News @ M-Media

Author: Ko Lay

  • ပုပ်ရဟန်းမင်းကြီးဖရန်စစ် မီလန်မြို့မှ မွတ်စလင်အိမ်တစ်အိမ်ကို သွားရောက်လည်ပတ်

    ပုပ်ရဟန်းမင်းကြီးဖရန်စစ် မီလန်မြို့မှ မွတ်စလင်အိမ်တစ်အိမ်ကို သွားရောက်လည်ပတ်

    မတ် ၂၉၊ ၂၀၁၇
    M-Media

     

    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မနေ့က မီလန်မြို့ အိမ်ယာတစ်ခုက မွတ်စလင်မိသားစုအိမ်တစ်အိမ်ကို သွားရောက်လည်ပတ်ခဲ့ပြီး ထူးခြားတဲ့ လက်ဆောင်တစ်ခုကိုလည်း ရရှိခဲ့ပါတယ်။

    မော်ရိုကနေ ရွှေ့ပြောင်းအခြေချလာပြီး လက်ရှိ မီလန်မှာ အာရဘီစာ သင်ကြားပေးနေတဲ့ မီဟူလ် အဘ်ဒဲလ် ကရင်မ်ဆိုသူရဲ့ နေအိမ်ဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီးရဲ့ ရုတ်တရက်လာရောက်လည်ပတ်မှုအတွက် ကရင်မ်တို့မိသားစုက အံ့သြခဲ့ရပါတယ်။

    ကရင်မ်ဟာ သူရဲ့ ဇနီး ဟာနာနီ၊ သားဖြစ်သူ မဟ်မူးဒ်၊ သမီးဖြစ်သူ ဂျီနာနီတို့နဲ့ ပုပ်ရဟန်းမင်းကြီးကို မိတ်ဆက်ပေးခဲ့ပါတယ်။

    နောက်ပြီး ဘုရားသခင်ရဲ့ ဂုဏ်တော် ၉၉ ပါးကို အာရဘီလို စီချယ်ရေးသားထားတဲ့ ကားချပ်တစ်ခုကို ကရင်မ်က ပုပ်ရဟန်းမင်းကြီးကို ပေးအပ်ခဲ့ပြီး၊ သားဖြစ်သူ မဟ်မူးဒ်ကလည်း ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ညီညွတ်မှုကို ဖော်ကျူးတဲ့ ကိုယ်တိုင်ရေး ရုပ်ပုံလေးတစ်ခုကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ အဲဒီအိမ်ယာက အခြားမိသားစုတွေထံလည်း သွားရောက်လည်ပတ်ခဲ့ပြီး နောက်ပိုင်းမှာ အကျဉ်းထောင်း အကျဉ်းသားတွေကိုလည်း သွားရောက် အားပေးခဲ့ပါတယ်။

    Ref: 4News

  • ဥရောပမှခွဲထွက်ရေးလုပ်ငန်းစဉ် ဗြိတိန် စတင်

    ဥရောပမှခွဲထွက်ရေးလုပ်ငန်းစဉ် ဗြိတိန် စတင်

    မတ် ၂၉၊ ၂၀၁၇
    M-Media

    – ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ၂ နှစ်တာကြာမြင့်မည့် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်များကို ဗြိတိန်က ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။

    လစ္စဘွန်းသဘောတူညီချက်၏ အပိုဒ် ၅၀ ကို အသိပေးအကြောင်းကြားမှုနှင့် ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ဗြိတိန်၏ တရားဝင်အသိပေးစာကို ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တက်စ်ထံသို့ ဘရက်ဆဲလ်ရှိ ဥရောပဆိုင်ရာ ဗြိတိန်သံအမတ် တင်မ်ဘာရိုးက ယနေ့တွင် လွှဲပြောင်းပေးအပ်ခြင်းဖြင့် ခွဲထွက်ရေး လုပ်ငန်းစဉ်ကို
    စတင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ စာလွှာများ၏ မိတ္တုများကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံသို့ ဖြန့်ဝေသွားမည်ဖြစ်သည်။

    ထိုစာလွှာပေးအပ်မှုနှင့် တိုက်ဆိုင်စွာ ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အရေးကြီးသောခရီးစဉ် စတင်မှုတွင် ညီညွတ်မှုရှိရန် တိုင်းပြည်ကို တိုက်တွန်းခဲ့သည်။

    ဥရောပသမဂ္ဂမှ ထွက်ခြင်း၏ အကျိုးဆက်များကို မိမိအနေဖြင့် သိရှိနားလည်းပြီး၊ မိမိတို့မှာ လွတ်လပ်စွာ သွားလာမှုကို လက်မခံဘဲ ဥရောပ စီးပွားရေးဈေးကွက်တွင် ဆက်လက်တည်ရှိသွားမည်ဟုလည်း မေက ပြောကြားခဲ့သည်။

