News @ M-Media

Author: Ko Lay

  • ကာတာနိုင်ငံသားများအား အလ်-ဟရမ် ၀တ်ကျောင်းတော်သို့ ဆော်ဒီက ၀င်ရောက်ခွင့်မပြုဟု သတင်းထွက်လာ

    ကာတာနိုင်ငံသားများအား အလ်-ဟရမ် ၀တ်ကျောင်းတော်သို့ ဆော်ဒီက ၀င်ရောက်ခွင့်မပြုဟု သတင်းထွက်လာ

    ဇွန် ၁၁၊ ၂၀၁၇
    M-Media

    – ဆော်ဒီသို့ ဘာသာရေးခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ကာတာနိုင်ငံသားများအား မက္ကာမြို့ရှိ ကအ်ဗာဝတ်ကျောင်းတော်ရှိရာ အလ်-ဟရမ် ဗလီဝတ်ကျောင်းတော်သို့ ဆော်ဒီအာဏာပိုင်များက ၀င်ရောက်ခွင့်မပေးဟု ဒိုဟာ အခြေစိုက် Al Sharq သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    မက္ကာသို့ရောက်ရှိနေသည့် ကာတာနိုင်ငံသားများက ၎င်းတို့မှာ ထိုကဲ့သို့ တားမြစ်ပိတ်ပင်ခံရကြောင်း ကာတာအမျိုးသားလူ့အခွင့်အရေးကော်မရှင်(NHRC) သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

    NHRC အကြီးအကဲ အလီ ဘင် ဆာမင်ခ် အလ်-မာရီက ထိုလုပ်ရပ်မှာ လူ့အခွင့်အရေး ကြေငြာစာတမ်းတွင် အာမခံပေးထားသေ ဘာသာရေးလွတ်လပ်ခွင့်ကို ရှက်ဖွယ် ချိုးဖောက်ခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့ကြောင်း သတင်းစာက ဆိုသည်။ ထို့ပြင် ကော်မရှင်ကလည်း ထိုလုပ်ရပ်ကို ရှုတ်ချခဲ့သည်။

    ဆော်ဒီမှာ ပုံမှန်အားဖြင့် အလ်-ဟရမ် ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်သူများအား လူမျိုး၊ ဂိုးဏ်ဂနကို ကြည့်၍ မေးမြန်းခြင်း၊ ၀င်ရောက်ခွင့် ပိတ်ပင်ခြင်းတို့ မရှိဘဲ ယခုလုပ်ရပ်မှာ ကာတာနှင့် ပင်လယ်ကွေ့နိုင်ငံများအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာမှုကို ပြသနေသည်။

    ဆော်ဒီဦးဆောင်သည့် နိုင်ငံ ၈ နိုင်ငံမှာ ပြီးခဲ့သည့် သီတင်းပတ်က ကာတာနှင့် သံအဆက်အသွယ်၊ ကုန်သွယ်မှု၊ ခရီးသွားလာမှု အားလုံးကို ဖြတ်တောက်ခဲ့ကာ ကာတာနိုင်ငံမှာ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နေသည်ဟု စွပ်စွဲခဲ့သည်။

    Ref: Aljazeera

  • ဂျပန်ဝန်ကြီးချုပ်က မွတ်စလင်သံတမန်များကို အစ်ဖ်သာရ်ဝါဖြေပွဲဖြင့် တည့်ခင်းဧည့်ခံ

    ဂျပန်ဝန်ကြီးချုပ်က မွတ်စလင်သံတမန်များကို အစ်ဖ်သာရ်ဝါဖြေပွဲဖြင့် တည့်ခင်းဧည့်ခံ

    ဇွန် ၁၀၊ ၂၀၁၇
    M-Media

    – ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှာ ယမန်နေ့က ၎င်း၏ရုံးတွင် နိုင်ငံပေါင်း ၃၈ နိုင်ငံမှ မွတ်စလင်သံတမန်များအား အစ်ဖ်သာရ်ဝါဖြေ ညစာစားပွဲနှင့် တည့်ခင်းဧည့်ခံခဲ့သည်ဟု သိရသည်။

