News @ M-Media

Author: Ko Lay

  • ဦးကိုနီလုပ်ကြံခံရတဲ့ နောက်ကွယ်ကအကြောင်းအရင်းကို သူ့မိတ်ဆွေတွေ ဘယ်လိုမြင်လဲ

    ဦးကိုနီလုပ်ကြံခံရတဲ့ နောက်ကွယ်ကအကြောင်းအရင်းကို သူ့မိတ်ဆွေတွေ ဘယ်လိုမြင်လဲ

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံလိုက်ရတဲ့ NLD ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ကျွမ်းကျင့်သူဖြစ်ပြီး စစ်တပ်က နိုင်ငံရေးမှာ အာဏာရယူထားမှုကို လျှော့ချဖို့ ကြိုးစားနေတဲ့အချိန် ဒီလို လုပ်ကြံခံလိုက်ရတာဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ်လစ်တနာက ပြောကြားလိုက်ပါတယ်။

    လစ်တနာရဲ့ ဒီလိုပြောကြားမှုဟာ ဒီလုပ်ကြံမှုမှာ မပါဝင်ဘူးလို့ ငြင်းဆိုထားတဲ့ စစ်တပ်အပေါ် ရှိနေတဲ့ သံသယတွေကို မီးထပ်ထည့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

    စစ်တပ်က အာဏာယူထား

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးခဲ့ပေမယ့် မြန်မာစစ်တပ်ဟာ ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို ကျယ်ကျယ်ပြန့်ပြန့် ရယူထားဆဲပါ။

    ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကို လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း အာမခံပေးထားသလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မည်သည့်ပြင်ဆင်ချက်ကိုမဆို ပယ်ချနိုင်တဲ့ ဗီတိုအာဏာလည်း ရရှိထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း စစ်တပ်က ထိန်းချုပ်ထားပြီး ဒါဟာ တိုင်းပြည်မှာ အမြဲတမ်းရှိနေမယ့် ဗျူရိုကရေစီ ယန္တရားရဲ့ အ
    များစုကို လုပ်ပိုင်ခွင့်ရထားတာ ဖြစ်ပါတယ်။

    လုပ်ကြံခံလိုက်ရတဲ့ ဦးကိုနီကတော့ စစ်တပ်ရဲ့ ယိုပေါက်ကို တွေရှိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    ဦးကိုနီနဲ့ ဂျာနယ်လစ်ဇင်သင်တန်းအတွက် အလုပ်အတူတွဲလုပ်ခဲ့ပြီး၊ ရင်းနှီးတဲ့ မိတ်ဆွေလည်းဖြစ်တဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလ် လစ်တနာကတော့ NLD က ထင်ရှားတဲ့ ဥပဒေအကြံပေးဟာ စစ်တပ်ရဲ့ ဗီတိုအာဏာကို ပရိယာယ်နဲ့ ဟန့်တားဖို့ အသုံးပြုနိုင်မယ့် ပျော့ကွက်တစ်ခုကို တွေ့ရှိခဲ့တယ်လို့
    ယုံကြည်နေပါတယ်။

    “လွှတ်တော်မှာ တစ်ကြိမ်တည်းမဲခွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်လို့မရဘူးလို့ ၂၀၀၈ အခြေခံဥပဒေမှာ ဖော်ပြမထားဘူးလို့ (ဦကိုနီက) ပြောခဲ့ပါတယ်” လို့ လစ်တနာက ဆိုပါတယ်။

    နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ အသစ်တစ်အုပ်နဲ့ အစားထိုးဖို့ လွှတ်တော်မှာ သာမန်ေ ထာက်ခံမဲအများစုသာ လိုအပ်တယ်လို့လည်း ပြောခဲ့ပြီး၊ ဦးကိုနီဟာ အဲဒီကိစ္စအတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း လစ်တနာက ဖွင့်ဟခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအစီအစဉ်ဟာ ‘သိပ်အရဲစွန့်လွန်းနေတယ်’ လို့ ယူဆပြီး ဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲတဲ့ ကြိုးပမ်းမှုမျိုးကို ပိုလိုလားတယ်လို့ လစ်တနာက ပြောပါတယ်။ ဒါပေမယ့် ဦးကိုနီကတော့ သူ့အယူအဆပေါ်မှာ ဆက်လက် ရပ်တည်နေပါသတဲ့။

    ဒီလုပ်ကြံမှုကို စုံစမ်းစစ်ဆေးတဲ့ ရဲတပ်ဖွဲ့က ဦးကိုနီကို မကျေနပ်တဲ့သူတွေဟာ ပြီးခဲ့တဲ့နှစ်က လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဦးကိုနီကို သတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ လူတော်တော်များများကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

