News @ M-Media

Author: Ko Lay

  • ဥရောပတွင် ရေဒီယိုသတ္တုကြွမှု ပဟေဠိဖြစ်ဖွယ် မြင့်တက်

    ဥရောပတွင် ရေဒီယိုသတ္တုကြွမှု ပဟေဠိဖြစ်ဖွယ် မြင့်တက်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – ဥရောပတစ်ဝှမ်းတွင် ရေဒီယိုသတ္တုကြွမှုမှာ မြင့်တက်လာခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များက လူထုအား ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ လျှို့ဝှက်ထားကြသည်ဟု သိရသည်။

    လူများပြုလုပ်သည့် ရေဒီယိုသတ္တုကြွပစ္စည်း အိုင်အိုဒိုင်း-၁၃၁ (Iodine-131) ကြောင့် သတ္တုကြွမှု ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဇန်န၀ါရီလက နောဝေနိုင်ငံမြောက်ပိုင်းတွင် ထိုအခြေအနေကို တွေ့ရှိခဲ့ကာ ထိုနောက်ပိုင်း ဥရောပတစ်ခွင်တွင် ထပ်မံ တွေ့ရှိရခြင်းဖြစ်သည်။

    သို့သော်လည်း အာဏာပိုင်များမှာ လတ်တလောအချိန်အထိ ထိုကိစ္စကို တရားဝင် ထုတ်ပြန်ပြောဆိုခြင်းမရှိဘဲ၊ မည်သည့်နေရာမှ ရေဒီယိုသတ္တုကြွကာ မည်သို့ ပြန့်နှံ့သည်ကို မသိရှိရခြင်းကြောင့် ဖြစ်နိုင်သည်။

    အိုင်အိုဒိုင်း-၁၃၁ မှာ ပုံမှန်အားဖြင့် အခြားသော ရေဒီယိုသတ္တုကြွပစ္စည်းများနှင့်အတူ တွေ့ရလေ့ရှိပြီး၊ ၎င်း၏ လေထုထဲတွင် ရှိနေသည့် သက်တမ်းမှာလည်း တိုတောင်းသည်။ သို့သော်လည်း ယခုတွင် ထိုသတ္တုကြွပစ္စည်းတစ်ခုတည်း ဖြစ်နေပြီး ပမာဏတစ်ခုအထိ တွေ့ရှိရခြင်းကြောင့် မကြာသေးမီကမှ ထွက်လာခြင်းဖြစ်သည်ဟု မှတ်ယူနိုင်သည်။

    လက်ရှိတွင် အမေရိကန်က အထူးလေယာဉ်များကို ဥရောသို့ စေလွှတ်ကာ ထိုရေဒီယိုသတ္တုကြွမှုများအား ရှင်းလင်းရန် ဆောင်ရွက်နေသော်လည်း အောင်မြင်မှု အနည်းငယ်သာ ရရှိသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ခန့်မှန်းသတင်းများလည်း ထွက်နေပြီး ရုရှားက နျူလက်နက် လျှို့ဝှက်စမ်းသပ်မှုကြောင့် နော်ဝေနိုင်ငံမြောက်ပိုင်းတွင် ရေဒီယိုသတ္တုကြွမှုကို တွေ့ရခြင်း၊ အိုင်အိုဒိုင်း-၁၃၁ မှာ ကင်ဆာနှင့် အခြားသော ရောဂါများကို ကုသရာတွင် အသုံးပြုခြင်းကြောင့် ဆေးကုမ္ပဏီများမှ ထုတ်လွှတ်မှု ဖြစ်နိုင်ခြင်း စသည့် သတင်းများဖြစ်သည်။

    သတ္တုကြွမှုမှာ လေအဟုန်နှင့်အတူ ပါသွားသောကြောင့် မည်သည့်နေရာမှလာသည်ကို အတိအကျ မပြောနိုင်သော်လည်း ဥရောပအရှေ့ခြမ်းမှ ဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။

    ပြင်သစ် နျူလုံခြုံရေးအဖွဲ့ French IRSN က လက်ရှိတွေ့ရသည့် ရေဒီယိုသတ္တုကြွမှု ပမာဏမှာ ခြိမ်းခြောက်မှု မရှိသေးဟု ပြောကြားခဲ့သည်။

