News @ M-Media

Author: Ko Lay

  • အမေရိကန်နှင့် ဆက်ဆံရေး သမိုင်းဝင်အလှည့်အပြောင်းဖြစ်ပြီဟု ဆော်ဒီပြော

    အမေရိကန်နှင့် ဆက်ဆံရေး သမိုင်းဝင်အလှည့်အပြောင်းဖြစ်ပြီဟု ဆော်ဒီပြော

    မတ် ၁၅၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေးမှာ သမိုင်းဝင် အလှည့်အပြောင်းဖြစ်ခဲ့ပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံပြီးနောက် ဆော်ဒီ ဒုတိယအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    ခေါင်းဆောင်နှစ်ဦးမှာ ယမန်နေ့က အိမ်ဖြူတာ်၌ တွေ့ဆုံခဲ့ပြီး ဇန်န၀ါရီ ၂၀ ထရမ့် အာဏာရယူပြီးကတည်းက ဆော်ဒီ အကြီးတန်း တာဝန်ရှိသူတစ်ဦးနှင့် ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။ မိုဟာမက် ဘင် ဆလ်မန်မှာ ဆော်ဒီ၏ ဘဏ္ဍာရေးကို စီမံခန့်ခွဲနေပြီး ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သည်။

    “ဒီနေ့တွေ့ဆုံမှုက ကိစ္စရပ်တွေကို သူတို့ရဲ့ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိစေခဲ့ပြီး နှစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေးကိစ္စတွေမှာ ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြစ်တည်စေခဲ့ပါတယ်” ဟု မင်းသား မိုဟာမက်၏ အကြီးတန်းအကြံပေးက ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူကလီးယားသဘောတူညီချက် ရရှိပြီးနောက်ပိုင်း အိုဘားမားအစိုးရလက်ထက်တွင် ဆော်ဒီနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ မပြေမလည်ဖြစ်ခဲ့ပြီး ယမန်နေ့တွေ့ဆုံမှုတွင် ထိုကိစ္စအား ပြောကြားခဲ့ဖွယ် ရှိနေသည်။

    ကြောငြာချက်တွင် မင်းသားက အီရန်နှင့် နျူသဘောတူညီချက်မှာ အလွန် အန္တရာယ်ရှိကြောင်း၊ အီရန်၏ ဒေသတွင်း သြဇာချဲ့ထွင်မှု လုပ်ရပ်များ၏ အန္တရာယ်နှင့်ပတ်သက်၍ ခေါင်းဆောင်နှစ်ဦးမှာ တူညီသောအမြင်များရှိကြောင်း အကြံပေးက ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်က မွတ်စလင် ၆ နိုင်ငံအား ပြည်ဝင်ခွင့်ပိတ်ခြင်းမှာ မွတ်စလင်နိုင်ငံများ သို့မဟုတ် အစ္စလာမ်သာသနာကို ပစ်မှတ်ထားသည်ဟု မင်းသားက မမှတ်ယူကြောင်း၊ ထရမ့်ထံမှ အစ္စလာမ်နှင့်ပတ်သက်သည့် အမြင်များကို ရှင်းရှင်းလင်းလင်းကြားရမှုနှင့် အပြုသဘောဆောင်သည့် သဘောထားအတွက် ကျေနပ်မိကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

    ခေါင်းဆောင်နှစ်ဦးမှာ ဆော်ဒီတွင် အမေရိကန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။

    Ref: Aljazeera

  • တိုက်ကြီး ၇ တိုက်မှာ ၇ ရက်အတွင်း မာရသွန် ၇ ကြိမ်ပြေးတဲ့ အသက် ၇၀ အရွယ် အဖွားအို

    တိုက်ကြီး ၇ တိုက်မှာ ၇ ရက်အတွင်း မာရသွန် ၇ ကြိမ်ပြေးတဲ့ အသက် ၇၀ အရွယ် အဖွားအို

    မတ် ၁၅၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်က အသက် ၇၀ အရွယ် ချွာစမစ်ဆိုတဲ့ အဖွားအိုဟာ တိုက်ကြီး ၇ တိုက်မှာ ၇ ရက်အတွင်း မာရသွန် ၇ ခါ ပြေးမယ်ဆိုတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

    ဇန်န၀ါရီ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်းမှာ သြစတေးလျက ပါ့သ်မြို့၊ စင်ကာပူ၊ ကိုင်ရို၊ အမ်စတာဒမ်၊ ဂါးဒင်းစီးတီး၊ နယူးယောက်၊ ပွန်တာ အရီရာနက်စ်၊ ချီလီနဲ့ ကင်းဂျော့ဂ်ျကျွန်းတို့မှာ ပြေးခဲ့တာပါ။

