News @ M-Media

Author: Ko Lay

  • ရို့စ်ဟင် ခန်း (သို့မဟုတ်) ပါကစ္စတန်၏ ပထမဆုံး အမျိုးသမီး ရေငုပ်နည်းပြ

    ရို့စ်ဟင် ခန်း (သို့မဟုတ်) ပါကစ္စတန်၏ ပထမဆုံး အမျိုးသမီး ရေငုပ်နည်းပြ

    မေ ၁၁၊ ၂၀၁၇
    M-Media

    – ‘ချူရ်နာကျွန်းရဲ့ ရေသူမ’ လို့ တင်စားခြင်းခံရတဲ့ ရို့စ်ဟင် ခန်းဟာ ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ယောက်တည်းသော ရေငုပ်နည်းပြ ဖြစ်ပါတယ်။

    scuba-diving လို့ခေါ်ပြီး အသက်ရှုကိရိယာနဲ့ ပင်လယ်ရေအောက်ထဲမှာ ရေငုပ်ကြည့်ရှုတဲ့ ဒီပညာရပ်ကို ခန်းတစ်ယောက် Karachi Scuba Diving Center မှာ အလုပ်လုပ်စဉ် ဆယ်ကျော်သက်အရွယ်ကတည်းက စွဲလန်းခဲ့တာပါ။ ဒီစင်တာမှာ တွေ့ဆုံခဲ့တဲ့ သူ့ရဲ အလုပ်ရှင် ယူဆွဖ်အလီဟာ နောက်ပိုင်းမှာ သူ့ကို
    ရေငုပ်နည်းစနစ်တွေ သင်ပေးခဲ့ပါတယ်။

    ရို့စ်ဟင်ခန်းရဲ့ ဘ၀စွန့်စားခန်းတွေအကြောင်း ရိုက်ကူးပုံဖော်ထားထဲ့ Limitless မှတ်တမ်းရုပ်ရှင်ကို ပြီးခဲ့တဲ့ စနေနေ့က ကရာချီမှာ ပြသခဲ့ပါတယ်။

    ဒါရိုက်တာ မနီရာ အဟ်မဒ်က ဒီ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးရတာဟာ ပါကစ္စတန်မှာ ရှိနေတဲ့ သမရိုးကျ အမြင်တွေကို ပယ်ဖျက်ဖို့နဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ရှေ့ဆက်နိုင်ရေး အမျိုးသမီးတွေကို အားပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    မှတ်တမ်းရုပ်ရှင် ပြသပွဲအပြီး ပရိတ်သတ်တွေနဲ့ တွေ့ဆုံမှုမှာ ရို့စ်ဟင်ခန်းက ရေငုပ်နယ်ပယ်ထဲကို ၀င်ရောက်လာတဲ့ အကြောင်းကို ပြောကြားခဲ့ပါတယ်။

    “ပထမဆုံး သူ (ယူဆွဖ်အလီ) က ကျွန်မ တကယ်ပဲ စိတ်ဝင်စားလာဆိုတာကို သိချင်တယ်။ အဲဒီတုန်းက ကျွန်မ ရေတောင်မကူးတတ်ပါဘူး။ ဒါပေမယ့် ကျွန်မကို အခြေခံ သင်ကြားမှု ပြုလုပ်ပေးပြီးတဲ့နောက်ပိုင်းမှာ ရေအောက် ပေ ၆၀ အထိ ကျွန်မကို ခေါ်သွားတယ်။ ဒါဟာ ကျွန်မအတွက် တော်တော် အံ့သြစရာကောင်းတဲ့ အတွေ့အကြုံပါ။ အပေါ်ကို ပြန်မတက်ချင်တော့ပါဘူး” လို့ ခန်းက ပြောပါတယ်။