    သတိပေးချက်

    ဦးကိုနီကို လုပ်ကြံလိုက်တာဟာ သတိပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ လစ်တနာက ယုံကြည်နေပါတယ်။

    “သူ သတ်ဖြတ်ခံရမှုဟာ အခြေခံဥပဒေကို ပြင်ဆင်ဖို့ စိတ်ကူးနေတဲ့ ဒါမှမဟုတ် စဉ်းစားနေတဲ့ ဘယ်သူ့ကိုမဆို အင်မတန် သိသာတဲ့ အချက်တစ်ခု ပြလိုက်တာပါ။ ဒါ့ကြောင့်ပဲ နေ့ခင်းကြောင်တောင်ကြီး လေဆိပ်မှာ လုပ်ထည့်လိုက်တာပေါ့”

    ဒီလို သတ်ဖြတ်မှုဟာ NLD ပါတီအတွင်း ကြောက်ရွံ့မှု ဖြစ်လာစေတယ်လို့လည်း လစ်တနာက ဆိုပါတယ်။

    NLD ကတော့ ဒီမှတ်ချက်ကို ငြင်းဆိုပါတယ်။ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဦးကိုနီအသတ်ခံရမှုအတွက် ပါတီတွင်း ကြောက်ရွံ့မှုရှိလာတယ်ဆိုတာကို ငြင်းဆိုပြီး ဦးကိုနီကို ဆုံးရှုံးလိုက်ရတာက ပါတီအတွက် ထိခိုက်ဆုံးရှုံးမှုကြီးတစ်ခုလို့ ၀န်ခံခဲ့ပါတယ်။

    “လုံးဝ မကြောက်ပါဘူး။ (ဦးကိုနီသေဆုံးမှုဟာ) ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ တော်တော်ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ”

    ပါတီနဲ့ စစ်တပ်ရဲ့ ဆက်ဆံရေးဟာ အရင်ကလိုပဲဖြစ်ဖြစ်ပြီး နိုင်ငံရေးအနေအထားအတွက် NLD ဟာ ‘လုံးဝ’ ကြောက်ရွံ့နေမှာမဟုတ်ကြောင်း၊ ‘ဖွဲ့စည်းပုံပြင်ဆင်ဖို့ မျှော်လင့်ချက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ကြောင်း’ ဦးဝင်းထိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အခြေခံဥပဒေ ကျွမ်းကျင်သူ

    နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Human Rights Watch က အာရှဆိုင်ရာ ဒုတိယ ဒါရိုက်တာ ဖီလ် ရောဘတ်ဆန်က ဦးကိုနီဟာ စစ်တပ်ကျောထောက်နောက်ခံပြု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို NLD ထဲမှာ အပြည့်အ၀ နားလည်ထားသူ အနည်းငယ်ထဲက တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

    “ရှင်းရှင်းပြောရရင်ဗျာ – ဦးကိုနီဟာ ပညာရှင်တစ်ယောက်ပေါ့။ အခြေခံဥပဒေကို ကိုင်တွယ်ဖို့နဲ့ ပတ်သက်ပြီး NLD ဟာ သူ့နေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံရေး အခင်းအကျင်းကို ကြည့်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေက အရာအားလုံးရဲ့ ဗဟိုချက်ပါပဲ” လို့ ရောဘတ်ဆန်က FCCT ကို ပြောကြားခဲ့ပါတယ်။

    HIS Janes က လေ့လာဆန်းစစ်သူ တိုနီ ဒါးဗစ်က ဦးကိုနီဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူခံရတယ်လို့ ဆိုပါတယ်။

    “ဒီလူဟာ (စစ်တပ်ရဲ့) ဘဏ်အကောင့်တွေ၊ သူတို့ရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေသူအဖြစ်သာ မှတ်ယူခံရတာာ မဟုတ်ပါဘူး၊ သူတို့ရဲ့ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေ၊ သူတို့ရဲ့ ဖခင်တွေ (၁၉၄၈ ခုနှစ်) လွတ်လပ်ရေး ရကတည်းက ရှုမြင်ခဲ့သလို တိုင်းပြည်အနာဂတ်ရဲ့ ခြိမ်းခြောက်မှုအဖြစ် မှတ်ယူခံရတာပါ”

    နောက်ပြီး ဦးကိုနီ လုပ်ကြံခံလိုက်ရခြင်းဟာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ‘မျှော်လင့်ချက်မရှိတဲ့ အနေအထား’ ကို ညွှန်ပြနေတာဖြစ်တယ်လို့လည်း ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

