News @ M-Media
Author: Ko Lay
  • ၀ါကျွတ်အီးဒ်အတွက် စုထားသည့် ပိုက်ဆံ ဓားပြတိုက်ခံရသည့် အဖိုးအိုကို အင်ဒိုပြည်သူများ ကူညီ
    ဇွန် ၁၂၊ ၂၀၁၇
    M-Media
    – အင်ဒိုနီးရှားနိုင်ငံမှာ ငှက်ပျောသီးရောင်းရင်း ဓားပြအတိုက်ခံလိုက်ရတဲ့ အသက် ၉၄ နှစ်အရွယ် အဖိုးအိုတစ်ဦးကို နိုင်ငံသားတွေက ၀ိုင်းဝန်းဖေးမကာ အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။
    ဆူမားတြားကျွန်း ဂျမ်ဘီပြည်နယ်က ဆူရတ်မန်လို့ခေါ်တဲ့ အဲဒီအဖိုးအိုနားကို ကားတစ်စီးလာရပ်ပြီး ငှက်ပျောသီးဝယ်ဖို့အတွက် ကားပေါ် တက်ခိုင်းခဲ့ပြီးတဲ့နောက်မှာ အင်ဒိုနီးရှား ရူပီး ၁ သန်းကျော် (ကန်ဒေါ်လာ ၈၀) တန်ဖိုးရှိတဲ့ ငွေကြေးကို ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။ အဖိုးအိုကိုလည်း ကားပေါ်ကနေ တွန်းချခဲ့ပါတယ်။
    ဒီအဖြစ်အပျက်ကို ပြောပြနေတဲ့ ဆူရတ်မန်ရဲ့ ဗီဒီယိုကို တော်မီ ရီဇာဆိုသူက အွန်လိုင်းမှာ လွှင့်တင်ခဲ့ပြီးတဲ့နောက် အဖိုးအိုကို အင်ဒိုပြည်သူတွေက သနားဂရုဏာ သက်ခဲ့ကြပြီး ထောက်ပံ့လှူဒါန်းမှုတွေလည်း လုပ်ခဲ့ကြပါတယ်။
    အဖိုးအို ဆူရတ်မန်က ဓားပြတိုက်ခံလိုက်ရတဲ့ ပိုက်ဆံဟာ ဒီလအကုန်ပိုင်းမှာ ကျရောက်မယ့် အီဒွလ် ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲဖို့အတွက် စုထားတာဖြစ်တယ်လို့ မျက်ရည်လည်ရွဲနဲ့ ပြောကြားခဲ့ကြောင်း မစ္စတာ ရီဇာက ဆိုပါတယ်။
    မစ္စတာ ရီဇာဟာ ဒီပြဿနာ ဖြစ်ဖြစ်ခြင်း အော်ဟစ် အကူအညီတောင်းနေတဲ့ အဖိုအိုနားကို ရောက်သွားခဲ့တာပါ။ ဒီအကြောင်းကို အွန်လိုင်းမှာ လွှင့်တင်ပြီးတဲ့နောက် မိတ်ဆွေသူငယ်ချင်းတွေက သူ့ကို သတင်းမေးကြတဲ့အခါ အဖိုးအိုအတွက် အလှူငွေကောက်ဖို့ စိတ်ကူးရခဲ့တယ်လို့ ရီဇာက ဆိုပါတယ်။
    “ဂျမ်ဘီက လူတော်တော်များများ၊ ဟောင်ကောင်နဲ့ မလေးရှားတို့လို နိုင်ငံရပ်ခြားကလူတွေ တော်တော်များများက ဘယ်လို လှူရမလဲဆိုတာ ကျွန်တော်တို့ မေးကြပါတယ်”
    ရီဇာရဲ ပို့စ်အောက်မှာ ဒီအဖြစ်အပျက်အတွက် ဒေါထွက်တဲ့ မှတ်ချက်တွေ၊ အဖိုးအို ဆူရတ်မန်ကို စာနာတဲ့မှတ်ချက်တွေလည်း အင်ဒိုပြည်သူတွေက အမြောက်အများ ရေးခဲ့ကြပါတယ်။
    အဖိုးအို ဆူရတ်မန်အတွက် အလှူငွေ စုစုပေါင်း ရူပီး ၃၇ သန်း ရရှိခဲ့ပြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက ရူပီး ၅ သန်း ထောက်ပံ့ပေးကာ ရောင်းဖို့ ငှက်ပျောသီးကိုလည်း ၀ယ်ပေးခဲ့ပါတယ်။
    မစ္စတာရီဇာဟာ ရရှိတဲ့အလှူငွေကို ဆူရတ်မန်တို့ မိသားစုထံ သွားရောက်ပေးအပ်ခဲ့မှု ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။
    “အဖိုးအိုက အရမ်းကျေးဇူးတွေတင်နေပြီး၊ ဆုတွေလည်း တောင်းပေးပါတယ်။ ကျွန်တော်ဟာ ကူညီသူတစ်ယောက်သာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားပြည်သူတွေဟာ ချီးကျူးလောက်စရာပါပဲ။ သူတို့ရဲ့ တစ်ယောက်ကိုတစ်ယောက် စာနဖေးမမှုအတွက် ကျွန်တော် နှလုံးပီတိ ဂွမ်းဆီထိရပါတယ်” လို့ မစ္စတာရီဇာက ပြောကြားခဲ့ပါတယ်။
    အလှူငွေများကို ရီဇာက သွားရောက်ပေးအပ်နေစဉ်
    Ref: BBC
  • ဘ၀ရပ်တည်ဖို့ ခက်ခဲလာတဲ့ ကျောက်ဖြူမှ တရုတ်စီမံကိန်းဘေးသင့် ပြည်သူများ
