News @ M-Media

Author: Ko Lay

  • ဘင်္ဂလားဒေ့ရှ်တွင် မြန်မာဒုက္ခသည် ၂ သိန်းကျော်ရှိနေ

    ဘင်္ဂလားဒေ့ရှ်တွင် မြန်မာဒုက္ခသည် ၂ သိန်းကျော်ရှိနေ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဒုက္ခသည်စခန်း

    – မြန်မာနိုင်ငံမှ ဒုက္ခသည် အရေအတွက်မှာ ၂၀၁၆ ခုနှစ် နှစ်ကုန်တွင် ၄၉၀၃၀၀ အထိ မြင့်တက်လာပြီး ထိုထဲမှ အများဆုံးဖြစ်သော ၂၇၆၂၀၀ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည်ဟု ကမ္ဘာ့ဒုက္ခသည်များနေ့အကြိုအဖြစ် ယမန်နေ့က UNHCR မှ ထုတ်ပြန်သည့် Global Trends အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ်တွင် မြန်မာဒုက္ခသည် အရေအတွက်မှာ ၄၅၁၈၀၀ ဦး ရှိခဲ့ပြီး ယခုနှစ်တွင် ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဒုက္ခသည် ၂၇၆၂၀၀ ဦးတွင် ၂၄၃၀၀၀ မှာ ဒုက္ခသည်အနေအထားမျိုးဖြင့် နေထိုင်နေရသည်ဟုလည်း UNHCR က ဆိုသည်။

    ဘင်္ဂလားဒေ့ရှ်အစိုးရကမူ မြန်မာဒုက္ခသည် အရေအတွက်မှာ ၃ သိန်းမှ ၅ သိန်းကြားအထိ ရှိသည်ဟု ခန့်မှန်း တွက်ချက်ထားသည်။

    ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည် ၁၀၂၆၀၀ ဦး၊ မလေးရှားတွင် ၈၇၀၀၀ ဦးနှင့် အိန္ဒိယတွင် ၁၅၆၀၀ ဦး ရှိနေသည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

    ယခုကာလတွင် ကမ္ဘာတစ်ဝှမ်း စစ်ပွဲများ၊ အကြမ်းဖက်မှုနှင့် ညှင်းပမ်းနှိပ်စက်မှုများကြောင့် ထွက်ပြေးရသူ အရေအတွက်မှာ မည်သည့်ကာလကမှ မရှိခဲ့သည့် အခြေအနေမျိုးဖြစ်သည်ဟု UNHCR က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ ၆၅.၆ သန်းရှိခဲ့ပြီး၊ တမြန်နှစ်ကထက် ၃ သိန်းခန့် မြင့်တက်လာခြင်းဖြစ်သည်ဟု UNHCR က နှစ်စဉ် ထုတ်ပြန်သော အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၆၅.၆ သန်းတွင် ၂၂.၅ သန်းမှာ ဒုက္ခသည်များ ဖြစ်နေပြီး၊ ၁၀.၃ သန်းမှာ ပြီးခဲ့သည့်နှစ်ကမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများဖြစ်သည်။ ၆.၉ သန်းမှာမူ မိမိတို့၏ နိုင်ငံအတွင်း ထွက်ပြေးနေရသူများဖြစ်ကာ စုစုပေါင်း ပမာဏအရ ၃ စက္ကန့်လျှင် လူတစ်ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သဘောသက်ရောက်နေသည်။

    ဒုက္ခသည်များနှင့် ပြည်တွင်း ပြောင်းရွှေ့ထွက်ပြေးရသူများ အိမ်ပြန်လာနိုင်သည့်ပမာဏ၊ တတိယနိုင်ငံများတွင် အခြေချရေးအပါအ၀င် ဒုက္ခသည်ပြဿနာအား ဖြေရှင်းပေးနိုင်မှု ပမာဏမှာ ၂၀၁၆ ခုနှစ်တွင် တိုးတက်လာခဲ့သည်ဟု UNHCR က ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၃၇ နိုင်ငံက ဒုက္ခသည်ပေါင်း ၁၈၉၃၀၀ ဦးကို ပြန်လည်နေရာချထားပေးခဲ့သည်။

    ကမ္ဘာ့တစ်ဝှမ်းတွင် ဒုက္ခသည်များ၏ ၈၄ ရာခိုင်နှုန်းမှာ ၀င်ငွေအလတ်အလတ်ရှိသော၊ သို့မဟုတ် ၀င်ငွေနိမ့်သော နိုင်ငံများတွင် ရှိနေပြီး၊ ၎င်းတို့ထဲမှ ၄.၉ သန်မှာ ဖွံ့ဖြိုးမှုအနည်းဆုံး တိုင်းပြည်များတွင် ရှိနေသည်။

