News @ M-Media

Author: Ko Lay

  • နယူးဇီလန်တွင် ဝေလငါးများ ရာနှင့်ချီ သောင်တင်မှုဖြစ်ပွား

    နယူးဇီလန်တွင် ဝေလငါးများ ရာနှင့်ချီ သောင်တင်မှုဖြစ်ပွား

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – နယူးဇီလန်နိုင်ငံသမိုင်းတွင် ဝေလငါးများ စံချိန်တင် ကမ်းတင်မှုတစ်ခု ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေပြီး ရာနှင့်ချီ သေဆုံးမှုများရှိနေကာ၊ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု သိရသည်။

    ယမန်နေ့ တစ်ရက်တည်းမှာပင် နယူးဇီလန်တောင်ပိုင်း Farewell Split ကျွန်းတွင် ဝေလငါးပေါင်း ၂၄၀ သောင်တင်ခဲ့ပြီး၊ ကြာသာပတေးနေ့မှစတင်ကာ သောင်တင်ခဲ့သည့် အရေအတွက်မှာ ၆၅၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။

    သေဆုံးခဲ့သည့် ဝေလငါးအရေအတွက်မှာ ၃၃၅ ကောင် ရှိပြီး ၂၂၀ မှာ ကမ်းခြေတွင် ဆက်လက်ရှိနေကာ အကောင် ၁၀၀ ကို စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားများက ပင်လယ်ထဲသို့ ပြန်လည် စေလွှတ်ပေးခဲ့သည်။

    “အချိန်တိုတိုအတွင်းမှာ ဒီလောက် ဝေလငါး တော်တော်များများ ဘာ့ကြောင့်သောင်တင်ပြီး၊ သေဆုံးလဲဆိုတာအတွက် သိသာတဲ့ အကြောင်းအရင်း ရှိလားဆိုတာကို ကျွန်တော်တို့ ကြိုးစားပြီး ဆုံးဖြတ်ချင်ပါတယ်။ ဒီ ပိုက်လော့ဝေလငါးတွေ အစုလိုက်အပြုံလိုက် သောင်တင်တာဟာ ထူးခြားတာတော့ မဟုတ်ပေမယ့်၊ အချိန်တိုတိုအတွင်းမှာ ဒီလောက် အရေအတွက်များများ ကမ်းတင်တာဟာ သာမန်မဟုတ်ပါဘူး” ဟု တိရစ္ဆာန်ကျမ်းမာရေးဆိုင်ရာ ဒေါက်တာ စတူးဝပ် ဟန်တာက ပြောကြားခဲ့သည်။

    ကမ်းတင်လာသော အဆိုပါ ဝေလငါးများကို ကယ်တင်နိုင်ရေး နယူးဇီလန်နိုင်ငံတစ်ဝှမ်း စေတနာ့ဝန်ထမ်း ရာချီမှာ Farewell Split ကျွန်းသို့ လာရောက် ကူညီပေးနေကြသည်။

    Ref: Aljazeera

  • ဂူးဂဲလ်၏ Coding ပြိုင်ပွဲတွင် အာဖရိကလူငယ်တစ်ဦး သမိုင်းသစ်ရေးထိုး

    ဂူးဂဲလ်၏ Coding ပြိုင်ပွဲတွင် အာဖရိကလူငယ်တစ်ဦး သမိုင်းသစ်ရေးထိုး

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
    M-Media

    – ဂူးဂဲလ်ရုံးနဲ့ မိုင်ပေါင်း ၂၃၀ အကွာအဝေးမှာရှိတဲ့ ကင်မရွန်းနိုင်ငံက အသက် ၁၇ နှစ်အရွယ် လူငယ်လေးဟာ Google က ကျင်းပတဲ့ Coding ပြိုင်ပွဲမှာ ဆုရခဲ့ပြီး အာဖရိကသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူးနိုင်ခဲ့ပါတယ်။

