News @ M-Media

Author: Ko Lay

  • ရွေးကောက်ပွဲပြဿနာ ကိုင်တွယ်နေသည့် FBI အကြီးအကဲကို ထရမ့်က ရာထူးမှ ထုတ်ပယ်

    ရွေးကောက်ပွဲပြဿနာ ကိုင်တွယ်နေသည့် FBI အကြီးအကဲကို ထရမ့်က ရာထူးမှ ထုတ်ပယ်

    မေ ၁၀၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဒါရိုက်တာ ဂျိမ်းစ်ကိုမေးကို ယမန်နေ့တွင် ရုတ်တရက် ရာထူးမှ ထုတ်ပယ်လိုက်ပြီး ကိုမေးမှာ အဖွဲ့ကို ထိထိရောက်ရောက် ဦးမဆောင်နိုင်တော့ဟု ပြောကြားလိုက်သည်။

    ကိုမေးမှာ ၂၀၁၆ ခုနှစ် အမေရိက်ရွေးကောက်ပွဲတွင် ရုရှားက ပါဝင်ပတ်သက်ကာ၊ ထရမ့်၏ မဲဆွယ်ရေးအဖွဲ့နှင့် လျှို့ဝှက် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ FBI ၏ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသူဖြစ်သည်။

    ယခုကဲ့သို့ ကိုမေးအထုတ်ခံရမှုကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရိုးသားမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ပိုမိုမြင့်တက်လာစေပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် ဆော်သြမှုများလည်း ဖြစ်လာခဲ့သည်။

    သမ္မတဟောင်း အိုဘားမား၏ ပထမသက်တမ်းတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ဟီလာရီကလင်တန်မှာ အစိုးရကိစ္စများအတွက် ကိုယ်ပိုင် အီးမေးလ်ဆာဗာ အသုံးပြုမှုရှိလားဆိုသည့် စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ကိစ္စများတွင် ပါဝင်ခဲ့သည်။

    ကိုမေးအား ထရမ့်က ပေးပို့ပြီး အိမ်ဖြူတော်မှ ထုတ်ပြန်သော စာလွှာတွင် ထရမ့်က FBI ၏ အရေးပါသော ဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ပြန်လည်ရရှိစေရန်အတွက် ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်ရန် အရေးကြီးသည်ဟု မိမိတို့ ထင်မြင်မိကြောင်း၊ တရားသူကြီးချုပ်က ကိုမေးအနေဖြင့် ထိရောက်သည့် ဦးဆောင်နိုင်မှု မပြုလုပ်နိုင်ဆိုသည့် အကြံပြုချက်ကို မိမိအနေဖြင့် လက်ခံကြောင်း ဖော်ပြထားသည်။

    Ref: Aljazeera

  • ရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ပေးခဲ့ရသည့် အီရန်မက်ဆီ

    ရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ပေးခဲ့ရသည့် အီရန်မက်ဆီ

    မေ ၁၀၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာအသင်းရဲ့ ကမ္ဘာကျော်တိုက်စစ်မှူး မက်ဆီနဲ့ ခွဲမရလုနီးပါး တူညီတဲ့ အီရန်နိုင်ငံသားတစ်ယောက်ကို အီရန်ရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

    ရီဇာ ပါရာတက်ရှ်ဆိုတဲ့ ဒီလူငယ်လေးဟာ နိုင်ငံအနာက်ပိုင်း ဟာမာဒန်မြို့ကဖြစ်ပြီး မက်ဆီနဲ့ အလွန်တူလွန်းတဲ့ သူ့ရဲ့ ပုံပန်းသွင်ပြင်ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ကျော်ကြားလာတာပါ။

    သူ့ရဲ့အကြာင်းကို ကြားသိသူ ဘောလုံးဝါသနာရှင်တိုင်းက သူ့ဆီကိုလာပြီး အတူတွဲ ဓာတ်ပုံရိုက်မှုဟာ နောက်ပိုင်းမှာ တော်တော်လေး များပြားလာတာကြောင့် လူ့အဖွဲ့အစည်းဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့က ကြားဝင်ဆောင်ရွက်ပေးခဲ့ရကာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်မှာစိုးတဲ့အတွက် ပါရာတက်ရှ်ကိုလည်း ခေါ်ယူစောင့်ရှောက်ပေးခဲ့ရပါတယ်။

    ပါရာတက်ရှ်တစ်ယောက် ဒီလိုဖြစ်ဖို့အတွက် ဘောလုံးကို အရူးအမူးအားပေးတဲ့ ဖခင်က တိုက်တွန်းခဲ့တာဖြစ်ပြီး မက်ဆီရဲ့ နံပါတ် ၁၀ ဘာစီလိုနာဂျာစီကို ၀င်ဆင်ဖို့လည်း အကြံပြုခဲ့ပါတယ်။ မက်ဆီရဲ့ ဂျာစီနဲ့ ဓာတ်ပုံကို အားကစားဝဘ်ဆိုက်တွေကို ပို့လိုက်ပြီးနောက်ပိုင်းမှာ သူ့အကြောင်း လူပိုသိလာခဲ့ပါတယ်။

