News @ M-Media

Author: Ko Lay

  • ရော်နယ်ဒို၏ အနာဂတ်အတွက် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖွင့်ဟ

    ရော်နယ်ဒို၏ အနာဂတ်အတွက် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖွင့်ဟ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – တိုက်စစ်မှူး ခရစ္စတီယာနို၏ အနာဂတ်အတွက် ကာယကံရှင်နှင့် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြားလိုက်ပြီး ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲအပြီးတွင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အခွန်ရှောင်သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အသက် ၃၂ နှစ်အရွယ် ရော်နယ်ဒိုမှာ ရီးယဲလ်မှ ထွက်ခွာရန် ပြင်ဆင်နေကာ မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ကွန်ဖက်ဒရေးရှင်းဖလား သွားရောက်ယှဉ်ပြိုင်နေသည့် ရော်နယ်ဒိုမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာကမှ ရီးယဲလ်နှင့် ၅ နှစ်သက်တမ်းတိုးထားခြင်း ဖြစ်သည်။

    “ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ရော်နယ်ဒိုဟာ ရီးယဲလ်ကစားသမားအဖြစ် ရှိနေဆဲပါ။ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာ သိသာတယ်။ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာမျိုးပေါ့။ သူကျွန်တော်တို့ကို ထုတ်ပြောမှာပါ။ ကျွန်တော်တို့လည်း ကြည့်ရမှာပေါ့လေ” ဟု တနင်္လာနေ့တွင် ရီးယဲလ်ဥက္ကဌအဖြစ် ပြန်လည် ရွေးချယ်ခံရသည့် ပီရက်ဇ်က ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ အခွန်ငွေအဖြစ် ယူရိုသန်းနှင့်ချီ လိမ်လည်ရှောင်ရှားခဲ့သည်ဟု စပိန်အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီး ရော်နယ်ဒိုက ငြင်းဆန်ခဲ့သည်။

    ပီရက်ဇ်ကမူ ရော်နယ်ဒိုမှာ လူကောင်းတစ်ယောက်ဖြစ်ပြီး ယခုကဲ့သို့ သတင်းများထွက်လာသည်မှာ ထူးဆန်းကြောင်း၊ ရော်နယ်ဒိုနှင့် မကြာခင် ဆွေးနွေးကာ ၎င်းအား အပြည့်အ၀ ကာကွယ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • သက်ရှိများ နေထိုင်နိုင်မည်ဟု ယူဆရသည့် ဂြိုဟ်သစ် ၁၀ လုံးတွေ့ရှိဟု နာဆာ ကြေငြာ

    သက်ရှိများ နေထိုင်နိုင်မည်ဟု ယူဆရသည့် ဂြိုဟ်သစ် ၁၀ လုံးတွေ့ရှိဟု နာဆာ ကြေငြာ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – ကမ္ဘာကြီးတည်ရှိနေတဲ့ နဂါးငွေ့တန်း ဂလက်ဆီအတွင်းမှာ ကမ္ဘာ့အရွယ်အစားရှိပြီး ရေရှိကာ သက်ရှိတွေ နေထိုင်လို့ရနိုင်တဲ့ ဂြိုဟ်ပေါင်း ၁၀ လုံးကို တွေ့ရှိရတယ်လို့ နာဆာက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ၂၀၀၉ ခုနှစ်က လွှတ်တင်ခဲ့တဲ့ ကက်ပလာ အာကာသတယ်လီစကုပ်ရဲ့ ပထမ ၄ နှစ်တာကလအတွင်း မိမိတို့ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်မှာ တွေ့ရှိခဲ့တဲ့ ဂြိုဟ်ပေါင်း ၂၁၉ လုံးကို လေ့လာခဲ့ပြီးတဲ့နောက် နာဆာက ဒီလိုထုတ်ပြန်လိုက်တာပါ။

