News @ M-Media
Author: Ko Lay
  • နိုင်ငံတကာမှ ဝေဖန်မှုကြောင့် အာဖဂန် အမျိုးသမီး တီထွင်သူအဖွဲ့ကို ကန် ပြည်ဝင်ခွင့်ပြု
    နိုင်ငံတကာမှ ဝေဖန်မှုကြောင့် အာဖဂန် အမျိုးသမီး တီထွင်သူအဖွဲ့ကို ကန် ပြည်ဝင်ခွင့်ပြု
    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media
    – အမေရိကန်သို့ ပြည်ဝင်ခွင့်ဗီဇာ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံခဲ့ရသည့် အာဖဂန် စက်ရုပ်တီထွင်သူ မိန်းကလေးငယ်များအဖွဲ့ကို ဗီဇာပေးရန် ဆုံးဖြတ်ခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    အထက်တန်းကျောင်းသူ ၆ ဦးပါဝင်သည့် အဆိုပါအဖွဲ့မှာ တနင်္ဂနွေနေ့တွင် ၀ါရှန်တန်၌ ပြုလုပ်မည့် နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲတွင် ပါဝင်နိုင်ရန် ကြိုးစားခဲ့ပြီး ၎င်းတို့ တီထွင်ထားသည့် စက်ရုပ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော်လည်း ၎င်းတို့၏ ပြည်ဝင်ခွင့်လျှောက်ထားမှုမှာ ၂ ကြိမ်တိုင်တိုင် ပယ်ချခံခဲ့ရသည်။
    ထို့ကြောင့် အမေရိကန်၏ လူဝင်မှုမူဝါဒကို လူ့အခွင့်အရေးအဖွဲ့များ အပါအ၀င် နိုင်ငံတကာမှ ဝေဖန်မှုခဲ့ကြသည်။ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကမူ ယခုကိစ္စအတွက် တိုးတက်မှုများရရှိနေသည်ဟု ပြောကြားခဲ့ပြီး၊ မိန်းကလေးငယ်များအဖွဲ့ကလည်း ကဘူးလ်ရှိ အမေရိကန်သံရုံးက ၎င်းတို့အား တွေ့ဆုံရန် ခေါ်ယူထားသည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။
    “ပျော်လွန်းလို့ ဘာပြောရမှန်းတောင် မသိပါဘူး။ အမေရိကန်မှာ ကျွန်မတို့ ၇ ရက် နေရမှာဖြစ်ပြီး အမေရိကန်နဲ့ အာဖဂန်က ယဉ်ကျေးမှုတွေကို နှိုင်းယှဉ်လေ့လာမှာ ဖြစ်ပါတယ်။ ပြီးတော့ လျှောက်လည်မယ်၊ လူတွေနဲ့ စကားပြောမယ်” ဟု အသက် ၁၅ နှစ်အရွယ် ရိုဒါဘာ နူရီက ပြောကြားခဲ့သည်။
    လူ့အခွင့်အရေးအဖွဲ့ Human Rights Watch က ဗီဇာငြင်းပယ်ခြင်းမှုမှာ ‘အာဖဂန်နစ္စတန်မှ အမျိုးသမီးငယ်များကို စွမ်းအားမြှင့်တင်ပေးရန် ကြိုးပမ်းနေသည်ဟု အမေရိကန်၏ ပြောကြားမှု အတုအယောင်သာ ဖြစ်သည်ဆိုသည်ကို မီးမောင်းထိုးပြနေခြင်း’ ဖြစ်သည်ဟု စောစောပိုင်းတွင် ဝေဖန်ခဲ့သည်။
    အဆိုပါ နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲအတွက် အာဖဂန်နှင့် ဂမ်ဘီယာနိုင်ငံမှ အဖွဲ့နှစ်ဖွဲ့သာ ဗီဇာငြင်းပယ်ခံရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဂမ်ဘီယာကိုလည်း အမေရိကန်က ပြန်လည် ပြည်ဝင်ခွင့်ပြုခဲ့သည်။
    အမေရိကန်မှာ မွတ်စလင်အများစုရှိရာ နိုင်ငံ ၆ နိုင်ငံအပေါ် ပြည်ဝင်ခွင့်ဗီဇာ တင်းကျပ်သည့် ဥပဒေတစ်ခုကို လက်ရှိတွင် ကျင့်သုံးနေပြီး ထိုအထဲတွင် ဂမ်ဘီယာနှင့် အာဖဂန်တို့ မပါဝင်ပေ။
    Ref: The Guardian
  • တရုတ်အစိုးရ၏ နှိပ်ကွပ်မှုခံရသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘို ကွယ်လွန်
    တရုတ်အစိုးရ၏ နှိပ်ကွပ်မှုခံရသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘို ကွယ်လွန်