    “အားကစားဝတ်စုံနဲ့ ဓာတ်ပုံရိုက်ပြီး မက်ဆီကိုယ်ပွားအဖြစ် ပုံဖော်ဖို့ ကျွန်တော် သေသေချာချာ ဆုံးဖြတ်ခဲ့တဲ့ ပထမဆုံးအချိန်မှာပဲ ကျွန်တော့်ဖခင်က အားပေးပါတယ်။ သူက ‘လုပ်လိုက်ကွာ’ လို့ ပြောခဲ့ပါတယ်။ သူတို့ဆီကို ညမှာ ဓာတ်ပုံပို့လိုက်ပြီး မနက်ရောက်တော့ ကျွန်တော့်ကိုဖုန်းခေါ်ကာ အင်တာဗျူးဖို့အတွက် အမြန်လာလို့ ပြောပါတယ်” လို့ သူက AFP ကို ဖွင့်ဟခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ ခေါ်ယူစောင့်ရှောက်ခြင်း ခံထားရပေမယ့် ဒီလို မက်ဆီနဲ့ အလွန်တူတဲ့အတွက် မီဒီယာတွေမှာ ဖော်ပြခံရတာ၊ မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခြင်းခံရတာတွေအထိ ပါရာတက်ရှ်တစ်ယောက် အကျိးကျေးဇူးတွေလည်း အများအပြား ရရှိနေပါတယ်။

    ယူကေက Eurosport က ဆိုရင် ပါရာတက်ရှ်ရဲ့ ဓာတ်ပုံကို အသုံးပြုပြီး မက်ဆီနဲ့တူသူလို့ တခုတ်တရ ဖော်ပြခဲ့ပါတယ်။

    “အခုဆိုရင် လူတွေက ကျွန်တော့်ကို အီရန်မက်ဆီလို့ တကယ် ရှုမြင်နေကြပါပြီ။ မက်ဆီလုပ်တာတွေအားလုံးကို လိုက်လုပ်ခိုင်းချင်နေပါတယ်။ တစ်နေရာရာကို ကျွန်တော်သွားတဲ့အခါ လူတွေက တော်တော် တုန်လှုပ်သွားကြပါတယ်။ ကျွန်တော့်ကိုမြင်တဲ့အခါ လူတွေက ပျော်သွားကြတဲ့အတွက် ကျွန်တော် တ
    ကယ့်ကို ပျော်ရွှင်မိပါတယ်။ ပြီးတော့ ဒီပျော်ရွှင်မှုကပဲ ကျွန်တော့်ကို စွမ်းအားတွေ တိုးလာစေပါတယ်”

    Ref: RT, Alarabiya

  • သာသနာကို စောင့်ရှောက်မည်ဆိုသည့် အဖွဲ့တစ်ခုကို အင်ဒိုအစိုးရ ဖျက်သိမ်းမည်

    သာသနာကို စောင့်ရှောက်မည်ဆိုသည့် အဖွဲ့တစ်ခုကို အင်ဒိုအစိုးရ ဖျက်သိမ်းမည်

    မေ ၉၊ ၂၀၁၇
    M-Media

    အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး ၀ီရန်တို

    – နိုင်ငံတော်က ဦးဆောင်ဦးရွက်ပြုကာ ရှရီအာဥပဒေကို ပြဌာန်းရန် တိုက်တွန်းဆော်သြနေသည့် အစ္စလာမ့်မစ်အဖွဲ့တစ်ခုကို ဖျက်သိမ်းသွားမည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ‘ဟစ်ဇ် ဘွတ် တဟ်ရီ’ (HTI) ဆိုသည့် အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့မှာ အစ္စလာမ့်ခလီဖာစနစ်ကို တည်ထောင်ရန် ရည်ရွယ်နေသည့် အဖွဲ့လည်းဖြစ်သည်။ အင်ဒိုအစိုးရ လုံခြုံရေးဆိုင်ရာဝန်ကြီး ၀ီရန်တိုက မိမိတို့အနေဖြင့် ထိုအဖွဲ့အား သုံးသပ်မှုများ ပြုလုပ်နေပြီး ဥပဒေကြောင်းအရ ဖျက်သိမ်းရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