    ဘ၀ရပ်တည်ဖို့ ခက်ခဲလာတဲ့ ကျောက်ဖြူမှ တရုတ်စီမံကိန်းဘေးသင့် ပြည်သူများ
    ဇွန် ၁၀၊ ၂၀၁၇
    M-Media
    ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း
    – တရုတ်နိုင်ငံကိုပို့မယ့် ရေနံစိမ်း တန်ပေါင်း ၁၄၀၀၀၀ လောက်ပါဝင်တဲ့ ပထမဆုံး ဆီတင်သင်္ဘောကြီး ကျောက်ဖြူဆိပ်ကမ်းကို မရောက်ခင် ရက်အနည်းငယ်အလိုမှာ ဒေသခံအာဏာပိုင်တွေက ကိုငြိမ်းအေးရဲ့ ငါးဖမ်းပိုက်ကွန်ကို သိမ်းဆည်းလိုက်ပါတယ်။
    မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို ရေနံတင်ပို့မယ့် မိုင်ပေါင်း ၄၈၀ ရှည်လျားတဲ့ ဒီပိုက်လိုင်းကြီးရဲ့ ၀င်ပေါက်အနီးက ရေပြင်မှာ ငါးမဖမ်းဖို့ တားမြစ်ခံခဲ့ရတဲ့ ရာနဲ့ချီတဲ့လူတွေကြားထဲ အသက် ၃၆ နှစ်အရွယ် ကိုငြိမ်းအေးတစ်ယောက်လည်း ပါဝင်ပါတယ်။ ဒီပိုက်လိုင်းကြီးဟာ အာရှ၊ အခြားတိုက်ကြီးတွေနဲ့ စီးပွားရေးချိတ်ဆက်မှု ပိုမိုနက်ရှိုင်းရေး ရည်ရွယ်တဲ့ တရုတ်နိုင်ငံရဲ့ Belt and Road စီမံကိန်းက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
    “ငါဖမ်းဖို့မပေးဘူးဆိုရင် ကျွန်တော်တို့ ဘယ်လို စားသောက်နေထိုင်ကြတော့မလဲ” လို့ ကိုငြိမ်းအေးက ဖွင့်ဟခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၄ လကမှ လှေကြီးကြီးတစ်ခု ၀ယ်ယူခဲ့တာဖြစ်ပေမယ့် ဘယ်အချိန်တွေ၊ ဘယ်နေရာတွေမှာ ငါးမဖမ်းရဘူးဆိုတဲ့ ကန့်သတ်ချက်ကြောင့် ငါးမိတဲ့နှုန်းဟာ ၃ ပုံ ၂ ပုံလောက်ကျဆင်းသွားတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဒီပိုက်လိုင်းကို စီမံခန့်ခွဲနေတဲ့ Petrochina ရုံးရှေ့မှာ သွားရောက်ဆန္ဒပြကာ နစ်နာကြေးတောင်းခဲ့ကြတဲ့ လူ ၁၀၀ ကျော်လောက်မှာ ကိုငြိမ်းအေးလည်း ပါဝင်ခဲ့ပါတယ်။
    ဒီရေနံပိုက်လိုင်းဟာ ကန်ဒေါ်လာ ၁၀ ဘီလီယံလောက်တန်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီစီးပွားရေးဇုန်ဟာ မြန်မာနဲ့ တရုတ်ကြား နွေးထွေးလာတဲ့ ဆက်ဆံရေးရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ စီးပွားရေးဇုန် အောင်မြင်ဖို့ဟာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပါနေပါတယ်။
    အာဏာရပြီး ပထမတစ်နှစ်တာအတွင်း ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှုကို သိပ်မမြင်ရတာကြောင့် ဝေဖန်ခံနေရမှုကို ရပ်တန့်စေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးမှာ သိသိသာသာ အောင်မြင်မှုရဖို့ လိုအပ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ အားပေးထောက်ခံမှုဟာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် အဓိက သော့ချက်လည်း ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားမှုဟာ ဒေါ်အောင်စုကြည် ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေတာပါ။
    ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အဓိကထားဖော်ဆောင်နေတဲ့ တရုတ်နိုင်ငံပိုင် CITIC Group လုပ်ငန်းက မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသတွေထဲက တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ အလုပ်အကိုင်ပေါင်း ၁ သိန်းလောက် ဖန်တီးပေးမယ်လို့ ပြောဆိုထားပါတယ်။
