News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းပိုင်နက်များ၌ အစ္စရေး၏ လုပ်ရပ်များကို ယူနက်စကို ဝေဖန်ရှုတ်ချ

    ပါလက်စတိုင်းပိုင်နက်များ၌ အစ္စရေး၏ လုပ်ရပ်များကို ယူနက်စကို ဝေဖန်ရှုတ်ချ

    မေ ၃၊ ၂၀၁၇
    M-Media

    – အစ္စရေး၏ ကျူးကျော်သိမ်းပိုက်ခြင်း ခံထားရသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်နှင့် ဂါဇာကမ်းမြှောင်တို့၌ အစ္စရေး၏ လုပ်ရပ်များကို ဝေဖန်ရှုတ်ချသော ဆုံးဖြတ်ချက်တစ်ခုကို ယူနက်စကိုက အတည်ပြုလိုက်သည်ဟု သိရသည်။

    ဂျေရုစလင်မှာ ‘ကျူးကျော်သိမ်းပိုက် ခံထားရသည်’၊ ဂျေရုစလင်မြို့အပေါ် အစ္စရေး၏ အချုပ်အခြာအာဏာမှာ ‘အတည်မဖြစ်ပဲ ဖယ်ရှားရမည်’ ဟု ဖော်ပြထားသည့် အဆိုပါမူကြမ်းကို နိုင်ငံပေါင်း ၂၂ နိုင်ငံက ထောက်ခံခဲ့သည်ဟု ယူနက်စကို၏ ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အမေရိကန်၊ ဂျာမနီ၊ အီတလီနှင့် အခြားသော ဘုတ်အဖွဲ့ဝင်များက အဆိုပါမူကြမ်းအား ကန့်ကွက်မဲ ပေးခဲ့ကြသည်။

    ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရီယဒ် မာလ်ကီက ထိုရလဒ်ကို ကြိုဆိုခဲ့ပြီး အစ္စရေး၏ တရားမဲ့မှု၊ ကျူးကျော်သိမ်းပိုက်မှုနှင့် တရားမ၀င်သော ပေါ်လစီများကို ရင်ဆိုင်ရသည့်အချိန်တွင် ကမ္ဘာကြီးမှာ မှန်ကန်သည့်ဘက်တွင် ရပ်ရန်အတွက် ရွေးချယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အမွေအနှစ်၊ ယဉ်ကျေးမှု၊ အတိတ်နဲ့ အနာဂတ်တွေကို ကျွန်တော်တို့ ကာကွယ်သွားမှာပါ။ အစ္စရေး ကျူးကျော်ရေးအာဏာပိုင်တွေက ဦးဆောင်တဲ့ ပုံဖျက်မှု၊ ဖျက်ဆီးမှု ပုံစံအားလုံးကို နိုင်ငံတကာဥပေဒတွေ၊ ကျူးကျော်မှုကင်းတဲ့ အနာဂတ်တစ်ခုကို ဖန်တီးနိုင်တဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ ဆန္ဒကိုကိုင်ပြီး ကျွန်တော်တို့ ရင်ဆိုင်သွားမှာပါ” ဟု မာလ်ကီက ဆိုသည်။

    အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို အလ်ဂျီးရီးယား၊ အီဂျစ်၊ လက်ဘနွန်၊ မော်ရိုကို၊ အိုမန်၊ ကာတာနှင့် ဆူဒန်တို့က တင်သွင်းခဲ့ခြင်းဖြစ်သည်။

    ဆုံးဖြတ်ချက်တွင် အစ္စရေးကို ‘ကျူးကျော်သူ’ အဖြစ် ဖော်ပြထားပြီး ပါလက်စတိုင်းပြည်သူများက အနာဂတ် ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် မျှော်မှန်းထားသည့် ‘အရှေ့ဂျေရုစလင်တွင် တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် တူးဖော်မှုများ၊ လှိုဏ်ခေါင်းဖောက်မှုများ၊ လုပ်ငန်းများ၊ စီမံကိန်းများ’ ကို ရပ်တန့်ရန်လည်း တိုက်တွန်းထားသည်။