    ထိုအဖွဲ့မှာ တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက်ထားသည့် ပါတီဖြစ်ပြီး အချို့သော အာရပ်နိုင်ငံများနှင့် အလယ်အာရှနိုင်ငံများတွင် တရားမ၀င်အသင်းအဖြစ် ကြေငြာထားသည်။

    “HTI ရဲ့ လုပ်ရပ်တွေက ပန်ကျာစီလာ (ပြည်ထောင်စု စိတ်ဓာတ်)၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်” ဟု ၀ီရန်တိုက ပြောကြားခဲ့သည်။

    ပန်ကျာစီလာမှာ အင်ဒိုနီးရှား၏ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း၊ ညီညွတ်သော နိုင်ငံတော်၊ တရားမျှတမှုနှင့် ဒီမိုကရေစီ၊ မတူညီသော ဘာသာတရားများ ညီညွှတ်မှုကို အရင်းတည်သည့် ဘာသာရေးမစွက်သော အုပ်ချုပ်ရေးစနစ် စသည်တို့ကို ရည်ညွှန်းသည်။

    “သူတို့ လုပ်တာတွေက လူ့အဖွဲ့အစည်းမှာ တင်းမာမှုတွေကို မြင့်တက်စေတယ်။ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်စေပါတယ်” ဟု ၀န်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုအဖွဲ့အား ဖျက်သိမ်းရန် အစိုးရ၏ ကြိုးစားမှုမှာ အစ္စလာမ့်အဖွဲ့အစည်းများအား ဆန့်ကျင်ခြင်းမဟုတ်ဟုလည်း ၎င်းက ဆိုသည်။

    ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံတွင် အစွန်းရောက်အုပ်စုများ၏ လှုပ်ရှားမှုများ မြင့်တက်လာသည့်အချိန်တွင် အစိုးရ၏ ယခုစီစဉ်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    HTI ၏ ပြောရေးဆိုခွင့်ရှိသူ အစ်ဖာ နူရ်က အစိုးရအနေဖြင့် ၎င်းတို့အဖွဲ့ကို မဖြိုခွဲရန် တိုက်တွန်းခဲ့ပြီး လူတိုင်းမှာ အဖွဲ့အစည်း ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်း၊ HTI မှာ အစ္စလာမ့်သင်ကြားချက်များကို ဖြန့်ဖြူခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် တရားဥပဒေကြောင်းအရ မဆောင်ရွက်ခင်အလျင် ဆွေးနွေးမှုရှိသင့်ကြောင်း၊ အခြေအနေကို မိမိတို့အဖွဲ့က စောင့်ကြည့်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    အင်ဒိုနီးရှားအာဏာရှင်ဟောင်း ဆူဟာတို၏ အုပ်စိုးမှု ၁၉၉၈ ခုနှစ်တွင် အဆုံးသတ်သွားခဲ့ပြီးနောက် အစွန်းရောက်အုပ်စုများမှာ အင်ဒိုနီးရှားတွင် မြင့်တက်လာခဲ့ပြီး၊ များသောအားဖြင့် အဖွဲ့ငယ်များ ဖြစ်သော်လည်း နိုင်ငံ၏ လူမျိုးစုံ ဘာသာစုံဝါဒ၊ အစ္စလာမ်သာသနာ၏ စစ်မှန်သော သင်ကြားမှုများအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် အများစုက ရှုမြင်ကြသည်။

    Ref: Reuters

  • ဗြိတိန်ရွေးကောက်ပွဲအတွက် Facebook က အကောင့်တု သောင်းချီ ဖျက်ပစ်

    ဗြိတိန်ရွေးကောက်ပွဲအတွက် Facebook က အကောင့်တု သောင်းချီ ဖျက်ပစ်

    မေ ၉၊ ၂၀၁၇
    M-Media

    – လာမည့်လတွင် ပြုလုပ်မည့် ယူကေ ရွေးကောက်ပွဲအတွက် သတင်းမှားများကို တိုက်ဖျက်သည့်အနေဖြင့် Facebook မှာ အကောင့်ပေါင်း သောင်းချီကို ဖျက်ပစ်ခဲ့ပြီး၊ newsfeed ပုံသဏ္ဍာန်များကိုလည်း ပြောင်းလဲခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ် အမေရိကန် ရွေးကောက်ပွဲအတွင်း သတင်းမှားများ၊ လုပ်ကြံသတင်းများ လွှမ်းမိုး ရှိခဲ့ပြီးနောက် ထိုကိစ္စနှင့်ပတ်သက်၍ တုန့်ပြန်မှုများ ပြုလုပ်ရန် Facebook အပေါ် ဖိအားပေးမှုများ မြင့်တက်လာခဲ့သည်။

