News @ M-Media
Author: Ko Lay
  • အစ္စလာမ့်မဟာမိတ်တပ်ပေါင်းစုတွင် ပါကစ္စတန် ပါဝင်လာ
    အစ္စလာမ့်မဟာမိတ်တပ်ပေါင်းစုတွင် ပါကစ္စတန် ပါဝင်လာ
    မတ် ၃၁၊ ၂၀၁၇
    M-Media
    ဆော်ဒီစစ်သားများ စစ်ရေးပြနေစဉ်
    – ဆော်ဒီအာရေဗျ ဦးဆောင်သည့် အစ္စလာမ့် မဟာမိတ် တပ်ပေါင်းစုနှင့် ပါကစ္စတန်က ပူးပေါင်းလိုက်ပြီဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ပါကစ္စတန်မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    “ဒီတပ်ဖွဲ့ရဲ့ အခြေခံရည်ရွယ်ချက်ဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ပါ။ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး လုပ်နည်းလုပ်ဟန်တွေကို ချမှတ်သွားတော့မှာပါ” ဟု ပါကစ္စတန်နိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ နာဖီစ် ဇာကာရီယာက ပြောကြားခဲ့သည်။
    အဆိုပါ တပ်ပေါင်းစု၏ တပ်မှူးအဖြစ် ပါကစ္စတန် စစ်တပ်အကြီးအကဲဟောင်း ရာဟီးလ် ရှရစ်ဖ်ကို ခန့်အပ်ထားပြီး ရှရစ်ဖ်နှင့် ဆော်ဒီအစိုးရတို့အကြား ဆက်သွယ်မှု ရှိ၊ မရှိကို မသိဟု ၎င်းက ဆိုသည်။
    ပါကစ္စတန်မှာ အဆိုပါ တပ်ပေါင်းစုနှင့် တရားဝင် ဆက်သွယ်ပါဝင်နေပြီလာဟု မေးမြန်းရာတွင် “ကျွန်တော်တို့ဟာ အဲဒီအဖွဲ့ရဲ့ အစိတ်အပိုင်း ဖြစ်နေပါပြီ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
    Ref: Alarabiya
  • မလေးရှားထိန်းသိမ်းရေးစခန်းတွင် နိုင်ငံခြားသားများသေဆုံးမှု များပြား
    မလေးရှားထိန်းသိမ်းရေးစခန်းတွင် နိုင်ငံခြားသားများသေဆုံးမှု များပြား
    မတ် ၃၁၊ ၂၀၁၇
    M-Media
    မလေးရှား ထိန်းသိမ်းရေးစခန်း မြင်ကွင်းတစ်ခု
    – မလေးရှား လူဝင်မှုကြီးကြပ်ရေး၏ ထိန်းသိမ်းရေးစခန်းများတွင် ၂ နှစ်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးက အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
    ပြည်သူသို့ ချမပြသောအဆိုပါ အစီရင်ခံစာကို Reuters သတင်းဌာနက ရရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ ရောဂါအမျိုးမျိုးနှင့် သေဆုံးခြင်း၊ မည်သည့်အကြောင်းအရင်းမှန်းမသိဘဲ သေဆုံးခြင်းတို့ ရှိသည်ဟု ဖော်ပြထားသည်။
    ၂၀၀၅ ခုနှစ်တွင် သေဆုံးသူ နိုင်ငံခြားသားအရေအတွက်မှာ ၈၃ ဦးရှိပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့အထိ အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်။
    သေဆုံးသူ ၁၁၈ ဦး၏ ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံမှဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံခြားသားများ သေဆုံးမှုမှာ အိမ်နီးချင်းနိုင်ငံများထက် ပိုများနေလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရဘဲ၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က အစိုးရတာဝန်ရှိသူများမှာ ၎င်းတို့နိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် နိုင်ငံခြားသားများ သေဆုံး
    မှုကို Reuters သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
    မလေးရှား၏ ယခုအရေအတွက်မှာ အမေရိကန်နှင့်ယှဉ်လျှင် အလွန်များပြားနေပြီး၊ မလေးရှားထက် ပိုမိုကြီးမားပြီး၊ လူပိုများသည့် အမေရိကန်၏ ထိန်းသိမ်းရေးစခန်းများတွက် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံခြားသား ၁၀ ဦးသာ သေဆုံးခဲ့သည်။
    Ref: Aljazeera
  • ပါကစ္စတန်တွင် ရှီအာလူနည်းစုကို ပစ်မှတ်ထားသည့် ဗုံးခွဲမှုဖြစ်
    ပါကစ္စတန်တွင် ရှီအာလူနည်းစုကို ပစ်မှတ်ထားသည့် ဗုံးခွဲမှုဖြစ်
    မတ် ၃၁၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူမျိုးစုများနေထိုင်ရာ ဝေးလံခေါင်ဖျားသည့်ဒေသမှ ပါရာချီနာမြို့တွင် ဗလီဝတ်ကျောင်းတော်ကို ပစ်မှတ်ထားသည်ဟု ယူဆရသည့် ဗုံးကွဲမှုတစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၅ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။
    အဝေးထိန်းကိရိယာဖြင့် ဖောက်ခွဲသည်ဟု ယုံကြည်ရသည့် အဆိုပါ ပေါက်ကွဲမှုမှာ ရှီအာ ဗလီဝတ်ကျောင်းတော်၏ ၀င်ပေါက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