    ဗြိတိန်မှာ ဥရောပမှခွဲထွက်ရေးအတွက် ပြီးခဲ့သည့်နှစ် ဇွန်လက ပြည်သူဆန္ဒခံယူခဲ့ပြီး ထောက်ခံမဲ ၅၂ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ ၄၈ ရာခိုင်နှုန်း ရရှိခဲ့သည်။

    Ref: Aljazeera

  • ရော်နယ်ဒို၏ ဇာတိမှ လေဆိပ်ကို ၎င်းအမည်ပေး

    ရော်နယ်ဒို၏ ဇာတိမှ လေဆိပ်ကို ၎င်းအမည်ပေး

    မတ် ၂၉၊ ၂၀၁၇
    M-Media

    – ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို မွေးဖွားရာ မဒီရာကျွန်းမှ လေဆိပ်ကို ၎င်း၏အမည် ပေးခဲ့ပြီး ရော်နယ်ဒိုကမူ မိမိအနေဖြင့် ဂုဏ်ယူမိသည်ဟု ပြောကြားခဲ့သည်။

    ပေါ်တူဂီနိုင်ငံ အနောက်တောင်ပိုင်းရှိ အဆိုပါကျွန်းမှ လေဆိပ်ကို ရော်နယ်ဒို၏အမည် ပေးမည်ဟု ပြီးခဲ့သည့်နှစ်ကတည်းက ကြေငြာခဲ့ပြီး၊ ယနေ့တွင် နာမည်ပြောင်းလဲမှုအတွက် တရားဝင်အခမ်းအနား ကျင်းပခဲ့သည်။

    ‘ခရစ္စတီယာနို ရော်နယ်ဒို လေဆိပ်’ ဟု အမည်ပေးမှုအပြင် ၎င်း၏ ဦးခေါင်းပုံ ရုပ်ထုကိုလည်း ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ ရော်နယ်ဒိုကိုယ်တိုင် တိုက်ရောက်ခဲ့သည်။

    “ဒီနေရာမှာ ကျွန်တော့်ကို ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလေဆိပ်ကို ကျွန်တော့်နာမည်ပေးတာ မြင်ရတာဟာ တော်တော်လေးကို ထူးခြားတဲ့ ကိစ္စပါ။ ကျွန်တော့်တိုင်းပြည်အတွက်၊ အထူးသဖြင့် ကျွန်တော့် မွေးရပ်မြေအတွက် ကျွန်တော် ဂုဏ်ယူတယ်ဆိုတာ လူတိုင်းက သိကြပါတယ်။ ဒီလို လုပ်ဖို့အတွက်
    မယိမ်းယိုင်ဘဲ သတ္တိရှိခဲ့တဲ့ ပြည်နယ်အစိုးရ အကြီးအကဲ မီဂွဲလ် အလ်ဘူကာကွီကိုလည်း ကျွန်တော် ကျေးဇူး အထူးတင်ရှိပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    မဒီရာကျွန်း၏ မြို့တော်ဖြစ်ပြီး ရော်နယ်ဒိုမွေးဖွားရာ ဖန်ချဲလ်မြို့တွင်လည်း ရောနယ်ဒို၏ ရုပ်ထုကို ထုလုပ်ဂုဏ်ပြုထားသည်။

    ယခုကဲ့သို့ အမည်ပေးမှုအတွက် ဒေသတွင်းရှိ အချို့သော နိုင်ငံရေးသမားများက ကန့်ကွက်ခဲ့ကြပြီး ရော်နယ်ဒိုကမူ စွန့်လွှတ်မှု၊ ဂုဏ်ရှိမှုနှင့် စိတ်နှစ်မြှုပ်မှုတို့ဖြင့် ပေါ်တူဂီ၊ အထူးသဖြင့် မဒီရာဒေသကို ဂုဏ်တက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အာရပ်လိဂ်၏ ၂၈ ကြိမ်မြောက်အစည်းအဝေး ယနေ့ စတင်

    အာရပ်လိဂ်၏ ၂၈ ကြိမ်မြောက်အစည်းအဝေး ယနေ့ စတင်

    မတ် ၂၉၊ ၂၀၁၇
    M-Media

    – အာရပ်လိဂ် (Arab League) ၏ ၂၈ ကြိမ်မြောက် နှစ်ပတ်လည်အစည်းကို ဂျော်ဒန်နိုင်ငံ မြို့တော် အမ်နန်၌ ယနေ့တွင် စတင်ကျင်းပခဲ့ပြီး ခေါင်းဆောင်များ၏ မိန့်ခွန်းတွင် ပါလက်စတိုင်းအရေး၊ ဆီးရီးယားနှင့် ယီမင်အရေးတို့ကို အလေးထား ထည့်သွင်းပြောကြားခဲ့သည်။