    နီဂျီ ကိုလင် ဂျီဘဟ်လို့ခေါ်တဲ့ အဲဒီလူငယ်လေးဟာ သူ့ရဲ့ ဇာတိမြို့မှာ ကင်မရွန်းအစိုးရက အင်တာနက် ဖြတ်တောက်ထားတာကြောင့် မြို့တော် ယာအွန်ဒီက ၀မ်းကွဲအစ်ကိုဖြစ်သူရဲ့ အိမ်အပြင်ကနေ ပြိုင်ပွဲအတွက် လိုအပ်တာတွေကို လေ့လာသင်ယူခဲ့တာ ဖြစ်ပါတယ်။

    Google က နှစ်စဉ်ကျင်းပပြုလုပ်တဲ့ နာမည်ကြီး ဒီ Google Code-in ပြိုင်ပွဲဟာ ကမ္ဘာတစ်ဝှမ်းက အသက် ၁၃ နှစ်ကနေ ၁၇ နှစ်အရွယ် နည်းပညာစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အဓိက ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း ၆၂ နိုင်ငံက လူပေါင်း ၁၃၀၀ လောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

    နီဂျီဟာ ၂ နှစ်တာအတွင်းမှာ ပြိုင်ပွဲအတွက် လိုအပ်တဲ့ အသိပညာတွေကို အွန်လိုင်းရင်းမြစ်တွေ၊ စာအုပ်တွေကနေ စုဆောင်း ရှာဖွေ သိုမှီးခဲ့ရတာပါ။ နိုဝင်ဘာကနေ ဇန်န၀ါရီလ အလယ်ပိုင်းအထိ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Google က သတ်မှတ်ထားတဲ့ ကဏ္ဍ ၅ ခုမှာ နီဂျီဟာ စမ်းသပ်မှုပေါင်း ၂၀ ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ စမ်းသပ်မှုတစ်ခုဆိုရင် တစ်ပတ်လောက်ကို ကြာမြင့်ခဲ့ပါတယ်။

    ကင်မရွန်းနိုင်ငံ အနောက်မြောက်ပိုင်းက ဘာမန်ဒါဆိုတဲ့ မြို့လေးမှာနေတဲ့ နီဂျီဟာ ပြိုင်ပွဲအတွက် နောက်ဆုံး စမ်းသပ်မှုကို တင်သွင်းရမယ့်အချိန်မှာ အစိုးရက သူတို့မြို့ကို အင်တာနက် ဖြတ်တောက်လိုက်တာကြောင့် အခက်တွေ့ခဲ့ရပါတယ်။

    ကင်မရွန်းနိုင်ငံမှာ အင်္ဂလိပ်စကားပြောသူတွေနဲ့ ပြင်သစ်စကားပြောသူတွေဆိုပြီး အုပ်စုနှစ်ခုရှိကာ အင်္ဂလိပ်ကစားပြောဆိုသူတွေဟာ ခွဲခြားဆက်ဆံမှုကို ခံရလေ့ရှိပါတယ်။

    ပြီးခဲ့တဲ့ လတွေမှာ ဒီပြဿနာကြောင့် အင်္ဂလိပ်စကားပြောတဲ့ ကင်မရွန်းပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ပြီး၊ အစိုးရက ဖမ်းဆီးခဲ့ကာ၊ နှစ်ရှည်ထောင်ဒဏ်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည် ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး အင်္ဂလိပ်စကားပြောတဲ့သူတွေ နေထိုင်တဲ့ ဒေသတွေမှာ အင်တာနက် ဖြတ်တောက်ခဲ့တာကြောင့် နီဂျီလေးကိုလည်း သက်ရောက်ခဲ့တာပါ။

    အဲဒီလို အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဂူးဂဲလ်ရဲ့ အထူးဆု ၃၄ ယောက်စာရင်းမှာ နီဂျီပါဝင်ကြောင်းသတင်းကို ကြားခဲ့ရပါတယ်။

    “ကျွန်တော် အရမ်း၊ အရမ်း အံ့အားသင့်သွားတာဗျ။ Code တွေအများကြီး ရေးသားကာ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ အရာထင်လာတာပါ” လို့ သူက ဖွင့်ဟခဲ့ပါတယ်။