    ဒါပေမယ့် ခန်းရဲ့ အောင်မြင်မှုကို လူတိုင်းက နှစ်မြို့ကြတာတော့ မဟုတ်ပါဘူး။ သူနဲ့အတူတူ ရေငုပ်ဖို့ မ၀ံ့ရဲတဲ့သူတွေ တော်တော်များများနဲ့ တွေ့ကြုံခဲ့ရသလို၊ မိသားစု ကိုယ်တိုင်ကလည်း အမျိုးသားတွေသာကြီးစိုးတဲ့ ဒီနယ်ပယ်မှာ အလုပ်လုပ်ဖို့အတွက် ခွင့်မပြုချက် မပေးခဲ့ပါဘူး။

    အခုအချိန်မှာတော့ ခန်းတစ်ယောက် ရေငုပ်ပညာရပ်ကို နိုင်ငံတကာအဆင့်မှာတောင် သင်ကြားပို့ချပေးနိုင်နေပြီ ဖြစ်ပါတယ်။

    Ref : Alarabiya

  • သောကြာနေ့တွင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ချယ်ဆီးဂိုးသမား မျှော်လင့်

    သောကြာနေ့တွင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ချယ်ဆီးဂိုးသမား မျှော်လင့်

    မေ ၁၁၊ ၂၀၁၇
    M-Media

    – သောကြာနေ့ကစားမည့် ၀က်စ်ဘရွန်းအသင်းနှင့်ပွဲတွင် အနိုင်ရယူပြီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာရန် မျှော်လင့်နေသည်ဟု ချယ်ဆီးဂိုးသမား သီဘောက် ကော်တိုအစ်က ပြောကြားလိုက်သည်။

    တနင်္လာနေ့က မစ်ဒယ်ဘရော့အသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ချယ်ဆီးအသင်းမှာ လက်ကျန် ၃ ပွဲ ကစားရန် ကျန်ရှိနေသည့်အချိန်တွင် ဒုတိယနေရာမှ စပါးအသင်းကို ၇ မှတ် ဖြတ်ထားနိုင်ပြီး တစ်ပွဲအနိုင်ရရုံမျှဖြင့် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။

    “ပထမဆုံး ကြိုးစားမှုမှာပဲ ဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ၀က်စ်ဘရွန်းဟာ ကစားရခက်တဲ့ အသင်းဆိုတာ ကျွန်တော်တို့သိတယ်။ အင်မတန်ခက်ခဲတဲ့ ပွဲတစ်ခုကို ကျွန်တော်တို့ ဒီမှာ ကြုံတွေ့ခဲ့ရပြီးပါပြီ” ဟု ဒီဇင်ဘာက စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၀က်စ်ဘရွန်းအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲကို ရည်ညွှန်းတွင် ကော်တိုအစ်က ပြောကြားခဲ့သည်။

    “သူတို့ဆီကို သွားကစားတဲ့ ပြိုင်ဘက်တိုင်းက ခက်ခဲမှုတွေကို ရင်ဆိုင်ရပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်ဇယားမှာ အဆင့် ၈ ရှိနေတယ်။ အင်မတန်ကောင်းတဲ့ ဘောလုံးရာသီတစ်ခုကို ရရှိခဲ့ပါတယ်”

    ကော်တိုအစ်မှာ ၂၀၁၅ ခုနှစ် မော်ရင်ဟိုလက်အောက်တွင် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး ၃ နှစ်အတွင်း ဒုတိယအကြိမ် ကိုင်မြှောက်နိုင်မည့် အခွင့်အရေးလည်း ရှိနေသည်။

    Ref: Alarabiya

  • ထရမ့်နှင့် ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတစ်ခု ပြုလုပ်မည်

    ထရမ့်နှင့် ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတစ်ခု ပြုလုပ်မည်

    မေ ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မွတ်စလင်အများစုရှိရာ နိုင်ငံများမှ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပပြုလုပ်ရန်အတွက် ဆော်ဒီဘုရင် ဆလ်မန်က ဂျော်ဒန်ဘုရင် အဘ်ဒူလာ၊ အလ်ဂျီးရီးယား သမ္မတ အဘ်ဒဲလ်အဇစ် ဘူတီဖလီကာနှင့် နိုင်ဂျာသမ္မတ မဟာမာဒူ အီဆူဖူတို့အား ဖိတ်ကြားထားသည်ဟု သိရသည်။

