News @ M-Media

Author: Ko Lay

  • ကမ္ဘာနှင့်ဆင်တူပြီး သက်ရှိများအတွက် သင့်လျော်မည့် ဂြိုဟ်သစ် ၇ လုံး တွေ့ရှိ

    ကမ္ဘာနှင့်ဆင်တူပြီး သက်ရှိများအတွက် သင့်လျော်မည့် ဂြိုဟ်သစ် ၇ လုံး တွေ့ရှိ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇
    M-Media

    – ကျွန်ုပ်တို့ နေအဖွဲ့အစည်းနဲ့ အလင်းနှစ် ၄၀ အကွာက ကြယ်ကြီးတစ်ခုကို လှည့်ပတ်နေပြီး ကမ္ဘာဂြိုဟ်အရွယ်အစားလောက်ရှိတဲ့ အနည်းဆုံး ဂြိုဟ် ၇ လုံးကို တွေ့ရှိခဲ့တယ်လို့ ၀ါရှင်တန် နာဆာဌာနချုပ်မှာ မနေ့က ကြေငြာလိုက်ပါတယ်။

    ကမ္ဘာကြီးနဲ့ အရွယ်စားတင် တူညီတာမဟုတ်ဘဲ အပူချိန်ပါတူညီတာကြောင့် အဲဒီဂြိုဟ်တွေပေါ်မှာ ရေရှိနိုင်ပြီး၊ သက်ရှိတွေလည်း ရှင်သန်နိုင်မယ့်အလားလာတွေ ရှိနေပါတယ်။ မိမိတို့အနေအဖွဲ့အစည်းအပြင်ဘက်မှာ ဒီလို ရှာဖွေတွေ့ရှိမှုဟာ သိပ်ကို ရှားပါတယ်လို့ နာဆာက ဆိုပါတယ်။

    “ကြယ်တစ်ခုဝန်းကျင်မှာ ဒီလို ပုံစံတူ ဂြိုဟ်တွေကို ရှာဖွေတွေ့ရှိတာဟာ ဒါ ပထမဆုံးဖြစ်ပါတယ်” လို့ ဘလ်ဂျီယံ Leige တက္ကသိုလ်က နက္ခတပညာရှင်ဖြစ်ပြီး အခုလေ့လာမှုကို ဦးဆောင်တဲ့ မီခေးလ် ဂီလွန်က ပြောကြားခဲ့ပါတယ်။

    ဒီဂြိုဟ်တွေကို TRAPPIST-1 ဆိုတဲ့ ကြယ်တစ်ဝိုက်မှာ နီးနီးကပ်ကပ် တွေ့ရှိခဲ့တာဖြစ်ပြီး ထုထည်ကို လေ့လာမှုတွေအရတော့ ဒီဂြိုဟ်တွေဟာ ဂျူပီတာလို အငွေ့ဖြစ်နေတာထက် ကျောက်သားအတိပြီးတဲ့ ဂြိုဟ်တွေလို့ ခန့်မှန်းထားပါတယ်။

    အဲဒီအထဲက ဂြိုဟ် ၃ လုံးဖြစ်တဲ့ TRAPPIST-1e, f နဲ့ g တို့ရဲ့ နေနဲ့အကွာအဝေးဟာ သက်ရှိတွေ အသက်ရှင်သန်လို့ရနိုင်မယ့် သမဇုန်ထဲရောက်နေပြီး သမုဒ္ဒရာတွေတောင် ရှိနိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။

    သုတေသနပညာရှင်တွေက TRAPPIST-1f ဟာ သက်ရှိနေထိုင်ဖို့ အကောင်းဆုံးဂြိုဟ်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ထက် ပိုအေးပေမယ့်၊ သင့်တော်တဲ့လေထု၊ လုံလောက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ရှိနိုင်ပါတယ်။

    ပြီးခဲ့တဲ့ မေလတုန်းက TRAPPIST-1 နေရဲ့ ၀န်းကျင်မှာ ဂြိုဟ် ၃ လုံး တွေ့ရှိတယ်လို့ နာဆာက ကြေငြာခဲ့ဖူးပြီး ဆက်လက်လေ့လာရာကနေ ၇ လုံးအထိ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    Ref : CNN

  • အာရပ်ဒေသပြဿနာကို လူ့အခွင့်အရေးစံဖြင့် ဖြေရှင်းရေး နိုင်ငံတကာညီလာခံတစ်ခု ကျင်းပ

    အာရပ်ဒေသပြဿနာကို လူ့အခွင့်အရေးစံဖြင့် ဖြေရှင်းရေး နိုင်ငံတကာညီလာခံတစ်ခု ကျင်းပ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – အာရပ်ဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများ ဖြေရှင်းရာတွင် လူ့အခွင့်အရေးအခြေပြု နည်းလမ်းဖြင့် ချဉ်းကပ်ရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံတစ်ခုကို ကာတာနိုင်ငံ ဒိုဟာမြို့၌ တနင်္လာနေ့မှ စတင်ကာ ကျင်းပခဲ့သည်ဟု သိရသည်။