    ဒါပေမယ့် ဒေသခံတော်တော်များများကတော့ ဒီစီမံကိန်းဟာ သူတို့ရဲ့ လူမှုဘ၀တွေကို ဂရုမစိုက်ဘဲ၊ သူတို့နဲ့ ဆွေးနွေးညှိနှိုင်းမှု မလုပ်ဘဲ တက်သုတ်ရိုက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    တရုတ်နိုင်ငံအပေါ် သံသယဖြစ်မှုဟာ မြန်မာနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်းရှိနေပြီး သဘာဝပတ်ဝန်းကျင်နဲ့ အခြားသော စိုးရိမ်မှုတွေက ပြည်သူတွေရဲ့ မနှစ်မြို့မှုကို ဖြစ်စေတာကြောင့် အရင်က မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ စီမံကိန်းကြီးတွေ ရပ်တန့်ရထားရတာ၊ ပိတ်ပစ်ရဖို့ အခြေအနေ ဖြစ်လာတာမျိုးတွေလည်း ရှိနေပါတယ်။
    တရုတ်ကတော့ ကျောက်ဖြူစီမံကိန်းဟာ နှစ်နိုင်ငံ win-win အခြေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
    မကျေပ်မှုများကို ရှောင်ရှား
    မြန်မာနိုင်ငံမှာ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ကောင်း ရပ်တန့်မယ်လို့ တရုတ်နိုင်ငံက ဒီနှစ်အစောပိုင်းမှာ အရိပ်အကဲပြခဲ့ပေမယ့် အရှေ့အလယ်ပိုင်းက စွမ်းအင်ရင်းမြစ်တင်ပို့မှုအတွက် အခြားလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူဆိပ်ကမ်းအပါအ၀င် အခြား မဟာဗျူဟာကျတဲ့နေရာတွေကို နစ်နာကြေးအဖြစ်ယူဖို့ တွန်းအားပေးလာပါတယ်။
    Reuters က ရရှိခဲ့တဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အတွင်းစည်း စာရွက်စာတမ်းတွေ၊ တာဝန်ရှိသူ ၂ ဒါဇင်လောက်နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတွေအရ စာချုပ်ချုပ်ဆိုတာတွေ၊ မြေယာတွေသိမ်းဆည်းတာတွေကို ဒေသခံပြည်သူတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေ မပြီးဆုံးခင်ကတည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြသနေပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒါဟာ ဖွံ့ဖြိုးရေး ဥပဒေတွေကို ဖောက်ဖျက်တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
    ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဧက ၄၂၀၀ ကျော်ရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကန်ဒေါ်လာ ၇.၃ ဘီလီယံတန်ဖိုးရှိတဲ့ ရေနက်ဆိပ်ကမ်း၊ ၂.၃ ဘီလီယံ တန်ဖိုးရှိတဲ့ စက်မှုဇုန်တွေပါဝင်ပြီး အထည်လိပ်နဲ့ ရေနံသန့်စင်စက်ရုံတွေလို လုပ်ငန်းမျိုးကို ဆွဲဆောင်ဖို့အတွက် စက်မှုဇုန်ကို ရည်ရွယ်တည်ဆောက်တာ ဖြစ်ပါတယ်။
    Reuters က ရရှိခဲ့တဲ့ စီမံကိန်းအတွင်းစည်း စာရွက်စာတမ်းတွေ၊ စစ်တမ်းကောက်ယူမှုတွေအရ လယ်ယာစိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို မှီခိုနေရသူ အများစုပါဝင်တဲ့ ရွာသား ၂ သောင်းလောက်ဟာ စီမံကိန်းအတွက် နေရာဖယ်ပေးရမယ့် အန္တရာယ်ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။
    “ဇုန်အတွင်း စီမံကိန်းက ကြီးမားပြီး၊ အဆောက်အဦးတော်တော်များများကိုလည်း ဆောက်လုပ်မှာပါ။ ဒါ့ကြောင့် ဒီဧရိယာထဲမှာရှိတဲ့သူတွေဟာ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်” လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ပြောကြားခဲ့ပါတယ်။ သူဟာ စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှာလည်း ပါဝင်သူတစ်ဦးပါ။
    ဦးသန်းထွဋ်ဦးကတော့ လက်ရှိ တရုတ်ကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေလုပ်နေဆဲဖြစ်ပြီး ‘တင်းမာမှုတွေ’ မဖြစ်စေချင်တာကြောင့် ဒီအစီအစဉ်ကို အစိုးရက လူသိရှင်ကြား မကြေငြာသေးဘူးလို့လည်း ဆိုပါတယ်။
    စိုးရိမ်စရာ ရက်သတ်မှတ်မှု
    ဧပြီလက သမ္မတဦးထင်ကျော်ဟာ ရေနံပိုက်လိုင်းနဲ့ ကျောက်ဖြူဆိပ်ကမ်တို့အတွက် သဘောတူညီချက်နှစ်ခုကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၀၉ ခုနှစ် စတင်ပြီးနောက်ပိုင်းမှာ ရပ်သွားတဲ့ ဒီစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရေး တရုတ်က တွန်းအားပေးမှု ရလဒ်လည်း ဖြစ်ပါတယ်။
    ဒီသဘောတူညီချက်တွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုထိခိုက်မှုဆိုင်ရာ သုံးသပ်မှုတွေကို တတ်နိုင်သလောက် မြန်မြန်လုပ်သွားဖို့ တိုက်တွန်းထားပါတယ်။
    လေ့လာမှုတွေကို ၁၅ လကြာ ပြုလုပ်ဖို့ မျှော်လင့်ထားပေမယ့် အခုအချိန်အထိတော့ မစတင်ရသေးပါဘူး။ CITIC ကုမ္ပဏီက ၂၀၁၈ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် ဒီနှစ်အကုန်မှာ အပြီးသတ်စာချုပ်ချုပ်ဖို့ မြန်မာနိုင်ငံကို တောင်းဆိုထားတယ်လို့ စီးပွားရေးဇုန်ဆိုင်ရာ မြန်မာဘက်က စီမံခန့်ခွဲရေးကော်မတီကို ဦးဆောင်တဲ့ ဦးစိုးဝင်းက ပြောပါတယ်။
    အဲဒီလို့ ရက်သတ်မှတ်ထားမှုကြောင့် စီမံကိန်းကို အမြန်လုပ်လိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ကျွမ်းကျင်သူတွေဆီမှာ ရှိနေပါတယ်။
    “ဒီလို အနေအထားမျိုးရှိတဲ့ စီမံကိန်းအတွက် သဘာဝတ်ဝန်းကျင်နဲ့ လူမှုဆိုင်ရာ ပြင်ဆင်မှုတွေဟာ လပိုင်းလောက်နဲ့ မပြီးပါဘူး။ နှစ်ချီကြာပါတယ်” လို့ Myanmar Centre for Responsible Business က အကြီးအကဲဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံတမန်ဟောင်း ဗစ်ကီ ဘောင်းမန်းက ပြောကြားခဲ့ပါတယ်။
    CITIC ကတော့ ဒီလို သုံးသပ်မှုတွေလုပ်ဖို့ ‘ကမ္ဘာ့နာမည်ကျော် အကြံပေးကုမ္ပဏီနဲ့’ ဆက်သွယ်သွားမယ်လို့ Reuters ကိုပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။
    စီမံကိန်းအတွက် မြေနေရာသတ်မှတ်မှုတွေကို မစတင်ရသေးပေမယ့် ဆည် ၂ ခုဆောက်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ မြေတွေ သိမ်းလိုက်တာကြောင့် မိသားစု ၂၆ စုဟာ လယ်ယာမြေတွေကနေ ဖယ်ပေးလိုက်ရတယ်လို့ မြေယာဆိုင်ရာ အထောက်အထားတွေ၊ မြေပိုင်ရှင်တွေရဲ့ ပြောကြားမှုတွေအရ သိရပါတယ်။
    ကျွမ်းကျင်သူတွေက ဒါဟာ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
    “သဘာပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ သုံးသပ်မှုတွေ၊ ပြန်လည်နေရာချထားမှု အစီအစဉ်တွေ မပြီးဆုံးသေးဘဲ မြေတွေသိမ်းတယ်ဆိုတာ နိုင်ငံတကာ ဥပဒေနဲ့ မညီပါဘူး” လို့ မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်တဲ့ International Commission of Jurists က ရှောင် ဘိန်းက ပြောကြားခဲ့ပါတယ်။
    အလုပ်အကိုင်အခွင့်အလမ်း ရှိနေလား