    ဒါပေမယ့် အင်တာနက်မရှိတာကြောင့် ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့အတွက် မြို့တော် ယာအွန်ဒီကို ထွက်ခွာခဲ့ရပါတယ်။

    “ဆက်လက်လေ့လာနိုင်ဖို့၊ Google နဲ့ အဆက်အသွယ်ရှိဖို့ ကျွန်တော် အင်တာနက်လိုင်းကို လိုအပ်ခဲ့ပါတယ်”

    လက်ရှိအချိန်မှတော့ နီဂျီဟာ ကျောင်းပြီးအောင် ဆက်တက်ချင်နေပြီး တက္ကသိုလ်ကောင်းကောင်းတစ်ခုမှာ ကွန်ပျူတာ သိပ္ပံပညာရပ်ကို လေ့လာလိုနေပါတယ်။

    Google ရဲ့ အထူးဆုကို ရရှိထားတာကြောင့် အခုနှစ် ဇွန်လအတွင်းမှာ ‘ဆီလီကွန်တောင်ကြား’ က ဂူးဂဲလ်ရဲ့ ရုံးချုပ်မှာ နီဂျီဟာ ၄ ရက်တာ သွားရောက်လည်ပတ်ခွင့် ရမှာဖြစ်ပြီး၊ အဲဒီက ထိပ်တန်း အင်ဂျင်နီယာတွေနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

    “တစ်နေ့ကျရင် အဲဒီမှာ အလုပ်လုပ်ဖို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်ရင်ပေါ့လေ” လို့ နီဂျီက အနာဂတ်အစီအစဉ်ကို ဖွင့်ဟခဲ့ပါတယ်။

    နီဂျီ လက်ရှိ အလေးထား လေ့လာနေတာတွေက အသိဉာဏ်တု၊ အာရုံကြောတွေလို အလုပ်လုပ်နိုင်မယ့် ကွန်ယက်တွေ၊ အချက်အလက်ချုံ့မှုနည်းလမ်းအသစ်တွေ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အချက်အလက် ပို့ဆောင်မှုနဲ့ သိုလှောင်မှုမှာ ကြီးကြီးမားမား အရှေ့ရောက်နိုင်ဖို့ ဖြစ်တယ်လို့ နီဂျီက ဖွင့်ဟခဲ့ပါတယ်။

    နီဂျီဟာ ဂူးဂဲလ်ရဲ့ Google Code-in ပြိုင်ပွဲမှာ ဆုရတဲ့ ပထမဆုံး အာဖရိကသားလည်းဖြစ်ပါတယ်။ သူကတော့ ဆုကြေငြာချက်ကို သေချာအောင် ၂ ကြိမ်လောက် ကြည့်ခဲ့ရပြီး မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ချီးမွမ်းမှုကို ရရှိတယ်လို့ ဆိုပါတယ်။

    ကင်မရွန်းအစိုးရက ဆက်သွယ်လားဆိုတဲ့ အမေးကိုတော့ “မဆက်သွယ်ပါဘူး။ တစ်ယောက်မှကို မဆက်သွယ်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Ref: BBC

  • ဆော်ဒီမှ မြန်မာအသိုင်းအ၀ိုင်း၏ မှတ်တမ်းရုပ်ရှင် မကြာမီ ထွက်မည်

    ဆော်ဒီမှ မြန်မာအသိုင်းအ၀ိုင်း၏ မှတ်တမ်းရုပ်ရှင် မကြာမီ ထွက်မည်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
    M-Media

    ဆော်ဒီမြို့တော် ရီယာ့ဒ်မြို့ မြင်ကွင်းတစ်ခု

    – ဆော်ဒီအာရေဗျနိုင်ငံတွင် ရှိနေသော မြန်မာအသိုင်းအ၀ိုင်း၏ လူမှုဘ၀အခြေအနေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးထားသည့် မှတ်တမ်းရုပ်ရှင်တစ်ခုကို မက္ကာအစိုးရက ရိုက်ကူးထားပြီး မကြာခင် ဆိုရှယ်မီဒီယာတွင် ထုတ်လွှင့်သွားမည်ဟု သိရသည်။