    ညီလာခံကို ကာတာနိုင်ငံ၏ အမျိုးသားလူ့အခွင့်အရေးကော်မတီ (NHRC)၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)၊ အာရပ် ပြည်ထဲရေးဝန်ကြီးများကောင်စီ၏ အထွေထွေအတွင်းဝန်၊ အာရပ် အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ အသင်းအဖွဲ့များကွန်ယက်တို့ ပူပေါင်းကျင်းပခြင်းဖြစ်ပြီး၊ ဒေသတွင်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို လူ့အခွင့်အရေးအား လေးစားလိုက်နာခြင်း၊ လူမှုရေးတရားမျှတမှု ဆောင်ရွက်ပေးခြင်းတို့ဖြင့် အစိုးရများ၊ အစိုးရမဟုတ်သည့်အဖွဲ့များ ပူးပေါင်းအဖြေရှာကြရန် ညီလာခံက တိုက်တွန်းခဲ့သည်။

    ၂ ရက်တာ ကြာမြင့်ခဲ့သည့် အဆိုပါ ညီလာခံတွင် ကုလတာဝန်ရှိသူများ၊ အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံ့ခေါင်းဆောင်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ အသင်းအဖွဲ့များ၊ လူအခွင့်အရေး ကာကွယ်မှုဆိုင်ရာ အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပဋိပက္ခ အဖြေရှာရေးနှင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရေးကော်မတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

    NHRC ဥက္ကဌ ဒေါက်တာ အလီ ဘင် ဆူမိုက်ခ် အလ်-မာရီကမူ ၂၀၁၁ ခုနှစ်ကတည်းက အာရပ်ဒေသတွင် ကြုံတွေ့ခဲ့ရသည့် ဆိုးရွားပြင်းထန်သော စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်ရမည်ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ထို့ပြင် လက်နက်ကိုင်အုပ်စုများ တစ်ခိုးထွားလာမှု၊ အမုန်းတရားများ ပြန်နှံ့လာမှု၊ ဂိုဏ်းဂနကွဲမှု၊ လွတ်လပ်မှုကို ကန့်သတ်ခြင်း စသည့် စိန်ခေါ်မှုများအကြောင်း၊ ဆီးရီးယား၊ ယီမင်နှင့် အီရတ်တို့တွင် ပြည်တွင်းစစ်နှင့် လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအကြောင်း၊ ဒုက္ခသည်ပြဿနာအကြောင်း စသည်တို့ကိုလည်း ထောက်ပြခဲ့သည်။

    “အကြမ်းဖက်ဝါဒကို အဆုံးသတ်ဖို့ဆိုတာ လက်နက်နဲ့တင် မလုံလောက်ပါဘူး။ တကယ်လုပ်ရမယ့်နည်းလမ်းက လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ ဆွေးနွေးညှိနိုင်းမှုတွေမှာ ပါဝင်ဖို့၊ အကူးအပြောင်းကာလ တရားမျှရေး အခြေခံကျကျ ဆောင်ရွက်ဖို့ပါပဲ” ဟု ဒေါက်တာ အလ်-မာရီက ထည့်သွင်းပြောဆိုခဲ့သည်။

    လူ့အခွင့်အရေးကို လေစားမှုမရှိပါက ငြိမ်းချမ်းရေးမရနိုင်ကြောင်း၊ အစ္စလာမ်ကြောက်ရောဂါက အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး တိုးတက်မှုကို အတားအဆီးဖြစ်နိုင်ကာ ရှေ့ဆက်ဆောင်ရွက်ရမည့်အရာမှာ နိုင်ငံများ၊ ယဉ်ကျေးမှုများ အချင်းချင်း ပေါင်းကူးဆံဆက်ရေးဖြစ်ကြောင်း အလ်-မာရီက အလေးထား ပြောကြားခဲ့သည်။

    Ref: IINA

  • စက်ရုပ်များကို အခွန်ကောက်ရန် ဘီလ်ဂိတ်တိုက်တွန်း

    စက်ရုပ်များကို အခွန်ကောက်ရန် ဘီလ်ဂိတ်တိုက်တွန်း

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – စက်မှုလက်မှုလုပ်ငန်းများတွင် အလိုအလျောက်စက်များ အစားထိုးမှုကြောင့် အခွန်ဆုံးရှုံးမှုကို ကာမိစေရန်အတွက် စက်ရုပ်များကို အခွန်ကောက်ရန် မိုက်ခရိုဆော့ဖ်လုပ်ငန်းကို ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က တိုက်တွန်းပြောကြားလိုက်သည်။