    သေဆုံးသူများတွင် အမျိုးသမီးတစ်ဦးနှင့် ကလေး ၂ ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူမှာ ၄၀ နီးပါးရှိသည်ဟု ဆိုသည်။ အစိုးရကမူ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရန်အတွက် ရဟတ်ယာဉ်များကို စေလွှတ်ပေးထားသည်။
    ပါရာချီနာမြို့မှာ ရှီအာမွတ်စလင် ကာရ်ရမ် လူမျိုးစုဒေသ၏ မြို့တော်ဖြစ်ပြီး ရှီအာများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများစွာ ဖြစ်ပွားသည့် နေရာလည်းဖြစ်သည်။
    ဇန်န၀ါရီလက ပါရာချီနာရှိ ကုန်စိမ်းဈေးတွင် ဗုံးကွဲမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ပြီး ၈၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့်လကလည်း ပါကစ္စတန်တောင်ပိုင်းရှိ ဆူဖီသူတော်စင်တစ်ဦး၏ ဂူဗိမာန်တွင် ဗုံးကွဲမှုကြောင့် လူ ၇၀ ကျော် သေဆုံးကာ၊ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။
    ရှီအာများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို IS နှင့် အလ်ကိုင်းဒါတို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများက ဆောင်ရွက်ကြခြင်းဖြစ်သည်။
    Ref: Aljazeera
  • အိန္ဒိယက မြန်မာကို ဒေါ်လာ ၃၈ သန်းဖိုး တော်ပီဒိုများ ပေးအပ်မည်
    အိန္ဒိယက မြန်မာကို ဒေါ်လာ ၃၈ သန်းဖိုး တော်ပီဒိုများ ပေးအပ်မည်
    မတ် ၃၁၊ ၂၀၁၇
    M-Media
    နှစ်နိုင်ငံက ပူးပေါင်း ကင်းလှည့်ရေး သဘောတူညီမှုအခမ်းအနားကို တွေ့ရစဉ်
    – အိန္ဒိယက ၎င်းတို့၏ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောဖျက် တော်ပီဒိုဒုံးကျည်များကို မြန်မာနိုင်ငံအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကန်ဒေါ်လာ ၃၇.၉ သန်းတန် အဆိုပါစာချုပ်မှာ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရာတွင် နောက်ဆုံး ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။
    အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) ၏ အကြီးအကဲ ဒေါက်တာ အက်စ် ခရစ္စတိုဖာက မိမိတို့အနေဖြင့် ယခင်က အသံလှိုင်းသုံး ရှာဖွေရေးကိရိယာအပါအ၀င် ရေတပ်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီးနောက် ယခုကဲ့သို့ အပေါ့စား တော်ပီဒိုများ ပေးအပ်ခြင်းဖြစ်သည်ဟု မတ်လ ၂၄ ရက်နေ
့တွင် ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ပြီး၊ အိန္ဒိယရေတပ်က မြန်မာရေတပ်မှ တပ်မတော်သားများအား လေ့ကျင့်ပေးခြင်း၊ လေ့ကျင့်ရေးစက်များ ပေးအပ်ခြင်းတို့လည်း ရှိခဲ့သည်။
    ယခု မြန်မာနိုင်ငံသို့ ရောင်းချမည့် တော်ပီဒိုမှာ DRDO မှ တီထွင်ထုတ်လုပ်ပြီး Shyena ဟု အမည်ရသော အဆင့်မြင့် တော်ပီဒိုဖြစ်သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြကြသည်။
    Ref: Diplomat
  • တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေး ဖမ်းဆီးခံရ
    တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေး ဖမ်းဆီးခံရ
    မတ် ၃၁၊ ၂၀၁၇
    M-Media
    တရားရုံးသို့ ကြားနာရန်လာရောက်စဉ်က တွေ့ရသည့် ပက်ဂျုံဟေး
    – ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ ခံနေရသည့် သမ္မတဟောင်း ပက်ဂျုံဟေးကို တောင်ကိုရီးယားက ယနေ့မနက်တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    အစိုးရရှေ့နေများက ပက်အား ဖမ်းဝရမ်းထုတ်ပေးရန် တရားရုံးသို့ ပြီးခဲ့သည့်တစ်ပတ်က တောင်းဆိုခဲ့ပြီး ယနေ့တွင် တရားရုံးက ၀ရမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
    ဆိုးလ် ဗဟိုခရိုင်တရားရုံးက ထုတ်ပြန်သော ကြောငြာချက်တွက် ပက်ဂျုံဟေးအပေါ် ပြုလုပ်ထားသည့် အဓိက စွဲချက်များ၊ ၎င်းအနေဖြင့် သက်သေများကို ဖျောက်ဖျက်ပစ်နိုသည်ဆိုသည့် စိုးရိမ်မှုတို့ကို အသိအမှတ်ပြုသည့်အတွက်ကြောင့် ယခုကဲ့သို့ ၀ရမ်းထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
    အစိုးရရှေ့နေများမှာ တရားသူကြီးထံသို့ စာမျက်နှာ ၁၂၀၀၀၀ ပါဝင်သည့် အထောက်အထားများကိုလည်း ပေးအပ်ထားသည်။
    Ref: Press TV