    ထို့ပြင် “ဂျေရုစလင်မြို့ဟောင်းနှင့် နံရံများကို ဘာသာတရား ၃ ခုအတွက် အရေးပါသည့်အရာ” အဖြစ် ထပ်မံအတည်ပြုထားပြီး အစ္စရေးမှာ “မြင့်မြတ်ရာ ထိုမြို့၏ အခြေအနေနှင့် အနေအထားကို ပြောင်းလဲသော သို့မဟုတ် ပြောင်းလဲရန် ရည်ရွယ်သော” လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟုလည်း စွပ်စွဲခဲ့သည်။

    ပြီးခဲ့သည့်နှစ်က ယူနက်စကို၏ ဆုံးဖြတ်ချက်ထက် အနည်းငယ် ပျော့ပြောင်းသည့် ယခုဆုံးဖြတ်ချက်တွင် ဟားမက်စ်က အုပ်စိုးနေသည့် ဂါဇာကမ်းမြှောင်၌ အစ္စရေး၏ ပိတ်ဆို့မှုများကိုလည်း ဝေဖန်ထားသည်။

    အစ္စရေး နိုင်ငံခြားရေး ၀န်ကြီးဌာနက အဆိုပါ ဆုံးဖြတ်ချက်မှာ ယူနက်စကို၏ မလိုအပ်သော နိုင်ငံရေးအသုံးချမှုဟု အင်္ဂါနေ့ မဲခွဲမှု မပြုလုပ်ခင်တွင် ဝေဖန်ခဲ့သည်။

    “အဆိုပြုထားတဲ့ ဒီဆုံးဖြတ်ချက်ဟာ ဂျေရုစလင်ကို စီမံမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါဟာ ယူနက်စကိုရဲ့ မကောင်းတဲ့ အခြေအနေနဲ့ ပတ်သက်မှုကို ဆိုးရွာစေမှာပါ”

    Ref : Aljazeera

  • အမှိုက်ပုံကို မှီခိုရှင်သန်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာများ

    အမှိုက်ပုံကို မှီခိုရှင်သန်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာများ

    မေ ၃၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံနှင့်ကပ်နေသည့် ထိုင်းနယ်စပ် မဲဆောက်မြို့ ဆင်ခြေဖုံးရှိ အမှိုက်ကွင်းပြင်တစ်ခုသို့ ၀င်ရောက်သွားသည့်အခါ သတ္တုပစ္စည်းများမှသည် ဟောင်းနွမ်းစုတ်ပြဲနေသော အ၀တ်များ၊ ပုပ်သိုးနေသော အစားအအသောက်များပါဝင်ကာ လူတစ်ရပ်ထက် ပိုမြင့်သော စွန့်ပစ်အမှိုက်ပုံတွင် ယင်ကောင်များမှာ တစ်ဝီ၀ီဝဲပျံနေကြသည်။

    “ပစ်ထားတဲ့ အစားအသောက်တွေထဲက နည်းနည်းကောင်းတာတွေကို ကျွန်မတို့ စားပါတယ်။ လိုအပ်ရင် ဒါတွေကို ချက်ပြုတ်ပါတယ်။ စွန့်ပစ်ထားတာတွေထဲက ပြန်သုံးလို့ရတဲ့ အရာတွေကို ကောက်ပြီး ပြန်ရောင်းပါတယ်” ဟု အသက် ၄၅ နှစ်အရွယ် မစန်းအေးက ပြောကြားသည်။

    သူမမှာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှဖြစ်ပြီး သားသမီးများ၊ မြေးများနှင့်အတူ အမှိုက်ပုံတွင် အခြေပြုနေထိုင်လာသည်မှာ ၁၅ နှစ်ပင် ကျော်လာခဲ့လေပြီ။

    “တစ်နေ့ကို ဘတ် ၂၀ (၆၅၀ ကျပ်) လောက်နဲ့ ကျွန်မတို့ အသက်ဆက်နေရတာပါ” ဟု ယင်ကောင်များနားရန် စိုင်းပြင်းနေသည့် လက်ဖက်ရည်ခွက်မှ လက်ဖက်ရည်ကို တစ်ကြိုက်တည်း မော့ချရင်း သူမက ပြောကြားခဲ့သည်။