    “စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး လုံးဝ အခွန်အကောက်ရမယ်ဗျ။ အခု လူသား အလုပ်သမားတစ်ယောက်ဟာ စက်ရုံတစ်ခုမှာ ဒေါ်လာ ၅ သောင်း ရပြီ ဆိုကြပါစို့ဗျာ။ ဒီဝင်တွေအတွက် အခွန်ပေးရပါတယ်။ ၀င်ငွေခွန်၊ လူမှုဖူလှုံရေးခွန် ဒါမျိုးတွေပေါ့ဗျာ။ စက်ရုပ်တွေလည်း ဒီလိုအလုပ်မျိုးလုပ်ရင် ကျွန်တော်တို့ ဒီလို အခွန်ကောက်ရမယ်လို့ စဉ်းစားရမှာပဲ” ဟု သတင်းဝတ်ဆိုက်တစ်ခုဖြစ်သည့် Quartz နှင့် အင်တာဗျူးတွင် ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်က ပြောကြားခဲ့သည်။

    စက်ပစ္စည်းများ အသုံးပြုမှုကို ယာယီအရှိန်တန့်သွားစေရန်နှင့် အခြားသော အလုပ်အကိုင်ပေးမှုပုံစံများကို ထောက်ပံ့နိုင်ရန်အတွက် လုပ်ငန်းများတွင် စက်ရုပ်အသုံးပြုမှုကို အစိုးရများက အခွန်ကောက်သင့်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ထိုကဲ့သို့ စက်ရုပ်များမှ ရရှိသည့် အခွန်များကို ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ကလေးငယ်များ စောင့်ရှောက်ရေးကဲ့သို့ လူသားများကို ဆက်လက်မှီခိုနေရမည့် ကဏ္ဍများတွင် ထောက်ပံ့နိုင်မည်ဟု ဘီလ်ဂိတ်က ဆိုသည်။

    ပြီးခဲ့သည့်တစ်ပတ်ကလည်း ဥရောပပါလီမန်အမတ်များက စက်ရုပ်ပိုင်ဆိုင်သူများအပေါ် အခွန်ကောက်ရန် ဥပဒေမူကြမ်းတစ်ခု ရေးဆွဲရေး ဆွေးနွေးခဲ့ကြသည်။ အဆိုပါမူကြမ်းမှာ စက်ရုံများ အသုံးပြုမှုကြောင့် အလုပ်အကိုင် ဆုံးရှုံးခဲ့ရသည့် အလုပ်သမားလေ့ကျင်ရေးမှူးများ ၀င်ငွေရရှိစေရန်အတွက် အခွင့်အလမ်းရှာဖွေရေး ရည်ရွယ်ခဲ့သော်လည်း အဆိုပြုချက်မှာ ပယ်ချခံခဲ့ရသည်။

    Ref: RT

  • မန်ယူတိုက်စစ်မှူး ရူနီကို ခေါ်ယူရန် တရုတ်ကလပ်အသင်းများ စီစဉ်နေ

    မန်ယူတိုက်စစ်မှူး ရူနီကို ခေါ်ယူရန် တရုတ်ကလပ်အသင်းများ စီစဉ်နေ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – မန်ယူတိုက်စစ်မှူး ၀ိန်းရူနီအနေဖြင့် အသင်းမှထွက်ခွာရန် စဉ်းစားပါက တရုတ်စူပါလိဂ် ကလပ်အသင်းနှစ်ခုက ခေါ်ယူရန် အဆင်သင့်ရှိနေသည်ဟု သိရသည်။

    ရူနီမှာ ပြီးခဲ့သည့် စက်တင်ဘာလကတည်းက မန်ယူအသင်း၏ ပထမလူစာရင်းတွင် ပါဝင်ခွင့်မရတော့ဘဲ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲ ၂၀ တွင် ၃ ပွဲသာ ပါဝင်ကစားခဲ့ရသည်။ နည်းပြ မော်ရင်ဟိုကမူ တရုတ်ဘောလုံးရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့ဖြစ်သော ဖေဖော်ဝါရီ ၂၈ ရက်နေ့မတိုင်ခင် ရူနီထွက်ခွာနိုင်ချေကို ငြင်းဆိုခဲ့ခြင်းမရှိပေ။

    “ခင်ဗျားတို့ သူ့ကိုမေးရမှာပါ။ ကျွန်တော် ဒီမှာရှိနေမလားဆိုတာ ကျွန်တော်ကိုယ်တိုင် အာမမခံနိုင်ပါဘူး။ နောက်ရာသီမှာ ကစားသမားတစ်ယောက် ဒီမှာရှိနေမလားဆိုတာကိုလည်း ကျွန်တော် အာမမခံနိုင်ပါဘူး။ ခင်ဗျားတို့ သူ့ကို မေးကြည့်ပါ” ဟု မော်ရင်ဟိုက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