    ဂျော်ဒန်ဘုရင် အဘ်ဒူလာက လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ မတည်ထောင်ဘဲနှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး မရနိုင်ဟု ဆိုပြီး ထိုကဲ့သို့ နှစ်နိုင်ငံတည်ရှိရေးမူမှာ အာရပ်-အစ္စရေး ပြည့်ဝသော ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အခြေခံဖြစ်သည်ဟုလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဆော်ဒီဘုရင် အဘ်ဒူလာက ယီမင်ပြဿနာတွင် ငြိမ်းချမ်းသောအဖြေတစ်ခု ရရှိရန် မိမိတို့က လိုလားကြောင်း၊ နိုင်ငံတည်ငြိမ်ရေးမှာ အလွန်အရေးကြီးပြီး ပင်လယ်ကွေ့နိုင်ငံများ၏ အဆိုပြုချက်ကို အခြေခံကာ အဖြေရှာရမည်ဟုလည်း ဆိုသည်။

    ထို့ပြင် ဆီးရီးယား၌ အစိုးရနှင့် အတိုက်အခံတို့အကြား လက်ရှိဆောင်ရွက်နေသော ဆွေးနွေးမှုများမှာ နိုင်ငံရေးလုပ်ငန်းစဉ်ကို အစပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ လစ်ဗျားနှင့် ယီမင်တို့တွင် တည်ငြိမ်အေးချမ်းမှုရှိရေး ဆောင်ရွက်မှုများကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့သည်။

    အာရပ်လိဂ် အတွင်းရေးမှူးချုပ် အဟ်မဒ် အဘူလ်-ဂဟစ်က ပါလက်စတိုင်းပြဿနာမှာ ဒေသတွင်း၌ အဓိက အာရုံစိုက်ရာကိစ္စ ဖြစ်နေသည်ဟု ဆိုသည်။

    ၂ ရက်တာကြာမြင့်မည့် အဆိုပါ အာရပ်ညီလာခံတွင် အာရပ်လိဂ်အဖွဲ့ဝင် ၂၂ နိုင်ငံမှ ခေါင်းဆောင်းအများအပြား တက်ရောက်ခဲ့ကြပြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ဆီးရီးယားဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စတက်ဖန် ဒီ မစ္စတူရာ၊ အမေရိကန်နှင့် ရုရှားမှ သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။

    Ref: Alarabiya

  • မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို နှောင့်နှေးသွားစေသည့် ဦးကိုနီ လုပ်ကြံခံရမှု

    မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို နှောင့်နှေးသွားစေသည့် ဦးကိုနီ လုပ်ကြံခံရမှု

    မတ် ၂၉၊ ၂၀၁၇

    M-Media

    – ဦးကိုနီတစ်ယောက် လေယာဉ်ပေါ်မှဆင်းကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး၏ ကားအ၀င်ထွက်သွားရာ ပလက်ဖေါင်းပေါ်တွင် ရပ်နေချိန်။ ရန်ကုန်ဆိုတာ မြန်မာပြည်က အကြီးဆုံးမြို့။ သူက အရပ်က ခပ်မြင့်မြင့်၊ ဆံပင်က ခပ်ဖွေးဖွေး၊ ရှေ့နေတစ်ယောက်၊ သုံးနှစ်သားအရွယ် မြေးကလေးကို လက်ကချီထားစဉ်မှာ ခရီးသည်တွေကတော့ ဖုန်းပြော သူပြော၊ အငှားကားပေါ် တက်တဲ့သူတက်နဲ့ အလှုပ်ရှုပ်နေကြပါတယ်။

    အဲဒီအချိန်မှာ ဦးကိုနီရဲ့ အနောက်မှာ ဘောင်းဘီတိုနဲ့ ခြေညပ်ဖိနပ်ကို စီးပြီး ရပ်နေတဲ့ လူတစ်ယောက်ကို ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။ အဲဒီလူက ၉ မမ ပစ်စတိုကို ဆွဲထုတ်ပြီး ဦးကိုနီရဲ့ ခေါင်းကိုတေ့ကာ မောင်းဖြုတ်ချလိုက်ပါတယ်။

    ဒီ လူတစ်ယောက်လုံး သေဆုံးသွားလောက်အောင် ပစ်ခတ်မှုဟာ မြန်မာပြည်ရဲ့ အထင်ရှားဆုံး ရှေ့နေတစ်ယောက်ရဲ့ အသံကို တိုးတိတ်သွားစေယုံသာမဟုတ်။ စစ်အာရှင်ရဲ့ မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပိတ်ကားနောက်မှာ အန္တရာယ်ကောင်တွေ ရှိနေတယ်ဆိုတာကိုပြသလိုက်တာလည်း ဖြစ်ပါတယ်။

    တကယ်တော့ အရင်က ဘားမားလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်လာခဲ့တာ ရာစု နှစ် တစ်ဝက်ကျော်မက ရှိခဲ့ပါပြီ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေမှာလည်း တစ်ချို့ဆို ကြက်ကလေး ငှက်ကလေးလို ထောင်ထဲမှာ ပျောက်တဲ့ သူကပျောက်၊ သေတဲ့သူက သေနဲ့၊ ၂၀၁၀ -ခုနှစ် ရောက်တော့မှ စစ်တပ်က အရပ်သား အုပ်ချုပ်ရေးကို စတင် လွှဲပြောင်းခဲ့တာပါ။

