News @ M-Media

Author: Ko Lay

  • အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှု ကယ်လီဖိုးနီးယားတွင် ပြုလုပ်

    အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှု ကယ်လီဖိုးနီးယားတွင် ပြုလုပ်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    – အစ္စလာမ်နှင့်ပတ်သက်သည့် ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရန်အတွက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ မွတ်စလင်အသင်းအဖွဲ့များမှာ မွတ်စလင်မဟုတ်သူများအတွက် အသိပညာပေး အခမ်းအနားတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး လူပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

    ဆန်လူးဝစ် အိုဘစ်ပိုမြို့ရှိ Church of Latter Day Saints ခရစ်ယာန်ဘုရားကျောင်းတွင် “Get to know your Muslim neighbors” (အသင့်ရဲ့ မွတ်စလင်အိမ်နီးချင်းတွေကို သိရှိအောင်လုပ်ခြင်း) ခေါင်းစဉ်ဖြင့် သောကြာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားတွင် အပြန်အလှန်ဆွေးနွေးမှုများ၊ အစ္စလာမ့်နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အမှားများကို ရှင်းလင်းမှုများ ပါဝင်ခဲ့သည်။

    မြို့တွင်းရှိ ဗလီဝတ်ကျောင်းတော်တစ်ခု၊ ဆန်လူးဝစ် အိုဘစ်ပို အစ္စလာမ့်အသိုင်းအ၀ိုင်း၊ ကာလ်ပိုလီ မွတ်စလင်ကျောင်းသားများ အသင်းတို့က ပူးပေါင်းစီစဉ်သည့် ထိုပွဲမှာ နိုင်ငံအတွင်း မြင့်တက်လာသော မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားများကို တုန့်ပြန်ရန်ဖြစ်သည်။

    ပင်တိုင်ဆွေးနွေးသူများမှာ အမေရိကန်မွတ်စလင်တစ်ယောက်ဖြစ်ရသည့် ၎င်းတို့၏ အတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြသည်။

    “မွတ်စလင်တစ်ယောက်ဖြစ်ခြင်းနဲ့ အမေရိကန်တစ်ယောက်ဖြစ်ခြင်းမှာ ကျွန်တော် ခွဲခြားမထားပါဘူး။ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို၊ အမေရိကန်တစ်ယောက်လည်း ဖြစ်ပါတယ်။ မွတ်စလင်တစ်ယောက်ဖြစ်တယ်ဆိုတာ လူတိုင်းက မမြင်နိုင်ပေမယ့် ဘယ်ကိုသွားသွား တစ်ပါတည်းပါနေမယ့် အရာပါ” ဟု ပင်တိုင်ဆွေးနွေးသူတစ်ဖြစ်သည့် အ အာရ်မီနာ ကရင်မ်က ပြောကြားခဲ့သည်။ ၎င်းမှာ ဆန်လူးဝစ် အိုဘစ်ပို ကုန်သည်ကြီးများအသင်းမှ ဥက္ကဌလည်းဖြစ်သည်။

    Ref: IINA

  • နာမည်ကျော် 3310 ဖုန်း ဗားရှင်းအသစ်နဲ့ စမတ်ဖုန်း ၃ မျိုးကို Nokia ထုတ်ဖော်ပြသ

    နာမည်ကျော် 3310 ဖုန်း ဗားရှင်းအသစ်နဲ့ စမတ်ဖုန်း ၃ မျိုးကို Nokia ထုတ်ဖော်ပြသ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    3310 ဗားရှစ်အသစ်

