News @ M-Media
Author: Ko Lay
  • ဆော်ဒီစတော့အိတ်ချိန်းက ပထမဆုံး အမျိုးသမီး ဥက္ကကို ခန့်အပ်
    ဆော်ဒီစတော့အိတ်ချိန်းက ပထမဆုံး အမျိုးသမီး ဥက္ကကို ခန့်အပ်
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇
    M-Media
    ဆော်ဒီအာရေဗျ စတော့အိတ်ချိန်းလုပ်ငန်း၏ ဥက္ကဌ ဆာရာ အလ်-ဆူဟိုင်မီ
    – ဆော်ဒီအာရေဗျ စတော့အိတ်ချိန်းလုပ်ငန်း၏ ဥက္ကဌအဖြစ် NCB Capital ရင်းနှီးမြှုပ်နှံမှုဘဏ်မှ အမှုဆောင်အကြီးအကဲ အမျိုးသမီး ဆာရာ အလ်-ဆူဟိုင်မီကို ခန့်အပ်လိုက်သည်ဟု သိရသည်။
    ဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားကူးသန်း ၀န်ကြီးဌာနတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော စတော့အိတ်ချိန်း ဘုတ်အဖွဲ့က ကြာသာပတေးနေ့တွင် ရွေးချယ် ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြခဲ့သည်။
    ဆူဟိုင်မီမှာ ဆော်ဒီနိုင်ငံအတွင်း အစိုးရ၏ အဓိက ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုကို ကိုင်တွယ်သည့် ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်က NCB Capital ၏ အမှုဆောင်အကြီးအကဲ (CEO) တာဝန်ကို စတင်ထမ်းဆောင်စဉ်ကလည်း ဆော်ဒီနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု ဘဏ်တစ်ခုတွင် ပထမဆုံး အမျိုးသမီး အမှုဆောင် အကြီးအကဲဖြစ် မှတ်တမ်းဝင်ခဲ့သည်။
    ဆော်ဒီ၏ ဘဏ္ဍာရေးကဏ္ဍတွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေသည့် အမျိုးသမီး အနည်းငယ်တွင် ဆူဟိုင်မီမှာ တစ်ဦး အပါအ၀င်ဖြစ်သည်။
    ဆူဟိုင်မီ၏ ဖခင် ဂျမ်မက်ဇ်မှာ ဆော်ဒီ ဘဏ္ဍာရေးအာဏာပိုင်အဖွဲ့ဖြစ်သော Capital Market Authority ကို ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဦးဆောင်ခဲ့သူဖြစ်သည်။
    ပြီးခဲ့သည့်နှစ်က ကြေငြာခဲ့သည့် ဆော်ဒီအာရေဗျ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စီမံကိန်းတွင် နိုင်ငံ၏ စီးပွားရေး၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးလည်း ပါဝင်ပြီး လက်ရှိ နိုင်ငံလုပ်အားတွင် အမျိုးသမီး ၂၂ ရာခိုင်နှုန်း ရှိရာမှ လာမည့်နှစ်များတွင် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာရန်လည်း ရည်မှန်းထားသည်။
    ဆော်ဒီ စတော့အိတ်ချိန်းမှာ အာရပ်ကမ္ဘာ၏ အကြီးဆုံး စတော့အိတ်ချိန်းလည်းဖြစ်သည်။
    Ref: IINA
  • ရှရီအာခုံရုံးများ အားကောင်းစေရေး ဆန္ဒထုတ်ဖော်မှု မလေးရှားတွင် ပြုလုပ်
    ရှရီအာခုံရုံးများ အားကောင်းစေရေး ဆန္ဒထုတ်ဖော်မှု မလေးရှားတွင် ပြုလုပ်
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇
    M-Media
    – နိုင်ငံအတွင်းရှိ ရှရီအာခုံရုံးများ အားကောင်းစေရန်နှင့် ပြင်းထန်သော ပြစ်ဒဏ်များ ပေးနိုင်ရန် တင်သွင်းထားသည့် ဥပဒေပြင်ဆင်ချက်မူကြမ်းကို ထောက်ခံသည့်အနေဖြင့် မလေးရှားပြည်သူ ထောင်ပေါင်းများစွာမှာ ယမန်နေ့က မြို့တော်ကွာလာလမ်ပူတွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။