    ၂၀၁၅-ခုနှစ်ရောက်တော့ လူထုထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက ပါလီမန်နှစ်ရပ်စလုံးမှာ အများဆုံး အနိုင်ရတယ်၊ အိုဘားမား အစိုးရကလည်း အောက်တိုဘာလနှောင်းပိုင်းမှာ စီးပွားရေးပိတ်ဆို့မှု့တွေကို ဖယ်ရှားပေးခဲ့တယ်။ အဲလိုနဲ့ မြန်မာပြည်လည်း နိုင်ငံတကာ အသိုင်းဝိုင်းကို ပြန်လည် ၀င်ဆံ့လာခဲ့တော့တယ်။

    ဒါပေမဲ့ လူဦးရေ ငါးဆယ့်သုံးသန်းလောက်ရှိတဲ့ ဒီနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး မစတင်ခင် ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း စစ်တပ်က အဓိက အာဏာကို ဆုပ်ကိုင်ထားဆဲပါ။

    ဦးကိုနီကတော့ စစ်တပ်ကိုလည်း မနာစေ၊ သာလည်း မသာစေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပ မူကြမ်းသစ်ကို ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အချိန်ပေး ရေးဆွဲခဲ့ပါတယ်။ ဒါကြောင့် ဇန်န၀ါရီက သူလုပ်ကြံခံရခြင်းဟာ လူထုခေါင်းဆောင်းတွေကို တုန်လှုပ်သွားစေခဲ့ပြီး ဒီလုပ်ရပ်ဟာ ပြုပြင်ပြောင်းလဲရေးသမားတွေကို သတိပေးလိုက်တာဖြစ်တယ်လို့ သူတို့က ရှုမြင်ခဲ့ကြပါတယ်။

    “နိုင်ငံရေးတိုးတက်မှုအပေါ် သည်းမခံနိုင်တဲ့ သူတွေက ဒါမျိုး လုပ်ခဲ့ကြတာ ဖြစ်တယ်။”  လို့ ရန်ကုန်မြို့က အကျိုးအမြတ်မယူတဲ့ စမိုင်း ပညာရေးနှင့် ဖွံဖြိုးရေးဖေါင်ဒေး ရှင်းကို ဦးဆောင်သူ ဦးမျိုးဝင်း က ၀ါရှင်တန်ပိုစ်ကို ပြောပြပါတယ်။ “တကယ်တော့ဗျာ၊ ကျန်ခဲ့တဲ့ သူတွေ အတွက်တော့ စိုးရိမ်စရာပါပဲ။ ”

    အာဏာပိုင်တွေ ဘက်ကတော့ ဒီ လုပ်ကြံသတ်ဖြတ်မှုကို စစ်တပ်အရာရှိဟောင်း ၃ ဦးက စီစဉ်တာဖြစ်ပြီး ရာဇ၀တ်သားဟောင်းတစ်ဦးကို သတ်ဖြတ်ဖို့ ငှားခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်သမားနဲ့ သံသယရှိတဲ့ တရားခံ နှစ်ဦးကတော့ အဖမ်းခံခဲ့ရပြီး တတိယမြောက် တရားခံဖြစ်တဲ့ ဒု-ဗိုလ်မှူးကြီးဟောင်း တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

    ဦးကိုနီရဲ့ မြေးလေးကတော့ ဒီပစ်ခတ်မှု့မှာ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်၊ သို့သော် အကြမ်းဖက် သေနတ်သမားက သူ့နောက်ကို လိုက်တဲ့ တက္ကစီမောင်းသမား တစ်ယောက်ကိုလည်း ပစ်သတ်ခဲ့ပြန်ပါသေးတယ်။

    ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေက တရားခံတွေဟာ အစွန်းရောက်မျိုးချစ်စိတ်ကြောင့် လုပ်ကြံခဲ့ကြတာ ဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဦးကိုနီတင်ခဲ့တဲ့ ပိုစ်တွေကြောင့် ဒေါသထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘယ်လိုရေးလို့လဲ ဆို တာကိုတော့ သူက ထုတ်ဖေါ်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ အသက်ခြောက်ဆယ့်သုံးနှစ်အရွယ် ဦးကိုနီထက်စာရင် ပိုပြီး စိုးရိမ်စရာလို့ ယူဆရမယ့် လူနည်းနည်း ရှိနေပါတယ်။

    ဦးကိုနီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအတွက် အကြံပေးနေရတဲ့အပြင်၊ ဗုဒ္ဓဘာသာ လူအများစု ရှိတဲ့ တိုင်းပြည်မှာ ဘ၀တူ မွတ်စလင်တွေရဲ့ အခွင့်ရေးတွေကို ခုခံကာကွယ်နေရင်း သူဟာ ကန့်လန့်ကာ နောက်ကွယ်မှာပဲ အမြဲနေပြီး လူမသိ သူမသိ၊ စစ်အာဏာရှင်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းသွားဖို့ ရဲရဲရင့်ရင့်နဲ့ အကွက်ရွေ့နေခဲ့ပါတယ်။