    မက္ကာအစိုးရ၏ ပြည်သူ့ဆက်ဆံရေးနှင့် မီဒီယာ ဦးစီးဌာနမှ ရိုက်ကူးထားခြင်းဖြစ်ပြီး၊ ပြောရေးဆိုခွင့်ရှိသူ ဆူလ်တန် အလ်-ဒိုဆာရီက နိုင်ငံအတွင်းရှိ မြန်မာအသိုင်းအ၀ိုင်း၏ အခြေအနေကို တိုးတက်အောင် ဆောင်ရွက်ပေးထားမှုအကြောင်းကို အသေးစိတ် ဖော်ပြထားသည်ဟု ဆိုသည်။

    ဆော်ဒီမှာ နိုင်ငံအတွင်းမှ ဒေသများ နာမည်ကျော်ကြားစေရန်နှင့် နိုင်ငံတကာမှ စိတ်ဝင်စားမှု ရရှိရေး၊ ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများအတိုင်း အကောင်အထည်ဖော်ရေးတို့အတွက် နိုင်ငံအတွင်းရှိ နိုင်ငံခြားသား အသိုင်းအ၀ိုင်းများ လူနေမှုအဆင့်အတန်း တိုးတက်စေရန် ဆောင်ရွက်ပေးနေသည်။

    ယခု မှတ်တမ်းရုပ်ရှင်တွင် ထိုဆောင်ရွက်မှုနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူများ၏ မှတ်ချက်များ၊ ကုလ ကိုယ်စားလှယ်များနှင့် မြန်မာအသိုင်အ၀ိုင်းမှ ပြည်သူများ၏ မှတ်ချက်များ ပါဝင်မည်ဖြစ်သည်။

    ထို့ပြင် နိုင်ငံတစ်ဝှမ်းရှိ မြန်မာနိုင်ငံသား ၂၅၀၀၀၀ က လူဝင်မှုကြီးကြပ်ရေးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အခြားသော အသင်းအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်မှု၊ နိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်ရရှိမှု စသည့် အကြောင်းများ၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းအားဖြင့် ဆော်ဒီနိုငံအတွင်း အကျိုးဖြစ်ထွန်းမှုများကို ဖော်ပြထားသည်ဟု ဆိုသည်။

    နိုင်ငံအတွင်းရှိ မြန်မာအသိုင်းအ၀ိုင်းအား လူနေမှုအဆင့်အတန်း တိုးတက်ရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်အတွင်း ကူး စက်ရောဂါရှိသူ ၈၃၀၀၀ ဦး၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိသူ ၂၂၅၇ ဦးတို့ကို တွေ့ခဲ့ရပြီး ဆော်ဒီအစိုးရက
    ကုသမှုများ ပြုလုပ်ပေးခဲ့သည်။

    မက္ကာရှိ မြန်မာအသိုင်းအ၀ိုင်းအတွက် အခမဲ့ စာသင်ကျောင်းပေါင်း ၁၂၁ ကျောင်း ရှိနေကာ ယခု မှတ်တမ်းရုပ်ရှင်တွင် အဆိုပါကျောင်းများအား အဆင့်မြှင့်တင်မှု၊ ကျောင်းသေား ၆၂၅၆၀ ကို တတိယတန်းမှ အထက်တန်းအထိ အစိုးကျောင်းများတွင် သင်ကြားစေခြင်း၊ ၁၃၀၇ ဦးကို တက္ကသိုလ် ပညာသင်ဆုများ ပေးခြင်း စသည်တို့ကိုလည်း ဖော်ပြထားသည်။