    အဆိုပါ အာရပ်-အစ္စလာမ်-အမေရိကန် ထိပ်သီးအစည်းအဝေးပွဲကို ဒေါ်နယ်ထရမ့် ဆော်ဒီသို့ လာရောက်ကာ ဆွေးနွေးမှုများ ပြုလုပ်မည့် မေလ ၂၀-၂၁ ရက်နေ့များတွင် ကျင်းပရန် ရှိနေသည်။

    ထရမ့်မှာ အစ္စလာမ်ကြောက်ရောဂါကို မီးထိုးပေးနေသည်ဟု မကြာခဏ စွပ်စွဲမှုများကို ခံနေရသော်လည်း အကြံပေးများက ၎င်း၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဆော်ဒီသို့ လာရောက်ရန် ဆုံးဖြတ်ချက်မှာ မွတ်စလင်ကမ္ဘာနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရီယာ့ဒ်တွင် ထရမ့်နှင့် ပယ်လယ်ကွေ့ ၆ နိုင်ငံမှ ခေါင်းဆောင်များ သီးခြားတွေ့ဆုံရန် ရှိနေပြီး ဆော်ဒီနှင့် အမေရိကန်တို့အကြား နှစ်နိုင်ငံ ဆွေးနွေးမှုလည်း ပြုလုပ်သွားမည်ဟု ဆော်ဒီ နိုင်ငံခြားရေ၀န်ကြီး အလ်ဒဲလ် အလ်-ဂျူဘီးရ်က ပြောကြားခဲ့သည်။

    ဂျော်ဒန်၊ အလ်ဂျီးရီးယားနှင့် နိုင်ဂျာနိုင်ငံတို့မှ ခေါင်းဆောင်များအပါအ၀င် ဆော်ဒီဘုရင် ဆလ်မန်မှာ ယီမင်သမ္မတ အဘီဒရာဘို မန်ဆူရ် ဟာဒီ၊ မော်ရိုကိုဘုရင် မိုဟာမက် ၅၊ တူရကီ၊ ပါကစ္စတန်၊ အီရတ်၊ တူနီးရှား နိုင်ငံများမှ ခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားသည်ဟု Saudi Press Angency သတင်းဌာနနှင့် Arab News သတင်းဌာနတို့က ဖော်ပြခဲ့သည်။

    ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက ထရမ့်အနေဖြင့် ဆော်ဒီသို့ ပထမဆုံး လာရောက်မှုမှာ အမေရိကန်နှင့် အာရပ်နိုင်ငံများ၊ အစ္စလာမ်နိုင်ငံများမှာ မိတ်ဖက်ဖြစ်နိုင်သည်ကို ရှင်းရှင်းလင်းလင်း သတင်းစကားပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ရာမှာ အမေရိကန်၊ အာရပ်နိုင်ငံတွေနဲ့ အစ္စလာမ်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီ လည်ပတ်မှုဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ”

    Ref: Alarabiya

  • ဂျပန်နာမည်ကျော် ရုပ်ပြကာတွန်းကို ဆီးရီးယားကျောင်းသားတစ်ဦး အာရဘီသို့ ပြန်ဆို

    ဂျပန်နာမည်ကျော် ရုပ်ပြကာတွန်းကို ဆီးရီးယားကျောင်းသားတစ်ဦး အာရဘီသို့ ပြန်ဆို

    မေ ၁၀၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနိုင်ငံမှ ကျောင်းသားတစ်ဦးမှာ ဂျပန် ရုပ်ပြ ကာတွန်းစာအုပ်ကို အာရဘီဘာသာစကားသို့ ပြန်ဆိုနိုင်ခဲ့ပြီး၊ စစ်ပွဲဒဏ်ကို ခံစားနေရသော ဆီးရီးယားကလေးငယ်များအနေဖြင့် ၎င်းတို့၏ အိပ်မက်ကို ဆုပ်ကိုင်ထားရေး သတင်စကားတစ်ခု ပေးလိုက်ခြင်းလည်း ဖြစ်သည်။