    ဒီဖွဲ့စည်းပုံအရ အရပ်သားတွေအပေါ် အုပ်ချုပ်မှုတစ်ခုလုံးကို စစ်တပ်က ချုပ်ကိုင်နိုင်တဲ့ အခွင့်အရေးကိုပေးထားပြီး ဒီအခြေခံဥပဒေ ရှိနေသမျှ ‘စစ်တပ်ဟာ တိုင်းပြည်ကို အခြေခံကအစ လွှမ်းမိုးနေမှာ ဖြစ်တယ်လို့’ မိတ်ဆွေတွေကို ဦးကိုနီက ပြောကြားခဲ့ကြောင်း ၁၉၈၀ ပြည့်နှစ်ကလောက်ကတည်းက မြန်မာ့အရေးတွေကို လေ့လာနေတဲ့ ဂျာနယ်လစ် ဘာတေးလ် လစ်တနာက ပြောကြားခဲ့ပါတယ်။

    ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သတ်လာရင် ဘယ်အပြောင်းလဲပဲ လုပ်လုပ်၊ ထိထိရောက်ရောက် သုံးဖို့ စစ်တပ်က ဗီတို အာဏာ ကို ကိုင်စွဲထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီပြင်ဆင်ချက်တွေကို အတည်ဖြစ်ဖို့ဆိုရင် လွှတ်တော်မှာ ထောက်ခံမှု သုံးပုံ နှစ်ပုံ ရဖို့ လိုပါတယ်။ စစ်တပ်အတွက် လွှတ်တော်မှာ သုံးပုံတစ်ပုံ နေရာဖယ်ပေးထားရပါတယ်။ လွှတ်တော်မှာ မဲအများဆုံးနဲ့ ဖွဲ့စည်းပုံကို ပလပ်ပစ်လိုက်ဖို့ ဟာကွက်တစ်ခုတော့ တွေ့ရမယ်လို့ ဦးကိုနီက မျှော်လင့်ထားပါတယ်။

    “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒမှာ မဲခွဲမှုတစ်ကြိမ်တည်းလုပ်ပြီး ဖွဲ့စည်းပုံကို ဖျက်ပစ်လို့ မရဘူးလို့ မပါပါဘူး။ သူက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ တကယ့်ကို ပညာရှင်ပဲဗျ၊ ဂယ်ပေါက် ဟာပေါက်တွေကို ကြံကြံဖန်ဖန် ရှာတဲ့နေရာမှာ တကယ့်ကို လူတော်ပဲဗျ” လို့  သူနဲ့ နှစ် ပေါင်းများစွာကြာအောင် ရင်းနှီးလာခဲ့တဲ့ လစ်တနာက ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ သူဟာ တိုင်းပြည်ရဲ့ အကျော်ကြားဆုံး နိုင်ငံရေးပုဂ္ဂိုလ် အောင်ဆန်းစုကြည်ကို ဥပါယ်တံမျဉ် နဲ့ အစိုးရ ခေါင်းဆောင်လုပ်ဖို့ တစ်နေရာစာ ဖန်တီးပေးခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့ အမျိုးသားဟာ နိုင်ငံခြား သားဖြစ်တာကြောင့် သူမကို နိုင်ငံတော်သမ္မတ မဖြစ်အောင် ကာကွယ်တားဆီထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ကွက် ကို ရှောင်တိမ်းပြီး နိုင်ငံတော်သမ္မတအထက်မှာ နေရာယူလို့ရတဲ့ တိုင်းပြည်ရဲ့ အာဏာအရှိဆုံး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးတစ်နေရာကို ဖန်တီးပေးခဲ့ပါတယ်။

    ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးကိုနီရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖယ်ရှားပစ်မယ့် အကြံအစည်ဟာ “သိပ်ပြီး အန္တရာယ်ရှိတယ်” လို့ ထင်မြင်ယူဆတယ်လို့လည်း လစ်တနာက ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသဘောထား ဆက်ရှိနေဆဲဖြစ်တယ်လို့ ပါတီအရာရှိကြီးတွေက ပြောခဲ့ပေမဲ့၊ ဦးကိုနီသာလျှင် ဒီကြိုးပမ်းမှုတွေကို ပြိုင်ဘက်ကင်းကင်းနဲ့ အတုမရှိ ဦးဆောင်နိုင်တဲ့ အရည်ချင်းရှိတယ်လို့ ကျွမ်းကျင်သူ တော်တော်များများက ယုံကြည်နေကြပါတယ်။