    မဲဆောက်တစ်မြို့လုံးမှ အမှိုက်များကို လာရောက်စွန့်ပစ်သည့် မယ်ပဟုခေါ်သော ထိုနေရာတွင် အမှိုက်ပုံမှာ တောင်ငယ်လေးတစ်ခုကဲ့သို့ပင် ဖြစ်နေလေသည်။

    “ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာတော့ မှန်ပါတယ်။ အရင်က ကျွန်မမှာ ဘာရောဂါမှ မရှိဘူး။ အခုဆိုရင် ခါးလည်း နာတယ်၊ ရင်ဘတ်ကလည်း အောင့်တယ်။ သိပ်နံပေမယ့် ဒီလိုပဲ အသားကျအောင် နေရတာပေါ့ရှင်။ အရင်ဆို ကျွန်မ အန်တာတွေဘာတွေဖြစ်ပြီး ၅ ရက်လောက် ထမင်းမစားနိုင်ပါဘူး။ ဒါပေမယ့် အခုတော့ အေးဆေးဖြစ်သွားပါပြီ” ဟု မစန်းအေးက ဖွင့်ဟခဲ့သည်။

    မစန်းအေး

    အမှိုက်ပုံမှရရှိသည့် ပစ္စည်းများကို ရောင်းချခြင်းအားဖြင့် တစ်လလျှင် ဘတ် ၂၀၀၀ (၇၈၀၀၀ ကျပ်ခန့်) ရရှိသည်ဟု သူမက ဆိုသည်။

    အမှိုက်ပုံနားတွင် နေထိုင်သူများမှာ ဖြစ်သလို ထဲတိုး၍ နေရခြင်းဖြစ်သည်။ ထိုတဲမှာပင် စားသောက်သည်၊ အိပ်စက်သည်။ တစ်ချို့က နေ့ဘက်တွင် အမှိုက်၌ ရှာကြပြီး၊ တစ်ချို့က ညဘက်တွင် ရှာကြသည်။

    “ဆိုးရွားပြီး ညစ်ပတ်နံစော်တာတွေကို ကြောက်နေမယ်ဆိုရင် ကျွန်တော်တို့ အသက်ရှင်ရပ်တည်လို့ မရပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ မီးဖိုဆောင်လိုပါပဲ။ ဒီမှာပဲ စားတယ်။ ဒီမှာပဲ နေပါတယ်” ဟု အသက် ၄၉ နှစ်အရွယ် ကိုသန်းဦးက ပြန်အသုံးပြု၍ရသည့် ပစ္စည်းများကို အမှိုက်ပုံ၌ ကောက်နေရင်း ပြောကြားခဲ့သည်။

    ၎င်း၏ မျက်နှာပေါ်မှ ချွေးပေါက်များ တောက်တောက်ကျနေပြီး၊ အ၀တ်အစားများကလည်း ချွေးများဖြင့် စိုရွှဲနေသည်။

    “အနံ့ဆိုးတွေက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာတော့ ကျွန်တော် သိတာပေါ့။ ခေါင်းတွေလည်း တစ်အားကိုက်တယ်၊ ရီဝေေ၀ဖြစ်တယ်။ တစ်ခါတစ်လေမှာ တအား ချောင်းဆိုတယ်” ဟု ၎င်းက ဆိုသည်။

    အသက်အရွယ်ကြီးနေပြီး အမြင်အာရုံချို့တဲ့နေသည့် မိခင်ကြီးနှင့်အတူ ကိုသန်းဦးတစ်ယောက် ထိုအမှိုက်ပုံနားတွင် နေထိုင်လာခဲ့သည်မှာ ၁၂ နှစ်ပင် ကျော်လာခဲ့ပြီ။

    မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း အမိမြေတွင် အလုပ်မရှိသောကြောင့် ပြန်ရန် အစီအစဉ်မရှိဟု သူကဆိုသည်။ ပြန်သုံး၍ရသည့် ပစ္စည်းများကို စုဆောင်းရောင်းချခြင်းဖြင့် ကိုသန်းဦးမှာ တစ်နေ့လျှင် ဘတ် ၁၅၀ (၆၀၀၀ ကျပ်ခန့်) ရှာဖွေနိုင်သည်။ ထိုငွေက ၎င်းနှင့် မိခင်ဖြစ်သူတို့ စားသောက်ရန် လုံလောက်သည်ဟု သူက ဆိုလေသည်။