    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media
    ဆေးရုံတွင်တွေ့ရသည့် လျူရှောင်ဘို
    – တရုတ်နိုင်ငံမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် တရုတ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် လျူရှောင်ဘိုမှာ ကွယ်လွန်သွားခဲ့ပြီဟု တရုတ်အာဏာပိုင်များက ကြေငြာလိုက်သည်။
    လျူမှာ နိုင်ငံအရှေ့မြောက်ပိုင်း ရှန်းယန်မြို့တွင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ဖြင့် ဆေးကုသမှုခံယူနေရသူဖြစ်ပြီး ရှန်းယန် ဥပဒေရေးရာဗျူရိုက လျူ၏ ကိုယ်တွင်းအင်္ဂါများ မလုပ်မလုပ်တော့ဘဲ ၎င်းအား ကယ်တင်ရန် ကြိုးစားမှုမှာ မအောင်မြင်ခဲ့သည်ဟု ၎င်းတို့၏ ၀ဘ်စာမျက်နှာ၌ ယနေ့တွင် ဖော်ပြခဲ့သည်။
    အသက် ၆၁ နှစ်အရွယ်ရှိ လျူမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် တောင်းဆိုလွှာ ရေးသားမှုကို ကူညီခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ‘အစိုးရကို ပုန်ကန်ရန် လှုံ့ဆော်မှု’ ဖြင့် ထောင်ဒဏ် ၁၁ နှစ် ကျခံခဲ့ရသည်။ အသည်းကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေကြောင်းကို ပြီးခဲ့သည့် မေလတွင်မှ သိရှိခဲ့ရခြင်းဖြစ်သည်။
    လျူမှာ ၂၀၁၀ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့ပြီး ဆုတက်မယူနိုင်သည့် ၎င်း၏နေရာကို ထိုင်ခုံအလွတ် ထားရှိခဲ့သည်။ ရောဂါဆိုးရွားလာမှုကြောင့် လျူကို ထောင်မှနေ၍ ရှန်းယန်ရှိ ဆေးရုံကို မကြာသေးမီကမှ ပြောင်းရွှေ့ခဲ့သည်။
    လျူ၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွာသောကြောင့် နိုင်ငံရပ်ခြားတွင် ဆေးကုသခွင့်ပြုရန် နိုင်ငံတကာ၏ တောင်းဆိုမှုအား တရုတ်က လက်မခံဘဲ ပယ်ချခဲ့သည်။
    Ref: Aljazeera
  • ဆီးရီးယားအတွက် ရန်ပုံငွေရှာရင်း စက်ဘီးနဲ့ ဟဂ်ျသွားလုပ်မယ့် လန်ဒန်က မွတ်စလင်အဖွဲ့
    ဆီးရီးယားအတွက် ရန်ပုံငွေရှာရင်း စက်ဘီးနဲ့ ဟဂ်ျသွားလုပ်မယ့် လန်ဒန်က မွတ်စလင်အဖွဲ့
    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media
    Hajj Ride ခရီးသွားမည့် လန်ဒန်က မွတ်စလင်အဖွဲ့
    – ဆီးရီးယားနိုင်ငံက အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီနိုင်ရေး ရန်ပုံငွေရှာဖွေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗြိတိန်က မွတ်စလင် ၈ ဦးဟာ လန်ဒန်ကနေ ဆော်ဒီအာရေဗျကို စက်ဘီးစီးပြီး ဟဂ်ျသွားရောက်ပြုလုပ်ကြမယ်လို့ သိရပါတယ်။
    ဘင်္ဂါလီဗြိတိသျှ ၃ ဦး၊ ပါကစ္စတန်ဗြိတိသျှ ၄ ဦးနဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးပါဝင်မယ့် အဖွဲ့ရဲ့ ဒီခရီးစဉ်ကို Hajj Ride လို့ပေးထားပြီး လန်ဒန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ သြစတြီးယား၊ လက်ချင်စတိန်းနဲ့ အီတလီ၊ အဲဒီကနေ ဂရိ၊ အီဂျစ်ကိုသွားကာ ဆော်ဒီထဲဝင်မှာ ဖြစ်ပါတယ်။