    အဆိုပါ ၀ါဖြေပွဲသို့ သံတမန်များ၊ ဂျပန်အစိုးရတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး ၀န်ကြီးချုပ်အာဘေးက အစ္စလာမ်သာသနာ၏ အနှစ်သာရမှာ ဂျပန်ပြည်သူများ လိုက်နာကျင့်သုံးကြသည့် လူမှုတန်ဖိုးများနှင့် တူညီသည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ၂၀၀၅ ခုနှစ် ဂျပန်ဝကြီးချုပ် ဂျူနီချီရို ကိုအိဇုမိလက်ထက်ကတည်းက ၀န်ကြီးချုပ်ရုံး၌ အစ်ဖ်သာရ်ညစာစားပွဲကို နှစ်စဉ် ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

    ဂျပန်နိုင်ငံသို့ အစ္စလာမ်သာသနာကို မိတ်ဆက်သူများမှာ နိုင်ငံရပ်ခြားမှဖြစ်ပြီး ယခုနောက်ပိုင်းတွင် ဂျပန်လူမျိုးများထဲမှ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူများမှာ မြင့်တက်လာခဲ့ကာ နိုင်ငံ၏ စီးပွားရေး၊ ခရီးသွားလာရေး ကဏ္ဍများတွင်လည်း မွတ်စလင်များနှင့် လိုက်လျောညီထွေမှုဖြစ်သည့် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လာခဲ့သည်။

    Ref: Japan Today

  • မလေးရှားရှိ ရိုဟင်ဂျာဒုက္ခသည်များကို IS က ဆွယ်ရန် ကြိုးစားနေ

    မလေးရှားရှိ ရိုဟင်ဂျာဒုက္ခသည်များကို IS က ဆွယ်ရန် ကြိုးစားနေ

    ဇွန် ၁၀၊ ၂၀၁၇
    M-Media

    တိုက်ပွဲဖြစ်နေသည့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့မှ မြင်ကွင်းတစ်ခု

    – ညှမ်းပမ်းနှိပ်စက်မှုတွေကြောင့် ရခိုင်ပြည်နယ်က ထွက်ပြေးသွားရတဲ့ မလေးရှားက ရိုဟင်ဂျာတွေကို IS လိုလားတဲ့အုပ်စုတွေက ဖိလစ်ပိုင်မှာ တိုက်ပွဲဝင်ဖို့ သွေးဆောင်နေတယ်လို့ ဂျကာတာအခြေစိုက် သုတေသနအဖွဲ့ Institution for Policy Analysis of Conflict (IPAC) က ပြောကြားလိုက်ပါတယ်။

    IPAC အဖွဲ့ဟာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က ပဋိပက္ခတွေကို အဓိကလေ့လာနေတဲ့အဖွဲ့ဖြစ်ပြီး မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေက IS ရဲ့ အစွန်းရောက်လှုပ်ရှားမှုတွေ၊ လူသူစုဆောင်းမှုတွေ ဒေသတစ်ဝှမ်း ပြန့်နှံ့ကြီးထွားလာမှုကို ပြနေတယ်လို့ ဖော်ပြထားပါတယ်။

    How Southeast Asia and Bangladeshi Extremism Intersect ခေါင်းစဉ်နဲ့ အဲဒီအစီရင်ခံစာကို မေလမှာ ထုတ်ပြန်ခဲ့ပါတယ်။ IPAC က ဆီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှက အစွန်းရောက်သမားတွေရဲ့ ဆက်ဆံရေးကို ‘တော်တော်လေးအန္တရာယ်ရှိတဲ့ ခြေလှမ်းမျိုး’ အထိ ရောက်စေတယ်လို့ ဆိုပါတယ်။