    ကိုသန်းဦး

    အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် အခြားသူများကလည်း နေပူကြဲတဲအောက်တွင် အမှိုက်များကောက်ရင်း အလုပ်ရှုပ်နေကြသည်။ အဆိုပါ အမှိုက်ပုံကြီးအနီးတွင် မိသားစုပေါင်း ၁၀၀ ကျော် နေထိုင်ကြပြီး ဒေသခံများက အချို့မှာ နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်နေပြီဟု ဆိုသည်။

    မဲဆောက်ရှိ မြန်မာနိုင်ငံရေးရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ဥက္ကဌ ဦးမိုးကြိုးက ထိုဒေသရှိ မြန်မာလုပ်သားများကို ထောက်ပံ့ပေးနေသည်မှာ ၁၄ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မဲဆောက်ရှိ ထိုအမှိုက်ပုံနှင့်တစ်ဝိုက်တွင် နေထိုင်သည့် မြန်မာနိုင်ငံသား အရေအတွက်မှာ ၃၀၀ ခန့်ရှိပြီး မွေးရပ်မြေတွင် ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုတို့မှ လွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောကြားခဲ့သည်။

    “သူတို့ဟာ အမှိုက်ပုံကို မှီခိုနေရပါတယ်။ အမှိုက်တွေကို ကောက်ပြီး အသက်ရှင်သန်နေရတာပါ” ဟု ဦးမိုးကြိုးက ပြောကြားခဲ့သည်။

    မဲဆောက်မှာ စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုးလာသော်လည်း ထိုအကျိုးကျေးဇူးများကို ထိုဒေသတွင် နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများက မခံစားရ။ ဦးမိုးကြိုးကတော့ စက်ရုံ၊ ဆောက်လုပ်ရေးနှင့် အမှိုက်ကောက်လုပ်ငန်းများတွင် လုပ်ကိုင်နေသူများမှာ အမြဲတမ်းလိုလို ‘လစ်လျူရှု ခံနေရသည်’
    ဟု ပြောကြားခဲ့သည်။

    မစန်းအေး၏ မြေး

    အမှိုက်ကောက် ရောင်းချရသူ ကိုသန်းဦးက ၎င်းကဲ့သို့ ရွှေ့ပြောင်းလုပ်သားများမှာ မဲဆောက်တွင် ဖြစ်ပေါ်လာသည့် တိုးတက်မှုများမှ ဖယ်ထားခြင်းခံရပြီး “ကျွန်တော်တို့နဲ့ ဘာမှမကို မဆိုင်တာ” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

    မစန်းအေးအတွက် အမှိုက်ပုံနှင့် ဆက်နွယ်ပတ်သက်ရခြင်းမှာ ဘ၀နေထိုင်မှုတစ်ခု ဖြစ်နေပြီး၊ အသက်ရှင် ရပ်တည်နိုင်မည့် ရင်းမြစ်တစ်ခုလည်း ဖြစ်နေပေသည်။

    “ကျွန်မတို့အတွက်တော့ ဒီအမှိုက်ပုံက ရွှေပုံ၊ ငွေပုံကြီးပါပဲ။ ဒီအမှိုက်ပုံကိုပဲ ကျွန်မတို့ မှီခိုအားထားနေရတာပါ” ဟု တဲအတွင်း ဆေးပေါ့လိပ်ဖွာရင်း သူမက ပြောသည်။ မြေးဖြစ်သူများကတော့ အနီးအနားတွင် ဆော့ကစားနေကြ၏။

    Ref: ဧရာဝတီ အင်္ဂလိပ်ပိုင်း

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် လွှင့်တင်ထားသော Burmese Migrants Continue to Eke Out a Living in Garbage Dump on Thai Border ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • အင်ဒိုနီးရှားမှ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ကွယ်လွန်

    အင်ဒိုနီးရှားမှ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ကွယ်လွန်

    မေ ၂၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက အသက် ၁၄၆ နှစ်အရွယ် အဖိုးအိုဟာ ဂျာဗားကျွန်းမှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

