News @ M-Media

Author: Ko Lay

  • တူရကီခေါင်းဆောင်များ နယ်သာလန်ကို နှုတ်ဖြင့်တိုက်ခိုက်မှု အရှိန်မြင့်လာ

    တူရကီခေါင်းဆောင်များ နယ်သာလန်ကို နှုတ်ဖြင့်တိုက်ခိုက်မှု အရှိန်မြင့်လာ

    မတ် ၁၂၊ ၂၀၁၇
    M-Media

    – နယ်သာလန်နိုင်ငံမှာ ‘ဖက်ဆစ်ဝါဒ၏ အချက်အခြာ’ ဖြစ်သည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ပြောကြားလိုက်ပြီး တူရကီခေါင်းဆောင်များ နယ်သာလန်နိုင်ငံအပေါ် ဒုတိယအကြိမ်မြောက် ဝေဖန်မှုလည်းဖြစ်သည်။

    Cavusoglu မှာ စနေနေ့က နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့တွင် တူရကီပြောင်းရွှေ့အခြေချသူများနှင့် ချီတက်လမ်းလျှောက်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတစ်နိုင်ငံအတွင်း တစ်ခြားနိုင်ငံတစ်ခု၏ နိုင်ငံရေးဆိုင်ရာ ချီတက်လမ်းလျှောက်မှုမှာ တရားမ၀င်ဟု သတ်မှတ်ထားသောကြောင့် နယ်သာလန်က တူရကီနိုင်ငံခြား ရေးဝန်ကြီးကို ပြည်ဝင်ခွင့် မပေးခဲ့ပေ။

    ထို့ကြောင့် သမ္မတအား အာဏာပိုမိုချဲ့ထွင်ပေးနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုအတွက် ယနေ့ ပြင်သစ်ရှိ တူရကီပြောင်းရွှေ့အခြေချသူများကို ပြောကြားသော မိန့်ခွန်း၌ Cavusoglu က ” နယ်သာလန်ကို ‘ဒီမိုကရေစီ ဦးသျှောင်’ လို့ ခေါ်ကြတာပဲဗျ။ ခေါ်ကြတာပဲလို့ ဘာ့ကြောင့် ပြောရသလဲဆိုတော့ သူတို့က တကယ်တော့ ဖက်ဆစ်ဝါဒရဲ့ အချက်အခြာနေရာ ဖြစ်နေတာကိုး” ဟု ပြောကြားခဲ့သည်။

    တူရကီသမ္မတ အာဒိုဂန်ကလည်း တနင်္ဂနွေနေ့က အစ္စတန်ဘူလ်၌ ပြုလုပ်သည့် ချီတက်လမ်းလျှောက်မှုတွင် ဒက်ခ်ျအစိုးရကို ‘နာဇီဝါဒီနှင့် ဖက်ဆစ်ဝါဒီ’ ဟု ပြော၍ သင့်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ‘ထိုဝါဒ ခေါင်းဆောင်များကသာ အခြားတစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး တိုင်းပြည်အတွင်းသို့ ၀င်ရောက်မှုအား ဟန့်တားကြကြောင်း’ ဝေဖန်ခဲ့သည်။

    ထို့ပြင် နယ်သာလန်မှာ ထိုလုပ်ရပ်အတွက် ပေးဆပ်ရမည်ဟုလည်း ရုပ်သံမိန့်ခွန်းတွင် အာဒိုဂန်က ပြောကြားခဲ့သည်။

    တူရကီမှာ ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ အဝေးရောက်နိုင်ငံသားများအား မဲဆွယ်မှုများကို ဂျာမနီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပိတ်ပင်ခဲ့မှုကြောင့် ဂျာမနီနှင့် တူရကီအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။

    Ref: Aljazeera

  • ရာထူးပြုတ်သွားသည့် တောင်ကိုရီးယားသမ္မတ အိမ်တော်ကို စွန့်ခွာ

    ရာထူးပြုတ်သွားသည့် တောင်ကိုရီးယားသမ္မတ အိမ်တော်ကို စွန့်ခွာ

    မတ် ၁၂၊ ၂၀၁၇
    M-Media

    – ခြစားမှုပြဿနာကြောင့် သောကြာနေ့က ရာထူးမှ တရားဝင်ဖယ်ရှားခံလိုက်ရသည့် တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးမှာ ယနေ့ညနေတွင် သမ္မတစံအိမ်မှ ထွက်ခွာသွားခဲ့ပြီဟု သိရသည်။