    Human Rights Watch ရဲ့ အာရှဆိုင်ရာအဖွဲ့ဝင် ရစ်ချတ် ၀ီယာက ပြောရာမှာ “သူတို့ရဲ့ နည်းပညာရှင်နဲ့ ဥပဒေအကြံ ပေး အဓိကလူတစ်ယောက် ဆုံးရှုံးသွားရတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေးအတွက် လုပ်ငန်းတော်တော် များများကို နှောင့်နှေးသွားစေမှာတော့ အသေချာပါပဲ။”

    ဦးကိုနီဟာ မကြခဏဆိုသလို စာနယ်ဇင်းသမားတွေနဲ့ ပြည်သူ့ဖိုရမ်တွေမှာ သူရဲ့ အိုင်ဒီယာတွေကို ချပြလေ့ရှိကြောင်း၊ နိုင်ငံခြားသတင်းထောက်တွေတောင် သူက အင်္ဂလိပ်လို ပြောဆိုရှင်းပြတတ်ကြောင်း၊ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ လလောက်တုန်းက သူခြိမ်းခြောက်ခံနေရတယ်လို့ ခံစားရကြောင်း ဦးမျိုးဝင်းကို အတွင်းစကား အသိပေးခဲ့ပါသေးတယ်။

    “စစ်တပ်နဲ့ ရင်းနှီးတဲ့ လူတစ်ယောက် ကျနော့်ဆီကို လာပြီး သူရရွှေမန်းပြီးရင် ဒီလူဟာ သူတို့ရဲ့ ဒုတိယအကြီးဆုံး ရန်သူပဲ”လို့ လာပြောကြောင်း ဦးမျိုးဝင်းက ဆိုပါတယ်။ ဦးရွှေမန်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ တွန်းအားပေးခဲ့တယ်ဆိုတဲ့  အကြောင်းပြချက်တွေနဲ့ ၂၀၁၅-ခုနှစ်မှာ စစ်တပ်က ကျောထောက်နောက်ခံပြုထား တဲ့ ကြံခိုင်ရေးပါတီကနေ ပထုတ်ခြင်းကို ခံလိုက်ရပါတယ်။

    အောက်တိုဘာလက လားရှိုးမြို့က အခမ်းနားတစ်ခုမှာ ဦးကိုနီ အမှာစကားပြောကြားရာမှာ တက်ရောက်လာသူ လူနှစ်ရာကျော်နဲ့အတူ ရောပြီး အရပ်ဝတ်တွေနဲ့ စစ်ထောက်လှမ်းရေးအရာရှိ ၁၀ ယောက်လောက် တက်ရောက်နားထောင်ခဲ့ပါတယ်။

    “သူဘယ်ရောက်နေလဲဆိုတာ သူတို့က အမြဲတမ်း သိနေတယ်ဗျ၊” လို့ ကိုမျိုးဝင်းက ပြောခဲ့ပါသေးတယ်။

    ဒါပေမဲ့ ဦးကိုနီကတော့ သူ့ရဲ့ကြောက်စိတ်ကို သူ့မိသားစုဝင်တွေ ရှေ့မှာ မပြသခဲ့ပါဘူး။ သူ့ရဲ့သား စင်္ကာပူမှာ ဆော့ဝဲလ် အင်ဂျင်နီယာ အလုပ်လုပ်နေတဲ့ သန့်စင်ဦးကတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ သူ့အဖေကို တိုက်ခိုက်တာတွေလုပ်နေတာတွေကိုတော့ သူ သတိထားမိတဲ့အကြောင်း၊ ဒါပေမဲ့ အခုလိုမျိုး ထိခိုက် နာကျင်တဲ့အထိ ဖြစ်သွားစေမယ်လို့တော့ သူမထင်ကြောင်း ပြောခဲ့ပါတယ်။

    “ဒီလောက် အွန်လိုင်းပေါ်ကနေ သူ့ကို အဆက်မပြတ် စော်ကားနေတာတောင်မှ သူဟာ တစ်ချက်ကလေးမှ ကျွန်တော် တို့ကို စိုးရိမ်ပူပန်စိတ် ဖြစ်သွားအောင် တစ်လုံးတပါဒမှ မပြောခဲ့ဘူး ခင်ဗျ ”လို့ သူ့သားက ပြောခဲ့ပါတယ်။

    ဦးကိုနီရဲ့ ဘာသာရေးယုံကြည်ချက်တွေကို ထိခိုက်စေမဲ့ တစ်ချို့ အာမနာပ ပြောစကားတွေကိုလည်း သူရင်ဆိုင်ခဲ့ရပါ တယ်။ မြန်မာလူဦးရေရဲ့ ငါးရာခိုင်နှုန်းတောင် မပြည့်တဲ့ မွတ်စလင်တွေဟာ မြင့်တက်လာနေတဲ့ ဗုဒ္ဓဘာသာ အမျိုးသား ရေး ၀ါဒီတို့ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပါတယ်။ အဓိကအားဖြင့်တော့ ရခိုင်ဒေသရဲ့ အနောက်ဖက်ပိုင်းမှာပါ။ အဲဒီနေ ရာမှာ ရိုဟင်ဂျာလူမျိုးစုတွေဟာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံနေရပြီး စနစ်တကျ ဖိနှိပ်ညှင်းပမ်းမှုကို ခံနေရပါတယ်။