    ဒီခရီးစဉ်အတွက် အတွေးရခဲ့တဲ့ ဗြိတိန်မွတ်စလင် အဘ်ဒူလ်ဝါဟစ်က ရှေးခေတ်မွတ်စလင်တွေ ဟဂ်ျကျင့်စဉ်အတွက် ဆော်ဒီကို သွားရောက်ရတဲ့ ခံစားချက်မျိုး ပြန်လည်ခံစားလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီခရီးစဉ်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ် အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်ကတည်းက တစ်နေ့ ဒီလို အစီအစဉ်မျိုးလုပ်မယ်လို့ သူက တွေးခဲ့တာပါ။
    “မွတ်စလင်တစ်ယောက်ဖြစ်လာရင် အစားအသောက်၊ အနေအထိုင် အားလုံးပြောင်းရမယ်လို့ လူတွေက ပြောကြပါတယ်။ ကျွန်တော့်ရဲ့ ဘ၀နေထိုင်မှုတွေကို ဘယ်လိုပေါင်းစပ်ရမလဲဆိုတာ ကျွန်တော် အချိန်ယူပြီး စဉ်းစားခဲ့ပါတယ်။ ကျွန်တော် စက်ဘီးစီးရတာကို မြတ်နိုးတာယ်၊ ဟဂ်ျလည်းသွားချင်တယ်။ ဒါဆိုရင် ဘာ့ကြောင့် အရင်တုန်းက ခရီးသွားနည်းလမ်ဟောင်းကို သုံးလို့မရရမှာလဲလို့ အတွေးရခဲ့ပါတယ်” လို့ ၀ါဟစ်က ပြောကြားခဲ့ပါတယ်။
    ရန်ပုံငွေရှာဖွေရေး
    Hajj Ride ခရီးစဉ်မှာ ရန်ပုံငွေ ပေါင် ၁ သန်းလောက် ရမယ်လို့ ၀ါဟစ်တို့အဖွဲ့က မျှော်လင့်ထားပြီး ရတဲ့ အလှူငွေအားလုံးကို ဆီးရီးယားက အရေးပေါ်ဆေးဝါးကုသမှုအတွက် လိုအပ်တဲ့နေရာတွေမှာ သုံးစွဲဖို့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
    နောက်ပြီး ဒီခရီးစဉ်ကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးဖို့လည်း ၀ါဟစ်က ရည်ရွယ်နေပါတယ်။ ၀ါဟစ်ဟာ ၂၀၁၅ ခုနှစ်မှာ လန်ဒန်ကနေ ပဲရစ်ကို စက်ဘီးနဲ့ ခရီးသွားတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
    “ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ဝေးတဲ့ လမ်းတွေပေါ်မှာ ၂ လနီးပါးလောက် ရှိနေရတာဟာ အကြီးမားဆုံး စိန်ခေါ်မှုကြီးဖြစ်မှာပါ။ အခက်အခဲတွေ ကြုံတွေ့ရတဲ့အချိန်မှာ ကျွန်တော်တို့ဟာ တစ်ဦးကိုတစ်ဦး ကူညီဖေးမပေးဖို့ လိုအပ်ပါတယ်”
    ဘင်္ဂလာဒေ့ရှ်မှာမွေးပြီး လန်ဒန်မှာကြီးပြင်းခဲ့တဲ့ ဓာတ်ခွဲခန်းပညာရှင် ဒိုဘီရ် အူဒင်က အဲလ်ပ်စ်တောင်တန်းနဲ့ အာရပ်ဒေသက တောင်တွေကို တက်ရမယ့် ခရီးတွေ ရှိနေတာကြောင့် စက်ဘီးသမားတွေရဲ့ အဓိကအခက်အခဲက တောင်တက်ခရီးစဉ်ဖြစ်မယ်လို့ ဆိုပါတယ်။
    “တောင်တက်ရင်တော့ အချိန်ယူရမယ်။ ဂရိကနေ အရှေ့ဆက်သွားရင် နေပူဒဏ်က စိန်ခေါ်မှုတစ်ခု ဖြစ်မှာဖြစ်ပြီး ကျွန်တော်တို့ဟာ နေပူထဲမှာ လေ့ကျင့်ထားတာမျိုး မရှိပါဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။
    ဒိုဘီရ်အူဒင်ရဲ့ မိသားစုတွေက စောစောပိုင်းမှာ ဒီခရီးစဉ်အတွက် သံသယရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်ခံအားပေးခဲ့ကြပါတယ်။
    ဟဂ်ျခရီးစဉ်ကို စက်ဘီးနဲ့ သွားရောက်တာဟာ အခုအကြိမ်က ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ယခင်ကလည်း တရုတ်နဲ့ ရုရှားတို့က မွတ်စလင်တွေဟာ ဟဂ်ျခရီးစဉ်အတွက် စက်ဘီးနဲ့ သွားခဲ့ကြဖူးပါတယ်။
    ဒါပေမယ့် လန်ဒန်က အခုခရီးစဉ်ကတော့ ဘာသာရေးတာဝန်တစ်ခုကို ကျေပွန်ဖို့သက်သက်အတွက် မဟုတ်ဘဲ အတိဒုက္ခရောက်နေသူတွေကို ကူညီထောက်ပံ့ရေး ပရဟိတရည်ရွယ်ချက်လည်း ပါဝင်နေပါတယ်။
    Ref: Alarabiya