    “ဆီးရီးယားက အခြေအနေဟာ တော်တော်ဆိုးပါတယ်။ ဒီလို အရမ်းဆိုးတာကြောင့် ဆီးရီးယားကလေးငယ်တွေရဲ့ ရည်ရွယ်စိတ်ကူးမှုတွေကို ရပ်တန့်စေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေရဲ့ စိတ်ကူး အိပ်မက်တွေဟာ တစ်နေ့မှာ ဆီးရီးယားကို ကောင်းမွန်အောင် ပြန်လုပ်ပါလိမ့်မယ်” ဟု ကာတွန်းစာအုပ်ကို ဘာသာပြန်ဆိုနိုင်ခဲ့သည့် အသက် ၂၆ နှစ်အရွယ် အိုဘာဒါ ကာဆူမဟ်က ပြောကြားခဲ့သည်။

    ကနဦးပိုင်းတွင် အဆိုပါ ဘာသာပြန်ဆိုမှုကို အချိန်ပိုင်းသာ ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် အိုဘာဒါမှာ အထူးဂရုစိုက် ဆောင်ရွက်ခဲ့သည်။ ၎င်းမှာ လက်ရှိတွင် တိုကျိုရှိ ဂျပန်တက္ကသိုလ်တစ်ခုမှ ပညာသင်ဆုရရှိကာ တက်ရောက်နေသူလည်း ဖြစ်သည်။

    ၎င်းဘာသာပြန်ဆိုသည့် ကာတွန်းစာအုပ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးဖြစ်ရန် ကြိုးစားသည့် လူငယ်လေးအကြောင်းကို ပုံဖော်ထားသော Captain Tsubasa ကာတွန်းဖြစ်ကာ၊ ထိုဘာသာပြန်ဆိုမှုကြောင့် အိုဘာဒါမှာ အချိန်ပိုင်း ဘာသာပြန်အလုပ်နှင့် တက္ကသိုလ်ကို ပြီးဆုံးအောင် တက်ခွင့်ရရှိခဲ့သည်။

    အိုဘာဒါကမူ ထိုကာတွန်းက ဆီးရီးယား ကလေးငယ်များနှင့် ၎င်းတို့၏ စိတ်ကူးအိပ်မက်များ အရေးကြီးပုံကို စဉ်းစားမိစေခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

    “ကလေးဘ၀တုန်းက ကျွန်တော်ကိုယ်တိုင်လည်း Captain Tsubasa ကာတွန်းကို တီဗီမှာကြည့်ပြီး ကြိုက်ခဲ့ပါတယ်။ ဒီကာတွန်းဟာ အင်တန် လှပတဲ့ ကာတွန်းလေးဖြစ်ပြီး ကလေးငယ်တွေကို ပြစေချင်မယ့် ကာတွန်းပါ” ဟု အိုဘာဒါက ပြောကြားခဲ့သည်။

    အဆိုပါစာအုပ်ကို ထုတ်ဝေသည့် ပုံနှိပ်တိုက်က အာရပ်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် အိုဘာဒါအား ဘာသာပြန်ဆိုခိုင်းခဲ့ခြင်း ဖြစ်သည်။

    Ref: Alarabiya

  • ပဋိပက္ခဖုံး… ပြည်သူချင်းအမုန်းမှ…. နိုင်ငံ့အရှုံးဆီသို့ မဖြစ်ရေး..

    ပဋိပက္ခဖုံး… ပြည်သူချင်းအမုန်းမှ…. နိုင်ငံ့အရှုံးဆီသို့ မဖြစ်ရေး..