    အခု အသစ်တွေ့ရှိခဲ့တဲ့ ဂြိုဟ် ၁၀ လုံးက သူတို့ရဲ့ နေကို လှည့်ပတ်နေတဲ့ အကွာအဝေးဟာ မိမိတို့ကမ္ဘာက နေကို လှည့်ပတ်နေတဲ့ အကွာအဝေးနဲ့ ဆင်တူတာကြောင့် ဂြိုဟ်အပေါ် အပူချိန်ဟာ ရေရှိကာ သက်ရှိတွေ နေထိုင်နိုင်မယ့် အခြေအနေမျိုးလို့ ယူဆထားပါတယ်။

    ဒါပေမယ့် ဒီဂြိုဟ်တွေမှာ သက်ရှိ ရှိနေမယ်လို့ ဆိုလိုတာမဟုတ်ဘဲ သက်ရှိတွေ လိုအပ်တဲ့ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်တယ်လို့ ဆိုလိုတာပါ။

    သိပ္ပံပညာရှင်တွေကတော့ ဒီတွေ့ရှိချက်ဟာ အာကာသ တစ်နေရာရာမှာ သက်ရှိတွေ တည်ရှိနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို အားကောင်းစေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကက်ပလာတယ်လီစကုပ်ကို လွှတ်တင်ခဲ့ပြီးတဲ့နောက်ပိုင်း ကမ္ဘာ့အရွယ်အစားရှိတဲ့ တစ်နည်းအားဖြင့် သက်ရှိတွေ နေထိုင်နိုင်တဲ့ သမဇုန်မှာတည်ရှိတဲ့ ဂြိုဟ်တွေကို တွေ့ရှိလာတာဖြစ်ပါတယ်။

    ကမ္ဘာတည်ရှိရာ နေအဖွဲ့အစည်းအပြင်ဘက်က ဂြိုဟ်တွေကို ကက်ပလာတယ်လီစကုပ်၊ အခြားနည်းလမ်းတွေနဲ့ ရှာဖွေမှုအတွင်း ဂြိုဟ်ပေါင်း ၃၆၀၀ ကျော်လောက် တွေ့ခဲ့ရပြီး ၆၂ လုံးကို သမဇုန်မှာရှိတဲ့ ဂြိုဟ်တွေ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

    Ref : Aljazeera

  • အကြမ်းဖက်များ ကြီးစိုးနေသည့် မာရာဝီမြို့အား ၀ါကျွတ်အီးဒ်အမီ ပြန်သိမ်းရန် ဖိလစ်ပိုင် ထိုးစစ်ဆင်

    အကြမ်းဖက်များ ကြီးစိုးနေသည့် မာရာဝီမြို့အား ၀ါကျွတ်အီးဒ်အမီ ပြန်သိမ်းရန် ဖိလစ်ပိုင် ထိုးစစ်ဆင်

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – ယခုတစ်ပတ်နှောင်းပိုင်းတွင် ကျရောက်မည့် အီးဒ်ပွဲတော်အမီ မာရာဝီမြို့အား အကြမ်းဖက်သမားများလက်မှ သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်ဟု ဖိလစ်ပိုင်စစ်တပ်က ပြောကြားလိုက်သည်။

    ယခုစစ်ဆင်ရေးကို လေတပ်နှင့် ကြည်းတပ်တို့မှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မာရာဝီမြို့အနီးရှိ ကာဂါယန် ဒီအိုရိုမြို့တွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ အကြီးအကဲများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မဟာဗျူဟာများကို ဆွေးနွေးခဲ့သည်။

    “ရမ်ဇာန်လကုန်ပိုင်းလောက်မှာ မာရာဝီမြို့ ရှင်းလင်းဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ တိုက်ပွဲရဲ့ ရှုပ်ထွေးမှုကို သိတဲ့အတွက်ကြောင့် နောက်ဆုံးရက်ကိုတော့ သတ်မှတ်မထားပါဘူး။ မာရာဝီမြို့ကို အမြန်ဆုံးလွတ်မြောက်ဖို့အတွက် အကောင်းဆုံး ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ လုပ်နေပါတယ်” ဟု ဖိလစ်ပိုင်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရက်စ်တီတူတို ပါဒီလာက ပြောကြားခဲ့သည်။