    တစ်နေ့ကို ၂၆.၂ မိုင် ပြေးပြီးတဲ့နောက် စမစ်ဟာ လေယာဉ်နဲ့ အခြားတစ်နေရာကိုသွားခဲ့ပြီး နောက်ထပ် ၂၆.၂ မိုင် ထပ်ပြေးပါတယ်။

    “ဒါကို မလုပ်ခင်မှာ သူမဟာ လူသိ မခံလိုပါဘူး။ သူ တော်တော်လေး ကျော်ဖြတ်ခဲ့ရပြီး သူမပြေးတာ၊ ဒီရည်ရွယ်ချက် ပြည့်ဝသွားတာကို ကြည့်ရှုရတာဟာ တော်တော်လေး အားကျစရာကောင်းပါတယ်” လို့ အထူး ခရီးသွားအစီအစဉ်တွေကို ဖန်တီးပေးနေတဲ့ Marathon Adventures ကုမ္ပဏီပိုင်ရှင် စတီဗ် ဟစ်ဘ်က ပြော
    ကားခဲ့ပါတယ်။

    စမစ်ရဲ့ ဒီအစီအစဉ်ကို တစ်ခြား ဘယ်သူမှ ပါဝင်ခြင်းမရှိဘဲ သူမဟာလည်း ၈ လဆက်တိုက် မရပ်မနား လေ့ကျင့်ခဲ့ရတာ ဖြစ်ပါတယ်။

    “၈ လလောက် သေသေချာချာ လေ့ကျင့်ခဲ့ရပါတယ်။ နောက်ဆုံး ၄ လမှာ ကျွန်မဟာ ခရီးရှည်တွေ ပြေးခဲ့ပြီး သီတင်းတစ်ပတ်တိုင်းမှာ ၁၅ မိုင်ကနေ မိုင် ၁၃၀ လောက်အထိ ပြေးခဲ့ပါတယ်” လို့ စမစ်က ဆိုပါတယ်။

    Triple 7 Quest လို့အမည်ပေးထားတဲ့ သူမရဲ့ ဒီ မာရသွန်ဟာ လွယ်ကူခဲ့တာတို့ မဟုတ်ပါဘူး။ သြစတေးလျမှာ ပြေးတဲ့အချိန်က အပူချိန်ဟာ ၁၀၀ ဒီဂရီကျော်ခဲ့တာကြောင့် နေလောင်ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပါတယ်။

    ဒုက္ခရောက်ဆုံးအချိန်က ကိုင်ရိုမှာဖြစ်ပြီး စင်ကာပူကထွက်တဲ့ လေယာဉ်ဟာ အဘူဒါဘီမှာ ကျန့်ကြာသွားတာကြောင့် အီဂျစ်ရောက်တဲ့အချိန်မှာ ပြေးမယ့်အချိန်ရောက်ဖို့ မိနစ်အနည်းငယ်သာ အချိန် ကျန်ရှိပါတော့တယ်။

    “အထုပ်တွေချပြီး အ၀တ်အစားလဲဖို့ ကျွန်မတို့မှာ အချိန် ၁၀ မိနစ်သာ ကျန်ပါတော့တယ်။ ကျွန်မရဲ့ အခန်းသော့က ဖွင့်လို့မရဘဲ ၁၀ မိနစ်နီးနီးလောက် အဲဒါနဲ့ပဲ ကုန်ဆုံးသွားခဲ့ပါတယ်။ ကျွန်မ ငိုတောင်ငိုခဲ့ပါတယ်” လို့ စမစ်က ဖွင့်ဟခဲ့ပါတယ်။

    ကိုင်ရိုမှာ ၇ နာရီနဲ့အပြီး မာရသွန်ပြေးဖို့ စီစဉ်ထားပေမယ့် ဟစ်ဘ်က အချိန်မလောက်မှာ ဆိုးတဲ့အတွက် ၆ နာရီ သတ်မှတ်ပေးခဲ့ပြီး ခရီးတစ်ဝက်သာ ပြေးဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် စမစ်ကတော့ ၅ နာရီနဲ့ ၅၁ မိနစ်အတွင်း မာရသွန်ကို ပြီးအောင် ပြေးနိုင်ခဲ့ပါတယ်။

    ဒီလို အပြင်းအထန် မာရသွန်ပြေးတာက ဒါဟာ စမစ်အတွက် ပထမဆုံးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်က တန်ဇန်းနီးယားမှာ မာရသွန်ပြေးခဲ့ပြီး နောက်တစ်နေ့မှာ Kilimanjaro တောင်ကို တက်ခဲ့ပါတယ်။

    သူမဟာ ၅ ပတ်အတွင်း မာရသွန် ၄ ကြိမ်၊ တစ်နှစ်အတွင်း မာရသွန် ၁၀ ကြိမ်ပြေးခဲ့ပြီး သူမရဲ့ ဘ၀သက်တမ်း တစ်လျှောက်လုံးမှာ မာရသွန် အကြိမ်ပေါင်း ၇၀ ကျော် ပြေးခဲ့ဖူးပါတယ်။