    အက်ဥပဒေ ၃၅၅ အတွက် ပြင်ဆင်ချက်ဖြစ်ပြီး PAS ပါတီက တင်သွင်းကာ လာမည့်လ လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။ အဆိုပါ ပြင်ဆင်ချက်အရ အစ္စလာမ့် ရှရီအာတရားရုံးများမှာ မွတ်စလင်များ၏ ဘာသာရေးကိစ္စနှင့် မိသားစုပြဿနာများကို ကိုင်တွယ်ရာတွင် အပြစ်ရှိသူကို ထောင်ဒဏ် နှစ် ၃၀ အထိ၊ ကြိမ်ဒဏ် ၁၀၀ အထိ အပြစ်ပေးနိုင်ကာ ဒဏ်ငွေ ကန်ဒေါ်လာ ၂၂၀၀၀ အထိ ရိုက်နိုင်မည်ဖြစ်သည်။
    လက်ရှိတွင် ရှရီအာခုံရုံးများ၏ အမြင့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်၊ ကြိမ်ဒဏ် ၆ ချက်နှင့် ဒဏ်ငွေ ကန်ဒေါ်လာ ၁၁၀၀ ဖြစ်သည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် ချီတက်မှုတွင် အများစုမှာ PAS ပါတီကို ထောက်ခံသူများဖြစ်ပြီး ယခုပြင်ဆင်ချက်က အစ္စလာမ့်တရားရုံးများကို အားကောင်းစေကာ၊ မသမာမှုများကို တားဆီးပေးနိုင်မည်ဟု ပြောကြားခဲ့သည်။
    သတိပေးမှုရှိနေ
    မလေးရှားလူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များမဟုတ်ဘဲ နိုင်ငံအတွင်း တရားရေးစနစ် နှစ်ခုရှိကာ ဘာသာရေးမစွက်သည့် တရားရုံးများက နိုင်ငံသားရေးရာနှင့် ရာဇ၀တ်မှုကိစ္စများကို ကိုင်တွယ်သည်။ ရှရီအာခုံရုံးမှာ အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးနှင့် လူမှုရေးကိစ္စများကို ဆောင်ရွက်သည်။
    ယခုပြင်ဆင်ချက်က တရားမျှတမှု၊ သင့်လျော်မှု မရှိဘဲ၊ မလေးရှား၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
    ညွန့်ပေါင်းအဖွဲ့မှ တရုတ်လူမျိုး နိုင်ငံရေးသမားတစ်ဦးက အဆိုပါပြင်ဆင်ချက်ကို လွှတ်တော်မှ အတည်ပြုပါက ရာထူးမှနှုတ်ထွက်မည်ဟု ပြောကြားခဲ့ပြီး ခရစ်ယာန်အများစုရှိကာ ဆာရာဝပ်ပြည်နယ်မှ အမတ်များက လွှတ်တော်တွင် အဆိုပါ ပြင်ဆင်ချက်ကို ပယ်ချသွားမည်ဟု ပြောကြားခဲ့သည်။
    PAS ၏ ပြင်ဆင်ချက်အား ထောက်ခံမှုကို ဆန့်ကျင်သည့် တန်ပြန်ဆန္ဒပြမှုတစ်ခုကိုလည်း ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးတွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၀၀ ခန့် ပါဝင်ခခဲ့သည်။
    မလေးရှားရှိ အစ္စလာမ့် ခုံရုံးများနှင့် ရှရီအာ ဥပဒေများမှာ မွတ်စလင်များအတွက်သာဖြစ်ပြီး မွတ်စလင်မဟုတ်သူများအပေါ် အကျုံးဝင်မှု မရှိပေ။ သို့သော်လည်း အဆိုပါ ခုံရုံများနှင့် တရားစီရင်မှုတွင် အာဏာအလွဲသုံးစားပြုမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
    Ref: Aljazeera
  • သမ္မတ၏ တရားလက်လွတ်သတ်ဖြတ်မှုများကို ဖိလစ်ပိုင်ပြည်သူများ ကန့်ကွက်
    သမ္မတ၏ တရားလက်လွတ်သတ်ဖြတ်မှုများကို ဖိလစ်ပိုင်ပြည်သူများ ကန့်ကွက်
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇
    M-Media
    – ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်တိုက်ဖျက်ရေးစစ်ပွဲ ခေါင်းစဉ်အောက်တွင် တရားလက်လွတ်သတ်ဖြတ်မှုများကို ဆန့်ကျင်သောအနေဖြင့် ခရစ်ယာန် ကက်သလစ်ဘာသာဝင် ထောင်ပေါင်းများစွာမှာ ယမန်နေ့က မြို့တော်မနီလာတွင် ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    “Walk for Life” ဟု အမည်ပေးထားသည့် အဆိုပါ ဆန္ဒပြမှုတွင် လူပေါင်း ၂ သောင်း တက်ရောက်ခဲ့ကြသည်ဟု စီစဉ်သူများက ပြောကြားခဲ့ပြီး၊ ရဲတပ်ဖွဲ့က ၁ သောင်းသာရှိသည်ဟု ဆိုသည်။