    ဆီးရီးယားနိုင်ငံ၏ လူဦးရေ သုံးပုံနှစ်ပုံဖြစ်သော ၁၂ သန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ကမ္ဘာပေါ်တွင် ထွက်ပြေးရသူအများဆုံး နိုင်ငံဖြစ်နေသည်။

    Ref: The Daily Star

  • မွတ်စလင်များအား သတ်ချင်သူကို အသက်အန္တရာယ်မှ ကာကွယ်ပေးခဲ့သည် လန်ဒန်မှ ဗလီဆရာ ချီးကျူးမှုခံရ

    မွတ်စလင်များအား သတ်ချင်သူကို အသက်အန္တရာယ်မှ ကာကွယ်ပေးခဲ့သည် လန်ဒန်မှ ဗလီဆရာ ချီးကျူးမှုခံရ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    အီမာမ် မိုဟမက် မဟ်မူးဒ်

    – လန်ဒန်မြို့ ဗလီတစ်လုံးကနေ ထွက်လာတဲ့ ၀တ်ပြုဆုတောင်းသူတွေဟာ လမ်းပေါ်မှာ မူးလဲသွားတဲ့ အဘိုးအိုတစ်ယောက်ကို ပြုစုနေချိန် ဗန်ကားတစ်စီးက သူတို့ကို တမင်ဝင်တိုက်တာကို ခံခဲ့ရပါတယ်။ ဗန်ကားမောင်းသူက “ငါ မွတ်စလင်တွေအာားလုံးကို သတ်ချင်တယ်” လို့ အော်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ဆိုပါတယ်။

    သန်းကောင်ချိန်အကျော်လေးမှာ အဲဒီဗန်ကားဟာ ဖင်စ်ဘူရီပါ့ခ်ဗလီဝတ်ကျောင်းတော်နဲ့ မွတ်စလင်လူမှုဖူလုံရေးအသင်း အဆောက်အဦးကနေ ၀တ်ပြုဆုတောင်းပြီး ထွက်လာတဲ့ မွတ်စလင်လူအုပ်ကို ပစ်မှတ်ထားခဲ့တာပါ။

    လဲကျသွားတဲ့အဖိုးအိုဟာ နေရာမှာတင် သေဆုံးခဲ့ပြီး လူ ၁၀ ယောက် ဒဏ်ရာရကာ ၈ ယောက်က ဆေးရုံမှာ ကုသမှု ခံနေရဆဲ ဖြစ်ပါတယ်။

    ဗန်ကားမောင်းသမားဟာ ၀ိုင်းဝန်းဖမ်းဆီးခြင်း ခံခဲ့ရပြီး ဒေါသထွက်နေတဲ့ လူတစ်ချို့ရဲ့ ရိုက်နှက်ခြင်းကို ခံရတော့မယ့်အချိန်မှာ မွတ်စလင်လူမှုဖူလှုံရေးအသင်း အဆောက်အဦးက ဗလီဆရာတစ်ဦးဟာ ၀င်ရောက်ကာကွယ်ပေးခဲ့ပြီး ဒေါသထွက်နေ လူငယ်တွေကို ဝေးဝေးမှာနေခိုင်းခဲ့ပါတယ်။

    “သူက လူအုပ်ထဲကို မောင်းလာတာဗျ။ တစ်ချို့ဆိုရင် အဝေးကို လွင့်သွားကြတာ။ အဘိုးအိုက မြေပြင်ပေါ်မှာ လဲကျနေပြီး တစ်ချို့လူတွေ ဒဏ်ရာရသွားတာကိုလည်း ကျွန်တော် တွေ့ခဲ့ရပါတယ်။ တစ်ချို့ဆို တော်တော် ဆိုးဆိုးဝါးဝါးတွေပါ” လို့ မျက်မြင်သက်သေ အဘ်ဒီ ကာဒရ် ၀ါရာက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    နောက်ထပ် မျက်မြင်သက်သေတစ်ယောက်ကတော့ မိုဟာမက် အဘ်ဒူလာက “သူက လူအုပ်ကို ချိန်ပြီး ကားနဲ့ဝင်ဆောင့်တာဗျ။ နောက်ပိုင်း ကျွန်တော်တွေ့တာကတော့ လူတွေ အတိုက်ခံရတာပါ” လို့ Sky News ကို ပြောကြားခဲ့ပါတယ်။

