News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းနိုင်ငံပေါ်ထွက်ရေး အမေရိကန်၏မူကို ထရမ့်က အဆင့်လျှော့

    ပါလက်စတိုင်းနိုင်ငံပေါ်ထွက်ရေး အမေရိကန်၏မူကို ထရမ့်က အဆင့်လျှော့

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇
    M-Media

    – အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲတည်ရှိရေး အမေရိကန်၏ ကာလရှည် သဘောထားကို သမ္မတ ဒေါ်နယ်ထရမ့်က အဆင့်လျှော့ချလိုက်ပြီး အစ္စရေးတစ်နိုင်ငံတည်း မူဝါဒကိုလည်း ထောက်ခံမည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က နှစ်ဖက်သဘောတူညီလျှင် တစ်နိုင်ငံတည်းအဖြေကို တောက်ခံသွားမည်ဟု ဆိုသည်။

    “နှစ်နိုင်ငံပဲဖြစ်ဖြစ်၊ တစ်နိုင်ငံပဲဖြစ်ဖြစ် ကျွန်တော်ကတော့ နှစ်ဖက်စလုံးက လက်ခံရင် တစ်နိုင်ငံတည်းကို ကြိုက်ပါတယ်။ နှစ်ဖက်လုံးက တစ်နိုင်ငံတည်းအဖြေကို ကြိုက်မယ်ဆိုရင် ကျွန်တော် တော်တော်လေး ပျော်ရွှင်ပါတယ်” ဟု ထရမ့်က နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်က ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိရန်အတွက် တိုက်တွန်းအားပေးကာ လုံ့လစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း သဘောတူညီချက်အတွက် ၎င်းတို့နှစ်ဦးနှစ်ဖက် ဆွေးနွေးရမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။

    အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒမှာ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အမေရိကန်နှင့် နိုင်ငံတကာ၏ အခြေခံမူဖြစ်ခဲ့သည်။

    ထရမ့်က ဤမူကို အလေးမထားမှုမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သဘောထားကို ဆန့်ကျင်ခြင်းလည်းဖြစ်သည်။

    နေတန်ယာဟုကမူ ငြိမ်းချမ်းရေးအတွက် တင်ကြိုလက်ခံရမည့် အချက် ၂ ချက်ရှိပြီး တစ်ချက်မှာ ပါလက်စတိုင်းများအနေဖြင့် ဂျူးနိုင်ငံကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ အခြားတစ်ချက်မှာ ဂျော်ဒန်မြစ် အနောက်ခြမ်းဒေသ လုံခြုံရေးကို အစ္စရေးက ထိန်းချုပ်မှုအား လက်ခံရမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထရမ့်ကလည်း အစ္စရေးရှိ အမေရိကန်သံရုံးကို တလ်အဗီးမှ အရှေ့ဂျေရုစလင်သို့ ပြောင်းရွှေ့ရန် ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အရှေ့ဂျေရုစလင်မှာ အနာဂတ် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတ်မှတ်ထားသည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် နှစ်နိုင်ငံအဖြေမှလွဲ၍ အခြားအဖြေမရှိဟု အင်္ဂါနေ့တွင် သတိပေးပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဂျာမနီတွင် ဒုက္ခသည်များ လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဆိုသည့်သတင်း လုပ်ကြံမှုဖြစ်နေ

    ဂျာမနီတွင် ဒုက္ခသည်များ လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဆိုသည့်သတင်း လုပ်ကြံမှုဖြစ်နေ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇
    M-Media

    ဖရန့်ဖတ်မြို့

    – အရှေ့အလယ်ပိုင်းက ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေဟာ နှစ်သစ်ကူးညမှာ ဂျာမန်အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်တယ်ဆိုတဲ့ သတင်းတွေဟာ လုပ်ကြံသတင်းတွေသာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    ဖရန့်ဖတ်မြို့မှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဒီသတင်းကို ဂျာမနီပြည်တွင်းထုတ် Blid သတင်းစာမှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖော်ပြခဲ့တာဖြစ်ပြီး အလယ်ပိုင်း Hesse ပြည်နယ် ဒုက္ခသည် ခိုလှုံရာစခန်းကလာတဲ့ အမျိုးသားအုပ်စုဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဖရန့်ဖတ်က Fressgass လမ်းမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ နာမည်ကြီး စားဖိုမှူး ဂျာမိုင်းနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အင်တာဗျူးကိုလည်း ထည့်သွင်းထားပြီး၊ ဂျာမိုင်းက သူ့ဆိုင်ထဲကို အာရပ်အမျိုးသား ၅၀ လောက် ၀င်ရောက်လာကာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့ပြီး ဂျာကင်တွေလည်း ခိုးသွားခဲ့ကြောင်း၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကတော့ အဲဒီလူတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို သူကိုယ်တိုင် ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီဆောင်းပါးကို Blid က ဖြုတ်ချခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးမှုတွေအရ ဒီသတင်းတွေဟာ မမှန်သတင်းတွေဖြစ်တယ်လို့ တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ကအင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