    မာရာဝီမြို့တွင် IS သစ္စာခံ အကြမ်းဖက်အဖွဲ့နှင့် ဖိလစ်ပိုင်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ သီတင်းပတ် ၅ ပတ်တာ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး လူပေါင်း ၃၅၀ နီးပါး သေဆုံးခဲ့ကာ ဒေသခံပြည်သူများမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လအကုန်တွင် ကျရောက်မည့် အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်နောက်ပိုင်းတွင် သူပုန်အဖွဲ့သို့ စစ်ကူများ ရောက်လာနိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်။

    ပါဒီလာကမူ ရမ်ဇာန်ဥပုသ်လအပြီးနောက်ပိုင်း တိုက်ခိုက်မှုများ မြင့်တက်လာမှုမရှိစေရေး ဆောင်ရွက်ရန် စစ်တပ်က ရည်ရွယ်ထားသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNA

     

  • မြောက်ကိုရီးယားမှ လွတ်မြောက်လာသည့် အမေရိကန်ကျောင်းသား ကွယ်လွန်

    မြောက်ကိုရီးယားမှ လွတ်မြောက်လာသည့် အမေရိကန်ကျောင်းသား ကွယ်လွန်

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံတွင် ၁ နှစ်ခွဲနီးပါးကြာ ထိန်းသိမ်းခံထားရပြီး ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်သို့ သတိလစ်အနေအထားဖြင့် ပြန်ရောက်လာသည့် တက္ကသိုလ်ကျောင်းသား အော့တို ၀မ်ဘီယာမှာ ယမန်နေ့က ကွယ်လွန်သွားခဲ့ပြီးဟု သိရသည်။

    အသက် ၂၂ နှစ်အရွယ် အော့တိုကို ပြီးခဲ့သည့် တစ်ဘက်က ဆေးဘက်ဆိုင်ရာ ကယ်ဆယ်မှု ပြုလုပ်ခဲ့ပြီး စင်စင်နတီ တက္ကသိုလ်ဆေးရုံတွင် ဆေးကုသထားခြင်း ဖြစ်သည်။ ၎င်း၏ မိဘများကမူ သေဆုံးရသည့် အကြောင်းအရင်းကို ပြောကြားခဲ့ခြင်းမရှိချေ။

    သို့သော်လည်း ၎င်းတို့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ယခုဖြစ်ပျက်ခဲ့သည်များအတွက် မြောက်ကိုရီးယားကို အပြစ်တင်ခဲ့သည်။ အော့တိုမှာ မြောက်ကိုရီးယားသို့ အလည်အပတ် သွားရောက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလတွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

    “ကျွန်တော်တို့ ဒီနေ့ ဒီလို ၀မ်းနည်းဖွယ်အဖြစ်အပျက်မျိုး ကြုံတွေ့ရတာဟာ မြောက်ကိုရီးယားတွေရဲ့လက်ထဲမှာ ကျွန်တော်တို့သားလေး ခံစားခဲ့ရတဲ့ လူမဆန်တဲ့ ညှင်းပမ်းမှုတွေကလွဲလို့ တစ်ခြားအကြောင်းအရင်း မရှိနိုင်ဘူးဆိုတာ အသေချာပါပဲ” ဟု မိသားစု၏ ကြေငြချက်တွင် ဖော်ပြထားသည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရွယ်ကောင်းရောက်နေသည့် သားသမီးတစ်ဦးကို ဆုံးရှုံးရသည့် မိဘထက် အခြား ကြေကွဲဆို့နင့်စရာ မရှိကြောင်း၊ အော့တို၏ မိသားစု၊ သူငယ်ချင်းများ၊ ၎င်းအား ချစ်ခင်ကြသူများနှင့်အတူ ၀မ်းနည်းကြေကွဲရပါကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    Ref: Washington Post