    မေ ၁၀၊ ၂၀၁၇
    M-Media

    ဒေါက်တာ သိန်းမိုးဝင်း (၀၇-မေလ-၂၀၁၇)

    ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ မ.ဆ.လ၊ န.အ.ဖ၊ န.၀.တ၊ ဦးသိန်းစိန်အစိုးရ လက်ထက်အထိ အစိုးရအဆက်ဆက် “အသီးအရွက် ကိုယ်ကျိုးမျှော်၊ရေသောက်မြစ်တွေဖော်ဆောင်ရပြီး ပဋိပက္ခရေလောင်းနေသည့်”  အခြေအနေအနေတွေ နောက်ဆက်တွဲနှင့် လက်ရှိကာလ NLD အစိုးရ ခောတ် ကြုံတွေ့နေရသည့် တိုင်းပြည်နှင့် ပြည်သူများ ထိခိုက်နစ်နာရမှုတို့ကို ပုံ-စာများနှင့်  စာဖတ်ပရိတ်သတ် မြင်သာအောင်မီးမောင်းထိုးပြရင်း “မုန်းစကိုတိုစေ ချစ်စကိုရှည်စေ” ဆိုသည့် ဆိုရိုးအတိုင်း ပြည်သူအချင်းချင်း မေတ္တာထားကာ ပဋိပက္ခရှောင် နိုင်ငံ့အကျိုးဆောင်စေဖို့ ရည်ရွယ်ဖော်ပြခြင်းဖြစ်သည်။

    ပဋိပက္ခတွေ ဖုံးနေစဉ်ကာလ

    ယခင်ခောတ်အဆက် မဆလ-န၀တ-နအဖ-ဦးသိန်းစိန်အစိုးရလက်ထက်တိုင် အစိုးရအကျပ်အတည်းဖြစ်လေတိုင်း ဘာသာရေး၊လူမျိုးရေး၊နိုင်ငံရေး ပဋိပက္ခများ ထူးဆန်းစွာပေါ်ပေါက်လာလေ့ရှိခဲ့သည်။ အသေးအဖွဲ ပဋိပက္ခမှ အထိကရုဏ်းကြီးများအထိ ဖြစ်ခဲ့သော သမိုင်းသက်သေသာဓကများအရ ၂-မျိုးသော ပဋိပက္ခဟု ယူဆနိုင်သည်။ ၁)-အစိုးရအာဏာစက်တည်ရေးနှင့် အကျပ်အတည်းဖြေရှင်းရေးတို့အတွက် ထွက်ပေါက်ရှာအာရုံလွဲစေဖို့ ရည်ရွယ် ဖန်တီးခြင်းဖြစ်နိုင်သည့်အခြေအနေ၊(သို့တည်းမဟုတ်)၂)-ပြည်သူလူထု၏ အခြေအနေခံစားမှုမှ ဖြစ်ပေါ်လာသောအခြေအနေ ဟူ၍ပင်။ ဥပမာ- ၁၉၆၂ ကျောင်းသားအရေးတော်ပုံ၊ တရုတ်-ဗမာအရေးအခင်း၊ ၈၈၈၈ ကျောင်းသားအရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ လက်နက်ကိုင်တိုက်ပွဲများ၊ မြန်မာပြည်အနှံ့ ကြိမ်ဖန်များစွာသော ဘာသာရေး-လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခ-အထိကရုဏ်းများ ဖြစ်ပေါ်ခဲ့သည်။ တစ်ခေတ်ချင်းစီ၏ အခြေအနေကို အတိုခြုံးသုံးးသပ်ရပါလျှင်-

    ၁) နေ၀င်း မ-ဆ-လ ခေတ် (၁၉၆၂-၁၉၈၈)

    အကျိုးမျှော်ကိုး။ ။ အာဏာပါဝါ ရှည်ခိုင်မာရေး

    အမုန်းမျိုးစေ့။ ။ အာဏာရှင် နေ၀င်း တစ်ယောက် မိမိအာဏာပါဝါ ရေရှည်ခိုင်မာစေဖို့ Divide-and-Rule Policy ကိုသုံး “ပြည်သူတွေအကြား အမုန်း”ဆိုတဲ့ မျိုးစေ့ကို စချခဲ့သည်။