    Blue House ဟု ခေါ်သည့် အဆိုပါသမ္မတအိမ်တော်မှ ရဲဆိုင်ကယ်များ ခြံရံကာ ပက်ဂျုံဟေး၏ ထွက်ခွာမှုကို တောင်ကိုရီးယားရုပ်သံက ပြသခဲ့ပြီး၊ ၎င်းမှာ ၀န်ထမ်းများအတွက် နှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    မြို့တော်ဆိုးလ်၏ ဂန်းနမ်းခရိုင်ရှိ သူမ၏ နေအိမ်သို့ ပြန်သွားခြင်းဖြစ်ပြီး ၎င်းအား ထောက်ခံသူများမှာ အလံများကိုင်ဆောင်ကာ ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။

    မိတ်ဆွေတစ်ဦးနှင့် ပူးပေါင်းကာ ခြစားမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ပက်ကို လွှတ်တော်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကတည်းက မဲခွဲဆုံးဖြတ်ကာ ရာထူးမှ ဖြုတ်ချခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သောကြာနေ့တွင် ထိုဖြုတ်ချမှုအား အတည်ပြုပေးခဲ့သည်။

    ပက်ဂျုံဟေး၏ အိမ်နားတွင် စောင့်ဆိုင်းနေသူများမှာ သူမ၏ ပုံနှင့် ခင်ဖြစ်သူ ပက်ချွန်ဟီးတို့၏ ပုံများ၊ တောင်ကိုရီးယားအလံများကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ‘ဖြုတ်ချမှု တရားမ၀င်’ ဟု ဟစ်အော်ခြင်းများ ပြုလုပ်ခဲ့သည်။ သူမ၏ ကွန်ဆာဗေးတစ်ပါတီဝင်များလည်း ထိုနေရာတွင် စုရုံးခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းသမ္မတကို အိမ်ဖြူတော်သို့ ထရမ့် ဖိတ်ခေါ်

    ပါလက်စတိုင်းသမ္မတကို အိမ်ဖြူတော်သို့ ထရမ့် ဖိတ်ခေါ်

    မတ် ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အာဏာရယူပြီးနောက်ပိုင်း ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်နှင့် ယမန်နေ့တွင် ပထမဆုံး ဖုန်းပြောဆိုခဲ့ပြီး အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန်လည်း ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။

    (ပါလက်စတိုင်း-အစ္စရေး) နိုင်ငံရေး လုပ်ငန်းစဉ်ကို ပြန်လည် စတင်ရေး ဆွေးနွေးရန်အတွက် အိမ်ဖြူတော်သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ အဘီလ် အဘူ ရူဒီနာ၏ ပြောကြားမှုကို ကိုးကား၍ ပါလက်စတိုင်းသတင်းဌာန Wafa က ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင်လည်း ထရမ့်မှာ အဘတ်စ်ကို သိပ်မကြာမီကာလအတွင်း လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အဘတ်စ်က အစ္စရေးနှင့်ယှဉ်တွဲ၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေး ဦးတည်သည့် ငြိမ်းချမ်းရေးသည်သာလျှင် ပါလက်စတိုင်းပြည်သူများအတွက် ‘မဟာဗျူဟာကျသော ရွေးချယ်မှု’ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Wafa က ဆိုသည်။

    ထရမ့်ကမူ အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးမှာ နှစ်ဖက် တိုက်ရိုက် ညှိနှိုင်းရမည့် ကိစ္စဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    ထရမ့်မှာ ဖေဖော်ဝါရီလက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ်အတွင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ရန်အတွက် နှစ်နိုင်ငံ အဖြေတစ်ခုတည်းသာ ဆုပ်ကိုင်မထားဟု ပြောကြားခဲ့ပြီး အမေရိကန်က နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် နှစ်နိုင်ငံအဖြေကို ပယ်ချလိုက်ခြင်းလည်း ဖြစ်သည်။

    ထို့ပြင် ထရမ့်မှာ အစ္စရေး-ပါလက်စတိုင်းကိစ္စတွင် မီးလောင်ရာလေပင့်သည့် စကားများကို ပြောဆိုခဲ့သော ဒေးဗစ်ဖရီဒ်မန်းကို အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ရွေးချယ်ခဲ့ပြီး ကြာသာပတေးနေ့တွင် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ၎င်းကို အတည်ပြုခဲ့သည်။

    ဖရီဒ်မန်းမှာ နှစ်နိုင်ငံတည်ရှိရေးအဖြစ်မှာ တရားမ၀င်သောနည်းလမ်းဖြစ်သည်ဟု ပြောကြားထားပြီး ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တည်ဆောက်မှုကိုလည်း ထောက်ခံအားပေးထားသူဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များအတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တိုးချဲ့ဆောက်လုပ်မှုမှာ အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။