    CITIC ကတော့ စီးပွားရေးဇုန်အတွက် ကုမ္ပဏီကလိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ရရှိအောင် လေ့ကျင့်ပေးဖို့ အသက်မွေးဝမ်းကျောင်း ကျောင်းတစ်ခုကို တည်ထောင်သွားမယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒေသခံတွေ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း ကန်ဒေါ်လာ ၁.၅ သန်းကို ကုမ္ပဏီက ပေးထားပါတယ်။
    အဲဒီပိုက်ဆံနဲ့ တည်ထောင်ထားတဲ့ ကျေးရွာရန်ပုံငွေကနေ ငွေနည်းနည်းစီချေးထားတဲ့ ရွာသားတော်တော်များများနဲ့ Reuters က မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    “ရွာကလူ အများစုက ငွေလိုနေတာကြောင့် CITIC ရဲ့ငွေဟာ ကျွန်တော်တို့အတွက် အင်မတန်အသုံးဝင်ပါတယ်” လို့ ငါးဖမ်းပိုက်ကွန်တွေဝယ်ဖို့ ငွေတစ်သိန်းလောက်ချေးခဲ့တဲ့ ငါးဖမ်းလုပ်သား သာစည်အောင်က ပြောကြားခဲ့ပါတယ်။
    တရုတ်ရင်းနှီးမြှုပ်နှံသူတွေကတော့ ပထမ ၅ နှစ်အတွင်းမှာ ဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ ၁ သန်းလောက် သုံးစွဲဖို့ စီစဉ်ထားပြီး၊ အဲဒီနောက်ပိုင်းမှာ ဒေသခံတွေ လူနေမှုအဆင့်အတန်း မြင့်မားဖို့အတွက် တစ်နှစ်ကို ဒေါ်လာ ၅ သိန်းလောက် သုံးသွားမယ်လို့ ဆိုပါတယ်။
    ဒါပေမယ့် ကျေက်ဖြူက ရွာသားတွေကတော့ စီမံကိန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေဟာ တရုတ်လုပ်သား အများစုကိုပဲ ခန့်ထားတာကြောင့် ဒီစီမံကိန်းဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူမဖြစ်မှာ စိုးရိမ်နေကြပါတယ်။
    ရေနံပိုက်လိုင်း ၀င်ပေါက်တည်ရှိရာ မဒေးကျွန်းမှာ လူပေါင်း ၃ ထောင်ကျော်လောက် နေထိုင်ကြပေမယ့် Petrochina ကုမ္ပဏီမှာ ၄၇ ဦးသာ အလုပ်ရခဲ့ပါတယ်။ ဒါပေမယ့် တရုတ်လုပ်သားတွေကတော့ ဒီအရေအတွထက် ၂ ဆလောက်ရှိတယ်လို့ အလုပ်အကိုင်ဆိုင်ရာ တာဝန်ရှိသူတွေဆီက ရရှိတဲ့ အချက်အလက်တွေအရ
    သိရပါတယ်။
    Petrochina ကတော့ ဒီအတွက် မှတ်ချက်ပေးဖို့ ဆက်သွယ်မှုကို မတုန့်ပြန်သေးပါဘူး။ မကြာသေးခင်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း သူတို့လုပ်အားရဲ့ ၇၂ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ဒေသခံတွေကို ဆက်လက်ခန့်အပ်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။
    “စီးပွားရေးဇုန်းမှာ ကျွန်တော် အလုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မထားတော့ပါဘူး။ တရုတ်ကုမ္ပဏီတွေက ကျွန်တော်တို့ရွာတိုးတက်အောင်၊ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်း တိုးတက်အောင် ဆောင်ရွက်ပေးမယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ် ထိခိုက်ခံစားနေရတာပဲ အဖတ်တင်ပါတယ်” လို့ ငါးဖမ်းလုပ်သား ကိုငြိမ်းအေးက ပြောကြားခဲ့ပါတယ်။
    သူဟာ ရေနံပိုက်လိုင်းကုမ္ပဏီမှာ အလုပ်ရဖို့ ၁၂ ကြိမ်လောက် လျှောက်ထားခဲ့ပြီး အကြိမ်တိုင်း ပယ်ချခံခဲ့ရသူပါ။
    Ref: New York Times
    (New York Times တွင် ဖော်ပြထားသည့် China’s $10 Billion Strategic Project in Myanmar Sparks Local Ire ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • မွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်သည့် အစွန်းရောက်များကို ဖမ်းဆီးထားဟု သီရိလင်္ကာကြေငြာ