    ဆိုဒီမီဂျိုလို့ခေါ်တဲ့ ဒီအဘိုးအိုဟာ မတူညီတဲ့ ရာစုနှစ် ၃ ခု၊ ကမ္ဘာစစ်နှစ်ခုကို ကြုံတွေခဲ့ရပြီး သူမွေးထားတဲ့ သားသမီးတွေအားလုံးထက် သက်တမ်းပိုရှည်ရှည် နေခဲ့ရတာဖြစ်ပါတယ်။

    အတည်မပြုနိုင်တဲ့ မွေးစားရင်းနဲ့ မှတ်တမ်းမှတ်ရာတွေအရ ဆိုဒီမမီဂျိုဟာ ၁၈၇၀ ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

    အင်ဒိုနီရှားနိုင်ငံဟာ ၁၉၀၀ ပြည့်နှစ်မှာမှ မွေးစားရင်းကို တရားဝင် မှတ်ပုံတင်တာဖြစ်လို့ သူ့ရဲ့ အသက်အရွယ်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

    “ဘ၀ဆိုတာ ကိုယ့်ရဲ့ ကံကြမ္မာကို စိတ်နှလုံး ပြည့်ပြည့်၀၀ လက်ခံတာကို ခေါ်တာပါ။ ကျွန်တော် သေချင်တာ ကြာပါပြီ။ ဇနီး၊ သားသမီး၊ ညီအစ်ကိုမောင်နှမ အားလုံး သေသွားကြပြီ။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ကို ရှည်လျားတဲ့သက်တမ်းနဲ့ ကောင်းချီးပေးခဲ့ပါတယ်။ ဘ၀ကို စိတ်ရှည်သည်းခံစွာနဲ့ ရှင်သန်ပြီး ကျွန်တော့်ရဲ့ ကံကြမ္မာကို ပြည့်ပြည့်၀၀ လက်ခံရတော့မှာပေါ့” လို့ ဆိုဒီမီဂျိုက ဂျကာတာပို့စ်ကို ပြီးခဲ့တဲ့နှစ်မှာ ပြောကြားခဲ့ပါတယ်။

    သူဟာ ဧပြီလ ၁၂ ရက်နေ့မှာ ဆေးရုံတက်ခဲ့ရပြီး ၆ ရက်အကြာမှာ ပြန်ဆင်းခဲ့ပါတယ်။

    မြေးဖြစ်သူ ဆူယန်တိုက သူ့ရဲ့ အဖိုးဟာ အဲဒီအချိန်ကတည်းက ဆန်ပြုတ်ကို ဇွန်းအနည်းငယ်သာသောက်ပြီး၊ ရေကိုလည်း နည်းနည်းပဲသောက်တော့ကြောင်း မကွယ်လွန်ခင် ၂ ရက်လောက်မှာ ဘာမှ မစားတော့ကြောင်း ပြောကြားခဲ့ပါတယ်။

    ဆိုဒီမီဂျိုရဲ့ ရုပ်ကလပ်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူဝယ်ယူထားတဲ့ သင်္ချီုင်းမြေမှာ မြှုပ်နှံခဲ့ပြီး ၁၉၉၂ ခုနှစ်က သူ ဖယ်ထားခဲ့တဲ့ ကျောက်တုံးနဲ့ မှတ်တိုင် ပြုလုပ်ခဲ့ပါတယ်။

    Ref: RT

  • ဂျော်ဒန်ဘုရင်၏ Interfaith Harmony ဆုပေးပွဲအခမ်းအနား ကျင်းပ

    ဂျော်ဒန်ဘုရင်၏ Interfaith Harmony ဆုပေးပွဲအခမ်းအနား ကျင်းပ

    မေ ၂၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ ဘာသာတရားများအကြား သဟဇာတဖြစ်ရေး ဆောင်ရွက်သူများကို ဂျော်ဒန်ဘုရင်က ချီးမြှင့်သည့် King Abdullah II of Jordan Prize for World Interfaith Harmony Week 2017 ဆုပေးပွဲအ ခမ်းအနားကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဂျော်ဒန်ဘုရင် အဘ်ဒူလာ တက်ရောက်ခဲ့သည်ဟု သိရသည်။

