News @ M-Media

Author: Ko Lay

  • Nokia ၏ နာမည်ကျော် 3310 ဖုန်း ပြန်လာမည်

    Nokia ၏ နာမည်ကျော် 3310 ဖုန်း ပြန်လာမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့သည့် Nokia ၏ 3310 ဖုန်း

    – မိုင်းဘိုင်းဖုန်းလောကမှာ အရောင်းရဆုံးဖုန်းတွေထဲက တစ်ခုအဖြစ် စာရင်းဝင်ခဲ့တဲ့ Nokia ရဲ့ 3310 ဖုန်းကို ပြန်လည် ထုတ်လုပ် ဖြန့်ချီတော့မယ်လို့ ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

    ၂၀၀၀ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ အဲဒီဖုန်းဟာ Nokia ကို မိုဘိုင်းဖုန်းလောကမှာ ဘုရင်တစ်ဆူ ဖြစ်စေခဲ့ပြီး၊ အဲဒီအချိန်က စလို့ မိုဘိုင်းဖုန်း ပြိုင်ဘက်တော်တော်များများကို နောက်ကောက် ချနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် Touch စခရင်ကိုအသားပေးတဲ့ ခေတ်သစ် စမတ်ဖုန်းလောကမှာတော့ Nokia ဟာ တိုးမပေါက်တော့ဘဲ ၂၀၁၃ ခုနှစ်မှာ မိုက်ခရိုဆော့ဖ်ကို ကန်ဒေါ်လာ ၇.၂ ဘီလီယံနဲ့ ရောင်းချရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အရှုံးနဲ့ ရင်ဆိုင်ခဲ့တာကြောင့် ၂ နှစ်မပြည့်ခင် အချိန်လေးမှာ တက်သစ်စ ဖင်လန်ကုမ္ပဏီ HMD Global ကုမ္ပဏီလက်ထဲ ဒေါ်လာ သန်း ၃၅၀ နဲ့ ရောက်ခဲ့ရပါတယ်။

    Nokia ရဲ့ 3310 ဖုန်းဟာ သုံးရလွယ်ကူတဲ့ဒီဇိုင်း၊ အချိန်တော်တော်ကြာခံတဲ့ ဘတ္တရီကြောင့် နာမည်ကျော်ခဲ့တဲ့ 3210 ကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။

    HMD ကုမ္ပဏီရဲ့ လက်ထက်မှာတော့ Nokia ဟာ ယခင်နာမည်ကျော်ဖုန်းတွေကို ပြန်ထုတ်ဖို့နဲ့ အန်ဒရိုက်အခြေပြု စမတ်ဖုန်းတွေကို ဆက်လက်ဖန်တီးထုတ်လုပ်သွားဖို့ ရည်ရွယ်ခဲ့ပြီး ပထမဆုံး ပြန်ထုတ်မယ့်ဖုန်းက 3310 ဖြစ်တယ်လို့ ကုမ္ပဏီနဲ့ နီးစပ်တဲ့ ရင်းမြစ်က ဆိုပါတယ်။

    ၆၂.၅၀ ဒေါ်လာလောက် ကျသင့်မယ့် ဒီဖုန်းကို အခုလနှောင်းပိုင်း ဘာစီလိုနာမှာပြုလုပ်မယ့် Mobile World Congress ဖုန်းပြပွဲမှာ ထုတ်ဖော်ပြသဖို့ ရှိနေပြီး Nokia 3 နဲ့ Nokia 5 လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းတွေကိုလည်း ပြသသွားမှာပါ။

    Nokia 6 ကို သိပ်မကြာသေးခင်က ထုတ်ထားပေမယ့် တရုတ်နိုင်ငံမှာသာ စတင်ရောင်းခဲ့ပါတယ်။ HMD ဟာ Apple ဖုန်းတွေကို ထုတ်လုပ်ပေးမှုကြောင့် နာမည်ကျော်တဲ့ တရုတ်က Foxconn နဲ့ ပေါင်းပြီး ထုတ်ကုန်အသစ်တွေကိုလည် ထပ်မံထုတ်လုပ်ဖို့ ရှိနေပါတယ်။

    Ref : RT

  • မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုကို လုပ်ကြံသူ လက်စဖျောက်ခံလိုက်ရပြီလား

    မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုကို လုပ်ကြံသူ လက်စဖျောက်ခံလိုက်ရပြီလား