    ဆန္ဒပြမှုကို စနေနေ့ အရုဏ်မတက်ခင်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင်း အကြမ်းဖက်ဓလေ့ ပြန့်နှံ့မှုကို ရှုတ်ချရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဆန္ဒပြသူများမှာ ဆုတောင်းမှုများ၊ ဓမ္မတေးသီဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည်။
    လွန်ခဲ့သည့် ၈ လ ဒူတာတေး သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ကတည်းက ပြုလုပ်ခဲ့သည့် မူးယစ်စစ်ပွဲကြောင့် လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။
    “ဘုန်းကြီးတို့ ရပ်တည်ပြရမယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို တရားလက်လွတ် သတ်ဖြတ်မှုတွေကို မကြိုက်ဘူးဆိုတဲ့ ယုံကြည်သူတွေရဲ့ အင်အားကို ပြပြီးသားလည်း ဖြစ်သွားတာပေါ့။ ဖြစ်ပျက်နေတာတွေအတွက် စိုးရိမ်မိသလို၊ ဒေါသလည်း ထွက်မိတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ မကောင်းတဲ့အခြေအနေပါ။ ဘုန်းကြီးတို့ရဲ့ လူသားဆန်မှုကို ပြသရာ မရောက်ဘူးလေ” ဟု မနီလာ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဘရိုဒရစ် ပါဘီလိုက ပြောကြားခဲ့သည်။
    ဆန္ဒပြသူများမှာ မူးယစ်နှင့် ဆက်စပ်သည့် ရာဇ၀တ်မှုများ၊ အခြားပြစ်မှုများအတွက် သေဒဏ်အမိန့်ကို ပြန်လည်အသက်သွင်းသည့် ဥပဒေကိုလည်း ရှုတ်ချခဲ့သည်။
    ဒူတာတေးက ၎င်း၏ မူးယစ် စစ်ဆင်ရေးမှာ မျိုးဆက်သစ်များကို မူးယစ်အန္တရာယ်မှ ကာကွယ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားထားပြီး၊ ထိုလုပ်အား ဝေဖန်သည့် ကက်သလစ်အသင်းတော်ကိုလည်း အသုံးမကျသော၊ ကြောင်သူတော်အသင်းအဖွဲ့ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
    Ref : Aljazeera
  • မီဒီယာမှာ အမေရိကန်ပြည်သူများ၏ ရန်သူဟု ထရမ့်ပြော
    မီဒီယာမှာ အမေရိကန်ပြည်သူများ၏ ရန်သူဟု ထရမ့်ပြော
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇
    M-Media
    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မီဒီယာများအပေါ် ဝေဖန်ပြောဆိုမှုကို အရှိန်မြှင့်လိုက်ပြီး မီဒီယာမှာ အမေရိကန်ပြည်သူများ၏ ရန်သူဖြစ်သည်ဟု ပြောကြားလိုက်သည်။
    “လုပ်ကြံသတင်းမီဒီယာတွေ (အသုံးမကျတဲ့ nytimes၊ NBCNews၊ ABC၊ CBS နဲ့ CNN တွေ) ဟာ ကျုပ်ရဲ့ရန်သူ မဟုတ်ဘူး။ အမေရိကန်ပြည်သူတွေရဲ့ ရန်သူပဲ” ဟု ဖလော်ရီဒါရှိ ၎င်း၏ နွေရာသီစံအိမ်သို့ ရောက်ရှိပြီးနောက် ထရမ့်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
    စောစောပိုင်းက ၎င်း၏ မှတ်ချက်တွင် New York Times၊ CNN နှင့် NBC တို့သာ ပါဝင်သော်လည်း နောက်ပိုင်းတွင် သတင်းဌာန ၂ ခု ထပ်ဖြည့်ခဲ့သည်။
    ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိသမ္မတများမှာ သတင်းမီဒီယာများကို ဝေဖန်မှုများ ရှိခဲ့သော်လည်း ထရမ့်၏ လေသံက အာဏာရှင်တစ်ယောက်၏ လေသံနှင့် ပိုတူနေသည်ဟု နိုင်ငံရေးသုံးသပ်သူများက ပြောကြားခဲ့သည်။
    ထရမ့်က မီဒီယာများမှာ ၎င်း၏ ပြဿနာများကို သာသာထိုးထိုးဖော်ပြကြပြီး၊ ၎င်း၏ အောင်မြင်မှုများကို လုံလောက်သည့် လေးစားမှုမပြဟု ပုံမှန်လိုလို စွပ်စွဲခဲ့သည်။ ထို့ပြင် ကြာသာပတေးနေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက မီဒီယာကဏ္ဍကို ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်ခဲ့သည်။
