့် အနေအထားမျိုးတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ်တွင် အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် ဖာတာအဖွဲ့က အာဏာသိမ်းရန် ကြိုတင်ကြံစည်ထားမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ဟားမက်စ်အဖွဲ့က ဂါဇာကို ထိန်းချုပ်ခဲ့ပြီး၊ ချက်ခြင်းဆိုသလိုပင် အစ္စရေးက ဂါဇာသို့ ကုန်ပစ္စည်းများ၊ လူများ ၀င်ရောက်ခွင့်ကို ကန့်သတ်ခြင်း၊ ပင်လယ်ပြင် အသုံးပြုမှုကို ကန့်သတ်ခြင်း၊ အီဂျစ်နှင့်ပူးပေါင်း၍ ဂါဇာအား ပိတ်ဆို့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

    ပါလက်စတိုင်းပြည်သူ ၂ သန်းဝန်းကျင် နေထိုင်သော ဂါဇာကို ၂၀၀၈ ခုနှစ်မှစ၍ အစ္စရေးက ကျူးကျော်ထိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ထောင်နှင့်ချီသော ပါလက်စတိုင်းပြည်သူများ သေဆုံးခဲ့သည်။

    Ref: Aljazeera