    ဇွန် ၁၁၊ ၂၀၁၇
    M-Media
    ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်မှုကို ထွက်ပြေးတိမ်းရှောင်နေသည့် အစွန်းရောက်ဘုန်းကြီး Gnanasara
    – ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ (BBS) မှ အဓိက အဖွဲ့ဝင်တစ်ဦးအပါအ၀င် မွတ်စလင်များအား တိုက်ခိုက်မှုနှင့်ပတ်သက်၍ လူ ၅ ဦးကို ဖမ်းဆီလိုက်သည်ဟု သိရိလင်္ကာရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။
    သိရိလင်္ကာနိုင်ငံတစ်ဝှမ်း ဧပြီလ ၁၇ ရက်နေ့မှ စတင်ကာ မွတ်စလင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုများတွင် မွတ်စလင်ပိုင်ဆိုင်များအား မီးရှို့ခြင်း၊ ဗလီဝတ်ကျောင်တော်များအား မီးလောင်ဗုံးပစ်သွင်းခြင်းတို့ ပါဝင်သည်။
    ရဲတပ်ဖွဲ့ကမူ ဧပြီလကတည်း ထိုအဖြစ်ပျက် ၁၆ ခုအတွက် တိုင်ကြားမှုကို ရရှိခဲ့သည်ဟု ဆိုသည်။
    “(မီးရှို့) တိုက်ခိုက်မှု ၄ ခုနဲ့ တိုက်ရိုက်ပတ်သက်တဲ့ အသက် ၃၂ နှစ်အရွယ် လူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီလူဟာ Bodu Bala Sena (BBS) အဖွဲ့နဲ့ တိုက်ရိုက်အဆက်အသွယ် ရှိပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက သူဟာ အဲဒီအဖွဲ့နဲ့ ပတ်သက်ခဲ့တာပါ” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပရီယန်သာ ဂျာယာကိုဒီက ပြောကြားခဲ့ပြီး ၎င်းမီးရှို့ခဲ့သည့် ဆိုင်ခန်း ၄ ခုစလုံးမှာ မွတ်စလင်များပိုင်ဆိုင်သည့် ဆိုင်များ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ယခုဖမ်းဆီးထားသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားမှာ ရဲတပ်ဖွဲ့က အလိုရှိနေသည့် အစွန်းရောက်ဘုန်းကြီး Gnanasara နှင့် နီးနီးကပ်ကပ် ပတ်သက်မှုရှိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    သီရိလင်္ကာ၏ ၂၁ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်များမှာ ၉ ရာခိုင်နှုန်းဝန်ကျင်ရှိပြီး ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ BBS ကမူ အစ္စလာမ်သာသနာမှာ ဗုဒ္ဓဘာသာအတွက် ခြိမ်းခြောက်တစ်ခုဖြစ်သည်ဟု ၀ါဒဖြန့်နေသည်။
    မွတ်စလင်များကို ပစ်မှတ်ထား၍ မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချခဲ့ပြီး အစိုးရအနေဖြင့် လူနည်းစုအခွင့်ရေးနှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို ကာကွယ်ရန် တိုက်တွန်းခဲ့သည်။
    လွှတ်တော်အမတ်များကလည်း ထိုကဲ့သို့ တိုက်ခိုက်မှုများကို မတားဆီးနိုင်မှုအတွက် အစိုးရကို ပြစ်တင်ခဲ့သည်။
    BBS အဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်ခြင်းမရှိဟုဖော်ပြထားပြီး၊ အဖွဲ့တွင် အဖွဲ့ဝင်ဟူ၍လည်း မရှိဟု ဆိုသည်။