    Ref: Aljazeera
  • အကြမ်းဖက်ဝါဒ၏ ရင်းမြစ်မှာ အစ္စလာမ်သာသနာမဟုတ်ဟု ဂျာမနီအဓိပတိ ပြော
    အကြမ်းဖက်ဝါဒ၏ ရင်းမြစ်မှာ အစ္စလာမ်သာသနာမဟုတ်ဟု ဂျာမနီအဓိပတိ ပြော
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media
    – အစ္စလာမ်ဘာသာမှာ အကြမ်းဖက်ဝါဒ၏ ရင်းမြစ်မဟုတ်ဘဲ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်အတွက် မွတ်စလင်အများစုရှိရာ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးမှာ အရေးပါသည်ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်က ပြောကြားလိုက်သည်။
    မြူးနစ်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ည့် နိုင်ငံတကာ လုံခြုံရေးညီလာခံတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါ ညီလာခံသို့ အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ်လည်း တက်ရောက်ခဲ့သည်။ မာကဲလ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မွတ်စလင်အများစုရှိရာ နိုင်ငံများကို ဗီဇာပိတ်ပင်မှုအတွက် ဝေဖန်ခဲ့သူလည်းဖြစ်သည်။
    IS အကြမ်းဖက်အဖွဲ့၊ ဘိုကိုဟရမ်နှင့် နိုင်ငံတကာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် အစ္စလာမ့် ဓမ္မပညာရှင်များ၏ အရေးပါမှုကို မာကဲလ်က မီးမောင်းထိုးပြခဲ့သည်။
    “(အကြမ်းဖက်ဝါဒနဲ့ လုံးပမ်းနေရတဲ့ နိုင်ငံတွေက) ပထမဆုံး ကူညီပေးရမယ်လို့ ကျွန်မထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အကြမ်းဖက်ဝါဒရဲ့ ရင်းမြစ်ဟာ အစ္စလာမ်သာသနာမဟုတ်ဘဲ အစ္စလာမ်ကို လွဲမှားစွာ နားလည်မှုကြောင့် ဖြစ်တယ်ဆိုတာ ဒီလိုနည်းလမ်းနဲ့ပဲ လူတွေကို ယုံကြည်လာအောင် လုပ်နိုင်မှာပါ။ အစ္စလာမ်နာမည်အသုံးချပြီး ကျူးလွန်နေတဲ့ အကြမ်းဖက်ဝါဒကနေ ငြိမ်းချမ်းတဲ့ အစ္စလာမ်သာသနာကို ခွဲထုတ်ရေး ခိုင်မာတဲ့ နည်းလမ်းတစ်ခုရှာဖို့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေဆီကနေ ကျွန်မ မျှော်လင့်ပါတယ်။ မွတ်စလင်မဟုတ်တဲ့ ကျွန်မတို့တွေဟာ ဒါမျိုး မလုပ်နိုင်ပါဘူး။ ဒါကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေကသာ လုပ်ရမှာပါ” ဟု မာကဲလ်က ပြောကြားခဲ့သည်။
    ဥရောပနှင့် ရုရှားတို့၏ ဆက်ဆံရေးမှာ စိန်ခေါ်မှုအဖြစ် ဆက်လက် ရှိနေဆဲဟု မာကဲလ်က အဆိုပါ ညီလာခံတွင် ပြောကြားခဲ့သော်လည်း IS အကြမ်းဖက်အဖွဲ့နှင့် ထိုကဲ့သို့သော အဖွဲ့များကို တိုက်ဖျက်ရာတွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည်ဟု ဆိုသည်။
    ဒေါ်နယ်ထရမ့်၏ နိုင်ငံတကာရေးရာများတွင် ချဉ်းကပ်မှုများအပေါ် စိုးရိမ်မှု၊ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ထရမ့်က စိတ်ဝင်စားမှု နည်းပါးမှုအပေါ် ကြောက်ရွံ့မှုတို့ ရှိနေချိန်တွင် မာကဲလ်က အီးယူ၊ နေတိုးအဖွဲ့နှင့် ကုလတို့ကဲ့သို့ နိုင်ငံပေါင်းစုံ အဖွဲ့များကို ဆက်လက်ထိန်းသိမ်းရန်နှင့် အားကောင်းစေရန် လိုအပ်မှုကို အလေးထား ပြောကြားခဲ့သည်။
    Ref: Aljazeera,Anadolu Agency