News @ M-Media

Author: Ko Lay

  • တောင်ကိုရီးယားရှိ အမေရိကန်ဒုံးခွင်းစနစ် စတင်လည်ပတ်

    တောင်ကိုရီးယားရှိ အမေရိကန်ဒုံးခွင်းစနစ် စတင်လည်ပတ်

    မေ ၂၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားတွင်ရှိနေသည့် မိမိတို့၏ THAAD ဒုံးခွင်းစနစ်မှာ ကနဦး ကြားဖြတ်ဟန့်တားနိုင်စွမ်း ရရှိနေပြီဟု အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    အမည်မဖေါ်လိုသည့် အမေရိကန် တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ယမန်နေ့တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ Reuters သတင်းဌာနကလည်း အမည်မဖော်လိုသည့် အခြား တာဝန်ရှိသူများကို ကိုးကား၍ ထိုသတင်းကို အတည်ပြုခဲ့သည်။

    သို့သော်လည်း လာမည့် လအနည်းငယ်အတွင်း THAAD မှာ အပြည့်အ၀ လည်ပတ်နိုင်အုံးမည်မဟုတ်ဟု ဆိုသည်။

    တရုတ်နိုင်ငံက အဆိုပါ ဒုံးခွင်းနစ်မှာ မိမိတို့၏ ဒုံးကျည်စွမ်းဆောင်နိုင်မှုကို အားနည်းစေပြီး ဒေသတွင်း လုံခြုံရေး မျှတမှုကို ထိခိုက်စေသည်ဟု ပြောကြားကာ ကန့်ကွက်ခဲ့သော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

    မြောက်ကိုရီးယားက ဒုံးကျည်များ ဆက်တိုက် ပစ်လွှတ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာချိန်တွင် တောင်ကိုရီးယား၌ ယခုကဲ့သို့ THAAD ဒုံးခွင်းစနစ် ချထားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဘာသာပေါင်းစုံညီညွတ်ရေး ရုပ်လုံးပေါ်နေသည့် ကမ္ဘာပေါ်က မြို့ ၁၀ မြို့

    ဘာသာပေါင်းစုံညီညွတ်ရေး ရုပ်လုံးပေါ်နေသည့် ကမ္ဘာပေါ်က မြို့ ၁၀ မြို့

    မေ ၂၊ ၂၀၁၇
    M-Media

    – တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် ဘာသာပေါင်းစုံ ဆွေးနွေးညှိနှိုင်းမှုဟာ အရေးပါတဲ့ အရာတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန် ယုံကြည်ကြပါတယ်။

    ဒါပေမယ့် ဒီလို ဘာသာပေါင်းစုံ ညီညွတ်မှုတွေ ရုပ်လုံးပေါ်နေတဲ့ မြို့တွေလည်း ကမ္ဘာတစ်ဝှမ်းမှာ ရှိနေပါတယ်။ ဒီမြို့တွေမှာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတွေ၊ အခြား ဘုရားကျောင်းတွေဟာ ဘေးချင်းကပ်တည်ရှိနေကြပြီး မတူညီတဲ့ ဘာသာတရားတွေအကြား ညီညွတ်မှုဆိုတာ အပြောသက်သက်မဟုတ်ဘဲ နေ့စဉ်ဘ၀မှာကို ရှင်သန်နေကြတာဖြစ်ပါတယ်။

    ဒါ့ကြောင့် ဒီလို ဘာသာပေါင်းစုံ ညီညွတ်မှု ရုပ်လုံးပေါ်နေတဲ့ မြို့ ၁၀ မြို့ကို ဖော်ပြလိုက်ပါတယ်။

    ဘာလင်

    ၁။ ဘာလင်

    ဘာသာကြီး ၃ ခုကိုရဲ့ ၀တ်ပြုရာတွေကို တစ်နေရာတည်းမှာ ထားရှိမယ့် House of One အစီအစဉ်၂၀၁၈ ခုနှစ်မှာ ပြီးစီးဖို့ရှိနေတဲ့ ဘာလင်မြို့ဟာ ဘာသာပေါင်းစုံညီညွတ်ရေးလှုပ်ရှားမှုမှာ ထိပ်ဆုံးက ရှိနေပါတယ်။