    ဦးကိုနီဟာ ရိုဟင်ဂျာ တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလူအဖွဲ့အစည်းက ရင်ဆိုင်နေရတဲ့ တရားမဲ့မှုတွေကိုတော့ သူက ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာအတွက် မွတ်စလင်တစ်ဦးတစ်လေမှ မရွေးချယ်ခဲ့တာနဲ့ ပတ်သတ်ပြီးတော့လည်း သူ့ပါတီကို ပြန်လည်ဝေဖန်ခဲ့ပါတယ်။ သူ့ပါတီရဲ့ ဒီလုပ်ရပ်ဟာ ဗုဒ္ဓဘာသာ အစွန်းရောက်သမားတွေကို ချွေးသိပ်ပေးလိုက်ပုံရပါတယ်။

    “တမင်တကာ ပုန်းရှိုးကွယ်ရှိုးနေနေတဲ့ မွတ်စလင်ရှေ့နေတွေ မြန်မာနိုင်ငံမှာာ များများစားစား ရှိမယ်လို့ ကျမ တွေးလို့ရပါတယ်။ သူ (ဦးကိုနီ) ကတော့ မားမားမတ်မတ် ရပ်တည်ပါတယ်”လို့ မြန်မာ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သတ်တဲ့ ကျွမ်းကျင်ပညာရှင်လည်းဖြစ်၊ သြစတြေးလျနိုင်ငံ ဆစ်ဒ နီမြို့က University of New South Wales law school တက္ကသိုလ်မှာ အကြီးတန်းကထိက တစ်ဦးလည်း ဖြစ်တဲ့ မယ်လီဆာ ခရော့ခ်ျ က ပြောပါတယ်။

    ဒါပမေယ့် ပြီးခဲ့တဲ့နှစ်ကစပြီး လွတ်လပ်စွာ ပြောဆိုခွင့်တွေဟာ နေရာကျဉ်းလာတယ်လို့ ဦးကိုနီက ယုံကြည်တဲ့ အကြောင်း  ခရော့ခ်ျ က ပြောပါတယ်။ နိုဝင်ဘာမှာ သူမက သူ့ကို ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သတ်ပြီး  ပင်တိုင်ဆွေးနွေးသူအဖြစ် ဖိတ်ကြားတဲ့ အခါမှာ- ဒီပွဲမျိုးကို သူမကြာခဏ တက်လေ့ရှိပေမဲ့- ဒီတစ်ခေါက်မှာတော့ သူငြင်းဆန်ခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာက မမြင်ရတဲ့ အကွက်တွေရှိနေပြီး၊ ဒီအကွက်တွေကို ဘယ်တော့ နင်းမိမလဲဆိုတာ မသိနိုင်ပါတယ်။ အခုတော့ ဒီအချက်ကို ကောင်းကောင်း နားလည်းသွားပါပြီ” လို့ မယ်လစ်ဆာ ခရော့က ပြောပါတယ်။

    သူ အသတ်ခံလိုက်ရတဲ့နေ့ဟာ သူအင်ဒိုနီးရှားကနေ ပြန်ရောက်တဲ့ နေ့ဖြစ်ပါတယ်။ နိုင်ငံရေးရင်ကြားစေ့မှု အတွေ့ ကြုံတွေကို အပြန်အလှန် ဖလှယ်တဲ့အနေနဲ့ အစိုးရအဖွဲ့နဲ့အတူ သူလိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ထဲမှာပဲ လိုက်ပါခဲ့ တဲ့ ကိုမြအေးဆိုတဲ့ မွတ်စလင် တက်ကြွလှုပ်ရှားသူ တစ်ယောက်ကတော့ ဦးကိုနီဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်းကြီးကို ထောက်ပြခဲ့တဲ့သူ တစ်ယောက်ဖြစ်ကြောင်း ပြောဆိုပါတယ်။

    သူတို့ နှစ်ယောက်စလုံးကို ယခင်ကတည်းက အစွန်းရောက်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါတယ်။ သူတို့ဟာ မွတ် စလင်တွေ ဖြစ်နေတာကြောင့် သူတို့နှစ်ယောက် ပါဝင်နေတာကို ဘုန်းတော်ကြီးတွေက ဆန္ဒပြကြတဲ့အခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၁၄ ခုနှစ်က စာပေဟောပြောပွဲတစ်ခုမှာ သူတို့နှစ်ယောက်ကို ချန်ထားခဲ့ရပါတယ်။

    “မြန်မာပြည်မှာ နိုင်ငံရေးလုပ်တဲ့ သူတွေအတွက်တော့ ဘယ်တော့မှ လုံခြုံမှု့ မရှိဘူး”- လို့ ကိုမြအေးက ပြောပါတယ်။ “အခုတော့ ပိုဆိုးလာပြီပေါ့ဗျာ။”