  • အင်ဒို၊ မလေးနှင့် ဖိလစ်ပိုင် ၃ နိုင်ငံ ပူးပေါင်း အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်း စတင်

    အင်ဒို၊ မလေးနှင့် ဖိလစ်ပိုင် ၃ နိုင်ငံ ပူးပေါင်း အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်း စတင်

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – အရှေ့တောင်အာရှတစ်ဝှမ်း အကြမ်းဖက်မှု အပါအ၀င် အခြားသော ခြိမ်းခြောက်မှုများကို ကာကွယ်ရန်အတွက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့မှာ ဘော်နီယိုကမ်းရိုးတန်းမြောက်ဖက် ဆူးလူး ပယ်လယ်ပြင်တွင် ပူးပေါင်း စစ်ဆင်ရေးကို စတင်ဆောင်ရွက်နေသည်ဟု သိရသည်။

    “ပင်လယ်ဓားပြ၊ ပြန်ပေးဆွဲခြင်း၊ အကြမ်းဖက်ဝါဒနဲ့ ဒေသတွင်းရေပြင်မှာ အခြားသော နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေလို ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတဲ့အချိန် ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် အာဆီယံစိတ်ဓာတ်နဲ့ ဒီလို ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ယမန်နေ့က စတင်ခဲ့သည့် အဆိုပါ ဆောင်ရွက်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားစစ်တပ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    အဆိုပါစစ်ဆင်ရေးမှာ ရေတပ်အခြေပြု စစ်ဆင်ရေးဖြစ်သော်လည်း ကြည်းတပ်နှင့် လေတပ်များကလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။ စစ်ဆင်ရေးစတင်ခြင်းအခမ်းအနားသို့ နိုင်ငံ ၃ နိုင်ငံမှ ၀န်ကြီးများ၊ စစ်ဖက်ဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူများနှင့်အတူ ဘရူနိုင်းနှင့် စင်ကာပူနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

    စစ်ဆင်ရေးဌာနချုပ်ဖြစ်သော ရေကြောင်း ကွပ်ကဲရေးဌာန (MCC) ကို အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းတောင်ဘက် တာရာကန် ဆိပ်ကမ်းမြို့တွင် ထားရှိကာ ထိုမြို့ကို အခြေစိုက်၍ စစ်ဆင်ရေး ဆောင်ရွက်မည်ဖြစ်ည်။ အဆိုပါ ဘော်နီယိုကျွန်းမှာ လက်ရှိ မငြိမ်သက်မှုများ ဖြစ်နေသော ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။

    ထို့ပြင် ကွပ်ကဲရေးစင်တာကို မလေးရှားရှိ တာဝူမြို့၊ ဖိလစ်ပိုင်ရှိ ဘွန်ဂေါမြို့တို့တွင် ဖြန့်ခွဲထားရှိရန်လည်း စီစဉ်နေသည်။

    “ဒီလုပ်ငန်းကို ပင့်ကူအိမ်လို တြိဂံပုံစံ လုပ်ဖို့ ရှိပါတယ်။ အဲဒီ တြိဂံဒေသအတွင်းမှာ ရှိနေတဲ့အရာတိုင်းကို စောင့်ကြည့်သွားမှာပါ” ဟု အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ဂါတွတ် နူရ်မန့်ယိုက ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့တွင် IS ကို သစ္စာခံသည့်အဖွဲ့များက တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည့် လွန်ခဲ့သည့် ၁ လမှစ၍ အရှေ့တောင်အာရှဒေသအတွင်း အစ္စလာမ့်မစ်အစွန်းရောက်လှုပ်ရှားမှုများ မြင့်တက်လာမည်ကို စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။

    Ref: RT