    ဘာလင်က ဒီစီမံကိန်းဟာ မွတ်စလင်တို့ရဲ့ ဗလီဝတ်ကျောင်းတော်၊ ခရစ်ယာန်တွေရဲ့ ဘုရားကျောင်း၊ ဂျူးတွေရဲ့ ၀တ်ပြုရာနေရာတွေအားလုံး တစ်မိုးအောက်ထဲမှာ ရှိမှာဖြစ်ပါတယ်။ ဒီဝတ်ပြုရာနေရာ ၃ ခုက ထွက်လာရင် အဆောက်အဦးအလယ်မှာရှိနေတဲ့ အများပြည်သူသုံး ခန်းမကြီးတစ်ခုမှာ ဆုံမှာဖြစ်ပြီး ဒီခန်းမကို အစည်းအဝေးခန်း၊ ဘာသာပေါင်းစုံဆွေးနွေခန်းအဖြစ် အသုံးပြုနိုင်မှာဖြစ်ကာ ဘာသာသုံးခုက ၀တ်ပြုသူတွေ၊ အပြင်လူတွေဟာ ဘာသာတစ်ခုချင်းစီနဲ့ပတ်သက်ပြီး ပိုမို သင်ယူနိုင်မှာဖြစ်ပါတယ်။

    ၂။ ဂျေရုစလင်

    မတူညီတဲ့ ဘာသာရေးအထိမ်းအမှတ်အဆောက်အအုံတွေ အတူတကွ တည်ရှိမှုကြောင့်သာမကဘဲ၊ ရာစုနှစ်ပေါင်းမျာစွာ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေ ယှဉ်တွဲနေထိုင်တာကြောင့် ဂျေရုစလင်ဟာ ဘာသာပေါင်းစုံညီညွတ်ရေးရဲ့ အမှတ်သညာအဖြစ် မှတ်ယူခံရပါတယ်။

    ဂျေရုစလင်မှာ စကွဲယားကီလိုမီတာ တစ်ခုအတွင်းမှာပဲ အေဒီ ၆၉၀ က တည်ဆောက်ခဲ့တဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်၊ အေဒီ ၄ ရာစုက တည်ဆောက်ခဲ့တဲ့ Holy Sepulcher ခရစ်ယာန်ဘုရားကျောင်း၊ ရုရှားအော်သိုဒေါ့စ်ဘုရားကျောင်း St.Anne’s Church နဲ့ al-Buraq Wall တို့ ရှိပါတယ်။ ဒီဧရီယာအတွင်းမှာ Temple Mount လို့ခေါ်တဲ့ မြင့်မြတ်ရာနေရာတစ်ခုရှိနေပြီး အစ္စလာမ်၊ ခရစ်ယာန်နဲ့ ဂျူးတွေရဲ့ ၀တ်ပြုရာနေရာတွေဟာ ဒီအဆောက်အဦးထဲမှာ ရှိနေပါတယ်။

    ဆာရာယေဗိုမှ Sacred Heart ဘုရားကျောင်း

    ၃။ ဆာရာယေဗို

    ဆာရာယေဗိုမြို့ရဲ့ အံ့သြစရာအကောင်းဆုံးကတော့ ဘာသာပေါင်းစုံရဲ့ မြင့်မြတ်ရာနေရာတွေဟာ ဘေးချင်းကပ် တည်ရှိနေမှုပဲဖြစ်ပါတယ်။ ဆာယာယေဗိုရဲ့ သက်တမ်းအရင့်ဆုံး ၀တ်ပြုရာနေရာဖြစ်တဲ့ အမ်ပါရာ ဗလီဝတ်ကျောင်းတော်ဟာ စိန့် အန်ထော်နီ ကက်သလစ် ဘုရားရှိခိုးကျောင်းနဲ့ မီတာ ၁၀၀ အကွာ၊ အက်ရှ်ကီနာဇီ ဂျူးဘုရားကျောင်းနဲ့ မီတာ ၆၀၀ အကွာမှာ တည်ရှိပါတယ်။ ဒီဝတ်ပြုရာနေရာအားလုံးဟာ မီလ်ဂျက်ကာမြစ်ရဲ့ တောင်ဘက် ကမ်းနဖူးပေါ်မှာ ရှိနေပါတယ်။ နောက်ထပ် ၁ ကီလို မီတာလောက် သွားလိုက်မယ်ဆိုရင် အော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်း၊ ဖာရ်ဟာဒီဂျာ ဗလီဝတ်ကျောင်း၊ Sacred Heart ကက်သလစ် ဘုရားကျောင်း၊ ဂါဇီ ဟူဆာ့ဗ်ဘေး ဗလီ၊ အော်သိုဒေါ့စ် ဘုရားကျောင်းဟောင်းလို့ခေါ်တဲ့ Holy Archangels Michael and Ga briel ဘုရားကျောင်းတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