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကတော့ သူ လုပ်ကြံခံလိုက်ရတာနဲ့ ပတ်သတ်ပြီး တုန့်ပြန်ပုံတွေက မတူခဲ့ပါဘူး။ သူ သေပြီး အဲဒီ မနက်မှာပဲ၊ ကမ္ဘာကြီး တစ်ခုလုံးက သတင်းစာခေါင်းကြီးပိုင်းတွေမှာ ဖေါ်ပြခဲ့ကြပေမဲ့ အစိုးရပိုင်တဲ့ မြန်မာ့အလင်း သတင်းစာ Global New Light of Myanmar newspaper ကတော့ ဒိုင်ရှိုလေး အတွင်းပိုင်း စာမျက် နှာမှာသာ ပါလာခဲ့ပါတယ်။ ဒေါ်စုကိုယ်တိုင်တောင် လူသိရှင်ကြား ကြေညာချက်ပေးဖို့ တစ်လလောက် ကြာခဲ့ပါတယ်။ ဦးကိုနီ သေဆုံးရခြင်းဟာ “ကြီးမားတဲ့ ဆုံးရှုံးမှု့တစ်ခု ” လို့ ခေါင်းစဉ်တပ်ခဲ့ပေမဲ့ တရားမျှတမှု ရရှိရေးအတွက်တော့ ကျယ်ကျယ်လောင်လောင် တောင်းဆိုမှုတွေ မလုပ်ခဲ့ပဲ အတိုချုံးလုပ်ပြီး ရပ်တန့်လိုက်ပါတယ်။

    မဟာမိတ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ မိတ်ဖက်ဆက်ဆံရေး မပျက်လိုတာကြောင့် သူမကိုယ်တိုင် သတိကြီးကြီးထားနေရပြီး သူမရဲ့ တစ်ကိုယ်တော် လုံခြုံရေးအတွက်တောင် သူမကိုယ်တိုင် စိုးရိမ်နေရတာကြောင့်လို့ အကြောင်းပြပါတယ်။

    “သူမ များများစားစားတော့ လုပ်နိုင်ပုံ မရပါဘူး၊ သူမ ကိုယ်တိုင် အသံထွက်လိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ် သွားမယ်ဆိုပီး သူမ စဉ်းစားနေမှာပါ၊ ဒါပေမဲ တရားမျှတမှုအတွက်တော့ အသံထွက်သင့်ပါတယ်ဗျာ”လို့ ကိုမြအေးက ပြောခဲ့ပါတယ်။

    ဦးကိုနီကို သတ်ဖို့အတွက် အကြံအစီမှာ စစ်တပ်က ထဲထဲဝင်ဝင် ပါဝင်ပတ်သတ်သလား၊ မပတ်သတ်ဖူးလားဆိုတာကို တော့ ကံသေကံမ ဘယ်သူမှ မပြောနိုင်ပါဘူး။ တက်ကြွလှုပ်ရှားသူတွေကတော့ စုံစမ်းစစ်ဆေးရေး လုပ်တာနဲ့ပတ်သက်ပြီး အတော်လေးကို ဝေဖန်ခဲ့ကြပါတယ်။

    ပူးပေါင်းစုံစမ်းနေတဲ့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က သုံးပတ်လောက်ကြာပီးတဲ့နောက်မှာ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြု လုပ်ခဲ့ပါတယ်။ ပြည်ထဲရေး ၀န်ကြီး ကျော်ဆွေက တိတိကျကျ ပြောပြနိုင်ခြင်း မရှိပေမဲ့ မွတ်စလင်တွေကို သွယ်ဝိုက် ရည်ညွန်းကာ ဦးကိုနီ နဲ့ “ဘာသာတူ အုပ်စု”ထဲကလည်း သူ့ကို သတ်နိုင်ကြောင်း အံ့သြဖွယ် ပြောသွားခဲ့ပါသေးတယ်။

    ဦးကိုနီရဲ့ ဆွေမျိုးသားချင်းတွေက စုံစမ်းစစ်ဆေးတဲ့ကာလ မပြီးဆုံးသေးပဲနဲ့တော့ မဝေဖန်လိုကြောင်း ပြောကြားခဲ့ပါတယ်။  သူ့ဖခင်ကို လုပ်ကြံသတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့ လူသတ်တရားခံတွေနဲ့ပတ်သက်ပြီး တရားမျှတမှုကို မြင်ရနိုင်မလားလို့ မေးမြန်းရာမှာ သန့်ဇင်ဦးက “မျှော်တော့ မျှော်လင့်တာပေါ့ဗျာ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

    (LA Times တွင် ဖော်ပြထားသည့် A brazen political killing shakes Myanmar, already teetering on the path to democracy ဆောင်းပါးကို ရဲမင်းထင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)