News @ M-Media
Author: Ko Lay
  • ငွေကြေးမသမာမှုအတွက် ပရီးမီးယားလိဂ်အသင်းတစ်ချို့ စီးနင်းမှု ခံရ
    ငွေကြေးမသမာမှုအတွက် ပရီးမီးယားလိဂ်အသင်းတစ်ချို့ စီးနင်းမှု ခံရ
    ဧပြီ ၂၆၊ ၂၀၁၇
    M-Media
    – ငွေကြေးမသမာမှုများနှင့် ပတ်သက်၍ နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းတို့၏ ကွင်းများကို ယူကေအာဏာပိုင်များက ၀င်ရောက်စီးနင်းခဲ့ပြီး လူအများအပြားကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။
    ယူကေ အခွန်ဆိုင်ရာ အာဏာပိုင်အဖွဲ့ HMRC က ၎င်းတို့၏ တပ်ဖွဲ့ဝင် ၁၈၀ ကို ယူကေနှင့် ပြင်သစ်တို့တွင် တပ်ဖြန့်ချထားပြီး ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းများတွင် အလုပ်လုပ်နေသူ အမျိုးသားအများအပြားကို ဖမ်းဆီးထားသည်ဟု ပြောကြားခဲ့သည်။
    ထိုအဖွဲ့မှာ အင်္ဂလန် အရှေ့မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ဘောလုံးကွင်းများသို့လည်း ၀င်ရောက် စီးနင်း ရှာဖွေခဲ့သည်။
    ပြီးခဲ့သည့်နှစ်က တန်းဆင်းသွားခဲ့ပြီးနောက် တနင်္လာနေ့က ပရီးမီးယားလိဂ်သို့ ပြန်လည်တက်ရောက်ခွင့် ရရှိခဲ့သည့် နယူးကာဆယ်အသင်း၏ စိန့်ဂျိမ်းစ်ပါ့ခ် ကွင်းမှာလည်း ၀င်ရောက်စီးနင်း ခံခဲ့ရသည်။
    Ref : BBC
  • ဗိသုကာနှင့် သဘာဝပတ်ဝန်းကျင်နယ်ပယ်တွင် တစ်ခေတ်ဆန်းမည့် ဗလီတစ်လုံး ယူကေတွင် တည်ဆောက်
    ဗိသုကာနှင့် သဘာဝပတ်ဝန်းကျင်နယ်ပယ်တွင် တစ်ခေတ်ဆန်းမည့် ဗလီတစ်လုံး ယူကေတွင် တည်ဆောက်
    ဧပြီ ၂၆၊ ၂၀၁၇
    M-Media
    ဗလီဝတ်ကျောင်းတော် နမူနာပုံစံ
    – ဗြိတိန်က နာမည်ကျော် ကမ်းဘရစ်ခ်ျတက္ကသိုလ်ရှိရာ ကမ်းဘရစ်ခ်ျမြို့လေးမှာ ဗိသုကာ နယ်ပယ်မှာရော၊ သဘာဝတ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်ပယ်မှာပါ တော်လှန်ပြောင်းလဲနိုင်မယ့် ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဆောက်လုပ်နေပါတယ်။
    အစ္စလာမ်ဘာသာဝင် ၆ ထောင်နီးပါးလောက်ရှိနေတဲ့ ဒီမြို့လေးမှာ လက်ရှိ အသုံးပြုနေတဲ့ ဗလီဝတ်ကျောင်းတော်ဟာ မလုံလောက်တော့တာကြောင့် ဗလီဝတ်ကျောင်းတော်အသစ်ကို ၂၀၁၆ ခုနှစ် စင်တင်ဘာ ၅ ရက်နေ့မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ကန်ဒေါ်လာ ၁၈ သန်းလောက် ကုန်ကျမှာပါ။
    ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်မယ့် ကွန်ကရစ်ကို မက္ကာမြို့က ဇမ်ဇမ်ရေနဲ့ ဖျော်မှာဖြစ်ပြီး၊ ပထမအဆင့်မှာ အုတ်မြစ်ချတာ၊ မြေအောက် ကားပါကင်တည်ဆောက်တာတွေ ပါဝင်မှာဖြစ်ကာ အခုနှစ် ဇွန်လအတွင်းမှာ အပြီးသတ်ဖို့ မျှော်မှန်းထားပါတယ်။
    ဒုတိယအဆင့်မှာတော့ အဆောက်အဦးအထက်ပိုင်း တည်ဆောက်မှာဖြစ်ပြီး၊ အမျိုးသမီး ၀တ်ပြုဆောင်လည်း ပါဝင်မှာဖြစ်တာကြောင့် ပြီးစီးသွားတဲ့အခါမှာ တစ်ကြိမ်ကို အမျိုးသား ၇၀၀၊ အမျိုးသမီး ၃၀၀ စုစုပေါင်း လူ ၁၀၀၀ ၀တ်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဗလီဝတ်ကျောာင်းတော်ကို လာမယ့်နှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။