    နောက်ထပ် အထွေထွေရွေးကောက်ပွဲကတော့ ၂၀၂၀ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref : VOA

  • မာလာလာကို ယူကေထိပ်တန်းတက္ကသိုလ်တစ်ခုက ပညာသင်ရန် ကမ်းလှမ်းထား

    မာလာလာကို ယူကေထိပ်တန်းတက္ကသိုလ်တစ်ခုက ပညာသင်ရန် ကမ်းလှမ်းထား

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ ယူဆွဖ်ဇိုင်ကို ယူကေရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုက လာရောက်ပညာသင်ကြားရန် ကမ်းလှမ်းထားသည်ဟု သိရသည်။

    ပြီးခဲ့သည့် တစ်ပတ်က ဘာမင်ဂမ်ရှိ International Convention Centre တွင် ပြုလုပ်သော ပညာရေးညီလာခံ၌ မိန့်ခွန်းပြောစဉ် မာလာလာက ထိုသတင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေး၊ ဒဿနနှင့် စီးပွားရေး ပညာရပ်အားလုံးတွင် A ရရမည်ဟူသည့် ခြွင်းချက်ဖြင့် ကမ်းလှမ်းထားခြင်းဟု ဆိုသည်။ သို့သော်လည်း မည်သည့်တက္ကသိုလ်ဖြစ်သည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိချေ။

    Mail Online က မာလာလာမှာ ၎င်း လေးစားအားကျသူ ပါကစ္စတန်သမ္မတဟောင်း ဘီနာဇီ ဘူတို ပညာဆည်းပူးခဲ့ရာ Lady Margaret Hall တက္ကသိုလ်နှင့် Oxford တက္ကသိုလ်များတွင် ပညာသင်ခွင့်ရရန် လျှောက်ထားခဲ့သည်ဟု ယခင်က ဖော်ပြခဲ့ဖူးသည်။

    “ကျွန်မအခု ကျောင်းတက်နေပါတယ်။ ပညာဆည်းပူးနေတာ ၁၃ နှစ်လောက်ရှိပါပြီ။ A အဆင့်စာမေးပွဲတွေ ဖြေရဖို့ ရှိနေပါတယ်။ ပြီးတော့ A သုံးလုံးရရမယ်ဆိုတဲ့ ခြွမ်းချက်နဲ့ ကမ်းလှမ်းမှုတစ်ခုလည်း ရရှိထားပါတယ်။ ဒါ့ကြောင့် A သုံးလုံးရဖို့ ကျွန်မ လိုအပ်တယ်။ အခုအချိန်မှာ ဒါဟာ ကျွန်မရဲ့ ပစ်မှတ်ပါပဲ။ ကျွန်မရဲ့ အလုပ်တွေကို ဆက်လုပ်ဖို့၊ ပညာဆက်သင်ဖို့ ကျွန်မ မျှော်လင့်ထားပါတယ်” ဟု အသက် ၁၉ နှစ်အရွယ် မာလာလာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိကို အားပေးခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း၊ ထိုကဲ့သို့ တိုက်တွန်းအားပေးမှုက မိမိကို ပိုမိုအားရှိစေခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    မာလာလာမှာ ဒီဇင်ဘာလက အောက်စဖို့ဒ်တက္ကသိုလ်သို့ အင်တာဗျူးအတွက် သွားရောက်ခဲ့ပြီး ထိုအင်တာဗျူးမှာ “ဘ၀တွင် အခက်ခဲဆုံးသော အင်တာဗျူး” ဟု သူမက ပြောကြားခဲ့သည်။

    ဘာမင်ဂမ်တွင်ပြုလုပ်သည့် ပညာရေးညီလာခံတွင် မာလာလာက ၎င်းမှာ ပညာသင်ကြားနေသော်လည်း Malala Fund အတွက် ဆက်လက် အလုပ်လုပ်သွားမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    “ကျွန်မရဲ့ ရည်ရွယ်ချက်က ကလေးတိုင်း၊ ယောက်ျားလေး၊ မိန်းကလေးတိုင်း ကျောင်းတက်မယ့် အခွင့်အရေး ရရှိစေဖို့ပါပဲ။ ဒါဟာ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးပါပဲ။ နောက်ဆုံးကလေးလေး ကျောင်းတက်ရတဲ့အချိန်တိုင်အောင် ကျွန်မ အလုပ်တွေ ဆက်လုပ်သွားမှာပါ”

    Ref: Bussinessinsider

  • တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ အကြီးဆုံး စစ်သင်္ဘော လှည့်လည်မည်

    တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ အကြီးဆုံး စစ်သင်္ဘော လှည့်လည်မည်

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – ဂျပန်မှာ ၎င်းတို့၏ အကြီးဆုံး စစ်သင်္ဘောကြီးကို တောင်တရုတ်ပင်လယ်ကိုဖြတ်၍ ၃ လကြာမည့် လှည့်လည့်သွားလာမှုတစ်ခု ပြုလုပ်သွားမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒေသတွင်း ဂျပန်၏ အကြီးဆုံး ရေတပ်အင်အားပြမှု ဖြစ်လာမည်ဖြစ်သည်။

    လွန်ခဲ့သည့် ၂ နှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့သည့် Izumo ရဟတ်ယာဉ်တင် သင်္ဘောဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် သီရိလင်္ကာတို့တွင် အသီးသီး ရပ်နားသွားမည်ဖြစ်ကာ ဇူလိုင်လတွင် အိန္ဒိယသမုဒ္ဒရာ၌ အိန္ဒိယနှင့် အမေရိကန်ရေတပ်တို့က ပြုလုပ်မည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။

    ထို့နောက်တွင် အဆိုပါသင်္ဘောမှာ ဂျပန်နိုင်ငံသို့ ပြန်ရန် စီစဉ်ထားသည်။

    ၂၄၉ မီတာ ရှည်လျားသည့် Izumo လေယာဉ်တင်သင်္ဘောမှာ ဂျပန်၏ ဒုတိယကမ္ဘာစစ်ကာလ သင်္ဘောကြီးများလောက် ရှိနေပြီး ရဟတ်ယာဉ် ၉ စင်းကို တင်ဆောင်နိုင်သည်။

    အဆိုပါသင်္ဘောမှာ အမေရိကန် မရိန်းတပ်ဖွဲ့က အသုံးပြုသည့် သင်္ဘောများနှင့် ဆင်တူသော်လည်း စွမ်းဆောင်ရည်တွင် အနည်းငယ် အားနည်းသည်။

    တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အခြားသောနိုင်ငံများမှာ ပိုင်နက် အငြင်းပွားမှုများ ရှိနေပြီး ပင်လယ်အတွင်း တရုတ်၏ စစ်ရေးချဲ့ထွင်မှုများက ဂျပန်နှင့် အနောက်နိုင်ငံများ၏ စိုးရိမ်မှုကို မြင့်တက်စေသည်။

    ဂျပန်မှာ တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ပိုင်နက်အငြင်းပွားမှု မရှိသော်လည်း အရှေ့တရုတ်ပင်လယ်တွင်မူ အငြင်းပွားမှု ရှိနေသည်။

    Ref: Aljazeera

  • IS သံသယရှိသူ ၇ ဦးကို မလေးရှား ဖမ်းဆီး၊ စုစုပေါင်း ၂၅၀ ရှိလာ

    IS သံသယရှိသူ ၇ ဦးကို မလေးရှား ဖမ်းဆီး၊ စုစုပေါင်း ၂၅၀ ရှိလာ

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဆာဘားနှင့် ဆီလန်ဂေါပြည်နယ် ပြုလုပ်သော အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတွင် IS သံသယရှိသူ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု မလေးရှား ရဲတပ်ဖွဲ့ စုံစမ်းစစ်ရေးမှူးချုပ် ခါလစ် အဘူ ဘာကာရ်က ပြောကြားလိုက်သည်။

    မလေးရှားနိုင်ငံသား ၂ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၅ ဦးတို့ဖြစ်ပြီး၊ ဖိလစ်ပိုင်တောင်ပိုင်းရှိ IS အဖွဲ့ခွဲနှင့် ပူးပေါင်းရန်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ IS စစ်သွေးကြွများကို တရားဝမင် ၀င်ရောက်ခွင့်ပေးခဲ့သည့် မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ အမျိုးသမီးတစ်ဦး၊ ဖိလစ်ပိုင် ၂ ဦးတို့လည်း ထိုအထဲတွင် ပါဝင်သည်။

    အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက IS မှာ ဖိလစ်ပိုင်တောင်ပိုင်းသို့ စစ်သွေးကြွများကို ပို့ဆောင်ရန်အတွက် ဆာဘားပြည်နယ်ကို အဓိကနေရာတစ်ခုအဖြစ် အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်တောင်ပိုင်းသို့ စစ်သွေးကြွများ ပို့ဆောင်ရန်ဆောင်ရွက်မှု၊ သွားရောက်ပူးပေါင်းမှုတို့အတွက် မလေးရှားက ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးမှုမှာ ယခုအကြိမ်သည့် ဒုတိယအကြိမ်ဖြစ်ပြီး ဇန်န၀ါရီလကလည်း သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့သည်။