    ပြင်သစ် သမ္မတရွေးကာက်ပွဲမတိုင်ခင် ပြီးခဲ့သည့်လကလည်း Facebook မှာ ပြင်သစ်ရှိ အကောင့်ပေါင်း ၃ သောင်းခန့်ကို ဖျက်ချခဲ့ပြီး၊ နိုင်ငံအတွင်း အခြား အချက်အလက်စစ်ဆေးသည့် နည်းစနစ်များကို အသုံးပြုခဲ့သည်။

    ယူကေ ရွေးကောက်ပွဲမှာ ဇွန်လတွင် ကျင်းပမည်ဖြစ်ပြီး၊ ဂျာမနီတွင်လည်း စက်တင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ရှိနေသည်။

    ယူကေတွင် Facebook မှာ အန္တရာယ်ရှိသည့် သတင်းမှားများကို သုံးစွဲသူများအား သတိပေးရန်အတွက် ဗြိတိန် သတင်းစာတစ်စောင်နှင့် ကြော်ငြာလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ထားသည်။

    ထို့ပြင် အသုံးပြုသူတစ်ဦးအနေဖြင့် အကြောင်းအရာတစ်ခုကို ဖတ်လိုက်သော်လည်း မိတ်ဆွေများကို မျှဝေခြင်းမရှိပါက ထိုအကြောင်းအရာမှာ မှားယွင်းနေသည့် ကိစ္စဖြစ်နေသည်လားဆိုသည်ကို ဖော်ထုတ်နိုင်မည့် နည်းပညာတစ်ခုကိုလည်း စမ်းသပ်နေသည်။

    Ref : Aljazeera

  • ချယ်ဆီးကွင်းလယ်လူကန်တီ FWA ၏ တစ်နှစ်တာအကောင်းဆုံးဆု ရရှိ

    ချယ်ဆီးကွင်းလယ်လူကန်တီ FWA ၏ တစ်နှစ်တာအကောင်းဆုံးဆု ရရှိ

    မေ ၈၊ ၂၀၁၇
    M-Media

    – ချယ်ဆီးအသင်း၏ ကွင်းလယ်လူ အန်ဂိုလို ကန်တီမှာ ဘောလုံးကလောင်ရှင်များအသင်း(FWA) က ရွေးချယ်သော ၂၀၁၇ ခုနှစ် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည်ဟု သိရသည်။

    ပြင်သစ်လက်ရွေးစင် ကန်တီမှာ မဲအရေအတွက် ၃၄၀ ရရှိခဲ့ပြီး အသင်းဖော် အေဒင် ဟဇာ့ဒ်က ဒုတိယ၊ စပါးကွင်းလယ်လူ ဒဲလီအလီက တတိယ အသီးသီး ရရှိခဲ့သည်။

    ကန်တီနှင့် ဟဇာ့ဒ်တို့မှာ ကလောင်ရှင်များ၏ မဲအရေအတွက် ၅၆ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့ပြီး၊ မဲပေးခံခဲ့ရသည့် ကစားသမားအရေအတွက်မှာ စံချိန်တင် ၁၇ ဦး ရှိခဲ့သည်။

    လက်စတာအသင်းမှ ယခုနှစ်ဘောလုံးရာသီအစတွင် ချယ်ဆီးသို့ ကန်ဒေါ်လာ ၃၂ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် ကန်တီမှာ အသင်း၏ အမာခံ ကွင်းလယ်ကစားသမား ဖြစ်လာခဲ့သည်။

    ချယ်ဆီးမှာ လန်ကျန် ၄ ပွဲတွင် ၂ ပွဲ အနိုင်ရပါက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာမည်ဖြစ်ပြီး မနှစ်က လက်စတာနှင့် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် ကန်တီမှာ အသင်း ၂ နှစ်သင်းဖြင့် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်သည့် ပထမဆုံးကစားသမား ဖြစ်လာမည်ဖြစ်သည်။

    “ဒီဆုကို ရတယ်ဆိုတာ တော်တော်လေး ဂုဏ်ယူစရာ အရာတစ်ခုပါ။ ချယ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကြီးကျယ်တဲ့ ကစားသမားတွေ အများကြီးရှိတဲ့အထဲ ဘောလုံးကလောင်ရှင်များအသင်းက ကျွန်တော့်ကို တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်လိုက်တာဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ ဂုဏ်ယူစရာ အချိန်တစ်ခု ဖြစ်ပါတယ်” ဟု ကန်တီက ပြောကြားခဲ့သည်။

    ကန်တီမှာ ပြီးခဲ့သည့်လကလည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်းက ပေးအပ်ခဲ့သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

    FWA ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို လာမည့် မေလ ၁၈ ရက်နေ့တွင် လန်ဒန်မြို့၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အကြိမ် ၇၀ မြောက် ဆုပေးပွဲအခမ်းအနား ဖြစ်လာမည်ဖြစ်သည်။

    Ref: Telegraph