    ‘ကမ်းဘရစ်ခ်ျ ဗလီဝတ်ကျောင်းတော်’ ဂေါပကအဖွဲ့က ဥက္ကဌ အဘ်ဒဲလ် ဟာကင် မူရဒ်က ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေးမှာ အမျိုးသမီးတွေဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ ဆိုပါတယ်။
    “ဒီဇိုင်းဆွဲတဲ့နေရာမှာရော၊ ရန်ပုံငွေ ကောက်ခံတဲ့နေရာမှာရော အမျိုးသမီးတွေဟာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။ ကင်ဆာရောဂါခံစားနေရတဲ့ ကမ်းဘရစ်ခ်ျကျောင်းသူ ဘာရာကာ ခန်းဆိုရင် သူမကွယ်လွန်ခင်မှာ ရန်ပုံငွေ ပေါင် ၂ သိန်းကျော်လောက်ကို အံ့ဖွယ် ကောက်ခံပေးခဲ့ပါတယ်” လို့ မူရဒ်က ဆိုပါတယ်။
    မူရဒ်ကိုယ်တိုင်လည်း ကမ်းဘရစ်ခ်ျတက္ကသိုလ်မှာ အစ္စလာမ့်ရေးရာနဲ့ပတ်သက်လို့ သင်ကြားပို့ချနေသူ တစ်ဦးပါ။
    ဗလီဝတ်ကျောင်းတော်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် အသံလုံခန်း၊ အမျိုးသမီးတွေ သာမန်ရောဂါတွေကို ကုသပေးဖို့ ဆေးခန်းတွေ ပါဝင်မှာဖြစ်သလို၊ ဈာပနအခမ်းအနားကျင်းပနိုင်မယ့် နေရာတစ်ခု၊ ကော်ဆီဆိုင်တစ်ဆိုင်၊ ကလေးငယ်တွေအတွက် နည်းပညာအခြေပြု ကုရ်အာန်သင်တန်းကျောင်း၊ လူတိုင်း လာရောက်အပန်းဖြေနိုင်မယ့် ပန်းဥယျာဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။
    ပန်းဥယျာဉ်မှာတော့ ကုရ်အာန်ကျမ်းတော်မြတ်မှာ ဖော်ပြထားတဲ့ သီးပင်၊ စားပင်တွေကို စိုက်ပျိုးပေးထားမှာ ဖြစ်ပါတယ်။
    နောက်ပြီး တူရကီရဲ့ ယဉ်ကျေးမှုမွေအနှစ်ကို လူတိုင်းလေ့လာနိုင်မယ့် နေရာတစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။
    ဗလီဝတ်ကျောင်တော်မှာ အသုံးပြုမယ့် ဗိသုကာလက်ရာဟာ နာမ်ပိုင်းဆိုင်ရာ ဒဿနကို လစ်လျမရှုဘဲ ခေတ်ပြိုင် အတွေးခေါ်တွေကို ထင်ဟပ်စေမယ့် လက်ရာမျိုး ဖြစ်ရမယ်လို့ ဗလီဝတ်ကျောင်းတော်ရဲ့ ဗိသုကာ အတိုင်ပင်ခံ တူရကီ ဗိသုကာပညာရှင် ဗီဒတ် တော့က်ယေးက ပြောကြားခဲ့ပါတယ်။
    ဒါ့ကြောင့် အခု ကမ်းဘရစ်ခ်ျ ဗလီဝတ်ကျောင်းတော်ဟာ ရိုးရာနဲ့ ခေတ်ပေါ် ဗိသုကာ အတွေးအခေါ်တွေကို ပေါင်းစပ်ထားမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
    စွမ်းအင်ပေးတဲ့နေရာမှာလည်း နေစွမ်းအင်သုံး ဂျင်နရေတာ၊ အပူစုပ်စက်တွေကို အသုံးပြုမှာဖြစ်ပြီး ကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်က ရင်းမြစ်တွေကို ဖြုန်းတီးမှုမရှိဘဲ စောင့်ရှောက်ဖို့ဆိုတဲ့ အစ္စလာမ်သာသနာရဲ့ သင်ကြားမှုကို ထင်ဟပ်စေဖို့ဖြစ်တယ်လို့ မူရဒ်က ဆိုပါတယ်။
    ဒီ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့အတွက် ရန်ပုံငွေကို ဒေသခံ မွတ်စလင်ထောင်ပေါင်းများစွာရဲ့ လှူဒါန်းငွေတွေမကဘဲ အင်ဒိုနီးရှား၊ ဟောင်ကောင်နဲ့ အမေရိကန်တို့က မွတ်စလ်တွေရဲ့ အလှူငွေတွေလည်း ပါရှိပါတယ်။