    သူ့ကို ကျွန်တော် ကာကွယ်ပေးတယ်

    အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒေသခံတွေဟာ ကားမောင်းသမားဆီ ၀ိုင်းအုံလာပြီး အမျိုးသား ၂ ယောက် ၃ ယောက်လောက်က သူ့ကို မြေပြင်ပေါ် လှဲချခဲ့ပါတယ်။ အခြားလူတွေကလည်း ဒီကားမောင်းသမားကို ရိုက်နှက်ကန်ကျောက်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

    အဲဒီအချိန်မှာ အီမာမ် မိုဟမက် မဟ်မူးဒ် ၀င်ရောက်လာခဲ့ပြီး ဒေါသထွက်နေတဲ့သူတွေကို ဝေးဝေးသွားနေဖို့ ပြောကာ ဒီကားမောင်းသမားရဲ့ အသက်ကို ကာကွယ်ပေးခဲ့တယ်လို့ ဒီအဖြစ်အပျက်ကို ကြည့်ရှုနေသူတွေက ပြောကြားခဲ့ပါတယ်။

    “သူ့ကို လူ ၃ ယောက်လောက်က ၀ိုင်းဖမ်းပေးခဲ့ကြပါတယ်။ သေဆုံးသွားသူနဲ့ ဒဏ်ရာရသူတွေအတွက်လည်း လုပ်ဆရာရှိတာတွေ လုပ်ပေးနေကြတယ်။ လုပ်အုပ်စုတစ်ခုက တိုက်ခိုက်သူရဲ့ ဘေးနားမှာ ၀ိုင်းလာကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရပြီး တစ်ချို့တွေက ရိုက်ဖို့၊ နှက်ဖို့ ကြိုးစားလာကြပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်နဲ့ ကျွန်တော် သူ့နားသွားကာ သူ့ကို မထိခိုက်စေဖို့ ကာကွယ်ပေးနိုင်ခဲ့ပါတယ်” လို့ အီမာမ် မဟ်မူးဒ်က ပြောကြားခဲ့ပါတယ်။

    ဗန်းကားနဲ့ ၀င်တိုက်တဲ့သူဟာ အသက် ၄၇ နှစ်အရွယ် ဒါရင် အော့စ်ဘုန်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    မွတ်စလင် လူမှုဖူလှုံရေးအသင်းကလည်း ဒီ ဗလီဆရာရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ အီမာမ် မိုဟာမက် မဟ်မူးဒ်ကို အထူးကျေးဇူးတင်ကြောင်း ကျွန်တော် ပြောချင်ပါတယ်။ သူဟာ ပြဿနာဖြစ်ပွားပြီးနောက်ပိုင်း ရုတ်တရက် ပေါ်ပေါက်လာတဲ့ အခြေအနေကို ရဲရဲဝံ့ဝံ့နဲ့ ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ အသက်ဆုံးရှုံးမှုတွေ ထပ်ဖြစ်မလာအောင် ကာကွယ်ပေးခဲ့ပါတယ်” လို့ အသင်းက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: CNA,RT

  • လန်ဒန်တွင် မွတ်စလင်များ တိုက်ခိုက်ခံရမှု အကြမ်းဖက်မှုအဖြစ် ယူကေ ကိုင်တွယ်နေ

    လန်ဒန်တွင် မွတ်စလင်များ တိုက်ခိုက်ခံရမှု အကြမ်းဖက်မှုအဖြစ် ယူကေ ကိုင်တွယ်နေ

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – ယန်နေ့မနက်ပိုင်း လန်ဒန်မြို့တွင် မွတ်စလင်များအား ပစ်မှတ်ထားကာ ဗန်ကားဖြင့် ၀င်တိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကိုင်တွယ်နေသည်ဟု ယူကေရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    မြို့မြောက်ပိုင်း ဖင်စ်ဘူရီပါ့ခ်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှ ၀တ်ပြုအပြီး ထွက်လာသော လူအုပ်ကို ဗန်ကားက ၀င်တိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

    မျက်မြင်သက်သေများကမူ ဗန်ကားမောင်းသူမှာ ‘မွတ်စလင်အားလုံးကိုသတ်ချင်တယ်’ ဟု အော်ဟစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီကိစ္စကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကျွန်တော်တို့ ကိုင်တွယ်နေပါတယ်” ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ နီးလ် ဘာဆူက သတင်းထောက်များအား ပြောကြားခဲ့ပြီး ဗန်ကားမောင်းသမားကို လူသတ်မှု သံသယရှိသူအဖြစ် ဖမ်းဆီးထားသည်ဟု ဆိုသည်။