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    ကင်ဂျုံနမ်အား လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ယူဆရသည့် သှူလျှို ၂ ဦးမှ တစ်ဦး၏ ပုံ

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အဖေတူ အမေကွဲ အစ်ကိုကို မလေးရှားလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အမျိုးသမီး ၂ ဦးဟာ သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

    ခေါင်းဆောင်ဟောင်း ကင်ဂျုံအီလ်ရဲ့ အကြီးဆုံးသား ကင်ဂျုံနမ်ဟာ တနင်္လာနေ့မနက်ပိုင်း ကွာလာလမ်ပူ လေဆိပ်မှာ သတ်ဖြတ်ခံလိုက်ရတာဖြစ်ပြီး၊ မြောက်ကိုရီးယားက စေလွှတ်လိုက်တဲ့ သူလျှို အမျိုးသမီးနှစ်ယောက်က လုပ်ကြံလိုက်တာဖြစ်တယ်လို့ တောင်ကိုရီးယား သတင်းဌာနကတွေက ဖော်ပြပါတယ်။

    လုပ်ကြံသူ အမျိုးသမီးနှစ်ဦးထဲက ဖြစ်နိုင်တဲ့ တစ်ဦးရဲ့ CCTV မှတ်တမ်းဓာတ်ပုံလည်း တွက်လာခဲ့ပြီး၊ မလေးရှား ဆီလန်ဂေါပြည်နယ် စီအိုင်ဒီအကြီးအကဲ ဖဒ်ဇီလ်က ကင်ဂျုံနမ်ဟာ တစ်ယောက်က ဖက်လိုက်တာ ဒါမှမဟုတ် မျက်နှာကို အနောက်ကနေ အုပ်လိုက်တာကို ခံရပြီးတဲ့နောက် မူးနောက်နောက်ဖြစ်သွားပြီး လေဆိပ်က ကောင်တာတစ်ခုမှာ အကူအညီတောင်းခဲ့ကြောင်း၊ လေဆိပ်က ဆေးကုခန်းမှာ ကုသပေးခဲ့ပေမယ့် မသက်သာတာကြောင့် ပူထရာဂျာယာ ဆေးရုံကို ပို့ဆောင်နေစဉ် လူနာတင်ယာဉ်ပေါ်မှာပဲ သေဆုံးသွားကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “အ၀တ်စလား၊ အပ်လားဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဧည့်ကြိုကတော့ တစ်ယောက်ယောက်ဟာ သူ့ရဲ့ မျက်နှာကို အနောက်က သိုင်းဖက်လိုက်ပြီး၊ သူ မူးသွားတယ်လို့ ပြောကြားခဲ့ပါတယ်” လို့ ဖဒ်ဇီလ်က ဆိုပါတယ်။

    ဒီကနေ့မှာတော့ ဂျပန်မီဒီယာတစ်ခုက ကင်ဂျုံနမ်ကို လုပ်ကြံခဲ့တဲ့ အမျိုးသမီး စပိုင်နှစ်ယောက်ဟာ သေဆုံးသွားပြီဖြစ်ကြောင်း ဂျပန်အစိုးရကတာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြခဲ့ပြီး သေဆုံးရခြင်းရဲ့အကြောင်းကိုတော့ မပြောခဲ့ပါဘူး။

    Ref: CNA

  • အာကာသ သမိုင်းတွင် အိန္ဒိယက စံချိန်သစ်တင်

    အာကာသ သမိုင်းတွင် အိန္ဒိယက စံချိန်သစ်တင်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံမှာ ဒုံးပျံတစ်ခုတည်းဖြင့် ဂြိုဟ်တုပေါင်း ၁၀၄ လုံးကို ကမ္ဘာပတ်လမ်းကြောင်းသို့ ယနေ့တွင် အောင်မြင်စွာ လွှင်တင်နိုင်ခဲ့ပြီး အာကာသသမိုင်းတွင် တစ်ကြိမ်တည်းဖြစ့် ဂြိုဟ်တုအများဆုံး လွှတ်တင်နိုင်သော စံချိန်ကို ရရှိခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း ဆရီဟာရီကိုတာ အာကသ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ၃ ခုမှလွဲ၍ ကျန်ဂြိုဟ်တုအားလုံးမှာ နိုင်ငံခြားမှဖြစ်သည်။ အမေရိကန်မှ ဂြိုဟ်တုပေါင်း ၉၆ ခု ပါဝင်ပြီး၊ အစ္စရေး၊ ကာဇက်ခ်စတန်၊ ယူအေအီး၊ ဆွစ်ဇာလန်နှင့် နယ်သာလန်တို့မှ ဂြိုဟ်တုများလည်း ပါဝင်သည်။