    ဆော်ဒီ တော်ဝင်မိသားစုဝင်တစ်ဦး၊ ကာတာက အလှူရှင် တစ်ဦးတို့ကလည်း ဒီ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေးမှာ ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
  • Uber ၏ ကားပျံဝန်ဆောင်မှု ၂၀၂၀ တွင်စမည်
    Uber ၏ ကားပျံဝန်ဆောင်မှု ၂၀၂၀ တွင်စမည်
    ဧပြီ ၂၆၊ ၂၀၁၇
    M-Media
    – ကမ္ဘာ့ထိပ်တန်း အငှားကား ကုမ္ပဏီဖြစ်တဲ့ Uber က ၂၀၂၀ ခုနှစ်ကျရင် ကားပျံကွန်ယက်ကို ဒါး လက်စ်နဲ့ ဒူဘိုင်းတို့မှာ ဖြန့်ကျက်ပြီး စတင် ၀န်ဆောင်မှုပေးသွားမယ်လို့ ယနေ့က ပြုလုပ်တဲ့ သူတို့ရဲ့ Elevate Summit မှာ ပြောကြားလိုက်ပါတယ်။
    လက်ရှိမှာ ကားပျံတွေထုတ်လုပ်ဖို့အတွက် Uber ဟာ လေကြောင်း ကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေရှိနေပြီး၊ ဒီလို ကားပျံဝန်ဆောင်မှုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတာဟာ သူတို့ရဲ့ စီးပွားရေးကို ကာကွယ်ဖို့အတွက် အရေးကြီးတယ်လို့လည်း ဆိုပါတယ်။
    ကားပျံဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ်မှာ အပြည့်အ၀ လည်ပတ်နိုင်ဖို့လည်း Uber ရည်ရွယ်ထားပါတယ်။ Uber ဟာ မောင်းသူမဲ့ကား လုပ်ငန်းမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပါတယ်။
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဒီ ကားပျံတွေဟာ ခရီးသွားလာရေးမှာ ဘယ်လိုလျင်မြန်ပြီး၊ ဈေးသက်သာလဲဆိုတာနဲ့ပတ်သက်လို့ သူတို့ရဲ့ ရည်မှန်းချက်ကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။
    ဒါပေမယ့် လက်ရှိမှာတော့ ဒီရည်မှန်းချက်အတွက် ကျော်လွှားရမယ့် အခက်အခဲတွေ အများကြီး ရှိနေသေးပြီး၊ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာမှာလည်း မေးခွန်းထုတ်စရာတွေ ရှိနေပါသေးတယ်။
    Ref : CNN
  • တောင်ကိုရီးယားက ကန်ဒုံးခွင်းစနစ် အစိတ်အပိုင်းအချို့ကို တပ်ဆင်ထား
    တောင်ကိုရီးယားက ကန်ဒုံးခွင်းစနစ် အစိတ်အပိုင်းအချို့ကို တပ်ဆင်ထား
    ဧပြီ ၂၆၊ ၂၀၁၇
    M-Media
    – အမေရိကန်၏ THAAD လေကြောင်းရန် ကာကွယ်ရေးစနစ်မှ အဓိက အစိတ်အပိုင်းများကို တပ်ဆင်ပြီးဖြစ်သည်ဟု တောင်ကိုရီးယားက ပြောကြားလိုက်သည်။
    ယခုနှစ်အတွင်း အပြီးတပ်ဆင်ရန်ရှိနေသည့် အဆိုပါ လေကြောင်းရန်ကာကွယ်ရေးစနစ်၏ အားကောင်းသည့် ရေဒါကြောင့် မြောက်ကိုရီးယား၊ တရုတ်နှင့် ရုရှားတို့က လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားသည်။