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကလည်း အဆိုပါ အဖြစ်အပျက်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု အတည်ပြုခဲ့သည်။ သူမမှာ ထိုကိစ္စအတွက် အရေးပေါ်အစည်းအဝေးကို ဦးဆောင်မည်ဖြစ်သည်။

    ကျူးလွန်သူကို ပြည်သူများက ဖမ်းပေးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ရဲရင့်သည့် ထိုလုပ်ရပ်ကို ချီးကျူးခဲ့သည်။

    “ဗန်ကားမောင်းသမားက ကားထဲကနေထွက်လာပြီး ထွက်ပြေးဖို့ကြိုးစားတဲ့အချိန် ကျွန်တော် သူ့ကို မြေပြင်ပေါ်တွန်းချပြီး ရဲတပ်ဖွဲ့လာတဲ့အချိန်အထိ ချုပ်ထားလိုက်ပါတယ်။ သူပြေးတဲ့အချိန်မှာ သူဟာ ‘လူတွေကိုသတ်ချင်တယ်။ မွတ်စလင်တွေကို ထပ်သပ်ချင်တယ်’ ဆိုပြီး အော်နေပါတယ်။ သူ့ကိုချုပ်ထားတဲ့အချိန်မှာ ကျွန်တော်က ‘မင်းဘာကြောင့် ဒီလိုလုပ်ရတာလဲ’ လို့မေးတဲ့အခါ သူက ‘မွတ်စလင်တွေကိုထပ်သပ်ချင်တယ်’ လို့ ပြောခဲ့ပါတယ်” ဟု ကျူးလွန်သူအား ဖမ်းဆီးပေးခဲ့သည့် အဘ်ဒူလ်ရဟ်မန် အစ်ဒ်ရူစ်က ပြောကြားခဲ့သည်။

    လက်ရှိတွင် ထိုအဖြစ်အပျက်ကို ယူကေ အကြမ်းဖက်တိုက်ဖျက်ရေး ဌာနချုပ်မှ ကိုယ်တွယ်နေသည်။

    Ref: CNN, Washingtonpost

  • လေယာဉ်ပေါ်မွေးသည့် ကလေးငယ်ကို အိန္ဒိယလေကြောင်းလိုင်းက တစ်သက်တာ အခမဲ့ စီးနင်းခွင့်ပေး

    လေယာဉ်ပေါ်မွေးသည့် ကလေးငယ်ကို အိန္ဒိယလေကြောင်းလိုင်းက တစ်သက်တာ အခမဲ့ စီးနင်းခွင့်ပေး

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – အိန္ဒိယက ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Jet Airways ဟာ သူတို့ရဲ့ လေယာဉ်ပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်အတွက် တစ်သက်စာ အခမဲ့ လေယာဉ်စီးနင်းခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။

    မနေ့က ဆော်ဒီအာရဗျကနေ အိန္ဒိယကို အပြန်ခရီးစဉ်အတွင်း ပေပေါင်း ၃၅၀၀၀ အမြင့်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ သူနာပြုတစ်ဦး အကူအညီနဲ့ သားယောက်ျားလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။

    လေယာဉ်ဟာ မွမ်ဘိုင်းကို ဆိုက်ရောက်ပြီးတဲ့အချိန် ကလေးရော၊ ကလေးအမေကိုပါ ဆေးရုံကို အလျင်အမြန် ပို့ဆောင်ပေးခဲ့ရပြီး လက်ရှိမှာတော့ သူတို့နှစ်ယောက်စလုံးဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ လေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။

    သူတို့လေယာဉ်ပေါ် မွေးဖွားခဲ့တဲ့ ကလေးလေးကိုတော့ Jet Airways က တစ်သက်တာ လေယာဉ် အခမဲ့ စီးခွင့်ပေးခဲ့ပါတယ်။