    ရေသောက်မြစ် ၃-သွယ်။ ။ တိုင်းရင်းသားများ မစည်းလုံးရေး၊ ဘာသာမတူ လူများစု-လူနည်းစုတွေအကြား “ကုလား ဝေါဟာရ” တွင်တွင်သုံးရင်း အနာဂတ်မှာ သင်းကွဲဖြစ်လာကြရေး၊ တွန်းလှန်မည့် နိုင်ငံရေးသမားများအား နှိပ်ကွပ်ထားရေး စသည့် ရေသောက်မြစ် ၃-သွယ် ပေါ်ပေါက်လာခဲ့သည်။

    ပဋိပက္ခလောင်စာရေ။ ။ နိုင်ငံရေးအကျပ်အတည်း-အာဏာထိပါးမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာတိုင်း ပဋိပက္ခ-အထိကရုဏ်း စသည့် လောင်စာရေကို အလျင်းသင့်သလိုလောင်းရင်း ၂၇-နှစ်တာကာလတစ်ခုကို ဖြတ်သန်းခဲ့သည်မှာ သမိုင်းသက်သေပင်။

    ၂) န-၀-တ၊ န-အ-ဖ ခေတ် (၁၉၉၀-၂၀၁၀)

     အကျိုးမျှော်ကိုး။ ။ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကိုအာရုံလွှဲရေး၊ တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်သည့် Project ကြီးများ အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ အာဏာစက် တည်ရေး။

    ရေသောက်မြစ် အသွယ်သွယ်။ ။ တိုင်းရင်းသားမစည်းလုံးမှု ရှည်ကြာရေး၊ ဘာသာမတူ လူများစု-လူနည်းစုတွေအကြား အမုန်းတရားအခြေခံသည့် အိမ်ရှင်-ဧည့်သည်အသွင် သင်းကွဲလာကြရေး၊ လူနည်းစုဘာသာဝင်များအား နည်းမျိုးစုံသုံး နှိပ်ကွတ်ရေး၊ တွန်းလှန်ရန်ကြိုးစားသည့် နိုင်ငံရေးသမားများအား ဖိနှိပ်ခြေမှုန်းရေး၊ နိုင်ငံ၏ အရေးပါအခမ်းကဏ္ဍများအား တပ်မတော်မှ ရေရှည်ပါဝင်ပက်သက်နိုင်မည့် အခြေခံဥပဒေ ဖြစ်ပေါ်လာရေး။

    ပဋိပက္ခလောင်စာရေ။ ။ မိမိတို့ အကျိုးမျှော်ကိုးကိစ္စများအား ထိပါးလာတိုင်း ပဋိပက္ခ-အထိကရုဏ်း စသည့် လောင်စာရေကို အလျင်းသင့်သလိုလောင်းရင်း ၂၀-နှစ်တာကာလတစ်ခုကို ဖြတ်သန်းခဲ့သည်မှာလည်း သမိုင်းသက်သေပင်။

    ၃) ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရ ခောတ် (၂၀၁၀-မှ- မတ်လ၊၂၀၁၆)

    အကျိုးမျှော်ကိုး။ ။ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကိုအာရုံလွှဲရေး၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Project များ အောင်မြင်စွာရေရရှည်လုပ်ဆောင်နိုင်ရေး၊ ခြေဥ-၂၀၀၈ ကို အခြေခံသည့် တပ်မတော်အခန်းကဏ္ဍ အစဉ်အရေးပါစေရေး။