    “မျက်မြင်သက်သေလို့ ဆိုတဲ့သူတွေ၊ ဧည့်သည်တွေ၊ အလုပ်သမားတွေကို တွေ့ဆုံမေးမြန်းမှုတွေအရ ဒီအဖြစ်အပျက်တွေရဲ့ သတင်းတွေဟာ တော်တော်လေး သံသယ၀င်စရာ ဖြစ်နေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ဆိုသူ တစ်ဦးဟာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တယ်လို့ သတင်းထွက်တဲ့အချိန်မှာ အဲဒီနေရာမှာတောင် ရှိမနေခဲ့ပါဘူး” လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    Ref: The Local

  • လေယာဉ်ပေါ်မှ ကုရ်အာန်သင်တန်း မလေးကုမ္ပဏီက မေလတွင် စမည်

    လေယာဉ်ပေါ်မှ ကုရ်အာန်သင်တန်း မလေးကုမ္ပဏီက မေလတွင် စမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    – မလေးရှားရှိ လေယာဉ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုက တစ်နာရီတွင် ကန်ဒေါ်လာ ၇၅၀၀ ကျသင့်ကာ လေယာဉ်ပေါ်တွင် ပြုလုပ်မည့် ကုရ်အာန်ကျမ်းတော်မြတ် သင်တန်းတစ်ခုကို လာမည့်မေလတွင် စတင်မည်ဟု သိရသည်။

    Elite Jets ကုမ္ပဏီဖြစ်ပြီး ဒါရိုက်တာ နစ် အီလီနာ ဇူရီဇီနီက ထိုအစီအစဉ်အတွက် ပြည်တွင်းနှင့် ပြည်ပမှ စိတ်ဝင်စားသူ ၁၀၀ ကျော် ရှိနေသည်ဟု ဆိုသည်။ ထိုသင်တန်းမှာ ဘာသာရေးကို ခုတုံးလုပ်၍ အကျိုးအမြတ်ရှာခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပြီး သူမကမူ လက်မခံခဲ့ပေ။

    “လူချမ်းသာတွေအတွက် သူတို့ အငယ်လေးတွေ၊ သူတို့သောက်ဖို့ အရက်တွေကို ကြိုပို့လုပ်ပေးရတဲ့ ၀န်ဆောင်မှု ထက်စာရင် ဘာသာရေးနည်းလမ်းကို ဘာ့ကြောင့် မသုံးရမှာလဲ။ တစ်ခြားကောင်းတာ ရှိသေးလို့လား။ သေပြီးနောက်ဘ၀ဆိုတာ လူချမ်းသာတွေလည်း မြည်းစမ်းရမှာလေ။ မဟုတ်ဘူးလား။ ပုံမှန်ကတော့ လူချမ်းသားတွေကို ကြည့်လိုက်ရင် သာသနာနဲ့ တစ်ခြားစီပါပဲ” ဟု အီလီနာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မိမိ၏ ယခုအစီအစဉ်မှာ မလေးရှား၊ ဘရူးနိုင်းနှင့် ဆော်ဒီတို့မှ လူချမ်းသာများအတွက် ရည်ရွယ်ကြောင်း၊ ၎င်းတို့ အလိုရှိရာကို ပို့ဆောင်ပေးခြင်း၊ ဘာသာရေးသင်ခန်းစာ သင်ကြားခြင်း နှစ်ခုစလုံးကို တစ်ပြိုင်တည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သူမက ထပ်လောင်းပြောဆိုခဲ့သည်။

    သင်တန်းအတွက် တစ်နာရီလျှင် ကန်ဒေါ်လာ ၇၅၀၀ သတ်မှတ်ထားမှုမှာ ပုံသေမဟုတ်ဘဲ အသုံးပြုသည့် လေယာဉ်နှင့် ထိုင်ခုံနေရာ၊ ခရီးဆုံးအထိ ပျံသန်းချိန်တို့ကို လိုက်၍ ခြားနားမည်ဖြစ်ကြောင်း၊ မိမိတို့ကုမ္ပဏီတွင် လေယာဉ်အစီးပေါင်း ၃၀ ရှိကြောင်း အီလီနာက ဆိုသည်။

    Ref: Today Online

  • ပါလက်စတိုင်းကို ဂျပန်က ကန်ဒေါ်လာ သန်း ၄၀ ကျော်ဖို့ အကူအညီပေးမည်

    ပါလက်စတိုင်းကို ဂျပန်က ကန်ဒေါ်လာ သန်း ၄၀ ကျော်ဖို့ အကူအညီပေးမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    – ဂျပန်နိုင်ငံက ပါလက်စတိုင်းပြည်သူများအတွက် ကန်ဒေါ်လာ ၄၆.၇ သန်းတန်ဖိုးရှိ အကူအညီပေးရေး အစီအစဉ်တစ်ခုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြေငြာလိုက်ပြီး နိုင်ငံတကာအသင်းအဖွဲ့များ၊ ဂျပန် အန်ဂျီအိုအဖွဲ့များမှတစ်ဆင့် ကူညီသွားမည်ဟု သိရသည်။