    အီတလီနောက်ခံလူဟောင်း ဖေဘီယို ကန်နာဗာရိုက ၎င်း၏ တရုတ်ကလပ်အသင်း Tianjin Quanjian မှာ ရူနီအား ခေါ်ယူနိုင်ရေး အသင်းတွင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီး ၎င်း၏အသင်းနှင့် Beijing Guoan အသင်းမှ တစ်သင်းက ခေါ်ယူနိုင်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်ကလပ်အသင်းများမှာ ယခုနောက်ပိုင်းတွင် ဥရောပမှ ထိပ်တန်းကစားသမားများကို လုပ်ခလာစာ အမြောက်အများပေး၍ ခေါ်ယူရန် ကြိုးစားလာပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက Shanghai Shenhua အသင်းမှာ မန်ယူနှင့် မန်စီးတီးအသင်းတို့၏ တိုက်စစ်မှူးဟောင်း ကားလို့စ်တီဗက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် ၆၁၅၀၀၀ ပေး၍ ခေါ်ယူခဲ့သည်။

    Ref : Goal

  • အဇာဘိုင်ဂျန်သမ္မတက ဇနီးကို ဒုသမ္မတအဖြစ် ခန့်အပ်

    အဇာဘိုင်ဂျန်သမ္မတက ဇနီးကို ဒုသမ္မတအဖြစ် ခန့်အပ်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    ခင်ပွန်းဖြစ်သူ အီလ်ဟမ် အလီယက်ဗ်နှင့်အတူ တွေ့ရသည့် မဟ်ရီဘန် အလီယီဗီ

    – အာဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်မှာ ၎င်း၏ ဇနီး မဟ်ရီဘန် အလီယီဗီကို ဒုတိယသမ္မတ (၁) အဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဒုတိယသမ္မရာထူးကို ၂၀၁၆ ခုနှစ်က ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ကာ ဖန်တီးခဲ့ခြင်းဖြစ်ပြီး သမ္မတက နှုတ်ထွက်ခြင်း၊ သို့မဟုတ် ရာထူးတာဝန်များအား မထမ်းဆောင်နိုင်ခြင်း စသည်တို့ ဖြစ်လာသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်ရာထူးကို ယာယီ ရယူထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ သမ္မတကတော် မဟ်ရီဘန်က ပထမဆုံး ရထူးရယူသူ ဖြစ်သည်။

    “မဟ်ရီဘန် အလီယီဗီဟာ နိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်” ဟု သမ္မတ အီလ်ဟမ်က ယမန်နေ့ အဇာဘိုင်ဂျန် လုံခြုံရေးကောင်စီအစည်းဝေး၌ ဇနီးဖြစ်သူအား ဒုတိယသမ္မတအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။

    ထို့ပြင် သမ္မတက ဇနီးသည်မှာ နိုင်ငံ၏ အဓိကနိုင်ငံရေးပါတီဖြစ်သော New Azerbaijan Party ၏ ဒုတိယအကြီးအကဲနေရာကို ရရှိထားသည်ဟုဆိုသည်။ အဆိုပါ ပါတီကို အီလ်ဟမ်၏ ဖခင်ဖြစ်သူ ဟေဒါ အလီယက်ဗ်က ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

    မဟ်ရီဘန်မှာ နိုင်ငံ၏ ယဉ်ကျေးမှု၊ ပညာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကို ရယူထားပြီး နိုင်ငံ၏ အကြီးဆုံး NGO ကို ဦးဆောင်ကာ ပရဟိတလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။ ထို့ပြင် ယူနက်စကို၏ သံတမန်တစ်ဦးဖြစ်ပြီး နိုင်ငံ၏ ‘တစ်နှစ်တာသြဇာအကြီးဆုံး အမျိုးသမီးဆု’ ကိုလည်း ရရှိခဲ့သည်။

    ၁၉၄၆ ခုနှစ်တွင် မြို့တော်ဘာကူ၌ မွေးဖွားခဲ့သည့် မဟ်ရီဘန်မှာ ဆေးပညာဘွဲ့ကိုလည်းကောင်း၊ ဒဿနိကဗေဒ ဘွဲ့ကိုလည်းကောင်း ရရှိထားသည်။ ခင်ပွန်းဖြစ်သူ အီလ်ဟမ် အလီယက်ဗ်မှာ ၂၀၀၃ ခုနှစ်ကတည်းက နိုင်ငံကို အုပ်စိုးလာခဲ့ခြင်းဖြစ်သည်။

    Ref: RT