    ဆီးရီးယားမှာ ၂၀၁၁ ခုနှစ်ကတည်းက ပြည်တွင်းစစ်ဖြစ်နေပြီး၊ ရခိုင်ပြည်နယ်မှာလည်း မွတ်စလင်ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေ ငြင်းပယ်ခံရမှု အချိန်အတော်ကြာလာကာ၊ လူတွေသေကာ ထောင်နဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ၂၀၁၆ ခုနှစ် စစ်တပ်ရဲ့ စစ်ဆင်ရေးကလည်း ဒီပြဿနာကို တပ်ပိုးပေးလိုက်ပါတယ်။

    “မြန်မာနိုင်ငံမှာ မွတ်စလင်တွေ ငြှင်းပမ်းနှိပ်စက်ခံရတာက ပြည်ပရောက်သွားတဲ့ ဒီလူတွေမှာ အစွန်းရောက်ဝါဒ သွတ်သွင်းခံရမှု အလားလာကို မြင့်စေပါတယ်။ နောက်ပြီး ရိုဟင်ဂျာတွေဟာ လူသစ်စုဆောင်းဖို့ ကောင်းနေတယ်ဆိုတဲ့ အတွေးမျိုး အရှေ့တောင်အာရှက အစွန်းအရောက်အသိုင်းအ၀ိုင်းထဲမှာ ၀င်လာစေပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    IPAC ရဲ့ ဒါရိုက်တာ ဆစ်ဒနီဂျုန်းစ်က “IS ဟာ ပြည်ပရောက်နေတဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းက တစ်ချို့တွေဆီကနေ ထောက်ခံမှုရအောင် လုပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းက ဒေါသဖြစ်နေတဲ့ ရိုဟင်ဂျာလူငယ်တွေကတော့ ကမ္ဘာ့ဂျီဟတ်ဝါဒဆိုတာထက် အမျိုးသားရေး သူပုန်ထတာမျိုးမှာ ပါဝင်မယ့် အလားအလာ ပိုရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ ၉ ဦးကျဆုံးခဲ့တဲ့ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုနောက်ပိုင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်က လူ ၇၀၀၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

    အရင်က ဟာရာကာ အလ်-ယကင်လို့ အမည်ပေးထားပြီး နောက်ပိုင်းမှာ ရခိုင်ပြည်နယ် ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဖွဲ့ (ARSA) လို့ ပြောင်းလဲခေါ်ဆိုခဲ့တဲ့အဖွဲ့က နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်တာကို သူတို့လုပ်တယ်လို့ ပြောကြားခဲ့ကြောင်း International Crisis Group က ဒီဇင်ဘာလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက ဘယ်အကြမ်းဖက်အဖွဲ့တွေနဲ့မှ ဆက်သွယ်မှုမရှိဘူးလို့ ဒီအဖွဲ့က ပြောပါတယ်။

    IPAC ကတော့ ARSA ဟာ အရှေ့တောင်အာရှက အစွန်းရောက်အုပ်စု အချို့ဆီ ချဉ်းကပ်ပြီး လေ့ကျင့်ပေးဖို့ အကူအညီတောင်းဖူးတယ်လို့ ဆိုပါတယ်။

    ၂၀၁၇ ခုနှစ်အစောပိုင်းမှာ UNHCR က အင်ဒိုနီးရှားမှာ သူတို့ဆီ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာတွေဟာ ၈၀၀ လောက်ရှိပြီး၊ မလေးရှားမှာ ၅၆၅၀၀ လောက်ရှိကာ သူတို့ထဲက အများစုဟာ ဆယ်စုနှစ်နဲ့ချီ နေထိုင်ခဲ့ကြတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကိုစာနာတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ၊ မလေးရှားနိုင်ငံသားတွေနဲ့ အခြားသူတွေဟာ ဘင်္ဂလားဒေ့ရှ်အခြေစိုက်တဲ့ ရိုဟင်ဂျာအုပ်စုတွေနဲ့ ဆက်သွယ်ကာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ကူညီဖို့ လုပ်နေတယ်လို့လည်း IPAC က ပြောပါတယ်။