    “လေကြောင်းလိုင်းရဲ့ ခရီးစဉ်အတွင်းမှာ ပထမဆုံးမွေးဖွားခဲ့တဲ့ ဒီကလေးလေးကို Jet Airways တစ်သက်တာ အခမဲ့စီးနင်းခွင့်ပေးအပ်ရတဲ့အတွက် လေကြောင်းလိုင်းအနေနဲ့ ပီတိဖြစ်ရပါတယ်” လို့ Jet Airways က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နောက်ပြီး ကလေးငယ်ကို ကူညီမွေးဖွားပေးခဲ့တဲ့ သူနာပြု မီနီဝီလ်ဆင်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    လေယာဉ်ခရီးစဉ်အတွင်း ကလေးမီးဖွားမှုဟာ အရင်တုန်းကလည်း ရှိခဲ့ဖူးပြီး အခုနှစ် ဧပြီလအတွ်းက တူရကီလေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ်တစ်ခုအတွင်းမှာ လေယာဉ်အမှူးထမ်းတွေဟာ အမျိုးသမီးတစ်ဦးကို ကူညီပြီး ကလေးမွေးပေးခဲ့ရပါတယ်။

    လေကြောင်းလိုင်းတော်တော်များများဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကိုယ်ဝန် ၃၆ ပတ်မတိုင်ခင်အထိ စီးနင်းခွင့်ပေးပေမယ့် ၂၈ ပတ်ကျော်သွားရင်တော့ မွေးဖွားမယ့်ခန့်မှန်းရက်ပါဝင်တဲ့ ဆရာဝန်ဆေးစာကို တောင်းလေ့ရှိပါတယ်။

    Ref: BBC

  • အိုက်ဗရီကို့စ် လက်ရွေးစင်ဘောလုံးသမား တီယိုတီ၏ ဈာပနအခမ်းအနား ကျင်းပပြီးစီး

    အိုက်ဗရီကို့စ် လက်ရွေးစင်ဘောလုံးသမား တီယိုတီ၏ ဈာပနအခမ်းအနား ကျင်းပပြီးစီး

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – ယခုလအစောပိုင်းက တရုတ်ကလပ်အသင်း Beijing Enterprises နှင့် လေ့ကျင့်ခန်းဆင်းနေစဉ် လဲကျသေဆုံးခဲ့သည့် အိုက်ဗရီကို့စ် လက်ရွေးစင်ဘောလုံးသမား ချီအစ် တီယိုတီ၏ ဈာပနအခမ်းအနားကို ယမန်နေ့တွင် ကျင်းပခဲ့သည်ဟု သိရသည်။

    အသက် ၃၀ နှစ်အရွယ် နယူးကာဆယ်ကစားသမားဟောင်း တီယိုတီ၏ ရုပ်ကလပ်ကို တရုတ်နိုင်ငံမှ အိုက်ဗရီကို့စ်သို့ သယ်ဆောင်လာခဲ့ပြီး စီးပွားရေးမြို့တော် အဘစ်ဂျန်တွင် စစ်အခမ်းအနားဖြင့် မြေမြှုပ်သဂြိုဟ်ခဲ့သည်။

    ဈာပနအခမ်းအနားသို့ အိုက်ဗရီကို့စ်လက်ရွေးစင် နည်းပြဟောင်း ဟာဗီး ရီနာ့ဒ်၊ ဆော်လမွန်ကာလူး၊ အိုက်ဗရီကို့စ်ဝန်ကြီးချုပ် အမာဒူ ဂွန် ကူလီဘလီ၊ အားကစားဝန်ကြီး၊ အိုက်ဗရီကို့စ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌတို့အပါအ၀င် အသင်းဖော်ဟောင်းများ၊ အိုက်ဗရီကို့စ်အသင်းသားများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ရာနှင့်ချီ တက်ရောက်ခဲ့ကြသည်။

    “သူဟာ လူသားတစ်ယောက်အနေနဲ့ရော ကစားသမားတစ်ယောက်အနေနဲ့ပါ ကျွန်တော် လေးစားရသူတစ်ယောက်ပါ။ လက်ရွေးစင်အသင်းမှာ ကျွန်တော် သူနဲ့ ၆ နှစ်ကစားဖူးပါတယ်။ သူ နယူးကာဆယ်မှာရှိတုန်းက ကျွန်တော်က ချယ်ဆီးကနေ သူ့ကို ရင်ဆိုင်ကစားဖူးပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ ဘယ်အရာအတွက်နဲ့မှ သူ့ဈာပနကို လွဲချော်လို့ မရါဘူး” ဟု ဂျာမနီတွင် ကစားနေသည့် ကာလူးက ပြောကြားခဲ့သည်။

    တီယိုတီမှာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၅၀ ကျော် ကစားခဲ့ပြီး ၂၀၁၅ ခုနှစ် အာဖရိကနိုင်ငံများဖလား ဆွတ်ခူးခဲ့သည်။

    Ref : BBC