    ၄။ စင်ကာပူ

    ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနဲ့ အခြားသော ဘာသာပေါင်းစုံတို့ဟာ စင်ကာပူနိုင်ငံမှာ နီးနီးကပ်ကပ် အတူယှဉ်တွဲ နေထိုင်ကြပါတယ်။ Telok Ayer လမ်းကနေ မြို့ထဲကိုသွားမယ်ဆိုရင် ဘာသာပေါင်းစုံက မြင့်မြတ်ရာနေရာ ၅ ခုကို ဖြတ်သန်းသွားရမှာပါ။ Sri Mariamman ဟိန္ဒူဘုရားကျောင်း၊ Tooth Relic ဗုဒ္ဓဘာသာဘုရားကျောင်း၊ အလ် အဘ်ရာရ် ဗလီ၊ Telok Ayer တရုတ် မက်သဒစ် ဘုရားကျောင်း၊ Thian Hock Keng တရုတ်ဘုံကျောင်းတို့ဟာ ၁ စကွဲယားကီလိုမီတာအတွင်းမှာ တည်ရှိနေကြတာဖြစ်ပါတယ်။

    ၅။ အစ္စတန်ဘူလ်

    အစ္စတန်ဘူလ်ရဲ့ ဖီနာရ်ရပ်ကွက်မှာ ၁ စကွဲယားကီလိုမီတာအတွင်း ဘာသာပေါင်းစုံက ၀တ်ပြုရာနေရာ ၆ ခုကို တွေ့မြင်နိုင်ပါလိ့မ်မယ်။ Fethiye ဗလီဝတ်ကျောင်းတော်၊ ၁၅ ရာစုက Ahrida ဂျူးဘုရားကျောင်း၊ စိန့်မေရီ မွန်ဂို ခရစ်ယာန်ဘုရားကျောင်း၊ Patriarch of Constantinople အော်သိုဒေါ့စ် ဘုရားကျောင်း၊ ဂူလ် ဗလီနဲ့ Yavuz Selim ဗလီတို့ ဖြစ်ပါတယ်။

    ဘေရွတ်မြို့လယ်ကောင်မှ မိုဟာမက် အလ် အေမင် ဗလီ

    ၆။ ဘေရွတ်

    ဘေရွတ်မြို့ရဲ့ မြို့လည်ကောင် တည့်တည့်မှာပဲ မတူညီတဲ့ ဘာသာတရား ၅ ခုက ၀တ်ပြုရာနေရာတွေကို ၁ စကွဲယားကီလိုမီတာအတွင်း တွေ့မြင်နိုင်ပါတယ်။ မိုဟာမက် အလ် အေမင် ဗလီ၊ စိန့်ဂျော့ဂ်ျ ဂရီအော်သိုဒေါ့စ် ဘုရားကျောင်း၊ Maghen Abraham ဂျူးဘုရားကျောင်း၊ စိန့်ဂျော့ဂ်ျ မာရိုနိုက် ကက်သလစ်ဘုရားကျောင်း၊ National Evangelical ဘုရားကျောင်းတွေ ဖြစ်ပါတယ်။

    ၇။ ကော်ဒိုဘာ

    စပိန်မြို့တစ်မြို့ဖြစ်တဲ့ ကော်ဒိုဘာဟာ စိတ်ဝင်စားဖွယ်အကောင်းဆုံး ဘာသာပေါင်းစုံ အဆောက်အဦးတွေတည်ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ကော်ဒိုဘာ ဗလီ-ကက်သဒယ်လို့ခေါ်တဲ့ အဆောက်အဦးဟာ မူလက ခရစ်ယာန်ဘုရားကျောင်းငယ်လေးတစ်ခုပါ။ ဘုရင်ခံ အဘ်ဒဲလ် ရဟ်မန် ၁ ရဲ့ လက်ထက်မှာ ကော်ဒိုဘာဗလီဝတ်ကျောင်းတော်ကြီးဖြစ်ခဲ့ပြီး၊ ၁၃ ရာစုမှာတော့ ရောမ ကက်သလစ်ဘုရားကျောင်း ပြန်ဖြစ်လာတာ ယနေ့အချိန်အထိပါပဲ။ လက်ရှိအချိန်မှာ ကော်ဒိုဘာ ဗလီ-ကက်သဒယ်လို့ ခေါ်ဆိုပြီး Calle Judios လမ်းက ဂျူးဘုရားကျောင်း၊ Virgen de los Faroles ခရစ်ယာန် ဘုရားကျောင်း၊ အခြား ကက်သလစ် ဘုရားကျောင်းတွေနဲ့ မီတာ ၃၀၀ သာ ဝေးပါတယ်။