    Ref: Independent

  • ပါလက်စတိုင်းဆိုင်ရာ နိုင်ငံတကာညီလာခံ အီရန်တွင် ပြုလုပ်

    ပါလက်စတိုင်းဆိုင်ရာ နိုင်ငံတကာညီလာခံ အီရန်တွင် ပြုလုပ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းတော်လှန်ရေး လှုပ်ရှားမှုကို အားပေးထောက်ခံရန်အတွက် မွတ်စလင်နိုင်ငံအားလုံးတွင် တာဝန်ရှိပြီး ထိုအချက်က အစ္စလာမ်ကမ္ဘာညီညွတ်ရေး ရင်းမြစ်တစ်ခု ဖြစ်သင့်သည်ဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ပြောကြားလိုက်သည်။

    ယနေ့တွင် မြို့တော်တီဟီရန်၌ ကျင်းပပြုလုပ်သည့် ပါလက်စတိုင်းတော်လှန်ရေး ထောက်ခံမှုဆိုင်ရာ ၆ ကြိမ်မြောက် နိုင်ငံတကာညီလာခံ အဖွင့်မိန့်ခွန်းတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “သာမညကွဲပြားမှုအချို့၊ ရန်သူကဖန်တီးထားတဲ့ ကွဲပြားမှုတစ်ချို့နဲ့ လစ်လျူရှုမှုကြောင့်ဖြစ်တဲ့ ကွဲပြားမှုတွေလို အစ္စလာမ့်မစ်နိုင်ငံတွေမှာ ကွဲပြားမှုတွေရှိနေပေမယ့် ပါလက်စတိုင်းပြဿနာဟာ အစ္စလာမ့်မစ်နိုင်ငံတွေအားလုံး စည်းလုံး ညီညွတ်ရေး ဆုံမှတ်ဖြစ်နိုင်သလို ဖြစ်လည်းဖြစ်ရပါလိမ့်မယ်” ဟု ခါမေနီက ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စလာမ်ကမ္ဘာနှင့် ကမ္ဘာတစ်ဝှမ်းမှ လွတ်မြောက်ရေးလှုပ်ရှားနေသူများအားလုံးအတွက် ပါလက်စတိုင်းပြဿနာ နှင့် ထိုပြဿနာ ဖြေရှင်းရေး စည်းစည်းလုံးလုံး ကူညီထောက်ပံ့ပေးရန်မှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း၊ ယခု တတိယမြောက်ဖြစ်လာသည့် ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားမှုကို အစ္စရေးက ယခင်နှစ်ကြိမ်ကထက် ပိုမို ပြင်းပြင်းထန်ထန် ဖိနှိပ်မည်ဖြစ်သော်လည်း တော်လှန်ရေးသမိုင်းတွင် အရေးပါသည့် ကဏ္ဍသစ် ဖြစ်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ခါမေနီမှာ ဇီယွန်အာဏာရှင် ရှိနေခြင်းမှ ပေါ်ထွက်လာသည့် အန္တရာယ်များကိုလည်း လစ်လျူမရှုသင့်ဟုဆိုသည်။

    အဆိုပါ ပါလက်စတိုင်းညီလာခံတွင် ကမ္ဘာ့နိုင်ငံများမှ ဧည်သည်တော်များ၊ ပါလက်စတိုင်းထောက်ခံရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

    Ref: Press TV

  • ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ မေလတွင် ထိုးသတ်မည်

    ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ မေလတွင် ထိုးသတ်မည်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်မှ လက်ဝှေ့ကျော် ပက်ကွီအိုမှာ ဗြိတိန်လက်ဝှေ့သမား အမီးရ်ခန်းနှင့် မေလ ၂၀ ရက်နေ့တွင် ထိုးသတ်သွားမည်ဟု ဗြိတိန်မီဒီယာများက တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၀ ရက်နေ့) တွင် ဖော်ပြခဲ့သည်။

    အမီးရ်ခန်း၏ ဇာတိ ဘော်လ်တန် သို့မဟုတ် မန်ချက်စတာမြို့တွင် ဖြစ်လာနိုင်သည့် အဆိုပါ လက်ဝှေ့ပွဲအတွက် လက်ရှိတွင် နှုတ်ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု The Times သတင်းဌာနက ဆိုသည်။