    “ယေဘူယျကောက်ချက်ချရရင် IS ဆိုတာမျိုးထက် အခြေခံနိုင်ငံရေးအခွင့်အရေး ရရှိဖို့ဆိုတဲ့နာမည်နဲ့ ရိုဟင်ဂျာ လက်နက်ကိုင်သူပုန်အဖွဲ့ ပေါ်လာတာမျိုးကို မြန်မာနိုင်ငံက ပိုပြီး စိုးရိမ်ရမှာပါ။ အစိုးရအာဏာပိုင်တွေက လုပ်ရဲကိုင်ရဲမယ်ဆိုရင် နိုင်ငံရေးအဖြေတစ်ခု ထွက်လာဖို့ဆိုတဲ့ မျှော်လင့်ချက်မျိုး ရှိလာနိုင်တာကြောင့် ဒီလိုသူပုန်ထမှုမျိုးဆိုရင်တော့ သတင်းကောင်းပါ” လို့ ဂျုန်းစ်က ဆိုပါတယ်။

    “IS နဲ့ သွားနွယ်မယ့် နောက်ထပ် အချက်တွေလည်း ရှိပါသေးတယ်။ လှေနဲ့ထွက်ပြေးရတဲ့ ရိုဟင်ဂျာလူငယ် တစ်ယောက်၊ နှစ်ယောက်လောက်ဟာ အင်ဒိုနီးရှားက အစွန်းရောက်ကျောင်းတွေ ရောက်သွားတာမျိုး၊ ဒါမှမဟုတ် မလေးရှားမှာရှိတဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းထဲက တစ်ချို့ကို ဆီးရီးယားနဲ့ မင်ဒါနာအိုကလူတွေက အွန်လိုင်းကနေ ဆွယ်တရား ဟောတာမျိုးတွေပါ” လို့လည်း သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်က အလယ်အလတ်မိသားစုတွေထဲက မလေးရှားမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေဟာ မလေးရှားမှာ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်ပြန်ရောက်မှ IS အပေါ် စိတ်ညွှတ်တာတွေ မြင့်တက်လာတယ်လို့လည်း IPAC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တစ်ချို့လည်း ကွာလာလမ်ပူကနေ ဆီးရီးယားကိုသွားတာ ဆီးရီးယားနဲ့ အီရတ်တို့က IS တိုက်ခိုက်ရေးသမားတွေနဲ့ တွေ့ဆုံတာမျိုးတွေ လုပ်ကြပါတယ်။

    “မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတိုးလုပ်မယ့် လက်နက်ကိုင်အဖွဲ့မျိုး နယ်စပ်မှာတည်ရှိမှုဟာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က IS လိုလားသူအုပ်စုတွေ သူတို့နိုင်ငံမှာရှိနေတဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းတွေထဲက တိုက်ချင်ခိုက်ချင်တဲ့သူတွေကို ပိုပြီး စနစ်တကျ လူသစ်စုဆောင်းမှုလုပ်ဖို့ တွန်းအားဖြစ်လာနိုင်ပါတယ်” လို့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

    အရင်က ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းမှာ အခြေစိုက်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အရှေ့တောင်အာရှက အစွန်းရောက်တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီး အခုတော့ ဒီအဖွဲ့ဟာ လှုပ်ရှားမှု မရှိတော့ဘူးလို့ ထင်ရပါတယ်။