    ၂၀၁၄ ခုနှစ်တွင် ရုရှားက ဒုံးပျံတစ်ခုတည်းဖြင့် ဂြိုဟ်တုပေါင်း ၃၇ လုံးတင်ကာ စံချိန်တင်ခဲ့သော်လည်း အိန္ဒိယက ထိုစံချိန်အား ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့ လွှင်တင်နိုင်မှုက အိန္ဒိယမှာ ဘီလီယံနှင့်ချီသော အာကာသဈေးကွက်တွင် အဓိကကျသည့် နိုင်ငံအဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

    အိန္ဒိယမှ မြေပုံဆိုင်ရာ ဂြိုဟ်တုတစ်ခုလည်း အဆိုပါ ဒုံးပျံတွင် ပါဝင်သွားပြီး အရည်အသွေးမြင့် ပုံရိပ်များကို ရိုက်ကူးနိုင်သည့် ထိုဂြိုဟ်တုမှာ ဒေသတွင်း ပြိုင်ဘက်များဖြစ်သော ပါကစ္စတန်နှင့် တရုတ်တို့ကို စောင့်ကြည့်ရန် အသုံးပြုမည်ဟု မျှော်လင့်ရသည်။

    အခြားသော နိုင်ငံများထက် ကုန်ကျစားရိတ် သက်သာခြင်း၊ ယုံကြည်စိတ်ချရခြင်းတို့ကြောင့် အိန္ဒိယမှာ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း အာကာသ စီးပွားရေးနယ်ပယ်တွင် လေးစားခံလာရပြီး အိန္ဒိယအစိုးရကလည်း နိုင်ငံ၏ အာကာသ စီမံကိန်းအတွက် ဘက်ဂျက်ကို တိုးမြှင့် သုံးစွဲလာသည်။ အိန္ဒိယမှာ သောကြာဂြိုဟ်သို့ ဂြိုဟ်တု စေလွှတ်ရန်လည်း အစီအစဉ် ရှိနေသည်။

    Ref: BBC

  • ယူအေအီးတွင် မောင်းသူမဲ့ လေပေါ်တက္ကစီ မကြာမီလာမည်

    ယူအေအီးတွင် မောင်းသူမဲ့ လေပေါ်တက္ကစီ မကြာမီလာမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ မောင်းသူမဲ့ ရဟတ်ယာဉ်တက္ကစီကို ဒူဘိုင်းမှာ စမ်းသပ်ခဲ့ပြီး ဇူလိုင်လလောက်မှာ ယူအေအီးတစ်နိုင်ငံလုံး ၀န်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ယူအေအီး ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

    အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ဟာ ၂၀၃၀ ခုနှစ်အရောက်မှာ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၄ ပုံ ၁ ပုံကို မောင်းသူမဲ့ ယာဉ်တွေနဲ့ ပြောင်းလဲဖို့ ရည်ရွယ်ထားပြီး ဒီ လူတစ်ယောက်စီး လျှစ်စစ် ရဟတ်ယာဉ်တက္ကစီလည်း ပါဝင်မှာဖြစ်ပါတယ်။

    EHang 184 လို့ အမည်ပေးထားတဲ့ အဲဒီယာဉ်ဟာ မီတာ ၃၀၀ အမြင့်ကနေ တစ်နာရီကို ကီလိုမီတာ ၁၀၀ လောက်သွားနိုင်မှာဖြစ်တယ်လို့ အာဏာပိုင်အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    လိုက်ပါစီးနင်းသူဟာ မြေပြင်ထိန်းချုပ်ရေးစင်တာကို ဆက်သွယ်ကာ ဒီယာဉ်ကို လှမ်းခေါ်ရမှာဖြစ်ပြီး ရောက်လာတဲ့အခါမှာတော့ ယာဉ်ပေါ်က ကွန်ပျူတာစကရင်ပေါ်မှာ ကိုယ်သွားချင်တဲ့ နေရာကို လက်နဲ့ ထောက်လိုက်ယုံနဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

    တရုတ် ဒရုန်းကုမ္ပဏီ EHang က ထုတ်လုပ်တဲ့ အဲဒီ မောင်းသူမဲ့ ရဟတ်ယာဉ်ရဲ့ ဘတ္တရီဟာ ၂ နာရီလောက်သာ အားသွင်းရပြီး မိနစ် ၃၀ အထိ ပျံသန်းနိုင်ပါတယ်။