    အလ်ဟူစိန်နီယာ နန်းတော်တွင် ကျင်းပခဲ့သည့် အဆိုပါ အခမ်းအနားတွင် ဘုရင် အဘ်ဒူလာ၏ ကိုယ်စားလှယ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြံပေး မင်းသား ဂါဇီက မိန့်ခွန်းပြောကြားခဲ့ပြီး ၅ နှစ်တိုင်လာခဲ့ပြီဖြစ်သည့် ယခုဆုမှာ မတူညီသည့် ဘာသာဝင်များအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယခုနှစ်အတွက် ပထမဆုကို ကနေဒါမှ Calgary Interfaith Council၊ ဒုတိယဆုကို ဘော့စနီးယားနှင့် ဟာဇီဂိုဗီနာမှ International Forum Bosnia’s Centre for Interfaith Dialogue အဖွဲ့၊ တတိယဆုကို ဗြိတိန်မှ PL84U AL-SUFFA အဖွဲ့တို့က ရရှိခဲ့သည်။

    ဘုရင် အဘ်ဒူလာ၏ အဆိုပါ Interfaith Harmony ဆုကို ၂၀၁၀ ခုနှစ် ကုလသမဂ္ဂ ၆၅ ကြိမ်မြောက် အထွေထွေညီလာခံ၌ အဆိုပြုခဲ့ကာ အောက်တိုဘာလတွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

    Ref : Jordan Times

  • ထိုင်းလိင်ကျွန်ဂိုးဏ်တွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေ

    ထိုင်းလိင်ကျွန်ဂိုးဏ်တွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေ

    မေ ၂၊ ၂၀၁၇
    M-Media

    – ဆယ်ကျော်သက် လိင်ကျွန်များကို စုဆောင်းကာ ခိုင်းစားသည့် ဂိုးဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွင် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၄ ဦးမှာ ထိုလုပ်ငန်းတွင် ပါဝင်နေသည်ကို တွေ့ရှိခဲ့ရပြီး နာမည်ပျက်နေသည့် ထိုင်းရဲတပ်ဖွဲ့အပေါ် နောက်ထပ် ထိုးနှက်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။

    နိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်များမှ တစ်ခုဖြစ်သော မယ်ဟောင်ဆောင်ရှိ သြဇာရှိသော အာဏာပိုင်များထံသို့ ပြီးခဲ့သည့်နှစ်အတွင်း သူမ၏ ဆယ်ကျော်သက် သမီးငယ်ကို ပြည့်တန်ဆာအဖြစ် ပို့ဆောင်ပေးခဲ့မှု ရှိသည်ဟု မိခင်က တိုင်ကြားခဲ့ပြီးနောက်ပိုင်း အဆိုပါ ဂိုဏ်းကို ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။

    ထိုဂိုးဏ်တွင် အကြီးတန်းရဲတပ်ဖွဲ့ဝင်များနှင့် ဒေသတွင်း အာဏာပိုင်များ ပါင်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး မနေ့က နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးသူများမှာ တပ်ကြပ်နှင့်အထက် ရာထူးရှိသူ ၄ ဦးကို ဖမ်းဆီးရန် ၀ရမ်းထုတ်ပြန်ခဲ့သည်ဟု အတည်ပြုခဲ့သည်။

    ၎င်းတို့ထဲမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည့်တန်ဆာခေါင်း အမျိုးသမီး ၂ ဦးကိုမူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ရာထူးကြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး အပါအ၀င် အနည်းဆုံး အခြား လူ ၈ ဦးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် Srivara Ransibrahmanakul က ပြောကြားခဲ့သည်။

    ထိုင်းရဲတပ်ဖွဲ့မှာ ခြစားမှုများကြောင့် နာမည်ပျက်များရှိနေပြီး လူ့အခွင့်အရေးအဖွဲ့များကမူ ရဲတပ်ဖွဲ့မှာ တရားမ၀င်ဟု သတ်မှတ်ထားသည့် ပြည့်တန်ဆာလုပ်ငန်းများကို လာဘ်ငွေများရယူကာ လွှတ်ပေးထားည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။

    Ref: CNA