    Ref: Aljazeera

  • အီဂျစ်တွင် နှစ်ပေါင်း ၃၀၀၀ ကျော်သက်တမ်းရှိ ဖာရိုရုပ်ထုများ တွေ့ရှိ

    အီဂျစ်တွင် နှစ်ပေါင်း ၃၀၀၀ ကျော်သက်တမ်းရှိ ဖာရိုရုပ်ထုများ တွေ့ရှိ

    မတ် ၁၁၊ ၂၀၁၇
    M-Media

    – အီဂျစ်နိုင်ငံ ကိုင်ရိုင်မြို့ဆင်ခြေဖုံး မတ္တာယာခရိုင်က ရွံ့အိုင်ကြီးတစ်ခုထဲမှာ နှစ်ပေါင်း ၃၀၀၀ ကျော်လောက် သက်တမ်းရှိမယ့် ဖာရိုဘုရင် ရုပ်ထုနှစ်ခုကို တွေ့ရှိခဲ့တယ်လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    အဲဒီခရိုင်ဟာ ရှေးဟောင်းအီဂျစ်ရဲ့ ရှေ့အကျဆုံး မြို့တွေထဲက တစ်မြို့ဖြစ်တဲ့ ‘ဟီလီယိုပိုးလစ်မြို့’ တည်ရှိခဲ့ရာနေရာဖြစ်ပြီး လက်ရှိမှာတော့ အလယ်အလတ်လူတန်းစားတွေ နေထိုင်ရာနေရာတစ်ခု ဖြစ်လို့နေပါတယ်။

    ဒီရုပ်ထုကြီးနှစ်ခုကို ကြာသာပတေးနေ့က တွေ့ခဲ့တာဖြစ်ပြီး ဘီစီ ၁၃၁၄ ကနေ ၁၂၀၀ အထိ အုပ်စိုးခဲ့တဲ့ ၁၉ ဆက်မြောက် ဖာရိုမင်းဆက်တွေရဲ့ ရုပ်တုတွေဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ ရုပ်တုတစ်ခုဟာ ၈ မီတာရှိနေပြီး သလင်းကျောက်နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

    ရုပ်ထုဟာ ဘယ်ဘုရင်ကို ကိုယ်စားပြုလဲဆိုတာ ဖော်ထုတ်လို့ မရသေးပေမယ့် ဘုရင် ‘ရမ်ဆက်စ် ၂’ (King Ramses II) အဆောက်အဦးရဲ့ ၀င်ပေါက်မှာ တွေ့ရှိတာကြောင့် ဒါဟာ ဘရင် ရမ်ဆက်စ်ကို ကိုယ်စားပြုတယ်လို့ ယူဆနေပါတယ်။

    နောက်ထပ် ရုပ်ထုကတော့ ဘီစီ ၁၂ ရာစုက အုပ်စိုးခဲ့တဲ့ ဘုရင် ‘စီတီ ၂’ (King Seti II) ရဲ့ ရုပ်ထုဖြစ်ပြီး ထုံးကျောက်နဲ့ ထုလုပ်ထားတာပါ။

    ဒီရုပ်ထုတွေကို ဂျာမနီနဲ့ အီဂျစ် ရှေးဟောင်း သုတေသနပညာရှင်တွေရဲ့ ပူးပေါင်းရှာဖွေမှုမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    “ဒီရုပ်တုနှစ်ခုကို တွေ့ရှိမှုဟာ (နေနတ်ဘုရား) ‘ရာ’ ကို ကိုးကွယ်တဲ့ ဟီလီယိုပိုးလစ်မြို့ရဲ့ အရေးပါမှုကို ပြသလိုက်တာဖြစ်ပါတယ်” လို့ အီဂျစ်တူးဖော်ရေးအဖွဲ့ခေါင်းဆောင် အေမန် အက်ရှ်မာဝီက ပြောကြားခဲ့ပါတယ်။

    ဂျာမနီအဖွဲ့အကြီးအကဲ ဒီထရစ်ခ်ျ ရောကတော့ ဒီရုပ်တုတွေကို ပြန်လည်ပြင်ဆင်ရေး နောက်တစ်နေရာကို ပို့နိုင်ဖို့အတွက် ဒီရုပ်တွေကို မရာမှ ခက်ခဲနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ရိုဟင်ဂျာများ ညှင်းပမ်းခံရမှု လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုဟု ယန်ဟီးလီပြော

    ရိုဟင်ဂျာများ ညှင်းပမ်းခံရမှု လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုဟု ယန်ဟီးလီပြော