    ပါလာမို

    ၈။ ပါလာမို

    အီတလီမြို့တစ်မြို့ဖြစ်တဲ့ ပါလာမိုမှာ တူနီရှား ဗလီဝတ်ကျောင်းတော်ဟာ Santa Maria del Sabato ဘုရားကျောင်း အပါအ၀င် အခြား ခရစ်ယာန် ကက်သလစ် ဘုရားကျောင်းတွေနဲ့ မီတာ ၅၀၀ သာ ဝေးပါတယ်။ Santa Maria del Sabato ဘုရားကျောင်းကိုတော့ အခုနှစ် ဇန်န၀ါရီလမှာ ဂျူးဘုရားကျောင်းတစ်ခုအဖြစ် ပြောင်းလိုက်ပါတယ်။

    ၉။ မွမ်ဘိုင်း

    အိန္ဒိယက ဒီမွမ်ဘိုင်းမြို့မှာ ၁ စကွဲယား ကီလိုမီတာအတွင်း မတူညီတဲ့ ဘာသာတရားတွေက ၀တ်ပြုရာ အဆောက်အဦးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဂျာမာ ဗလီဝတ်ကျောင်းတော်၊ Church of Our Lady of Health Cavel ဘုရားကျောင်း၊ Shaar Harahamim ဂျူးဘုရားကျောင်း၊ Parsi Agiary ဇိုရိုအက်စတာ ဘုရားကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်းများစွာဟာ အတူယှဉ်တွဲ တည်ရှိနေပါတယ်။

    ၁၀။ ပနားမား

    အမေရိကန်အလယ်ပိုင်းက ဒီမြို့မှာ ဘာသာပေါင်းစုံက အဆောက်အဦးတွေ တည်ရှိတယ်ဆိုတဲ့ အချက်ကို လူသိနည်းပါတယ်။ Casco Viejo ရပ်ကွက်နဲ့ Punta Paitilla ရပ်ကွက်ကြားက မြို့လယ်ကောင်မှာဆိုရင် La Comunidad Bible ခရစ်ယာန်ဘုရားကျောင်း၊ ဂျာမာ ဗလီဝတ်ကျောင်းတော်၊ Shevet Ahim ဂျူးဘုရားကျောင်းတွေဟာ ၁ ကီလိုမီတာအကွာမှာ ယှဉ်တွဲတည်ရှိနေကြပါတယ်။

    Ref: Alarabiya

  • ရော်နယ်ဒိုကို မနာလိုဖြစ်သည်ဟု ဇီဒိန်းဖွင့်ဟ

    ရော်နယ်ဒိုကို မနာလိုဖြစ်သည်ဟု ဇီဒိန်းဖွင့်ဟ

    မေ ၂၊ ၂၀၁၇
    M-Media

    – အသင်း၏ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၏ သွင်းဂိုးများအတွက် မိမိအနေဖြင့် မနာလိုဝန်တို ဖြစ်မိသည်ဟု ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ပြာကြားလိုက်သည်။

    “နည်းပြတစ်ယောက်အနေနဲ့ကတော့ သူဟာ ကျွန်တော့်ဆီက ကစားသမားတွေထဲမှာ အကောင်းဆုံးပါ။ ကံမကောင်းတာက ကျွန်တော်ဟာ သူနဲ့ တွဲမကစားနိုင်တော့ပါဘူး။ ဒါပေမယ့် သူ့ကို ရင်ဆိုင် ကစားခဲ့ဖူးပါတယ်။ သူ့ရဲ့ ရလဒ်တွေက အံ့သြစရာပါ။ ဘရာဇီးလ်က ရော်နယ်ဒိုနဲ့ တွဲကစားဖူးပါတယ်။ သူကလည်း အင်မတန် ထူးခြားတဲ့ ကစားသမားဖြစ်ပြီး ဂိုးတွေအများကြီး သွင်းခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးကို ကျွန်တော် မနာလိုပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်က အဲဒီလောက် ဂိုးမသွင်းနိုင်တာကြောင့်ပါ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    ထိုပြင် မိမိအနေဖြင့် ဖန်တီးပေးပို့မှု များစွာကို ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့ကဲ့သို့ ဂိုးသွင်းစွမ်းရည် မရှိသည့်အတွက်ကြောင့် တူညီသည့်ခံစးမှုမျိုးကို ရရှိနိုင်မည်မဟုတ်ကြောင်း။ ၎င်းတို့နှစ်ဦးစလုံးမှာ အဆုံးအဖြတ် ကစားသမားများဖြစ်ကြောင်းလည်း ဇီဒိန်းက ထည့်သွင်း ဖွင့်ဟခဲ့သည်။