  • လူ့အခွင့်အရေးကိစ္စငြင်းလျှင် သိက္ခာမဲ့နိုင်ငံစာရင်းတွင် ပါဝင်မည်ဟု မြန်မာကို Human Rights Watch သတိပေး
    လူ့အခွင့်အရေးကိစ္စငြင်းလျှင် သိက္ခာမဲ့နိုင်ငံစာရင်းတွင် ပါဝင်မည်ဟု မြန်မာကို Human Rights Watch သတိပေး
    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media
    ယန်ဟီးလီကို ရခိုင်ဒေသခံများ ဆန္ဒပြနေကြစဉ်
    – ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းမယ့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက ငြင်းပယ်လိုက်တာဟာ နိုင်ငံအတွင်း အခွင့်အရေးချိုးဖောက်ခံရသူတွေကို ‘ပါးရိုက်လိုက်တာ’ ဖြစ်ပြီး၊ သိက္ခာမဲ့တဲ့ တိုင်းပြည်တွေစာရင်းမှာ ပါဝင်သွားနိုင်တယ်လို့ နိုင်ငံတကာ ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အချိန်မှာ ဒီလိုရှုတ်ချမှု ထွက်ပေါ်လာတာပါ။ ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့ လက်ရှိ ရခိုင်ပြယ်ကို သွားရောက်နေတဲ့ ယန်းဟီးလီဟာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒပြမှုနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။
    အောက်တိုဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်ခြားစောင့်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပါအ၀င်၊ မြန်မာနိုင်ငံတစ်ဝှမ်းက ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအတွက် အချက်အလက်ရှာဖွေရေးဆောင်ရွက်ဖို့ ကုလလူ့အခွင့်အရေးကောင်စီက အဖွဲ့တစ်ခုလွှတ်ဖို့ စီစဉ်ခဲ့တာပါ။
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မိမိတို့အစိုးရအနေနဲ့ ဒီအဖွဲ့ကို လက်ခံမှာမဟုတ်ဘဲ ဒီလိုဆောင်ရွက်မှုမျိုးက ရခိုင်ပြည်နယ်မှာ သဘောထားတင်းမာမှုတွေကို ပိုမိုဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြည်ဝင်ခွင့်ထုတ်ပေးမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။
    လူ့အခွင့်အရေးအဖွဲ့ Human Rights Watch ရဲ့ ဒါရိုက်တာ ဂျွန်ဖစ်ရှာက မြန်မာအစိုးရအနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းခဲ့ပြီး ဒီလိုမှမဟုတ်ရင် နိုင်ငံတကာရဲ့ ပြစ်တင်ပြောဆိုမှုကို ခံရမှာဖြစ်ကြောင်း၊ ကုလအဖွဲ့ကို ဒီလို ပြည်ဝင်ခွင့် ပိတ်ပင်တာဟာ “အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု ခံနေရသူတွေရဲ့ ပါးကို ရိုက်လိုက်တာမျိုးသာ ဖြစ်ကြောင်း” မနေ့မှာ ပြောကြားခဲ့ပါတယ်။
    “လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ငြင်းပယ်ခဲ့တဲ့ လက်တစ်ဆုပ်စာ သိက္ခာမဲ့တိုင်းပြည်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရက တကယ်ပါချင်နေတာလား။ မြောက်ကိုရီးယား၊ အီရစ်ထရီယာ၊ ဆီးရီးယားနဲ့ ဘူရန်ဒီတို့ဟာ လူ့အခွင့်အရေးကို အလေးမထားတဲ့နိုင်ငံတွေဖြစ်ပြီး၊ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေအတွက် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ပိတ်ပင်ခဲ့တဲ့နိုင်ငံတွေပါ။ မြန်မာနိုင်ငံက ဒီလိုမျိုးလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ NLD အစိုးရအတွက် ကဲ့ရဲ့စရာ ဖြစ်လာပါလိမ့်မယ်” လို့ ဖစ်ရှာက ပြောကြားခဲ့ပါတယ်။