    – မိုဘိုင်းဖုန်းလောကမှာ တစ်ချိန်က ဘုရင်တစ်ဆူဖြစ်ခဲ့တဲ့ Nokia ရဲ့ နာမည်ကျော် 3310 မော်ဒယ် ဗားရှင်းအသစ်နဲ့အတူ အန်ဒရွိုက်ဖုန်း အသစ်တွေကို မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အရင်နဲ့ မတူတာက 3310 ဟာ ပိုမိုကျစ်လစ် ခိုင်ခဲ့ပြီး ပိုပြီးပါးလွှာ၊ ပေါ့ပါးလာသလို၊ အင်တာနက် အသုံးပြုလို့ရအောင် ဖန်တီးတားတာ ဖြစ်ပါတယ်။ အရင်ဖုန်းမှာ ပါဝင်ပြီး လူကြိုက်များခဲ့တဲ့ Snake ဂိမ်းနဲ့ ringtone လည်း ပြန်ပါလာခဲ့ပါတယ်။

    “ဒီတယ်လီဖုန်းက ၂၂ နာရီလောက် စကားပြောနိုင်မှာဖြစ်ပြီး မူလဖုန်းထက် ၁၀ ဆလောက် ပိုကြာမှာဖြစ်ပါတယ်” လို့ Nokia ကုမ္ပဏီကို ၀ယ်ယူခဲ့တဲ့ ဖင်လန်နိုင်ငံက HMD Global ကုမ္ပဏီ အကြီးအကဲ အာရ်တို နူမီလာက ယမန်နေ့ ဘာစီလိုနာမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကြီးဆုံး ဖုန်းပြပွဲပြီးမှာ သူ့ဖုန်းတွေကို မိတ်ဆက်ရင်း ပြောကြားခဲ့ပါတယ်။

    ၂၀၀၀ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Nokia ရဲ့ 3310 ဟာ ကမ္ဘာတစ်ဝှမ်းမှာ အလုံးရေ သန်းပေါင်း ၁၂၀ လောက် ရောင်းချခဲ့ရပြီး ကမ္ဘာ့မိုဘိုင်းဖုန်းလောကမှာ ရောင်းအားအကောင်းဆုံး ဖုန်းတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    မနေ့ကပွဲမှာ 3310 အပြင် Nokia 3၊ Nokia 5 နဲ့ Nokia 6 ဆိုတဲ့ အန်ဒရွိုက်အခြေပြု စမတ်ဖုန်းတွေကိုလည်း ပြသခဲ့ပြီး စောစောပိုင်းက တရုတ်နိုင်ငံမှာသာ ရရှိနိုင်တဲ့ Nokia 6 ဟာ ကမ္ဘာတစ်ဝှမ်းမှာ ရရှိနိုင်တော့မှာဖြစ်ပါတယ်။

    လေ့လာသူတွေကတော့ Nokia ဟာ ၂၀၁၉ ခုနှစ်ရောက်တဲ့အခါမှာ ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်ရဲ့ ၅ ရာခိုင်နှုန်းလောက် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

    ၁၉၉၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်လောက်အထိ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်သူဖြစ်ခဲ့တဲ့ Nokia ဟာ စမတ်ဖုန်းတွေ ခေတ်စားတဲ့အချိန်မှာ နောက်ကောက်ကျခဲ့ပြီး လက်ပြောင်းလက်လွှဲတွေလည်းဖြစ်ခဲ့ကာ နောက်ဆုံးမှာ ဖင်လန်က တက်သစ်စ ကုမ္ပဏီ HMD Global ရဲ့လက်ထဲကို ရောက်ရှိခဲ့ပါတယ်။

    Ref: CNA

  • Arab Idol တွင် ပါလက်စတိုင်း ခရစ်ယာန်တစ်ဦး ဗိုလ်စွဲ၊ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံ

    Arab Idol တွင် ပါလက်စတိုင်း ခရစ်ယာန်တစ်ဦး ဗိုလ်စွဲ၊ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    အနိုင်ရရှိပြီးနောက်တွေ့ရသည့် ယာကွဘ် ဆာဟင် (ယာ)