    ယခုအစီအစဉ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ပါလက်စတိုင်းဆိုင်ရာ ကုလအကူအညီပေးရေးအဖွဲ့ UNRWA မှ တစ်ဆင့် လည်းကောင်း၊ ဘဏ္ဍာရေးအကူအညီကို ကမ္ဘာ့ဘဏ်၏ ပါလက်စတိုင်း ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ် (PRDP) မှ တစ်ဆင့်လည်းကောင်း၊ အခြေခံအဆောက်အဦး ကူညီထောက်ပံ့မှုကို UNDP မှတစ်ဆင့်လည်းကောင်း ပေးအပ်သွားမည်ဖြစ်သည်။

    ထို့ပြင် အခြားသော အကူအညီများကိုလည်း အန်ဂျီအိုအဖွဲ့များမှတစ်ဆင့် ပေးအပ်သွားရန် ရှိနေသည်ဟု ရာမာလာအခြေစိုက် ဂျပန်ကိုယ်စားလှယ်ရုံးက တနင်္လာနေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားသည်။

    “ဂျပန်အစိုးရဟာ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေး အားထုတ်ဆောင်ရွက်မှုတွေကို ထောက်ပံ့ဖို့၊ နှစ်နိုင်ငံ ယှဉ်တွဲတည်ရှိရေးကို ကူညီဖို့ ခိုင်မာတဲ့ သန္ဓိဌာန် ချထားပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    လွတ်လပ်သည့် နိုင်ငံတော်တစ်ခု တည်ထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြင်ဆင်နေသည့် ပါလက်စတိုင်း ၀န်ကြီဌာနများကိုလည်း ဂျပန်မှာ ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီများ ပေးအပ်လျက်ရှိနေသည်။ ၁၉၉၃ ခုနှစ်မှစ၍ ပါလက်စတိုင်းသို့ ဂျပန်က ထောက်ပံ့ကူညီနေမှုမှာ ကန်ဒေါ်လာ ၁.၈ ဘီလီယံအထိ ရှိနေပြီဖြစ်သည်။

    Ref: IINA

  • ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက် အမျိုးသမီးတစ်ဦးကို မလေးရှား ဖမ်းဆီး

    ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက် အမျိုးသမီးတစ်ဦးကို မလေးရှား ဖမ်းဆီး

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    လုပ်ကြံခံလိုက်ရသည့် ကင်ဂျုံနမ်

    – မြောက်ကိုရီးယားခေါင်းဆောင်၏ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ်ကို ကွာလာလမ်ပူလေဆိပ်၌ လုပ်ကြံမှုနှင့် ဆက်စပ်၍ မလေးရှားရဲတပ်ဖွဲ့က သံသယရှိသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ပြီး ၎င်းမှာ ဗီယက်နမ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည်ဟု သိရသည်။

    ယနေ့တွင် လေဆိပ်ရှိ စရိတ်နည်း လေကြောင်းလိုင်းဝင်ပေါက်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသည့်အချိန်တွင် သူမတစ်ယောက်တည်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ကင်ဂျုံနမ်ကို မြောက်ကိုရီးယားမှ အမျိုးသမီး သူလျှို နှစ်ဦးက လုပ်ကြံခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး လေဆိပ် CCTV ကင်မရာတွင် မှတ်တမ်းတင်ထားသည့် သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကို မလေးရှားက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ယခုဖမ်းဆီးလိုက်သည့် အမျိုးသမီးမှာ ထိုမှတ်တမ်းမှ အမျိုးသမီးနှင့် တူညီနေပြီး Doan Thi Huong ဟု အမည်ရကာ ၁၉၈၈ ခုနှစ် မေလ ၃၁ ရက်နေ့တွင် မွေးသွားသည်ဟု နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသည်။

    မလေးရှားရဲတပ်ဖွဲ့ကမူ ယခုဖမ်းဆီးရမိသူမှာ ဗီယက်နမ်နိုင်ငံသား ဟုတ်၊ မဟုတ်ကို အတည်ပြုရန်အတွက် မြောက်ကိုရီးယား၊ ဗီယက်နမ်သံရုံးများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

    ယခု သံသယရှိသူအပြင် မလေးရှား ရဲတပ်ဖွဲ့မှာ အခြားအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပြီး၊ အမျိုးသား ၄ ဦး၊ အမျိုးသမီးတစ်ဦးအပါအ၀င် လူအများအပြားကို ရှာဖွေနေသည်။

    Ref: Aljazeera