    ခင်ပွန်းဖြစ်သူကလည်း သူမအတူ လိုက်ပြေးလေ့ရှိပြီး အခုတစ်ခေါက် Triple 7 Quest အစီအစဉ်မှာတော့ ဇနီးသည်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မှုတစ်ချို့ ရှိခဲ့ပါတယ်။

    စမစ်ဟာ နောက်နှစ်မှာ ဇီလန်ဒီယာတိုက်ငယ်လေးအပါအ၀င် တိုက် ၈ တိုက်မှာ ၈ ရက်အတွင်း မာရသွန် ၈ ကြိမ်ပြေးဖို့လည်း အစီအစဉ်ရှိနေပါတယ်။

    Ref: CNN

  • နိုင်ငံတကာအသင်းအဖွဲ့များ၏ Twitter အကောင့်များ တိုက်ခိုက်ခံရ

    နိုင်ငံတကာအသင်းအဖွဲ့များ၏ Twitter အကောင့်များ တိုက်ခိုက်ခံရ

    မတ် ၁၅၊ ၂၀၁၇
    M-Media

    – နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းများ၊ သတင်းဌာနများနှင့် နိုင်ငံရေးအသင်းအဖွဲ့များ၊ အဏာပိုင်များ အပါအ၀င် Twitter အကောင့်အများအပြားမှာ တူရကီအစိုးရအား ထောက်ခံသည်ဟု ယူဆရသော အဖွဲ့တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

    အကောင့်များကို တိုက်ခိုက်ရယူပြီးနောက် ‘Nazialmanya’ (နာဇီဂျာမနီ)၊ ‘Nazihollanda’ (နာဇီဟော်လန်) စသည့် စကားလုံးများ၊ စကြာတံဆိပ်များဖြင့် ပို့စ်တင်ခဲ့ပြီး နယ်သာလန်နှင့် တူရကီအကြား သံတမန်ဆက်ဆံရေး တင်းမာမှုများကို ရည်ညွှန်းခြင်းဖြစ်မည်ဟု ယူဆရသည်။

    လက်ရှိသမ္မတ အာဒိုဂန်ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲကို ဧပြီလ ၁၆ ရက်နေ့တွင် တူရကီ၌ ပြုလုပ်ရန်ရှိနေသည်။

    ထိုကိစ္စကို ထောက်ခံသည့်အနေဖြင့် ဂျာမနီနှင့် နယ်သာလန်တို့တွင် ရောက်ရှိနေသော တူရကီနိုင်ငံသားများ ချီတက်လမ်းလျှောက်မှု ပြုလုပ်ရန် စီစဉ်ထားမှုကို သက်ဆိုင်ရာအစိုးရများက လက်မခံသောကြောင့် တူရကီနှင့် ထိုနိုင်ငံများအကြား ယခုရက်ပိုင်းအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ယနေ့ တိုက်ခိုက်ခံရသော Twitter အကောင့်များတွင် ‘ဧပြီ ၁၆ ရက်နေ့တွေ့မယ်’ ‘အော်တိုမန်လေးရဲ့ ပညာပြမှု’ စသည့် စာသားများကိုလည်း၊ အာဒိုဂန်၏ ပုံရိပ်များပါဝင်ပြီး မတ်လ ၁၄ ရက်နေ့က YouTube တွင် လွှင့်တင်ခဲ့သည့် ဗီဒီယိုတစ်ခုနှင့်အတူ တွဲ၍ မျှဝေခဲ့သည်။

    ထိုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သည့်အဖွဲ့ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ Bloomberg၊ Reuters Japan၊ Forbes၊ BBC North America နှင့် ဂျာမန်သတင်းဌာန Die Welt ၏ အကောင့်များလည်း တိုက်ခိုက်ခံရမှုတွင် ပါဝင်ခဲ့သည်။

    Ref: RT

  • အသင်းအတွက် ဂုဏ်ယူသည်ဟု လက်စတာနည်းပြပြော

    အသင်းအတွက် ဂုဏ်ယူသည်ဟု လက်စတာနည်းပြပြော

    မတ် ၁၅၊ ၂၀၁၇
    M-Media

    – ချန်ပီယံလိဂ်တွင် ဆီးဗီးလားအသင်းအား အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိသည်ဟု လက်စတာစီးတီးအသင်း၏ ယာယီနည်းပြ ခရေ့ဂ်ျ ရှိတ်စပီးယားက ပြောကြားလိုက်သည်။

    ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် ပထမအကျော့က အဝေးကွင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် လက်စတာအသင်းမှာ ယနေ့မနက် အိမ်ကွင်းပွဲစဉ်တွင် ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သောကြောင့် အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    ရာနီယေးရီအား ထုတ်ပယ်ခဲ့ပြီးနောက် ရာသီကုန်အထိ တာဝန်ယူထားရသည့် ရှိတ်စပီးယားမှာ ၎င်း ကိုင်တွယ်ခဲ့သည့် ၃ ပွဲစလုံးကို အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ပြီး ယနေ့ နိုင်ပွဲအတွက် ဂုဏ်ယူမိသည်ဟု ၎င်းက ဆိုသည်။

    “အတိုင်းမသိပါပဲ။ ဒီလိုရဒ်မျိုးထွက်ပေါ်လာတာကြောင့် ကစားသမားတွေနဲ့ အသင်းဟာ အတိုင်းမသိ ဂုဏ်ယူရမှာပါ။ ကျွန်တော်တို့ဟာ နိုင်လိုစိတ် ပြင်းပြင်းပြပြနဲ့ ကစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တော်တော်လေး ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ကံကောင်းခဲ့ပေမယ့် ကစားသမားတွေလည်း တော်တော်ကောင်းမွန်တဲ့ပုံစံကို ပြသခဲ့ကာ လူတိုင်း ဒါကို တွေ့မှာပါ” ဟု ရှိတ်စပီးယားက ပြောကြားခဲ့သည်။

    ထို့ပြင် ဆီးဗီးလားအသင်း၏ အပိုင်ကန်သွင်းချက်တစ်ခုကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည့် ဂိုးသမား ရှမိုက်ကယ်ကိုလည်း ချီးကျူးခဲ့သည်။ ကွာတားဖိုင်နယ်အတွက် မဲခွဲမှုကို မနက်ဖြန်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    Ref: Goal

  • IS လက်မှ မူဆိုးလ်မြို့ ပြန်သိမ်းရေး နောက်ဆုံးအဆင့် ရောက်နေ

    IS လက်မှ မူဆိုးလ်မြို့ ပြန်သိမ်းရေး နောက်ဆုံးအဆင့် ရောက်နေ

    မတ် ၁၅၊ ၂၀၁၇
    M-Media

    မူဆိုးလ်မြို့ထိုးစစ်တွင်ပါဝင်နေသည့် အီရတ်စစ်သားများ

    – IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ထားသော မူဆိုးလ်မြို့ လွတ်မြောက်ရေး အီရတ်စစ်တပ်၏ ထိုးစစ်မှာ နောက်ဆုံးအဆင့် ရောက်နေပြီဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ပြောကြားလိုက်သည်။

    ယမန်နေ့က ဘဂ္ဂဒတ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၀န်ကြီးချုပ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး လက်နက်ချသူများကို မျှတသည့် တရားစီရင်မှု ပြုလုပ်မည်ဖြစ်ကာ ဆက်လက်တိုက်ခိုက်သူများကို ‘လုံးဝ ချေမှုန်းသွားမည်’ ဟု ကျန်ရှိနေသည့် အကြမ်းဖက်သမားများကို သတိပေးခဲ့သည်။

    ထို့ပြင် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာမည် မဟုတ်တော့ဟုလည်း ဆိုသည်။

    “ကျွန်တော်တို့ သိပ်ပြီး ဂရုစိုက်နေပါတယ်။ IS ရဲ့ မိသားစုတွေကိုတောင်မှပါ။ သူတို့ကို ဂရုစိုက်နေပြီး တိုက်ခိုက်ရေးသမားတွေတော့ မပါပါဘူး။ မိသားစုတွေကို ကျွန်တော်တို့ ပစ်မှတ်မထားဘူး။ ဒါပေမယ့် IS အကြမ်းဖက်သမားတွေကို တိုက်ခိုက်မှာပါ။ သူတို့ကို တိုက်ခိုက်သွားမှာဖြစ်ပြီး အဖမ်းခံရရင် မျှတတဲ့ တရားစီရင်မှုရမယ်။ ပြန်တိုက်မယ်ဆိုရင်တော့ သူတို့ ချေမှုန်းခံရမှာပါ”

    အီရတ်စစ်တပ်နှင့် မျိုးနွယ်စုတပ်ဖွဲ့များ ပူးပေါင်းကာ ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ခဲ့ပြီး မြို့တွင်းမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ ၈၀၀၀ အထိ ရှိလာပြီဟု နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများအဖွဲ့က ပြောကြားထားသည်။

    လက်ရှိတွင် အီရတ်စစ်တပ်မှာ မြို့အရှေ့ပိုင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှစ၍ အနောက်ပိုင်းကို သိမ်းပိုက်ရေး ထိုးစစ်ဆင်ခဲ့သည်။

    Ref: Press TV