    – အာရပ်ဒေသတစ်ဝှမ်း ဂီတပညာရှင်များ ပေါ်ထွက်လာရေး ရည်ရွယ်ပြုလုပ်သည့် Arab Idol အဆိုပြိုင်ပွဲတွင် ပါလက်စတိုင်းခရစ်ယာန် ယာကွဘ် ရှာဟစ်က အနိုင်ရဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။

    အသက် ၂၃ နှစ်အရွယ် ယာကွဘ်မှာ ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသားတစ်ဦးနှင့် ယီမင်နိုင်ငံသားတစ်ဦးကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် ကြည့်ရှုသူအများဆုံး အစီအစဉ်ဖြစ်သည့် Arab Idol တွင် ပါလက်စတိုင်းတစ်ဦး ဗိုလ်စွဲခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၃ ခုနှစ်ကလည်း ဂါဇာကမ်းမြှောင်မှ အသက် ၂၃ နှစ်အရွယ် မိုဟာမက်အာဆက်ဖ်မှာ ဗိုလ်စွဲခဲ့သည်။

    Arab Idol ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်းနှင့် ဂါဇာတို့ရှိ ပါလက်စတိုင်းပြည်သူများက ကြည့်ရှုခဲ့ကြပြီး ယာကွဘ် အနိုင်ရရှိသွားသောကြောင့် ညလုံးပေါက် အောင်ပွဲခံခဲ့ကြသည်။ ထို့ပြင် ပါလက်စတိုင်းအလံများ၊ ဆီးရီးအက် ခရစ်ယာန်အသင်းတော်၏ တံဆိပ်များကိုလည်း ဝှေ့ယမ်းခဲ့ကြသည်။

    ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ယာကွဘ်မှာ ပါလက်စတိုင်း အလံကိုလွှမ်းခြုံကာ “ကျွန်ုပ်၏ ကတိစကား၊ ကျွန်ုပ်၏ သစ္စာ၊ ကျွန်ုပ်၏ သွေးတို့သည် ပါလက်စတိုင်းသာဖြစ်သည်” ဆိုသည့် စာသားပါဝင်သော ပါလက်စတိုင်း လွတ်မြောက်ရေးသီချင်းကို သီဆိုခဲ့သည်။

    ယာကွဘ်မှာ ဆီရီအက်လူမျိုး ခရစ်ယာန်ဘာသာဝင် လက်သမားတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူ နူရ်မာ ရှာဟင်က ပါလက်စတိုင်းပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “သူ့ရဲ့အသံ၊ ပညာနဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်မှု၊ သူ့ပြည်သူတွေ၊ ဘက်သလီဟမ်နဲ့ ပါလက်စတိုင်းကို ချစ်မြတ်နိုးမှု စတာတွေကြောင့် အနိုင်ရရှိသွားတာပါ” ဟု ရှာဟင်က ဆိုသည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်မှာ မကြာသေးမီက ဇကာတင် ၃ ဦးစာရင်းဝင် ယာကွဘ်နှင့် ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသား အမီရ် ဒန်ဒန်တို့ကို ဘေရွတ်မြို့၌ တွေ့ဆုံခဲ့သည်။ ဒန်ဒန်မှာ ပါလက်စတိုင်းနယ်မြေတွင် အစ္စရေးက နိုင်ငံထူထောင်ချိန် ၁၉၄၈ ခုနှစ်က ၎င်းတို့၏ မြေ၌သာ ကြံ့ကြံ့ခံ နေထိုင်ခဲ့သော အာရပ်မိသားစုမှ ဆင်းသက် ပေါက်ဖွားလာသူဖြစ်သည်။

    ယခုနှစ် Arab Idol ပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရသည့် ၂၅ ဦးတွင် ပါလက်စတိုင်းများနှင့် ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသား စုစုပေါင်း ၄ ဦးအထိ ပါဝင်ခဲ့ပြီး ထိုပြိုင်ပွဲတစ်လျှောက် ပါလက်စတိုင်းများပါဝင်မှု အမြင့်ဆုံးလည်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်က အနိုင်ရခဲ့သည့် ပါလက်စတိုင်းသား အာဆက်ဖ်မှာ လက်ရှိတွင် ဒေသတွင်း၌ ဂီတကြယ်ပွင့် ဖြစ်နေပြီဖြစ်သည်။

    Ref: Aljazeera

  • ထရမ့်လက်ထက် ခြိမ်းခြောက်ခံလာရသည့် ဂျူးများနှင့် တစ်သားတည်းရှိကြောင်း ကန်မွတ်စလင်များ ပြသ

    ထရမ့်လက်ထက် ခြိမ်းခြောက်ခံလာရသည့် ဂျူးများနှင့် တစ်သားတည်းရှိကြောင်း ကန်မွတ်စလင်များ ပြသ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇
    M-Media

    ဘုန်းတော်ကြီး အန်ဒရူး ပါလေးနှင့်အတူ စကားပြောဆိုနေကြသည့် မွတ်စလင်များ

    – ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ ဂျူးဘုရားကျောင်းများ၊ ဂျူးအဆောက်အဦးများကို တိုက်ခိုက်မှုများ မြင့်တက်လာချိန်တွင် တက္ကဆက်ပြည်နယ်မှ မွတ်စလင်များက ဂျူးလူ့အဖွဲ့အစည်းကို သွားရောက်အားပေးကာ တစ်သားတည်းရှိကြောင်း ပြသခဲ့သည်ဟု သိရသည်။

    ‘ဒါးလက်စ်နှင့် ဖို့သ် မွတ်စလင်လူ့အဖွဲ့အစည်း’ ( DFW Muslim community) မှာ ‘ကျွန်တော်တို့လည်း ခင်ဗျားတို့နှင့် အတူ ရှိပါတယ်’ ဟု ရေးသားထားသည့် ကဒ်ပြားများကို ကိုင်ဆောင်ကာ ဒါးလက်စ်မြို့ရှိ ဂျူးစင်တာများသို့  သွားရောက် ဝေငှခဲ့ကြသည်။

    “ကျွန်တော် ဒါးလက်စ်က ဂျူးစင်တာတွေကို သွားရောက်လည်ပတ်ခဲ့တယ်။ ကဒ်ပြားပေါင်းလည်း ၄၀ လောက် ရေးသားခဲ့ပါတယ်။ အခုအချိန်ဟာ စည်းလုံးဖို့အချိန်ဖြစ်ပြီး သွေးကွဲဖို့အချိန် မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ပြသချင်တာပါ” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အမ်းစထရောင်းက ပြောကြားခဲ့သည်။

    ‘ဗာလီ ရန့်ခ်ျ အစ္စလာမ့်စင်တာ’ ကလည်း ဂျူးများနှင့် တစ်သားတည်းရှိကြောင်း မွတ်စလင်လူ့အဖွဲ့အစည်းမှ ထောက်ခံလက်မှတ်ရေးထိုးမှု ၁၀၀ ခန့်ပါဝင်သော ကဒ်ပြားတစ်ခုကို ဒါးလက်စ်ရှိ ဂျူးစင်တာတစ်ခုသို့ ပေးအပ်ခဲ့သည်။

    “အစ္စလာမ့်ကြောက်ရောဂါလည်း ရှိနေတာပေါ့ဗျာ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ကို ပေါင်းစည်းစေဖို့ တွန်းအား ဖြစ်စေချင်ပါတယ်” ဟု ဖူအက်ဒ် ဒါဒဘ် ဟွိုင်က ပြောကြားခဲ့သည်။

    ဒါးလက်စ်မြို့ရှိ Temple Shalom ဂျူးဘုရားကျောင်းမှ အကြီးတန်း ဘုန်းတော်ကြီးဖြစ်ပြီး မွတ်စလင်များပေးအပ်သည့် အဆိုပါကဒ်ပြားကို ရရှိခဲ့သူ အန်ဒရူး ပါလေးက ယခုလုပ်ရပ်မှာ သေးငယ်သော လုပ်ဆောင်ချက်ဖြစ်သော်လည်း တာသွားသည်ဟု ပြောကြားခဲ့သည်။