    ပက်ကွီအိုမှာ ၎င်း၏ နောက်ထပ်ထိုးသတ်မည့်သူအတွက် Twitter စာမျက်နှာမှတစ်ဆင့် မဲပေးရွေးချယ်ခိုင်းခဲ့ပြီး ပရိတ်သတ်များက စုစုပေါင်း မဲအရေအတွက် ၄၈ ရာခိုင်နှုန်းဖြင့် အသက် ၃၀ အရွယ် အမီးရ်ခန်းကို မဲပေးခဲ့ခြင်းဖြစ်သည်။

    အသက် ၃၇ နှစ်အရွယ် ပက်ကွီအိုမှာ လက်ဝှေ့လောကမှ အနားယူပြီဟု ကြေငြာခဲ့ပြီးနောက်ပိုင်း ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာရာတွင် အမေရိကန်လက်ဝှေ့သမား ဂျီစီ ဗားဂက်စ်ကို နိုဝင်ဘာတွင် အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲပြီးနောက် ပက်ကွီအိုက မေ၀ယ်သာအနေဖြင့် ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လျှင် ပြန်လည် ထိုးသတ်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    မေ၀ယ်သာနှင့် ပက်ကွီအိုတို့မှာ ၂၀၁၅ ခုနှစ် မေလက ထိုးသက်ခဲ့ပြီး မေ၀ယ်သာက အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့နာက်တွင် မေ၀ယ်သာမှာ ၄၉ ပွဲနိုင် ရှုံးပွဲမရှိရလဒ်ဖြင့် လက်ဝှေ့လောကကို စွန့်ခွာသွားခဲ့သည်။

    ခန်းမှာ ပြီးခဲ့သည့်မေလက ဆာအူလ် အလ်ဗာရက်ဇ်နှင့် ထိုးသတ်ခဲ့ပြီး အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

    Ref: CNA

  • အစိုးရဟောင်းလက်ထက်တွင် လက်စွမ်းပြခဲ့သည့် စစ်ထောက်လှမ်းရေးများကို သီရိလင်္ကာဖမ်းဆီး

    အစိုးရဟောင်းလက်ထက်တွင် လက်စွမ်းပြခဲ့သည့် စစ်ထောက်လှမ်းရေးများကို သီရိလင်္ကာဖမ်းဆီး

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ယခင်အစိုးရဟောင်းလက်ထက်တွင် အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် နာမည်ကျော် အယ်ဒီတာတစ်ဦးအား သတ်ဖြတ်မှု၊ ဂျာနယ်လစ်များနှင့် သဘောထားကွဲလွဲသူများအား တိုက်ခိုက်မှုများတွင် ပါဝင်သည်ဆိုသော သံသယဖြင့် စစ်ထောက်လှမ်းရေးအရာရှိများကို သီရိလင်္ကာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီကို ပြင်းပြင်းထန်ထန်ဝေဖန်သူ လာဆန်သာ ၀စ်ကရီမာတွန်ဂီမှာ Sunday Leader သတင်းစာ၏ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီလက မြို့တော်ကိုလံဘိုတွင် အလုပ်ကို ကားဖြင့်အသွား အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်လုပ်ကြံမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

    ၎င်းသေဆုံးမှုအတွက် နိုင်ငံတကာမှ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး သီရိလင်္ကာတွင် စာနယ်ဇင်းသမားများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ မီးမောင်းထိုးပြခဲ့ခြင်းလည်း ဖြစ်သည်။

    စုံစမ်းစစ်ဆေးမှုများအရ ယမန်နေ့တွင် စစ်ထောက်လှမ်းရေး ၅ ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ခေါင်းဆောင်များကို ဝေဖန်ခဲ့သည့် ဂျာနယ်လစ် ကိသ် နိုယာရ်အား ၂၀၀၈ ခုနှစ်တွင် ပြန်ပေးဆွဲမှုနှင့် ပတ်သက်သည့်အတွက်ကြောင့်ဟု စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    “နိုယာရ်ကို ပြန်ပေးဆွဲတဲ့အုပ်စုဟာ Sunday Leader အယ်ဒီတာ လာဆန်သာ ၀စ်ကရီမာတွန်ဂီကို လုပ်ကြံမှုနဲ့ အခြားတိုက်ခိုက်မှုများစွာမှာ ပါဝင်နေတယ်ဆိုတာ စုံထောက်တွေက တွေ့ခဲ့ရပါတယ်” ဟု အမည်မဖော်လိုသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    စုံထောက်များက အဆိုပါဖမ်းဆီးထားသူ ၅ ဦးမှာ ထိပ်တန်း အရာရှိတစ်ဦး ဦးဆောင်သော ချေမှုန်းရေးအဖွဲ့တွင် ပါဝင်ခဲ့သည်ဟု တရားသူကြီးအား ပြောကြားခဲ့ပြီး၊ ခေါင်းဆောင်၏အမည်ကို ပြောကြားခဲ့ခြင်း မရှိချေ။ လာမည့်လများတွင် ရာထူးပိုမြင့်သူများကို ဖမ်းဆီးရန်ရှိနေသည်ဟု အဆိုပါရင်းမြစ်က ပြောကြားခဲ့သည်။