    ယူအေအီး ပို့ဆောင်ရေး အာဏာပိုင်အဖွဲကတော့ ဒီမောင်းသူမဲ့ လေပေါ်တက္ကစီ အသုံးပြုဖို့ စီစဉ်ရခြင်းဟာ နိုင်ငံအတွင်းမှာ ကားလမ်းပိတ်မှုကို လျှော့ချဖို့ဖြစ်ကြောင်း၊ ဒီယာဉ်ငယ်ဟာ တိကျတဲ့ ဆင်ဆာပါဝင်ပြီး အလွန်အမင်း နေပူပြင်းမှုကိုလည်း ခံနိုင်ရည်ရှိကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Channelnewsasia

  • အစော်ကားခံဂျူးများနှင့် တစ်သားတည်းရှိသည်ဟု ကန်မွတ်စလင်အဖွဲ့ ထုတ်ဖော်ပြောဆို

    အစော်ကားခံဂျူးများနှင့် တစ်သားတည်းရှိသည်ဟု ကန်မွတ်စလင်အဖွဲ့ ထုတ်ဖော်ပြောဆို

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇
    M-Media

    CAIR-Florida အဖွဲ့မှ ဆက်သွယ်ရေးဒါရိုက်တာ ၀ီလ်ဖရီဒို အေ ရူအစ်ဇ်

    – ဖလော်ရီဒါပြည်နယ် ဘိုကာရာတွန်မြို့ရှိ ဂျူးရပ်ကွက်တွင် ဂျူးဆန့်ကျင်ရေး စော်ကားမှုကို အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအဖွဲ့၏ ဖလော်ရီဒါအဖွဲ့ခွဲ (CAIR-FL) က ရှုတ်ချလိုက်ပြီး ဂျူးများနှင့် တစ်သားတည်းရှိသည်ဟု ပြောကြားလိုက်သည်။

    အော်သိုဒေါ့စ်ဂျူးများ နေထိုင်ရာ အဆိုပါရပ်ကွက်၌ ပြီးခဲ့သည့်တစ်ပတ်က ကားတစ်စီးပေါ်တွင် နာဇီစကြာတံဆိပ် ရေးဆွဲသွားခဲ့ပြီး ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုလည်း ဖြစ်သည်။

    “ဂျူးဘုးရားကျောာင်းတစ်ခုကို တိုက်ခိုက်တာဟာ ဗလီတစ်လုံး၊ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို တိုက်ခိုက်တာပါပဲ။ အမေရိကက ကျွန်တော်တို့ရဲ့ ၀တ်ပြုရာနေရာတွေ၊ ကျွန်တော်တို့ ဘာသာရေးလူ့အဖွဲ့အစည်းတွေ မကြာခဏ အန္တရာယ်အောက် ရောက်စေတဲ့ အမုန်းရာဇ၀တ်မှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ဟာ အမြင့်ဆုံး ကာကွယ်မှုကို ရထိုက်ပါတယ်။ အမုန်းတွေ၊ အယူသည်းမှုတွေကို ဆန့်ကျင်ဖို့ ဂျူးအိမ်နီးချင်းတွေကို ကျွန်တော်တို့ အမြဲတမ်း ထောက်ခံအားပေးသွားမှာပါ” ဟု CAIR-Florida အဖွဲ့မှ ဆက်သွယ်ရေးဒါရိုက်တာ ၀ီလ်ဖရီဒို အေ ရူအစ်ဇ်က ပြောကြားခဲ့သည်။

    CAIR ၏ မင်နီဆိုတာ အဖွဲ့ခွဲကလည်း ပြည်နယ်အတွင်းရှိ အာရှ-အမေရိကန်လူ့အဖွဲ့အစည်းကို ပစ်မှတ်ထားသည့် အမုန်းအခြေခံ တိုက်ခိုက်မှုများကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ရှုတ်ချခဲ့သည်။

    နိုဝင်ဘာ သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရပြီးနောက်ပိုင်း အမေရိကန်၌ မွတ်စလင်များနှင့် အခြားသော လူနည်းစု လူ့အဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် အမုန်းအခြေခံ တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာသည်ဟု CAIR ဌာနချုပ်က ပြောကြားခဲ့သည်။ CAIR မှာ အမေရိကတွင် အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းလည်းြ
    ဖစ်သည်။

    Ref: CAIR.com