    တောင်ကိုရီးယားက ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ မြောက်ကိုရီးယား၏ မြင့်တက်လာသော နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို ကျော်လွှားရန်အတွက် မိမိတို့နှင့် အမေရိကန်မှာ THAAD ကို မကြာမီ အလုပ်လုပ်သွားနိုင်ရန် အပြင်းအထန် ဆောင်ရွက်နေကာ လက်ရှိတွင် စနစ်၏ အချို့အစိတ်အပိုင်းများကို တပ်ဆင်ပြီးဖြစ်သည်ဟု ဆိုသည်။
    တောင်ကိုရီးယား၏ Yonhap သတင်းဌာနကမူ ဒုံးပစ်စင် ၆ ခု၊ ဒုံးခွင်းဒုံးကျည်အချို့နှင့် အနည်းဆုံး ရေဒါစနစ်တစ်ခု တပ်ဆင်ပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။
    အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ယမန်နေ့တွင် မြောက်ကိုရီးယားက စစ်တပ်ဖွဲ့စည်းသည့် ၈၅ နှစ်မြောက် နေ့အဖြစ် လက်နက်ကြီး စစ်ရေးလေ့ကျင်မှုကို အကြီးအကျယ် ပြုလုပ်ခဲ့သည်။
    Ref: Aljazeera
  • အမုန်းတရားလှုံ့ဆော်မှုဖြင့် မြို့တော်ဝန်တစ်ဦးကို ပြင်သစ် ဒဏ်ငွေရိုက်
    အမုန်းတရားလှုံ့ဆော်မှုဖြင့် မြို့တော်ဝန်တစ်ဦးကို ပြင်သစ် ဒဏ်ငွေရိုက်
    ဧပြီ ၂၆၊ ၂၀၁၇
    M-Media
    – နိုင်ငံအတွင်းရှိ မွတ်စလင်များကို ထိခိုက်နစ်နာစေသည့် စကားများ ပြောဆိုခဲ့သော မြို့တော်ဝန်တစ်ဦးအား ပြင်သစ် တရားရုံးက ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။
    နိုင်ငံတောင်ပိုင်း ဘီဇီယာမြို့မှ မြို့တော်ဝန် ရောဘတ် မီနာ့ဒ်ဖြစ်ပြီး ၎င်းမှာ ရွှေ့ပြောင်းအခြေချသူဆန့်ကျင်ရေး National Front ပါတီ၏ မဟာမိတ်တစ်ဦးလည်း ဖြစ်သည်။
    ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ ကျောင်းများ စဖွင့်သည့်အချိန်တွင် မီနာ့ဒ်က Twitter စာမျက်နှာ၌ ‘ကြီးမားသည့် အစားထိုးမှု’ ကို ကြုံတွေ့လိုက်ရသည်ဟု ရေးသားခဲ့ပြီး၊ စာသင်ကျောင်းများတွင် လူဖြူခရစ်ယာန် အရေအတွက်ထက် ရွှေ့ပြောင်းအခြေချသူများက များပြားမှုကို ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။
    စင်တင်ဘာ ၅ ရက်နေ့ကလည်း မီနာ့ဒ်က LCI ရုပ်သံအစီအစဉ်တွင် “ကျွန်တော့်မြို့ရဲ့ မြို့လယ်ကောင် ကျောင်းမှာ ကလေးတွေရဲ့ ၉၁ ရာခိုင်နှုန်းက မွတ်စလင်တွေဖြစ်ပါတယ်။ ဒါက ပြဿနာပါ။ သည်းခံမှုဆိုတာ အကန့်အသတ်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
    ပြင်သစ်နိုင်ငံတွင် ဘာသာရေးယုံကြည်မှု သို့မဟုတ် လူမျိုးကို အခြေခံ၍ အချက်အလက်ကောက်ယူမှုကို တားမြစ်ထားသည်။
    ထိုကိစ္စနှင့်ပတ်သက်၍ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး အဖွဲ့တစ်ခုက တရားစွဲဆိုခဲ့ပြီးနောက် ပဲရစ်ရှိ တရားရုံးက မီနာ့ဒ်အား အမုန်းတရားလှုံ့ဆော်မှုဖြင့် ယူရို ၂၀၀၀ ဒဏ်ငွေရိုက်ခဲ့သည်။ ထို့ပြင် တရားစွဲဆိုမှုအတွက် ကုန်ကျစားရိတ် ၁၀၀၀ ကို လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးအဖွဲ့အား ပေးအပ်ရန်လည်း အမိန့်ပေးခဲ့သည်။
    မီနာ့ဒ်ကမူ အဆိုပါ ဆုံးဖြတ်ချက်အတွက် ယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။
    Ref: BBC