    ယခုဖမ်းဆီးမှုတွင် ပါဝင်သည့် လူဝင်မှုကြီးကြပ်ရေးမှ အမျိုးသမီးဝန်ထမ်းတစ်ဦးမှာ ငွေကြေးအတွက်ကြောင့် စစ်သွေးကြွများကို ဖိလစ်ပိုင်တောင်ပိုင်းသို့ သွားရောက်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ၂၀၁၃ ခုနှစ်ကတည်းက မလေးရှားမှာ IS သံသယရှိသူ ၂၅၀ ကို ဖမ်းဆီးထားပြီးဖြစ်သည်။

    Ref: CNA

  • ဂျာမနီမှာ အကြမ်းဖက်များအား ပံ့ပိုးနေသည်ဟု တူရကီသမ္မတ စွပ်စွဲ

    ဂျာမနီမှာ အကြမ်းဖက်များအား ပံ့ပိုးနေသည်ဟု တူရကီသမ္မတ စွပ်စွဲ

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်မှာ အကြမ်းဖက်သမားများကို ထောက်ပံ့ပေးနေသည်ဟု တူရကီဝန်ကြီးချုပ် အာဒိုဂန်က စွပ်စွဲပြောဆိုလိုက်ပြီး ဥရောပခေါင်းဆောင်များအပေါ် တူရကီ၏ ပုတ်ခတ်ပြောဆိုမှုများတွင် နောက်ဆုံးပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    ယမန်နေ့က တူရကီရုပ်သံလိုင်း A Haber TV နှင့်အင်တာဗျူးတွင် အာဒိုဂန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ အကြမ်းဖက်သံသယရှိသူ ၄၅၀၀ နှင့်ပတ်သက်၍ တူရကီက အချက်အလက်များ ပေးပို့ထားမှုကို ဂျာမနီမှ တုန့်ပြန်ခြင်းမရှိဘဲ အကြမ်းဖက်သမားများကို ၀ှက်ထားသည်ဟုလည်း ဆိုသည်။

    “မစ္စစ် မာကဲလ် ဘာ့ကြောင့် အကြမ်းဖက်သမားတွေကို ခင်ဗျားရဲ့ တိုင်းပြည်ထဲမှာ ၀ှက်ထားတာလဲ။ ဘာ့ကြောင့် ဘာမှ မလုပ်တာလဲ။ မစ္စစ် မာကဲလ် ခင်ဗျားဟာ အကြမ်းဖက်သမားတွေကို ပံ့ပိုးပေးနေတာပဲ” ဟု အာဒိုဂန်က ပြောကြားခဲ့သည်။

    မာကဲလ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖင် စီဘာ့တ်က ၀န်ကြီးချုပ်အနေဖြင့် ရန်စမှုကစားပွဲတွင် ပါဝင်လိုစိတ်မရှိဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

    အာဒိုဂန်အား အာဏာပိုရစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအား ထောက်ခံသော ချီတက်လမ်းလျှောက်မှုများ ၎င်းတို့၏မြေတွင် ပြုလုပ်ရန် ဥရောပအစိုးရများက ငြင်းဆန်ခဲ့ပြီးနောက် တူရကီခေါင်းဆောင်များမှာ ဥရောပ ခေါင်းဆောင်များအပေါ် ဝေဖန်ပုတ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။

    ထိုချီတက်လမ်းလျှောက်မှုကို ပိတ်ပင်ကာ၊ တူရကီနိုင်ငံခြားရေးဝန်ကြီးကို ပြည်ဝင်ခွင့်မပေးခဲ့သည့် နယ်သာလန်ကို အာဒိုဂန်က နာဇီကဲ့သို့ ပြုမူဆောင်ရွက်နေသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ၂ ကြိမ်တိုင်တိုင် ပြောကြားခဲ့သည်။ တို့ပြင် နယ်သာလန်နှင့် အဆင့်မြင့်သံတမန်ဆက်ဆံရေးကို ရပ်တန့်မည်ဟုလည်း ကြေငြာခဲ့သည်။

    ဒုတိယ၀န်ကြီးချုပ် နူမန် အာတူလ်မက်စ်က တူရကီကမ်းခြေများမှ ဥရောပသို့ ပြောင်းရွှေ့အခြေချသူများ စီးဆင်းမှု ရပ်တန့်ရေး ဥရောပနှင့် သဘောတူထားမှုကို မိမိတို့က ပြန်လည်သုံးသပ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera