News @ M-Media

Author: Ko Lay

  • ရှေးဦးမွတ်စလင်များအပေါ် ကျေဇူးရှိခဲ့သည့် ခရစ်ယာန်ဘုရင်အုတ်ဂူကို တူရကီက ပြုပြင်ပေးနေ

    ရှေးဦးမွတ်စလင်များအပေါ် ကျေဇူးရှိခဲ့သည့် ခရစ်ယာန်ဘုရင်အုတ်ဂူကို တူရကီက ပြုပြင်ပေးနေ

    မတ် ၁၊ ၂၀၁၇
    M-Media

    အီသီယိုးပီးယားမှ နဂျာရှီ၏ ဂူဗိမာန်

    – တမန်တော် မုဟမ္မဒ်သခင်လက်ထက်က မက္ကာကို စွန့်ခွာ၍ လာရောက်ခိုလှုံခဲ့ကြသည့် မွတ်စလင်များအား ကောင်းမွန်စွာ နေထိုင်ခွင့်ပြုခဲ့သည့် အဘီဆီးနီးယား (ယခု အီသီယိုးပီးယားနှင့် အီရစ်ထရီယာ) ပြည့်ရှင် ခရစ်ယာန်ဘာသာဝင် နဂျာရှီ၏ ဂူဗိမာန် ပြန်လည်ပြုပြင်မှုအား တူရကီက ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

    အဆိုပါ ဂူဗိမာန်မှာ အီသီယိုးပီးယားမြို့ အက်ဒစ် အဘာဘာမှ မိုင်ပေါင်း ၅၀၀ အကွာအဝေးတွင် ရှိနေပြီး ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းအတွက် ‘တူရကီ ပူးပေါင်းဆာင်ရွက်ရေးနှင် ညှိနှိုင်းရေး အေဂျင်စီ (TIKA)’ က ဦးဆောင်ကာ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

    အာရ်မဟ်ဟုလည်း အမည်ရသည့် နဂျာရှီဘုရင်မှာ သက္ကရာစ် ၆၁၄ ခုနှစ်မှာ ၆၃၁ ခုနှစ်အထိ ယနေ့ခေတ် အီသီယိုးပီးယားနှင့် အီရစ်ထရီယာတို့ ပါဝင်သော အဘီဆီးနီးယား အင်ပါယာကို အုပ်စိုးခဲ့သူဖြစ်သည်။ ၎င်းမှာ တမန်တော်မုဟမ္မဒ်လက်ထက် မက္ကာမြို့မှ ကိုရိုက်ရှ်လူမျိုးများ၏ ဒုက္ခပေးမှုကြောင့် နေရပ်စွန့်ခွာလာခဲ့ကြသည့် ရှေးဦးမွတ်စလင်များ၏ မှန်ကန်မှုနှင့် သမာသမတ်ကြမှုကို တွေ့မြင်ပြီးနောက် ၎င်းတို့အား ကြည်ဖြူစွာ ခိုလှုံခွင့်ပေးခဲ့သည်။

    အဆိုပါ နေရပ်စွန့်ခွာမှုကို အစ္စလာမ့်သမိုင်းတွင် ‘ပထမဆုံး ဟစ်ဂျရသ်’ ဟု ခေါ်ဆိုသည်။ တမန်တော်မုဟမ္မဒ်သခင်မှာ မိမိ၏နောက်လိုက်များ အလွန်အမင်း ညှင်းပမ်းနှိပ်စက်မှု ခံနေရသည်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့ထဲမှ အချို့ကို အဘီဆီးနီးယားသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့ပြီး ထိုဒေသမှ ဘုရင်မှာ မင်းကျင့်တရား ၁၀ ပါးနှင့်အညီ အုပ်ချုပ်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကိုရိုက်ရှ်မျိုးနွယ်များက ထိုသတင်းကို ကြားပြီးနောက် အဖွဲ့တစ်ခုကို လက်ဆောင်ပဏ္ဍာများနှင့် နဂျာရှီဘုရင်ထံသို့ စေလွှတ်ကာ မွတ်စလင်များကို ပြန်လည်ခေါ်ဆောင်ရန် ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း မွတ်စလင်များက ၎င်းတို့၏ ဘာသာတရားအကြောင်း၊ တမန်တော် မုဟမ္မဒ်သခင်အကြောင်းတို့ကို ကျေလည်စွာ ရှင်းပြခဲ့ပြီးနောက် နဂျာရှီဘုရင်မှာ ကြည်ဖြူစွာ လက်ခံခဲ့သည်။

    ထို့ပြင် ‘မွတ်စလင်များနှင့် ခရစ်ယာန်များ၏ကြား ခြားနားမှုမှာ သဲပေါ်တွင်ရေးဆွဲထားသည့် မျဉ်းကြောင်းလောက်သာ ရှိသည်’ ဟု နဂျာရှီ၏ ထိုစဉ်က ပြောစကားမှာလည်း ကျော်ကြားသည်။

    Ref: Craigconsidinetcd.com

  • ထရမ့်လက်ထက် မြင့်တက်လာတဲ့ ဂျူးဆန့်ကျင်ရေးနဲ့ အားနည်းသူများကို မွတ်စလင်များ၏ ဖေးမမှု

    ထရမ့်လက်ထက် မြင့်တက်လာတဲ့ ဂျူးဆန့်ကျင်ရေးနဲ့ အားနည်းသူများကို မွတ်စလင်များ၏ ဖေးမမှု

    မတ် ၁၊ ၂၀၁၇
    M-Media

    – ဒေါ်နယ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း လူဖြူအစွန်းရောက်တွေ ခေါင်းထောင်ထလာမှုနဲ့အတူ ဂျူးစင်တာတွေ၊ သုဿာန်တွေ တိုက်ခိုက်ခံရမှု မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာလည်း ဖီလာဒဲလ်ဖီးယားက ဂျူးသုသာန်တစ်ခု ဖျက်ဆီးခံခဲ့ရပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း အုတ်ဂူနဲ့ မှတ်တိုင်ပေါင်း ၅၀၀ နီးပါးလောက် ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါဟာ တစ်ပတ်အတွင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် ဂျူးသုသာန်တစ်ခု တိုက်ခိုက်ခံရတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း မစ်ဇူရီပြည်နယ် စိန့်လူးဝစ်အနီးက ဂျူးသုဿာန်လည်း ဖျက်ဆီးခံခဲ့ရတာကြောင့် အုပ်ဂူပေါင်း ၁၅၀ လောက် ပျက်ဆီးခဲ့ပါတယ်။

    တနင်္လာနေ့ မနက်ပိုင်းက အမေရိကန်နိုင်ငံတစ်ဝှမ်း ဂျူးစင်တာ(JCC) ပေါင်း  ၂၀ လောက်ဟာ ဗုံးနဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။

    JCC ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ အဖွဲ့တာဝန်ရှိသူ ဒေးဗစ် ပိုစ်နာက နိုင်ငံတစ်ဝှမ်း လူ့အဖွဲကအစည်းတွေကို ရိုက်ခတ်နေတဲ့ ဒီလို ဂျူးဆန့်ကျင်ရေးလုပ်ရပ်တွေကို ဆန့်ကျင်တဲ့ စကားမျိုးကို အာဏာပိုင်တွေက ပြောရမယ်၊ အရေးယူရမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    တနင်္လာနေ့နှောင်းပိုင်းမှာ အမေရိကန်ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်က ဂျူးလူ့အဖွဲ့အစည်းပေါ် ဒီလို ဗုံးနဲ့ ခြိမ်းခြောက်မှုတွေဟာ လုံးဝ လက်မခံနိုင်စရာဖြစ်ပြီး အင်မတန်ဆိုးရွားကာ အဖျက်သဘောဆောင်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ရှောင် စပိုက်ဆာကလည်း တနင်္လာနေ့ အကျဉ်းချုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်နေနနဲ့ ဂျူးဆန့်ကျင်ရေး၊ အမုန်းတရားအခြေခံ ပြုမူဆောင်ရွက်မှုတွေအားလုံးကို လုံးဝ ရှုတ်ချတယ်လို့ ပြာကြားခဲ့ပါတယ်။ စောစောပိုင်းက သမ္မတထရမ့် နှုတ်ဆိတ်နေမှုနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

    အမေရိကန်နိုင်ငံက ထိပ်တန်း ဂျူး အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ Anti-Defamation League က တနင်္လာနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂျူးစင်တာတွေကို ဗုံးနဲ့ ခြိမ်းခြောက်မှုဟာ ဒီနှစ်အတွင်းမှာ ၅ ကြိမ်မြောက် ဖြစ်ပွားခဲ့တဲ့ ဂယက်တစ်ခုဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂ လအတွင်းမှာ ဒီလို ခြိမ်းခြောက်မှုပေါင်း ၉၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ FBI ကတော့ ဒီကိစ္စတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ဖမ်းတာဆီးတာမျိုးတော့ မလုပ်သေးပါဘူး။

    မွတ်စလင်များ၏ ကူညီမှု

    မဲဆွယ်မှုတွေအတွင်း လူမည်းတွေ၊ မက္ကဆီကန်တွေ၊ မွတ်စလင်တွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေကို ပြစ်ပြစ်နှစ်နှစ် စော်ကားပြောဆိုခဲ့တဲ့ ဘီလီယံနာသူဌေး ဒေါ်နယ်ထရမ့် အာဏာရလာပြီးတဲ့နောက်ပိုင်း အမေရိကန်မှာ လူဖြူအမျိုးသားရေး အစွန်းရောက်တွေက ဂျူး၊ မွတ်စလင်၊ လူမည်း၊ အာရှ-အမေရိကန်တွေလို လူနည်းစုတွေအပေါ်မှာ စော်ကားတိုက်ခိုက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    အမေရိကန်မွတ်စလင်တွေကတော့ သူတို့နဲ့ ဘ၀တူ ဂျူးတွေရဲ့ ဆုံးရှုံးမှုတွေ၊ ထိခိုက်ခံစားရမှုတွေကို ဖေးမကူညီဖို့ နှောင့်နှေးမနေခဲ့ပါဘူး။

    ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန် ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ မွတ်စလင်တက်ကြွလှုပ်ရှားသူ တာရစ် အလ်-မက်စီဒီဟာ မွတ်စလင်တွေအနေနဲ့ ဂျူးတွေဘက်က ရပ်တည်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဂျူး ညီအစ်ကိုမောင်နှမတွေကို ဖေးမဖို့၊ ဒီလို ဒီလိုအယူသည်းမှုတွေကို ဆန့်ကျင်တဲ့ဘက်မှာ ဂျူးတွေနဲ့အတူ မားမားမတ်မတ် ရပ်တည်ကြဖို့ မွတ်စလင်တွေအားလုံးကို တောင်းဆိုချင်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ ကျွန်တော်တို့ မွတ်စလင်အသိုင်းအ၀ိုင်းဟာ စိန့်လူးဝစ်က ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ဂျူးသုဿာန် ပြင်ဆင်ဖို့အတွက် ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။ ရည်မှန်းထားတဲ့ ပမာဏထက် ပိုရခဲ့တာကြောင့် အခုအချိန်မှာတော့ ဒီပိုတဲ့ပိုက်ဆံတွေကို ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန်အတွက် ကူညီဖို့ အသုံးပြုရမှာပါ” လို့အလ်-မက်စီဒီက ပြောကြာခဲ့ပါတယ်။

    စိန့်လူးဝစ်က ဂျူးသုဿာန် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေအတွက် ရည်ရွယ်ထားတဲ့ ပမာဏဟာ ကန်ဒေါ်လာ ၂ သောင်းသာ ဖြစ်ပေမယ့် အင်္ဂါနေ့အထိ မွတ်စလင်တွေဆီက ကောက်ခံရရှိတဲ့ငွေက ၁၃၈၀၀၀ ရှိနေပြီး ၇ ဆနီးပါး မြင့်တက်လာတာပါ။

    အလ်-မက်စီဒီကတော့ သူ့အနေနဲ့ ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန်ကို ချက်ခြင်း သွားရောက်အားပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “ဒီလို လူမျိုးရေးခွဲခြားမှု၊ ဂျူးဆန့်ကျင်ရေးလုပ်ရပ်၊ အစ္စလာမ်ကြောက်ရောဂါတွေကို ကျွန်တော်တို့ အတူတကွ ဆန့်ကျင်သွားရမှာပါ” လို့ အလ်-မက်စီဒီက သူ့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဖီလာဒဲလ်ဖီးယားက မွတ်စလင်တစ်ချို့ကလည်း ဖျက်ဆီးခံသုသာန်ဆီ သွားရောက်ခဲ့ပြီး သန့်ရှင်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးခဲ့ကြပါတယ်။

    Ref : BBC,Aljazeera, CNN

  • လူမည်းများကို လူမျိုးရေးခွဲခြားကာ ခြိမ်းခြောက်သည့် ကန်လူဖြူစုံတွဲနှစ်ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

    လူမည်းများကို လူမျိုးရေးခွဲခြားကာ ခြိမ်းခြောက်သည့် ကန်လူဖြူစုံတွဲနှစ်ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
    M-Media

    လူမျိုးရေးခွဲခြားမှုကြောင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည့် တောရက်စ်နှင့် နော်တန်

    – လူမည်းကလေးငယ်တစ်ဦး၏ မွေးနေ့ပါတီတွင် ခွဲထွက်ရေးအလံများကို ဝှေ့ယှမ်း၍ ၀င်ရောက်နှောက်ယှက်ကာ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် လူဖြူစုံတွဲနှစ်ဦးမှာ ယမန်နေ့က နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံရသည်ဟု သိရသည်။

    ဂျိုဆေး တောရက်စ်နှင့် ကေလာ နော်တန်တို့ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ ဆင်ခြေဖုံးရှိ ဒူဂလက်စ်ကောင်တီတွင် ၎င်းတို့အပါအ၀င် တစ်ဒါဇင်ခန့်ရှိသော လူအုပ်စုမှာ ပစ်ကပ်ကားများနှင့် ခွဲထွက်ရေး အလံများကို ဝှေ့ယမ်းကာ လှည့်လည်ခဲ့ကြပြီး၊ လူမည်းကလေးငယ်တစ်ဦး မွေးနွေးပွဲပြုလုပ်သည့် ခြံရှေ့အရောက်တွင် အော်ဟစ် နှောက်ယှက်ခဲ့ကြခြင်းဖြစ်သည်။

    ပါတီသို့ လာရောက်သူများကမူ ထရပ်ကားအုပ်စုမှ လူမျိုးရေးခွဲခြားသည့် စကားများဖြင့် စော်ကားခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ထရပ်ကားများမှာ မွေးနေ့ပါတီလုပ်သည့် အိမ်အနီးတွင် ရပ်နားကာ တောရက်စ်ပါဝင်သည့် အုပ်စုငယ်လေးက ခြံတွင်းသို့ ၀င်ရောက်၍ ပါတီပွဲလာရောက်သူများကို လူမျိုးရေးခွဲခြားသည့် စကားများဖြင့် စော်ကားပြောဆိုကာ အသက်အန္တရာယ် ခြိမ်းခြောက်မှုပင် ပြုလုပ်ခဲ့ကြသည်ဟု ရှေနေ့များ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    “သူ့ရဲ့ကားထဲကနေ တစ်လုံးထိုးသေနတ်ကို သွားထုတ်လာတဲ့ တောရက်စ်က အဲဒီသေနတ်ကို ပါတီလာတဲ့ အာဖရိကန်-အမေရိကန်အုပ်စုကို ချိန်ထားပြီး သတ်မယ်လို့ ပြောပါတယ်။ သူနဲ့အတူ ပါတဲ့သူတွေက ‘ကလေးလေးတွေလည်း ကျည်ဆံတစ်တောင့်တော့ ရမှာပေါ့’ လို့ ပါတီက ကလေးတွေကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်” ဟု ကြေငြာချက်ဆိုသည်။

    နော်တန်မှာလည်း ထိုကဲ့သို့ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ပါတီသို့ လာရောက်သူများက ၎င်းတို့အုပ်စုတွင် တစ်ချို့မှာ ဓားများ၊ တာယာဖြုတ်သည့် ကိရိယာများကို ကိုင်ဆောင်ထားကြသည်ဟု ပြောကြားခဲ့သည်။

    ဂျိုဆေး တောရက်စ်မှာ ပြင်းပြင်းထန်ထန် နာကျင်စေမှု စွဲချက် ၃ ခု၊ အကြမ်းဖက်ရန် ခြိမ်းခြောက်မှု စွဲချက်တစ်ခု၊ ဂျော်ဂျီယာပြည်နယ် လူဆိုးဂိုဏ်းအကြမ်းဖက်ဝါဒ တာဆီးရေးဥပဒေကို ချိုးဖောက်မှု စွဲချက်တစ်ခုတို့အတွက် အပြစ်ရှိကြောင်း တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီး ထောင်အတွင်း ၁၃ နှစ်နေထိုင်ရန်အပါအ၀င် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။

    နော်တန်က အကြမ်းဖက်ရန် ခြိမ်းခြောက်မှု စွဲချက်တစ်ခု၊ လူဆိုးဂိုဏ်းအက်ဥပဒေ ချိုးဖောက်မှု စွဲချက်တစ်ခုတို့ဖြင့် ၆ နှစ် ထောင်တွင်း နေထိုင်ရန်အပါအ၀င် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။ နော်တန်ကမူ သူမ၏ လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။

    Ref: CNN

  • Google က ဂုဏ်ပြုခဲ့တဲ့ ပရဟိတသမားကြီး အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ဆိုတာ ဘယ်သူလဲ

    Google က ဂုဏ်ပြုခဲ့တဲ့ ပရဟိတသမားကြီး အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ဆိုတာ ဘယ်သူလဲ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
    M-Media

    ပါကစ္စတန်တွင် Edhi Foundation ကို ထူထောင်ခဲ့သူ ပရဟိတသမားကြီး အဘ်ဒူလ် ဆတ္တာရ် အဒီဟ်

    – ကမ္ဘာကျော် အင်တာနက် Search Engine တစ်ခုဖြစ်တဲ့ Google ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ (ဒီနေ့) သူ့ရဲ့ Home Page လိုဂိုသရုပ်ဖော်စာလုံးမှာ မုတ်ဆိတ်ရှည်ရှည်၊ အင်္ကျီဖါးဖါး၊ ဦးထုပ်နဲ့ လူတစ်ယောက်ရဲ့ပုံကို ဂုဏ်ပြုလွှင့်တင်ခဲ့ပါတယ်။

    ဒီပုဂ္ဂိုလ်က ဘယ်သူပါလဲ။ ဂုဏ်ပြုရလောက်အောင် ဘာတွေလုပ်ခဲ့သလဲ။

    သူကတော့ ပါကစ္စတန်နိုင်ငံသား အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်ကွန်ယက် ‘အဒီဟ်ဖောင်ဒေးရှင်း’ (Edhi Foundation) ကို ထူထောင်ခဲ့သူဖြစ်ပါတယ်။

    ကိုယ့်ရဲ့အမည်နဲ့ ဖောင်ဒေးရှင်းထူထောင်ပြီး ငွေကြေးထောက်ပံ့ပေးကြတဲ့ လူချမ်းသာတွေနဲ့ ကွဲပြားတာက အဘ်ဒူလ် ဆတ္တာရ်ဟာ သူ့လက်ထဲ တစ်ပြားမှမရှိတဲ့ အချိန် အသက် ၂၀ အရွယ်ကတည်းက ဆင်းရဲမွဲတွေသူတွေအတွက် ဘ၀ကို မြှုပ်နှံခဲ့တာဖြစ်ပါတယ်။

    အဲဒီလိုနဲ့ Edhi Foundation ဟာ နိုင်ငံတကာအထိ ပေါက်ရောက်လာခဲ့ပြီး ၂၀၀၅ ခုနှစ် အမေရိကန်ပြည်ထောင်စု နယူးအော်လင်းမှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ကက်ထရီနာကြောင့် ထိခိုက်ခဲ့သူတွေကို ကူညီကယ်ဆယ်ရေးအတွက် ကန်ဒေါ်လာ ၁ သိန်းအထိ ရှာဖွေပေးနိုင်ခဲ့ပါတယ်။

    အဒီဟ်ဟာ အိန္ဒိယ ပါကစ္စတန်မကွဲခင် ၁၉၂၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဘန့်တ်ဗာမှာ မွေးဖွားခဲ့ပြီး ကျောက်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၂၈ ရက်နေ (ဒီနေ့) ဟာ အဒီဟ်ရဲ့ ၈၉ နှစ်မြောက် မွေးနေ့ဖြစ်ပြီး သူ့ရဲ့ လူသားအကျိုးပြုလုပ်ငန်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Google ဟာ အမေရိကန်၊ အိုက်စလန်၊ ပေါ်တူဂီ၊ သြစတေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အက်စတိုးနီးယား၊ ယူကေ၊ ဒိန်းမတ်၊ အိုင်ယာလန်နဲ့ ပါကစ္စတန်တို့က Home Page စာလုံးဒီဇိုင်းမှာ အဒီဟ်ရဲ့ ကာတွန်းပုံတူကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

    “အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှာ လိုအပ်နေသူတစ်ယောက်ယောက်ကို ကျွန်တော်တို့အားလုံး လက်ကမ်းပေးကြပါစို့” လို့ Google က ရေးသားခဲ့ပြီး အဒီဟ်ရဲ့ လူနာတင်ယာဉ်ကွန်ယက်ကိုလည်း အလွန်လက်ဖျားခါလောက်စရာလို့ ချီးကျူးခဲ့ပါတယ်။

    Google မှ အဒီဟ်အတွက် ဂုဏ်ပြုမှု

    သုညမှစခဲ့ရသည့် အဒီဟ်

    အဒီဟ်ရဲ့ ဖောင်ဒေးရှင်းဆောင်ပုဒ်က “အသက်တွေကို ကူညီဖို့ အသက်ရှင်ပါ” ဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ၀န်ဆောင်မှုပေးနေတဲ့ လူနာတင်ယာဉ်အရေအတွက်ဟာ ၁၈၀၀ ကျော်ရှိကာ ပါကစ္စတန်ရဲ့ အကြီးဆုံး လူမှုဖူလှုံရေး အသင်း အဖွဲ့လည်း ဖြစ်ပါတယ်။

    ၁၉၉၇ ခုနှစ်မှာတော့ ‘ကမ္ဘာ့အကြီးဆုံး စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်အသင်း’ အဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

    အဒီဟ်ဟာ ‘အလှူခံပါ။ လူတွေက ပေးပါလိမ့်မယ်’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ စတင်ခဲ့တာဖြစ်ပြီး တောင်းခံရရှိတဲ့ငွေတွေကနေ သူ့ရဲ့ အခန်းသေးသေးလေးကို ဆေးပေးခန်းအဖြစ် ပြောင်းကာ၊ နောက်ပိုင်းမှာတော့ လူနာတင်ယာဉ်တစ်စီး ၀ယ်ယူပြီး သူကိုယ်တိုင် မောင်းခဲ့ပါတယ်။

    အလှူငွေ ပိုမိုလက်ခံရရှိခဲ့ပြီး ဆေးကျောင်းသားတွေကလည်း စေတနာ့ဝန်ထမ်းအဖြစ် ၀င်ရောက်ထမ်းဆောင်လာကြတဲ့ အခါမှာတော့ အဒီဟ်ရဲ့အဖွဲ့လေးဟာ ပါကစ္စတန်နိုင်ငံအနှံ့ ချဲ့ထွင်နိုင်ခဲ့ပါတယ်။

    ဒီနေ့မှာတော့ Edhi Foundation ဟာ ဆေးရုံးတွေ၊ မိဘမဲ့ကလေးစောင့်ရှောက်ရေးစင်တာနဲ့ ကယ်ဆယ်ရေး သင်္ဘောတွေအထိ ချဲ့ထွင်လုပ်ဆောင်နိုင်နေပါပြီ။

    ပိုင်ရှင်မရှိတဲ့ အလောင်းတွေကို မြှုပ်နှံပေးတဲ့ကိစ္စကိုလည်း ဒီဖောင်းဒေးရှင်းက တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ မွေးပြီး မလိုချင်တော့တဲ့ ကလေးငယ်တွေ လာရောက်ထားရှိနိုင်ဖို့အတွက် ဖောင်းဒေးရှင်းက အရေးပေါ်စင်တာတိုင်းရဲ့ အရှေ့မှာ ပုခက်လေးတွေကိုလည်း အဒီဟ်က ထားပေးထားပါတယ်။

    အဒီဟ်ဟာ သူ့ရဲ့ ဘ၀သက်တမ်းတစ်လျှာက် ဘာသာတရားထက် လူသားချင်းစာနာထောက်ထားမှုကို ဦးစားပေး လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ မွတ်စလင်တွေ နှစ်စဉ်လှူဒါန်းကြတဲ့ ဇကားသ်ငွေတွေကို အဒီဟ်တို့အဖွဲ့က လက်ခံပြီး မွတ်စလင်၊ ခရစ်ယာန်၊ ဟိန္ဒူမခြား လိုအပ်နေသူတွေအတွက် သုံးစွဲပေးခဲ့ပါတယ်။

    ဘာ့ကြောင့် မွတ်စလင်မဟုတ်သူတွေကို ကူညီရတာလဲလို့ လူတစ်ချို့က မေးတဲ့အခါမှာတော့ အဒီဟ်က “ကျွန်တော့်ရဲ့ လူနာတင်ယာဉ်တွေက ခင်ဗျားထက် မွတ်စလင်ပိုပီသတယ်လေ” လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

    နောက်ပြီး “လူတွေက ပညာတွေတတ်ကြတယ်။ ဒါပေမယ့် လူတော့ မဖြစ်ကြသေးဘူး” ဆိုတဲ့ သူ့ရဲ့ စကားကလည်း ကျော်ကြားပါတယ်။

    သူကွယ်လွန်သေဆုံးသွားခဲ့အခါ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က “လူမှုရေးရာမှာ အားနည်းသူတွေ၊ နွမ်းပါးသူတွေ၊ အကူအညီမဲ့သူတွေ၊ သူဆင်းရဲတွေအတွက် အဒီဟ်ဟာ ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့ စစ်မှန်တဲ့ ပြယုဂ်တစ်ပါပဲ။ ကျွန်တော်တို့ဟာ လူသားတွေအတွက် အကျိုးဆောင်သူကြီးကို ဆုံးရှုံးလိုက်ရတာပါ” လို့ ချီးကျူးခဲ့ပါတယ်။

    အဒီဟ်ဟာ ၂၀၁၄ ခုနှစ်မှာ နိုဘယ်ဆုအတွက် အမည်တင်သွင်းခဲ့ရပေမယ့် မရခဲ့ပါဘူး။

    “ဒီဆုတွေကို ကျွန်တော် မမက်မောပါဘူး။ နိုဘယ်ဆုက ကျွန်တော့်အတွက် ဘာမှ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ လူသားဆန်တဲ့လူတွေကိုသာ ကျွန်တော် လိုချင်တာပါ” လို့ အဒီဟ်ဟာ Express Tribune နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပြီး မေ့မရနိုင်တဲ့ အဖြစ်အပျက်တစ်ခုကိုလည်း သူက ပြောကြားခဲ့ပါတယ်။

    “ကလေး ၆ ယောက်နဲ့အတူ ရေထဲခုန်ချ အဆုံးစီရင်သွားတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူတို့ကို ဂူစူလ် (အစ္စလာမ့် ထုံးတမ်းစဉ်လာအရ သေသူကို ရေချိုးသန့်စင်ပေးခြင်း) ပြုတဲ့အချိန်မှာ ကျွန်တော် တော်တော်လေး ကြေကွဲ ၀မ်းနည်းခဲ့ရပါတယ်”

    အဒီဟ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပါကစ္စတန် ဗဟိုဘဏ်က ရူပီး ၅၀ တန် အကြွေစေ့ကို အဒီဟ်ရဲ့ပုံနဲ့ နောက်လမှာ ရိုက်နှိပ်ထုတ်ဝေသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera

  • လကမ္ဘာသို့ ခရီးသွားအစီအစဉ် လာမည့်နှစ်စမည်

    လကမ္ဘာသို့ ခရီးသွားအစီအစဉ် လာမည့်နှစ်စမည်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
    M-Media

    – လာမယ့်နှစ်မှာ လကမ္ဘာ ပတ်ဝန်းကျင်ကို သွားရောက်ဖို့အတွက် အမေရိကန်နိုင်ငံသား ၂ ဦးက ပိုက်ဆံပေးထားလိုက်ပြီလို့ အမေရိကန် နည်းပညာကုမ္ပဏီ SpaceX က ပြောကြားလိုက်ပါတယ်။

    အမေရိကန်ဟာ ၁၉၆၀ နဲ့ ၇၀ ပြည့်နှစ်တွေမှာ နာဆာရဲ့ Apollo အာကာသယာဉ် ခရီးစဉ်တွေပြီးကတည်းက လပေါ်ကို လူစေလွှတ်ခြင်းမရှိတော့ပါဘူး။

    “နောက်နှစ် နှောင်းပိုင်းလောက်မှာ သာမန်နိုင်ငံသား ၂ ဦး လကမ္ဘာပတ်ဝန်းကျင်ကို ပျံသန်းဖို့ SpaceX က သဘောတူညီခဲ့ပြီဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြေငြာလိုပါတယ်။ ဒါဟာ ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နက်ရှိုင်းတဲ့ အာကာသကို လူသားတွေ ပြန်သွားဖို့ အခွင့်အရေးတစ်ခုကို ဖော်ကျူးလိုက်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာ အရင်ကလူတွေထက် နေအဖွဲ့အစည်းထဲကို ပိုမြန်မြန်နဲ့ ပိုဝေးဝေေ၀း သွားမှာဖြစ်ပါတယ်” လို့ SpaceX အကြီးအကဲ အေလွန် မက်စ်က မနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သွားမယ့်လူတွေရဲ့ အမည်ကိုတော့ ဖော်ပြခဲ့ခြင်းမပြုဘဲ သူတို့ဟာ စရံတော်တော်များများ ပေးထားတယ်လို့လည်းဆိုပါတယ်။ သွားမယ့် ခရီးသည် ၂ ဦးအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ၊ လေ့ကျင့်သင်ကြားမှုတွေကို ဒီနှစ်နှောင်းပိုင်းမှာ ပြုလုပ်မယ်လို့လည်း မက်စ်က ပြောပါတယ်။

    “အခြားသော ပျံသန်းမယ့်အဖွဲ့တွေကလည်း တော်တော်လေး စိတ်ဝင်စားကြောင်း ပြောပါတယ်။ နောက်ထပ် ခရီးစဉ်တွေ ထပ်လာဖို့လည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ပျံသန်းမယ့် အဖွဲ့တွေအကြောင်းနဲ့ ကာယကံရှင်တွေတွေရဲ့ ခွင့်ပြုမှုအပေါ်မူတည်ပြီး ကျန်းမာရေး၊ ကြံ့မှုမှု ရလဒ်တွေလို ထပ်ဆောင်း အချက်အလက်တွေကိုလည်း ထုတ်ပြန်သွားမှာပါ။ ဒါပေမယ့် သွားမယ့်လူတွေဟာ ဟောလီးဝုဒ်ကတော့ မဟုတ်ပါဘူး”

    အဲဒီခရီးသွားတွေဟာ SpaceX ရဲ့ အာကာသယာဉ် Crew Dragon ကို စီးနင်း လိုက်ပါမှာဖြစ်ပြီး ဒီနှစ်နောက်ပိုင်းမှာ ဒီယာဉ်ကို လူမဲ့စမ်းသပ်ဖို့ ရှိနေပါတယ်။ ဒီယာဉ်ဟာ နိုင်ငံတကာ အာကာသစခန်းကို ပစ္စည်းတွေပို့ရာမှာ အသုံးပြုတဲ့ယာဉ်ကို အခြေခံပြီး တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

    Ref : Aljazeera