မတ် ၁၂၊ ၂၀၁၇
M-Media
– ခြစားမှုပြဿနာကြောင့် သောကြာနေ့က ရာထူးမှ တရားဝင်ဖယ်ရှားခံလိုက်ရသည့် တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးမှာ ယနေ့ညနေတွင် သမ္မတစံအိမ်မှ ထွက်ခွာသွားခဲ့ပြီဟု သိရသည်။
Blue House ဟု ခေါ်သည့် အဆိုပါသမ္မတအိမ်တော်မှ ရဲဆိုင်ကယ်များ ခြံရံကာ ပက်ဂျုံဟေး၏ ထွက်ခွာမှုကို တောင်ကိုရီးယားရုပ်သံက ပြသခဲ့ပြီး၊ ၎င်းမှာ ၀န်ထမ်းများအတွက် နှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြို့တော်ဆိုးလ်၏ ဂန်းနမ်းခရိုင်ရှိ သူမ၏ နေအိမ်သို့ ပြန်သွားခြင်းဖြစ်ပြီး ၎င်းအား ထောက်ခံသူများမှာ အလံများကိုင်ဆောင်ကာ ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။
မိတ်ဆွေတစ်ဦးနှင့် ပူးပေါင်းကာ ခြစားမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ပက်ကို လွှတ်တော်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကတည်းက မဲခွဲဆုံးဖြတ်ကာ ရာထူးမှ ဖြုတ်ချခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သောကြာနေ့တွင် ထိုဖြုတ်ချမှုအား အတည်ပြုပေးခဲ့သည်။
ပက်ဂျုံဟေး၏ အိမ်နားတွင် စောင့်ဆိုင်းနေသူများမှာ သူမ၏ ပုံနှင့် ခင်ဖြစ်သူ ပက်ချွန်ဟီးတို့၏ ပုံများ၊ တောင်ကိုရီးယားအလံများကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ‘ဖြုတ်ချမှု တရားမ၀င်’ ဟု ဟစ်အော်ခြင်းများ ပြုလုပ်ခဲ့သည်။ သူမ၏ ကွန်ဆာဗေးတစ်ပါတီဝင်များလည်း ထိုနေရာတွင် စုရုံးခဲ့သည်။
Ref: Aljazeera