    Ref : Irrawaddy

  • မိခင်ဒဏ်ရာရနေသည့် ပါလက်စတိုင်းကလေးငယ်အား ဂျူးသူနာပြုတစ်ဦးက နို့တိုက်ကြွေး

    မိခင်ဒဏ်ရာရနေသည့် ပါလက်စတိုင်းကလေးငယ်အား ဂျူးသူနာပြုတစ်ဦးက နို့တိုက်ကြွေး

    ဇွန် ၁၀၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းကလေးငယ်အား နို့တိုက်ကြွေးနေသည့် အစ္စရေးသူနာပြု အူလာ အော့စ်ထရိုစကီး ဇက်

    – ကားမတော်တဆမှုကြောင့် ဖခင်ဆုံးရှုံးကာ မိခင်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ ရင်ခွင်ပိုက်ကလေးငယ်လေးတစ်ဦးကို ဂျူးသူနာပြုက နို့ချိုတိုက်ကြွေးနေတဲ့ ဓာတ်ပုံတစ်ခု အခုရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ချီးကျူးမှုကိုလည်း ရရှိနေပါတယ်။

    အစ္စရေးအလယ်ပိုင်း အိန်ကီရင်မ်က ဆေးရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အူလာ အော့စ်ထရိုစကီး ဇက်ဆိုတဲ့ ဂျူးသူနာပြုတစ်ဦးဟာ ကားမတော်တဆမှုကြောင့် ဆေးရုံရောက်လာတဲ့ အသက် ၉ လအရွယ် ပါလက်စတိုင်းကလေးငယ် ယာမန် အဘူ ရာမီလာကို နို့ဘူးနဲ့ နို့တိုက်ဖို့ ၇ နာ ရီကြာကြိုးစားခဲ့ပေမယ့် မရတာကြောင့် နောက်ဆုံးမှာ သူ့ရဲ့ နို့ချိုကို တိုက်ကြွေးခဲ့တာ ဖြစ်ပါတယ်။

    “ဂျူးတစ်ယောက်က နို့တိုက်ဖို့ သဘောတူတာကို ကလေးရဲ့အဒေါ်တွေက အံ့သြနေကြတယ်။ ဒါပေမယ့် ဘယ်လိုမိခင်မျိုးမဆို ဒါမျိုးလုပ်မှာပဲလို့ ကျွန်မက ပြန်ပြောခဲ့ပါတယ်။ ကျွန်မ ကလေးလေးကို ၅ ကြိမ် နို့တိုက်ခဲ့တယ်။ ကလေးအဒေါ်တွေက ကျွန်မကို ကျေးဇူးတင်လိုက်တာ မပြောပါနဲ့တော့ရှင်။ သူတို့ တကယ် အံ့သြနေကြတာ” လို့ အော့စ်ထရိုစကီးဇက်က ပြောကြားခဲ့ပါတယ်။

    အဘူရာမီလာတို့ မိသားစုရဲ့ကားဟာ စစ်ကားတစ်ခုနဲ့ တိုက်မိခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူကတော့ နေရာတင်မှာပဲ ဆုံးသွားခဲ့ပါတယ်။ မိခင်ကလည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့ပါတယ်။

    အော့စ်ထရိုစကီးဇက်က အဘူရာမာမီလာလေးကို နို့တိုက်ကြွေးမယ့် မိခင်တွေ လိုအပ်နေတယ်လို့ အွန်လိုင်းမှာ ကြေငြာခဲ့ပြီးတဲ့နောက်ပိုင်း ထောင်နဲ့ချီတဲ့ မိခင်တွေက ဆက်သွယ်လာကြပါတယ်။

    “၂ နာရီအတွင်းမှာပဲ like နဲ့ ကူညီနို့တိုက်ပေးမယ်လို့ ပြောတဲ့သူတွေပေါင်း ထောင်ချီရခဲ့ပါတယ်။ ဒီကလေးကိုနို့တိုက်ဖို့ (အစ္စရေးမြောက်ပိုင်း) ဟိုင်ဖာကနေတောင် လာမယ့် အမျိုးသမီးတွေ ရှိပါတယ်။ ကြားထဲမှာ ကလေးကို နို့ဘူးတိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး” လို့ အော့စ်ထရိုစကီးဇက် က ပြောကြားခဲ့ပါတယ်။