    ရေသောက်မြစ် အသွယ်သွယ်။ ။ တိုင်းရင်းသားစည်းလုံးမှုကို ရေမှုတ်တစ်ဖက် မီးစာတစ်ဖက် အထိုက်အလျှောက်ကြိုးစားရေး၊ ဘာသာမတူ လူများစု-လူနည်းစုတွေအကြား အမုန်းတရားအခြေခံသည့် အိမ်ရှင်-ဧည့်သည်အသွင် ဆက်လက်ဝါဒဖြန့် သင်းကွဲနေကြရေး၊ လူနည်းစုဘာသာဝင်များအား နည်းမျိုးစုံသုံး နှိပ်ကွတ်ထားရေး၊ နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်အား မလျှော့မတင်းထားရေးး၊ ခြေဥ-၂၀၀၈ အစဉ်ခိုင်မာနေစေရေး။

    ပဋိပက္ခလောင်စာရေ။ ။အစိုးရ၏ အကျိုးမျှော်ကိုးကိစ္စများမှ တစ်စုံတစ်ရာထိပါးမှု အခြေအနေဖြစ်ပေါ်လာတိုင်း တိုက်တိုက်ဆိုင်ဆိုင် အမျိုးသားရေးဝါဒီ-၉၆၉-မဘသ-အစွန်းရောက်မျိုးချစ် စသည့်အုပ်စုများ အလျိုလျိုပေါ်ထွက်လာကာ နောက်ဆက်တွဲ ပဋိပက္ခ-အထိကရုဏ်းများ ဖြစ်ပေါ်လာခြင်း၊ လက်နက်ကိုင်တိုက်ပွဲများပေါ်ပေါက်လာစေခြင်း စသည်တို့ကို မြန်မာပြည်သူများ ခါးစည်းခံ ဖြတ်သန်းခဲ့ရသည်မှာလည်း သမိုင်းသက်သေပင်။

    အခါးသီး။ ။သာသနာအရောင်စွန်းခံရသဖွယ် နိုင်ငံတကာမှရှုမြင်၊ တရားဥပဒေစိုးမိုးမှုအားနည်း

    ခေတ်သုံးခေတ် ဖြတ်သန်းခဲ့မှုပုံရိပ်တွေကို ပြန်လည်ခြုံငုံသုံးသပ်ရလျှင် အကျိုးမျှော်ကိုးမှု ပိုများလာခြင်း၊ ပဋိပက္ခလောင်စာရေတိုးလာခြင်းတို့ကြောင့် ရေသောက်မြစ်ပိုကြီးထွားလာသည်သာမက အခါးသီးများပိုမို သီးလာခြင်းတို့ကိုပါ စာဖတ်ပရိတ်သတ်တို့ ပုံဖော်နိုင်ပေလိမ့်သည်။  ယခုလို နှစ် (၅၀)ကျော်ကြာ ပြည်တွင်းအခြေအနေတစ်ခုလုံး တစ်ဖြည်းဖြည်းယိုယွင်းလာသည့် အနေအထားရောက်နေချိန် NLD ဦးဆောင်သည့် အစိုးရတက်လာသောအခါ…..

    ၄) ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်သူ့အစိုးရ ခေတ် (ပြီ/၂၀၁၆-လက်ရှိ)

    ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ ရလာဒ်အရ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရမှ ၀၁-ဧပြီလ-၂၀၁၆ ရက်နေ့မှ တရားဝင်အစိုးရဖြစ်လာခဲ့သည်။

    အကျိုးမျှော်ကိုး။ ။ခေတ်အဆက်ဆက် ပုံ(၁-၂-၃)ပါ အရှိန်များ

    ကြောင့် အခါးသီးများပင်ပိုမိုလာသည့် လက်ရှိ ၁-နှစ်တာသောကာလ

    အတွင်း တိုင်းပြည်၏ ဘက်ပေါင်းစုံ ဒီမိုကရေစီနည်းကျကျ တိုးတက်ရေး အကျိုးမျှော်ကိုးထားသော NLD အစိုးရအတွက် ကြီးမားသောပြောင်းလဲမှုမျိုး ပြုလုပ်ရန်မှာ လွန်စွာခက်ခဲလှပေသေးသည်။