    မတ် ၁၁၊ ၂၀၁၇
    M-Media

    – မြန်မာ အစိုးရစ်တပ်နှင့် ရဲတပ်ဖွဲ့မှာ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူထားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက BBC သို့ ပြောကြားလိုက်သည်။

    “လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုလို့ ပြောရပါလိမ့်မယ်။ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့တွေကလုပ်တဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဆိုတာ အသေအချာပါပဲ” ဟု ယန်ဟီးလီက ဆိုသည်။

    ထို့ပြင် ထိုပြဿနာမှာ လုံခြုံရေးတပ်ဖွဲ့များက စနစ်တကျ ကျူးလွန်မှုမျိုးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အစိုးရက တာဝန်ယူမှုအချို့ ပြုလုပ်ရမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    “အဆုံးတစ်နေ့မှာတော့ ဒီလို ကြီးမားတဲ့ ကြောက်စရာ ညှင်းပမ်းမှုမျိုး၊ သူတို့ရဲ့ နိုင်ငံသားတွေအပေါ် သူတို့ကိုယ်တိုင်ကျူးလွန်တဲ့ လူမဆန်တဲ့ ရာဇ၀တ်မှုတွေအတွက် အဖြေပေးရမှာ၊ တုန့်ပြန်ရမှာက အစိုးရ- အရပ်သားအစိုးရပါပဲ”

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ အင်တာဗျူးရန် ငြင်းဆိုခဲ့သည်။ သူမ၏ ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦ၀င်းထိန်က ထိုကဲ့သို့ စွပ်စွဲမှုများမှာ ချဲ့ကားပြောဆိုရာ ရောက်နေကြောင်း၊ ယခုပြဿနာမှာ ပြည်တွင်းပြဿနာဖြစ်ပြီး နိုင်ငံတကာ ပြဿနာမဟုတ်ကြောင်း ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်မှုပြီးနောက် အစိုးရလုံခြုံရေးတပ်ဖွဲ့များက ပြုလုပ်သော စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရသည်။

    ၎င်းတို့ကို BBC မှ မေးမြန်းမှုများအရ အစိုးရ လုံခြုံရေးတပ်ဖွဲ့များမှာ အရပ်သားများကို ပစ်သတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ နေအိမ်မီးရှို့ခြင်း၊ အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ခြင်းတို့ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ဂြိုဟ်တုမှရရှိသည့် ဓာတ်ပုံများ၊ မြေပြင်ဗီဒီယိုများကလည်း ၎င်းတို့၏ ပြောကြားမှုများကို ထောက်ခံနေသည်။

    ဦ၀င်းထိန်က လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်တပ်အား ဟန့်တားနိုင်သည့် ပါဝါမရှိကြောင်း၊ ယန်ဟီးလီ၏ ပြောကြားမှုများမှာ ချဲ့ကားပြောဆိုမှုများဖြစ်ပြီး တစ်ခါတစ်ရံတွင် ကုလမှာလည်း မှားယွင်းကြောင်း BBC သို့ ပြောကြားခဲ့သည်။

    “အစိုးရသစ်အနေနဲ့ ကျွန်တော်တို့ဟာ ခေတ်သစ်နိုင်ငံတစ်ခုအဖြစ် အောင်မြင်ဖို့ ကြိုးစားနေရပါတယ်။ ကျွန်တော်တို့မှာ ပြဿနာတွေထောင်ချီရှိတယ်။ ကျွန်တော်တို့ကတော့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုလို့ မယုံကြည်ပါဘူး။ ဒါဟာ ပြည်တွင်းရေးဖြစ်ပြီး နိုင်ငံတကာအရေး မဟုတ်ပါဘူး” ဟု ဦးဝင်ထိန်က ဆိုသည်။

    ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမှ စွပ်စွဲပြောဆိုမှုများအတွက် မြန်မာအစိုးရကလည်း ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ယန်းဟီလီမှာ တနင်္လာနေ့တွင် ဂျီနီဗာရှိ ကုလမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ၎င်း၏ နောက်ဆုံး တွေ့ရှိချက်များကို တင်ပြသွားမည်ဖြစ်ပြီး မြောက်ကိုရီးယားနှင့် ဆီးရီးယားမှ ကိစ္စရပ်များကို စုံစမ်စစ်ဆေးသကဲ့သို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် တိုက်တွန်းသွားမည်ဖြစ်သည်။

    BBC နှင့် ဆက်သွယ်မှုတွင် UK နှင့် အီးယူတို့က အဆိုပါကော်မရှင်အား ထောက်ခံမည်လားဆိုသည်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

    Ref: BBC