    ခရစ္စတီယာနို ရော်နယ်ဒိုမှာ ချန်ပီယံလိဂ်တွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်သည်။

    ရီးယဲလ်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်းနယ် ပထမကျော့အဖြစ် အသလက်တီကိုမက်ဒရစ်အသင်းကို ယနေ့ညတွင် အိမ်ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ်သည်။

    Ref: Alarabiya

  • နိုင်ငံတကာက သတ်မှတ်ပေးသည့် ပါလက်စတိုင်းပိုင်နက်ကို လက်ခံသည်ဟု ဟားမက်စ်ထုတ်ပြန်

    နိုင်ငံတကာက သတ်မှတ်ပေးသည့် ပါလက်စတိုင်းပိုင်နက်ကို လက်ခံသည်ဟု ဟားမက်စ်ထုတ်ပြန်

    မေ ၂၊ ၂၀၁၇
    M-Media

    – ၁၉၆၇ ခုနှစ်က သတ်မှတ်ထားသည့် ပါလက်စတိုင်းပိုင်နက်များကို လက်ခံသည်ဟု ဖော်ပြထားသော နိုင်ငံရေးဆိုင်ရာ စာတမ်းအသစ်ကို ဂါဇာကမ်းမြှောင်အား စီမံနေသည့် ဟားမက်စ်အဖွဲ့က ထုတ်ပြန်လိုက်ပြီး ပါလက်စတိုင်းပြဿနာမှာ ဘာသာရေးပြဿနာမဟုတ်ဟုလည်း ဖော်ပြထားသည်။

    ယမန်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဟားမက်စ်အဖွဲ့၏ ပြည်ပရောက်ခေါင်းဆောင် ခါလစ် မက်စ်ဟာလ်က တရားဝင်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ထိုစာတမ်းတွင် အစ္စရေးနိုင်ငံကိုမူ အသိအမှတ် မပြုထားချေ။

    “လက်ရှိဖိအားတွေ ဘယ်လောက်ပဲရှိရှိ၊ ကျူးကျော်သိမ်းပိုက်မှုတွေ ဘယ်လောက်ကြာကြာ အမိမြေ ပါလက်စတိုင်းကို တစ်လက်မမှ စွန့်လွှတ်မှာမဟုတ်ပါဘူး။ အမိမြေတစ်ခုလုံး လုံးဝလွတ်မြောက်ရေးကလွဲလို့ ဘယ်လို အယူအဆကိုမှ ဟားမက်စ်က လက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ ဇီယွန်တိုင်းပြည် ရှိနေတာကို လက်ခံတယ်လို့ ဆိုလိုတာမဟုတ်သလို၊ ပါလက်စတိုင်းတွေရဲ့ ဘယ်လို အခွင့်အရေးမျိုးကိုမဆို စွန့်လွှတ်မှာလည်း မဟုတ်ပါဘူး” ဟု မက်စ်ဟာလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ၁၉၈၈ ခုနှစ် ဟားမက်စ်အဖွဲ့၏ ဖွဲ့စည်းပုံတွင် ဗြိတိန်အုပ်ချုပ်မှုအောက်၌ ပါလက်စတိုင်းနိုင်ငံအဖြစ် ရှိခဲ့ပြီး လက်ရှိတွင် အစ္စရေးနိုင်ငံထူထောင်ထားသည့် ပိုင်နက်အားလုံးကို ပြန်လည်ရယူရန် ဖော်ပြထားသော်လည်း လက်ရှိ စာတမ်းအသစ်တွင်မှု၊ ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်၍ ၁၉၆၇ ခုနှစ် နယ်နမိတ်သတ်မှတ်ချက်များကို ပါလက်စတိုင်းနိုင်ငံ၏ အခြေခံအဖြစ် လက်ခံမည်ဖြစ်ပြီး၊ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကိုလည်း ဖော်ပြထားသည်။