    သီရိလင်္ကာရှိ ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ BBS ကို အားပေးထောက်ခံသည့် သမ္မတဟောင်း ရာဂျာပက်ဆီနှင့် ၎င်း၏ မိသားစုဝင် အများအပြား ရာဂျာပက်ဆီ၏ သမ္မတသက်တမ်း ၁၀ နှစ်တာကာလအတွင်း ငွေကြေးလိမ်လည်မှုများ၊ သတ်ဖြတ်မှုများဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်။ အဆိုပါ ၁၀ နှစ်တာကာလအတွင်း အစိုးရကို ဝေဖန်သူ ဂျာနယ်လစ်နှင့် မီဒီယာဝန်ထမ်း ၁၇ ဦး အသတ်ခံခဲ့ရသည်။

    Ref: Aljazeera

  • ငွေကြေးအလွဲသုံးစားစွဲချက်ဖြင့် ပြင်သစ် လက်ယာစွန်းခေါင်းဆောင်၏ရုံးခန်း ရှာဖွေခံရ

    ငွေကြေးအလွဲသုံးစားစွဲချက်ဖြင့် ပြင်သစ် လက်ယာစွန်းခေါင်းဆောင်၏ရုံးခန်း ရှာဖွေခံရ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ဥရောပပါလီမန်၏ ရန်ပုံငွေများကို အလွဲသုံးစားလုပ်သည်ဟူသော စွပ်စွဲချက်များကြောင့် ပြင်သစ်ရဲတပ်ဖွဲ့မှာ လက်ယာစွန်းရောက် FN ပါတီ၏ခေါင်းဆောင် မာရင်း လီပန်၏ ရုံးခန်းကို ယမန်နေ့က ၀င်ရောက် စီးနင်းရှာဖွေခဲ့သည်ဟု သိရသည်။

    လီပန်မှာ ၂၀၀၄ ခုနှစ်ကတည်းက ဥရောပပါလီမန်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဥရောပ ပါလီမန်၏ ရန်ပုံငွေများဖြင့် FN ပါတီဝန်ထမ်းများကို လခပေးသည်ဟု စွပ်စွဲခံထားရသည်။ ဥရောပ ဥပဒေများအရ ပါလီမန်ရန်ပုံငွေမှာ ပါလီမန်အတွင်း အလုပ်များတွင် ကူညီပေးနေသူများအတွက်သာ အသုံးပြုရမည်ဖြစ်သည်။

    ပါလီမန်ကမူ ထိုကဲ့သို့ အလွဲသုံးစားပြုမှုမှာ ၂၀၀၁ ခုနှစ် ဇန်န၀ါရီ FN ပါတီ၏ ခေါင်းဆောင်အဖြစ် လီပန် တာဝန်ယူပြီး နောက်ပိုင်း ၂၀၁၁-၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဥရောပပါလီမန်က ပြောကြားခဲ့သည်။ ထို့ပြင် ပါလီမန်တွင် အကူအဖြစ် ဆောင်ရွက်ပေးနေသည့် လူအယောက် ၂၀ မှာ ထိုစဉ်က FN အတွက် ဆက်လက် အလုပ်လုပ်ပေးခဲ့သည်ဟုလည်း ဆိုသည်။

    ဥရောပ ပါလီမန်ရန်ပုံငွေ အလွဲသုံးစားပြုမှုအတွက် လီပန်၏ရုံးခန်း ယခုကဲ့သို့ ၀င်ရောက် ရှာဖွေခံရမှုမှာ တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်တွင် မည်သည့်အထောက်အထားမှ တွေ့ရှိရခြင်း မရှိပေ။

    Ref: Aljazeera