    “အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒဖြစ်အောင်လုပ်ဖို့၊ အကြမ်းဖက်မှုတွေလုပ်ချင်ရင် လုပ်လို့ရတဲ့စွမ်းအား ကျွန်တော်တို့မှာရှိတယ်။ ဒါပေမယ့် (လတ်တလော မွတ်စလင်ဆန့်ကျင်ရေး) တိုက်ခိုက်မှုတွေနောက်ကွယ်မှာတော့ မပါပါဘူး” ဟု BBS ၏ စီအီးအို Dilanthe Withanage က ကြေငြာချက်တွင် ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျာယာကိုဒီက ရဲတပ်ဖွဲ့မှာ နောက်ထပ် လူ ၄ ဦးကို ဖမ်းဆီးထားပြီး ထိုအထဲတွင် ဗုဒ္ဓဘာသာနှင့် ဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်သည့် တမီလ်လူမျိုးတစ်ဦးကို ဆန့်ကျင်သည့် အရေးအသားမျိုး Facebook တွင် လွှင်တင်ထားသည့် မွတ်စလင်တစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။
    သီရိလင်္ကာတွင် ဗုဒ္ဓဘာသာဝင်ဦးရေမှာ ၇၀ ရာခိုင်နှုန်းခန့် ရှိနေပြီး သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာ အဖွဲ့အစည်းအချို့က မွတ်လင်များနှင့်ပတ်သက်၍ အမုန်းစကားများ ဖြန့်ဝေခြင်း၊ မွတ်စလင်များဆိုင်များတွင် ဈေးမ၀ယ်ရန် ဆော်သြခြင်းတို့ကို ပြုလုပ်ကြသည်။
    ထို့ပြင် မွတ်စလင်အဖွဲ့အစည်းများမှာ ၎င်းတို့၏ လူ့အဖွဲ့အစည်းကို အစွန်းရောက်အောင် ပြုလုပ်နေသည်၊ လူများကို အစ္စလာမ်သို့ အတင်းအဓမ္မ သွတ်သွင်းနေသည်၊ ဗုဒ္ဓဘာသာ၏ ရှေဟောင်းသမိုင်းဝင်နေရာများကို ဖျက်ဆီးသည်ဟု စွပ်စွဲမှုများလည်း ပြုလုပ်ခဲ့သည်။ မွတ်စလင်ခေါင်းဆောင်များကမူ ထိုစွပ်စွဲမှုများကို ငြင်းဆိုထားသည်။
    ၂၀၁၄ ခုနှစ်က အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့အစည်းများ၏ လှုံ့ဆော်မှုကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားကာ မွတ်စလင်များမှာ အသတ်ခံခဲ့ရသည်။ ခရစ်ယာန်ဘုရားကျောင်းများမှာလည်း ထိုအဖွဲ့များ၏ တိုက်ခိုက်ဖျက်ဆီးမှုကို ခံခဲ့ရသည်။
    Ref: Reuters, AP
  • ကာတာ၏ ရိက္ခာပြတ်လပ်မှု ပြေလည်စေရန် အီရန်က ကုန်တင်လေယာဉ် ၅ စီးစာ စားသောက်ကုန်များ ပို့ထား
    ကာတာ၏ ရိက္ခာပြတ်လပ်မှု ပြေလည်စေရန် အီရန်က ကုန်တင်လေယာဉ် ၅ စီးစာ စားသောက်ကုန်များ ပို့ထား
    ဇွန် ၁၁၊ ၂၀၁၇
    M-Media
    – အဓိကကုန်သွယ်ဖက် နှစ်နိုင်ငံဖြစ်သော ဆော်ဒီနှင့် ယူအေအီးတို့က ကုန်သွယ်ရေး ဖြတ်တောက်လိုက်ခြင်းကြောင့် စားနပ်ရိက္ခာ ပြတ်တောက်မည့် အခြေအနေနှင့် ကြုံတွေ့နေရသည့် ကာတာနိုင်ငံအတွက် အီရန်က လေယာဉ် ၅ စီးသာ အစားအသောက်များကို တင်ပို့လိုက်သည်ဟု သိရသည်။
    “လောလောဆယ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေလို အဓိကစားသောက်ကုန်တွေကို လေယာဉ် ၅ စီးနဲ့ ကာတာကို ကျွန်တော်တို့ ပို့လိုက်တယ်။ တစ်စီးကို တန် ၉၀ ၀န်းကျင်လောက် ပါဝင်ပါတယ်။ နောက်ထပ်တစ်စီးကိုလည်း ဒီနေ့ ကျွန်တော်တို့ ထပ်လွှတ်မှာပါ” ဟု အီရန်လေကြောင်းလိုင်း Iran Air မှ ပြောရေးဆိုခွင့်ရှိသူ ရှာရွတ်ခ် နူရှာဘာဒီက ယနေ့တွင် ပြောကြားခဲ့သည်။
    ထိုသို့ တင်ပို့ခြင်းမှာ အကူအညီလား သို့မဟုတ် ကုန်သွယ်ခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မစ္စတာ နူရှာဘာဒီက ၀ယ်လိုအားရှိနေသမျှ ကာလပတ်လုံး မိမိတို့က တင်ပို့သွားမည်ဟု ပြောကြားခဲ့သည်။
    ကာတာ၏ အစားအသောက်တင်သွင်းမှု ၄၀ ရာခိုင်နှုန်းမှာ ဆော်ဒီနယ်စပ်ကိုဖြတ်၍ ၀င်ရောက်ခြင်းဖြစ်ပြီး ဆော်ဒီက ကာတာနိုင်ငံနှင့် ကုန်ကြောင်း၊ ရေကြောင်း၊ လေကြောင်း ဆက်သွယ်မှုအားလုံးကို ပိတ်ပစ်လိုက်သောကြောင့် ကုန်သွယ်ရေးမှာ လုံးဝ ရပ်တန့်သွားခဲ့သည်။