    Ref : Dailymail

  • ကင်ဆာကို ကြက်သွန်ဖြင့် တိုက်ဖျက်နိုင်ဟု ကနေဒါသုတေသနပညာရှင်များ ပြော

    ကင်ဆာကို ကြက်သွန်ဖြင့် တိုက်ဖျက်နိုင်ဟု ကနေဒါသုတေသနပညာရှင်များ ပြော

    ဇွန် ၁၀၊ ၂၀၁၇
    M-Media

    – ကင်ဆာတိုက်ဖျက်ရေးတွင် ကြက်သွန်နီများမှာ ကောင်းမွန်သည့် ပစ္စည်းတစ်ခုဖြစ်သည်ကို သုတေသနတွင် တွေ့ရှိခဲ့သည်ဟု ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်ရှိ Guelph တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

    တက္ကသိုလ်မှ သုတေသနအဖွဲ့မှာ ကင်ဆာဆဲလ်များကို သတ်ရာတွင် အွန်တာရီယိုထွက် ကြက်သွန်များက မည်မျှ ထိရောက်မှုရှိသည်ကို လေ့လာရန်အတွက် ကြက်သွန်နီ မျိုး၅ ခုနှင့် စမ်းသပ်ခဲ့ပြီး Ruby Ring ကြက်သွန်နီမျိုးမှာ အထိရောက်ဆုံးဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။

    အွန်တာရီယိုတွင် ပေါက်ရောက်သော ကြက်သွန်နီများတွင် ကင်ဆာနှင့် နှလုံးရောက်ကို တိုက်ဖျက်နိုင်သည့် ဖလာဗာနွိုက် ဒြပ်ပစ္စည်းတစ်မျိုးဖြစ်သော quercetin မှာ အခြားသောဒေသများတွင် ပေါက်ရောက်သည့် ကြက်သွန်းများထက် အမြင့်ဆုံး ပါဝင်နေသည်။

    ၎င်းတို့၏ စမ်းသပ်မှုတွင် အူမကြီးကင်ဆာဆဲလ်များကို quercetin နှင့် တိုက်ရိုက်ထိတွေ့ခြင်းလည်း ပါဝင်သည်။

    “ကင်ဆာဆဲလ်တွေကိုသက်ရာမှာ ကြက်သွန်နီဟာ တော်တော်လေးကောင်းတယ်ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ကြက်သွန်နီဟာ ကင်ဆာဆဲလ်တွေ သေဆုံးမှုကိုဖြစ်စေတဲ့ လမ်းကြောင်းတွေကို ဖော်ပေးပါတယ်။ ပြီးတော့ ကင်ဆာဆဲလ်တွေ မရှင်သန်နိုင်တဲ့ ပတ်ဝန်းကျင်မျိုးကိုလည်း ဖြစ်စေပါတယ်။ ကင်ဆာဆဲလ်တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး ဆဲလ်ပွားအောင်လုပ်တဲ့ လုပ်ဆောင်မှုကိုလည်း ဖျက်ဆီးပေးပါတယ်” ဟု လေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့သည့် မူရေယန်က ပြောကြားခဲ့သည်။

    အဆိုပါ သုတေသနပညာရှင်များမှာ ယခင်ကလည်း ကြက်သွန်က ရင်သားကင်ဆာဆဲလ်များအား တိုက်ဖျက်ရာတွင် ထိရောက်မှုရှိသည်ကို စမ်းသပ်ဆုံးဖြတ်နိုင်ခဲ့သည်။

    မူရေယန်ကမူ နောက်တစ်ဆင့်တွင် ၎င်းတို့အနေဖြင့် အသီးအနှံများ၏ ကင်ဆာရောဂါအား တိုက်ဖျက်နိုင်မှုစွမ်းအားကို လူသားတွင် စမ်းသပ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Alarabiya