    နောက်ပြီး ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ချက်ခြင်း ဗီဇာထုတ်ပေးဖို့၊ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
    ကုလရဲ့ အဲဒီအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက ၀င်ရောက်ခွင်ပြုဖို့ အမေရိကန်သံအမတ် နစ်ကီဟာလေးက တနင်္လာနေ့မှာ တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို လစ်လျူရှုထားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref: RFA
  • အီရန် နိုင်ငံတော်လေကြောင်းလိုင်း စီအီးအိုအဖြစ် အမျိုးသမီးတစ်ဦးကို ပထမဆုံး ခန့်အပ်
    အီရန် နိုင်ငံတော်လေကြောင်းလိုင်း စီအီးအိုအဖြစ် အမျိုးသမီးတစ်ဦးကို ပထမဆုံး ခန့်အပ်
    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media
    Iran Air ၏ အကြီးအကဲသစ်ဖြစ်လာသည့် ဖာရ်ဇာနဟ် ရှာရက်ဖ်ဘာဖီ
    – ထိပ်တန်း ခရီးသည်တင်လေယာဉ်များကို ၀ယ်ယူကာ လုပ်ငန်းချဲ့ထွင်ရန် ပြင်ဆင်နေသည့် အီရန် အမျိုးသားလေကြောင်းလိုင်း Iran Air ၏ စီအီးအိုအဖြစ် အမျိုးသမီးတစ်ဦး ပထမဆုံး ခန့်အပ်ခံခဲ့ရသည်ဟု သိရသည်။
    ဖာရ်ဇာနဟ် ရှာရက်ဖ်ဘာဖီဆိုသူဖြစ်ပြီး အင်္ဂါနေ့က ခန့်အပ်ခြင်းခံခဲ့ရကာ လက်ရှိအကြီးအကဲ ဖာရ်ဟဒ် ပါရ်ဗာရက်ရှ်၏နေရာတွင် အစားထိုး တာဝန်ယူသွားမည်ဖြစ်သည်။
    အသက် ၄၄ နှစ်အရွယ် ရှာက်ဖ်ဘာဖီမှာ အာကာသလေကြောင်းပညာရပ်ဖြင့် ဒေါက်တာဘွဲ့ရထားသူဖြစ်ပြီး Iran Air ၏ သုတေသနဌာနကို တာဝန်ယူကာ ဘုတ်အဖွဲ့အ၀င်အဖြစ်လည်း ယခင်က တာဝန်ထမ်းဆောင်ခဲ့သည်။
    သူမမှာ အရပ်ဖက်လေကြောင်း စီမံကိန်းများစွာတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံ၏ နာမည်ကြီး Amir Kabir နည်းပညာတက္ကသိုလ်၊ Shahid Sattari အာကာသလေကြောင်း အင်ဂျင်နီယာတက္ကသိုလ်တို့တွင် ဘာသာရပ်များစွာကို သင်ကြားပို့ချပေးခဲ့သည်။
    Iran Air ၏ အကြီးအကဲသစ်အဖြစ် ဆောင်ရွက်ရမည့် ရှာက်ဖ်ဘာဖီမှာ လေကြောင်းလိုင်းတွင် ရှိနေသည့် အိုမင်းဟောင်းနွမ်းနေသော လေယာဉ်များကိစ္စကို ဦးစားပေး ဖြေရှင်းရမည် ဖြစ်သည်။
    အီရန်အမျိုးသားလေကြောင်းလိုင်းမှာ ဒီဇင်ဘာလက ကန်ဒေါ်လာ ၁၆.၆ ဘီလီယံတန်ဖိုးရှိ လေယာဉ် အစီး ၈၀ ၀ယ်ယူရန် ဘိုးအင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး၊ ဇန်န၀ါရီလတွင်မူ Airbus မှ ၁၁၂ စီးဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ကာ ကန်ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုး ရှိသည်။
    အီရန်နှင့် အနောက်နိုင်ငံများအကြား နျူကိစ္စ သဘောတူညီချက် နောက်ဆက်တွဲအဖြစ် စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားခဲ့ပြီးနောက်ပိုင်း Iran Air မှာ ၎င်းတို့၏ လုပ်ငန်းကို တိုးချဲ့ရန် အရှိန်အဟုန်ဖြင့် ကြိုးစားလာသည်။
    Ref: Press TV