    ပဋိပက္ခရပ် ရေသောက်မြစ်ဖြတ်။ ။တစ်နည်းတည်းသော ဖြေရှင်းနိုင်မှုမှာ- တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဘာသာ-လူမျိုးပေါင်းစုံ ဥမကွဲသိုက်မပျက် ညီညီညွတ်ညွတ် ၀ါးစည်းမပြေပဲနဲ့ ပဋိပက္ခလောင်စာရေကိုသုတ်၊ ရေသောက်မြစ်ကြီးများကိုနှုတ်မှသာ မြန်မာပြည်ကြီးတိုးတက်မည်ကို သတိပြုဖို့လိုပါသည်။

    အချိုသီး။ ။သို့မှသာ စစ်မှန်သည့် Federal Democracy၊ တိုက်ပွဲတွေရပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်မှု၊ ရာဇ၀တ်မှုလျှော့နည်းပြီး တရားဥပဒေစိုးမိုးနိုင်မှု စသည့် ဒီမိုကရေစီ အသီးအပွင့်များကို မျှော်ကိုးခံစားနိုင်ပေလိမ့်မည်။

    ဆိုတော့ကာ စာရေးသူထပ်လောင်းအကြံပြုလိုတာက-ပဋိပက္ခလောင်စာရေဆိုသည် အချိန်အတိုင်းအတာ

    တစ်ခုတွင် ခြောက်သွေ့ပျက်ပြယ်သွားစမြဲမို့ မျက်ဖြူစိုက်လေ၊ဆရာကြိုက်လေဖြစ်စေမည့် လောင်စာဘ၀တော့ အဖြစ်မခံပါနှင့်။ ကံ ကံ၏အကျိုးကို ကြောက်ကြပါ။ အာရှကျားဘ၀မှ အာရှဖားဘ၀သို့ ပြောင်းလဲခံခဲရသော မြန်မာပြည်ကြီးနှင့် ပြည်သူတွေ၏ဘ၀ကို သနားသောအားဖြင့် ကောင်းသောအကျိုးမျှော်ကိုး ပဋိပက္ခရပ် ရေသောက်မြစ်ဖြတ်ရင်း အချိုသီးတွေ အနာဂတ်မှာ ဝေဆာနိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးစားကြပါစို့…..လို့။။

    လောင်စာရေဘ၀ကိုရှောင်ရှားနိုင်ဖို့ အောက်ပါ “လောင်စာရေ”ကဗျာလေးကိုလည်း သီကုံးပေးလိုက်ပါသည်။

     လောင်စာရေ”

    အထိကရုဏ်းဖန်တီးရေး၊

    အထိတ်တလန့် မညိမ်သက်ဖြစ်စေရေးတို့သည်

    အာဏာတည်ရေး၊

    အကျပ်အတည်းဖြေရှင်းရေးတို့အတွက်တော့ လောင်စာရေ..ပေါ့။

     

    ဘာသာခြားနှိပ်ကွတ်ရေး၊

    အာဏာရှင်ကြိုက် ထင်ရာစိုင်းရေးတို့သည်

    မျက်ကန်းမျိုးချစ်တို့ ၀မ်းစာအရေး၊

    လူပိန်းကြိုက်လုပ်ဆောင်ရေးတို့အတွက်တော့ လောင်စာရေ..ပေါ့။

     

    ပြည်တွင်းမငြိမ်းချမ်းရေး၊

    တိုင်းရင်းသားစည်းလုံးမှုမရှိရေးတို့သည်

    ဖဒရလ်ဒီမိုကရေစီနှင့်အလှမ်းဝေး၊

    ပြည်သူ့ဘ၀ဆုတ်ရုတ်မြဲဖြစ်ရေးတို့အတွက်တော့ လောင်စာရေ..ပေါ့။

     

    ဒေါက်တာ သိန်းမိုးဝင်း

    (၀၇-မေလ-၂၀၁၇)

    The University of New South Wales (UNSW)