    “ရည်ရွယ်ချက်တူတဲ့သူတွေ လက်ချင်းချိတ်ပြီဆိုရင် ကြီးမားတဲ့ရလဒ်တွေ ထွက်လာမှာပါ။ ဒါကို ကျွန်တော့် နှလုံသားထဲက ယုံကြည်ပါတယ်” ဟု ဘုန်းတော်ကြီးက ပြောကြားခဲ့သည်။

    Ref: IINA

  • ပါလက်စတိုင်းကို ပေးမ၀င်သည့် နေတန်ယာဟုကို အင်ဒိုက လေပိုင်နက်အသုံးပြုခွင့် ပိတ်ပင်

    ပါလက်စတိုင်းကို ပေးမ၀င်သည့် နေတန်ယာဟုကို အင်ဒိုက လေပိုင်နက်အသုံးပြုခွင့် ပိတ်ပင်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇
    M-Media

    – အစ္စရေးဝန်ကြီချုပ် နေတန်ယာဟု စီးနင်းသော လေယာဉ်ကို အင်ဒိုနီးရှားက လေပိုင်နက်အသုံးပြုခွင့်ပေးရန် ငြင်းဆိုခဲ့ပြီး မနှစ်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပါလက်စတိုင်းသို့ လည်ပတ်မှုကို အစ္စရးက ပိတ်ပင်မှုအား တုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

    ဗုဒ္ဓဟူးနေ့က နေတန်ယာဟု စီးနင်းသော လေယာဉ်မှာ စင်ကာပူမှ သြစတေးလျသို့ သွားရောက်ရာတွင် အင်ဒိုနီးရှားက ၎င်းတို့၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ပုံမှန် ၈ နာရီ ခွဲသာ ကြာမြင့်သော အဆိုပါ ခရီးစဉ်မှာ ၁၁ နာရီအထိ ကြာမြင့်ခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မိမိတို့ နိုင်ငံခြားရေးဝန်ကြီးကို အစ္စရေးမှ ထိုသို့ လုပ်ဆောင်ခဲ့သည့်အတွက် မိမိတို့က ပြန်လည်တုန့်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သောကြာနေ့တွင် ပြောကြားခဲ့သည်။

    လူဦးရေ သန်းပေါင်း ၂၄၀ ခန့်ရှိသည့် အင်ဒိုနီးရှားနိုင်ငံမှာ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ဖြစ်မြောက်ရေးအတွက် ခိုင်ခိုင်မာမာ ထောက်ခံပေးသည့် နိုင်ငံလည်း ဖြစ်သည်။

    အင်ဒို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အာရ်မာနာသာ နာဆီက မိမိတို့နှစ်နိုင်ငံမှာ သံတမန်ဆက်ဆံရေး မရှိသောကြောင့် ယခုဖြစ်ရပ်မှာ စိုးရိမ်စရာမဟုတ်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ကို ဒါမျိုးလုပ်ခဲ့လို့ ကျွန်တော်တို့လည်း ပြန်လုပ်တာပါ” ဟု နာဆီရ်က ဆိုသည်။

    ၂၀၁၆ ခုနှစ် မတ်လတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမှာ ပါလက်စတိုင်းပိုက်နက် ရာမာလာတွင် အင်ဒိုကောင်စစ်ဝန်ရုံး ဖွင့်လှစ်ရန် သတ်မှတ်ထားသော်လည်း ခရီးစဉ်မစတင်လေးမှာပင် အစ္စရေးက ပါလက်စတိုင်းသို့ ပျံသန်းခွင့်မပြုကြောင်း ပြောကြားခဲ့သည်။

    Ref: Middleeastmonitor