    ၁၉၆၇ ခုနှစ် နယ်နမိတ်သတ်မှတ်ချက်မှာ အစ္စရေးက အရှေ့ဂျေရုလင်၊ အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောင်တို့ကို မသိမ်းပိုက်ခင် ရှိနေသည့် ဒေသအားလုံးကို ရည်ညွှန်းခြင်းဖြစ်သည်။

    ဟားမက်စ်က ယခု ထုတ်ပြန်လိုက်သည့် စာတမ်းမှာ အစ္စရေးနှင့် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO တို့ကြား ချုပ်ဆိုထားသည့် အော်စလိုသဘောတူညီချက်တွင် ဖော်ပြထားသော နှစ်နိုင်ငံ အဖြေကို လက်ခံရေး သဘောထားနှင့် အနည်းငယ် ကွာဟနေသည်။

    ဟားမက်စ်က မိမိတို့မှာ ‘ဇီယွန်ဝါဒ’ ကို တိုက်ခိုက်နေခြင်းဖြစ်ပြီး ဂျူးဘာသာတရားကို တိုက်ခိုက်နေခြင်းမဟုတ်ကြောင်း၊ ဂျူးဘာသာတရားကို လိုက်နာကျင့်သုံးသည့် ဂျူးများနှင့် ပါလက်စတိုင်းပိုင်နက်များကို သိမ်းပိုက်နေသည့် ဇီယွန်ဝါဒီအစ္စရေးနိုင်ငံသာများမှာ မတူညီကြောင်းလည်း အဆိုပါ စာတမ်းအသစ်တွင် ဖော်ပြထားသည်။

    Ref: Aljazeera

  • ကင်ဂျုံအန်နှင့် တွေ့ဆုံရလျှင် ဂုဏ်ယူမိမည်ဟု ထရမ့်ပြော

    ကင်ဂျုံအန်နှင့် တွေ့ဆုံရလျှင် ဂုဏ်ယူမိမည်ဟု ထရမ့်ပြော

    မေ ၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် မှန်ကန်သော အခြေအနေတွင် တွေ့ဆုံရမည်ဆိုပါက မိမိအနေဖြင့် ဂုဏ်ယူမိမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး မြောက်ကိုရီးယားနှင့် ပတ်သက်၍ စစ်ရေး ခြိမ်းခြောက်မှု အရှိန်ကို လျှော့ချလိုက်ခြင်းလည်း ဖြစ်သည်။

    ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများကို ပိုမိုမြင့်တက်လာနိုင်စေမည့် ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ထားသည့် အချိန်တွင် ထရမ့်၏ ယခုကဲ့သို့ ပြောဆိုမှုက သံတမန်ရေးလမ်းကြောင်းတစ်ခု ကမ်းလှမ်းမှုလည်း ဖြစ်သည်။

    “သူနဲ့ကျွန်တော် တွေ့ဆုံရခြင်းဟာ သင့်လျော်မယ်ဆိုတာ သေချာပါတယ်။ အဲဒီလိုဖြစ်ရင် ကျွန်တော် ဂုဏ်ယူမိမှာပါ။ မှန်ကန်တဲ့ အခြေအနေမျိုးမှာတော့ ဖြစ်ဖို့လိုပါတယ်။ ကျွန်တော့် လုပ်သွားမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ထရမ့်မှာ မြောက်ကိုရီးယားကို ပြင်းထန်သည့် သတိပေးမှုများ ပြလုပ်ခဲ့ပြီး၊ စစ်ရေးအရ အရေးယူမှုကိုပင် စဉ်းစားထားသည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားက မိမိတို့အနေဖြင့် ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်ရန် ပြင်ဆင်နေပြီး ခေါင်းဆောင်က သတ်မှတ်ပေးသည့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပေါ်ထွက်လာမည်ဟု ယမန်နေ့တွင် သတိပေးခဲ့သည်။

    ထို့ပြင် အမေရိကန်နေဖြင့် ၎င်းတို့၏ ရန်လိုသော ပေါ်လစီများကို နောက်မဆုတ်ပါက ကြိုတင် လက်ဦးမှု ရယူတိုက်ခိုက်သွားမည်ဟုလည်း မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: CNA