    Tasnim သတင်းဌာနက စားသောက်ကုန် တန်ပေါင်း ၃၅၀ တင်ဆောင်ထားသည့် အီရန် ကုန်တင်သင်္ဘော ၃ စီးမှာလည်း ကာတာသို့သွားရောက်ရန် စီစဉ်နေသည်ဟု ဖော်ပြခဲ့သည်။
    Ref: BBC
  • အိမ်ထောင်ပြုခြင်းက ကျန်းမာရေးအကျိုးကျေးဇူးရှိသည်ဟု သုတေသပညာရှင်များပြော
    အိမ်ထောင်ပြုခြင်းက ကျန်းမာရေးအကျိုးကျေးဇူးရှိသည်ဟု သုတေသပညာရှင်များပြော
    ဇွန် ၁၁၊ ၂၀၁၇
    M-Media
    – အိမ်ထောင်ပြုခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိနိုင်ပြီး ကိုလက်စထရောမြင့်တာလို့ နှလုံးရောဂါဖြစ်စေတဲ့ အကြောင်းအရင်း ရှိမယ်ဆိုရင် အိမ်ထောင်ပြုခြင်းက အသက်ရှင်သန်မှု အခွင့်အလမ်းတွေကို မြင့်တက်စေတယ်လို့ ယူကေ သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။
    ယူကေက သွေးတိုးရှိသေူတွေ၊ အ၀လွန်သူတွေနဲ့ ဆီးချိုရှိသူ လူပေါင်း ၁ သန်းလောက် ပါဝင်ပြီး Aston ဆေးတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အိမ်ထောင်ရှိသူတွေဟာ၊ အိမ်ထောင်မရှိသူတွေထက် ပိုပြီး အကျိုးကျေးဇူးရှိတယ်ဆိုတာကို တွေ့ခဲ့ရတာပါ။
    လေ့လာမှုကိုဦးဆောင်သူ ဒေါက်တာ ပေါလ် ကာတာက နှလုံးရောဂါနေတဲ့တစ်ဦးအတွက် အိမ်ထောင်ပြုခြင်းဟာ အသက်ရှင်မှုအခွင့်အလမ်း ပိုကောင်းစေတယ်ဆိုတဲ့ အချက်ကို သုတေသနမှာ တွေ့ရှိခဲ့တယ်လို့ အခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ British Cardiovascular Society ညီလာခံမှာ ပြောကြားခဲ့ပါတယ်။
    ၁၄ နှစ်တာ ကြာမြင့်ခဲ့တဲ့ ဒီသုတေသနမှာ အိမ်ထောင်ပြုထားပြီး ကိုလက်စထရောများနေတဲ့ အသက် ၅၀ ကျော်၊ ၆၀ ကျော် ၇၀ ကျော် အရွယ်တွေဟာ အိမ်ထောင်မပြုထားတဲ့သူတွေထက် ၁၆ ရာခိုင်နှုန်း ပိုမို အသက်ရှင်သန်နိုင်ခွင့်ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
    အိမ်ထောင်ပြုထားတဲ့ ဆီးချိုရှိသူ၊ သွေးတိုးရှိသူတွေဟာလည်း ဒီလို အသက်ရှင်သန်မှု အခွင့်အလမ်းတွေ ရှိနေပါတယ်။
    ဒါပေမယ့် အိမ်ထောင်ကွဲနေသူ၊ ကွာရှင်းထားသူတွေ၊ လက်မထက်ဘဲ အတူနေသူတွေမှာ ကျန်းမာရေးအရ ဘာတွေ ကောင်းကျိုး၊ ဆိုးကျိုး ရှိလဲဆိုတာကိုတော့ ဒီသုတေသနမှာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
    နောက်ပြီး အိမ်ထောင်ပြုတဲ့သူတိုင်းဟာ ပျော်ရွှင်စရာ အိမ်ထောင်ရေးကို ရရှိလားဆိုတာကိုလည်း သုတေသနပညာရှင်တွေက မလေ့လာခဲ့ပါဘူး။
    “အသေးစိတ်အကြောင်းအချက်တွေကိုတော့ ကျွန်တော်တို့ နည်းနည်း လစ်လျူရှုဖို့ လိုပါမယ်။ ဒါပေမယ့် လက်ထပ်တယ်ဆိုတာမျိုးက နှလုံးရောဂါလူနာတွေတင်မကဘဲ၊ နှလုံးရောဂါရမယ့်အန္တရာယ်ရှိနေတဲ့ သူတွေအတွက် ကြိုတင်ကာကွယ်မှု ဖြစ်ပုံရပါတယ်။ လူတိုင်း အိမ်ထောင်ပြုရမယ်ုလိ့ ကျွန်တော်တို့ ပြောနေတာ မဟုတ်ပါဘူး။ လက်ထပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အတုယူပြီး မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ လူမှုထောက်ပံ့မှု ကွန်ယက်တွေမှာ ဒီလိုနည်းလမ်းမျိုးနဲ့ အသုံးချဖို့ လိုပါတယ်” လို့ ဒေါက်တာ ကာတာက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: BBC