    Ref: Arab News

  • အန်ဂိုလာဘောလုံးပွဲ လူတိုးမှုကြောင့် ၁၇ ဦး သေဆုံး

    အန်ဂိုလာဘောလုံးပွဲ လူတိုးမှုကြောင့် ၁၇ ဦး သေဆုံး

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
    M-Media

    – အန်ဂိုလာနိုင်ငံရှိ ဘောလုံးပွဲတစ်ပွဲတွင် ကွင်းအတွင်း ပရိတ်သတ်များ စုပြုံတိုးဝှေ့မှုကြောင့် အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း ယူဂီမြို့ရှိ January 4th ဘောလုံးကွင်းတွင် သောကြာနေ့ ညနေပိုင်းက Rita de Cássia အသင်းနှင့် Recreativo de Libolo အသင်းတို့ ကစားသည့်ပွဲ ပထမပိုင်းစပြီး ၇ မိနစ် Recreativo de Libolo အသင်းက ဂိုးသွင်းယူလိုက်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပရိတ်သတ်များမှာ ကွင်းအတွင်းသို့ ၀င်ရောက်ရန် တိုးဝှေ့မှုကြောင့် ဖြစ်သည်။

    “တိုးဝှေ့မှု ဖြစ်ပွားခဲ့တာကြောင့် လူတွေ အသက်ရှုကြပ်ခဲ့ပါတယ်။ တစ်ချို့ ပြည်သူတွေက အခြားသူတွေရဲ့အပေါ် တက်နင်းသွားတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ ၇၆ ဦး ဒဏ်ရာရရှိကာ ၁၇ ဦး သေဆုံးခဲ့ပါတယ်” ဟု ဒေသတွင်းဆေးရုံမှ တာဝန်ရှိသူ Ernesto Luis က ပြောကြားခဲ့သည်။

    Santa Rita အသင်း၏ နည်းပြ Sérgio Traguil က ထိုဖြစ်ရပ်ဆိုးအကြောင်းကို ပွဲပြီးမှ သိရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်အတွက် မန်စီးတီး၊ ဆဲလ်တစ်နှင့် ပေါ်တိုအသင်းတို့ အပါအ၀င် ဘောလုံးအသိုင်းအ၀ိုင်းမှ ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြသည်။

    အခင်းဖြစ်ပွားသည့်အချိန်တွင် ဘောလုံးပွဲကို ရပ်တန့်ခဲ့ခြင်းမရှိကြောင်း၊ ထိခိုက်သေဆုံးသူ အများစုမှာ ဘောလုံးပွဲကြည့်ရှုန်ရန် တိုးဝှေ့ဝင်ရောက်ကြသည့် ကလေးငယ်များဖြစ်ကြောင်း၊ အဆိုပါ ဘောလုံးကွင်းတွင် ပြိုင်ပွဲကျင်းပခြင်းမပြုရန် စောစောပိုင်းက တားမြစ်မှုများ ရှိခဲ့သော်လည်း အန်ဂိုလာ ဘောလုံး အာဏာပိုင်များက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်များက ဖော်ပြကြသည်။

    Ref: RT

  • အစ္စလာမ့်မစ်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား အီရန်တွင် ခြိမ့်ခြိမ်သဲကျင်းပ

    အစ္စလာမ့်မစ်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား အီရန်တွင် ခြိမ့်ခြိမ်သဲကျင်းပ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
    M-Medai

    – အမေရိကန်နှင့် အနောက်နိုင်ငံများ ကျောထောက်နောက်ခံပြုထားသည့် အာဏာရှင် ရှားဘုရင်အား လူထုအားဖြင့် ဖြုတ်ချနိုင်ခဲ့သည့် အစ္စလာမ့်မစ်တော်လှန်ရေး ၃၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့က အီရန်နိုင်ငံတစ်ဝှမ်း ပြုလုပ်ခဲ့ကြပြီး ပြည်သူသန်းချီ ပါဝင်ခဲ့ကြသည်ဟု သိရသည်။

    “ပြည်သူတွေ ဒီလို ထွက်လာခြင်းဟာ အိမ်ဖြူတော်ကို ကြီးစိုးသူအသစ်တွေရဲ့ မှားယွင်းတဲ့မှတ်ချက်တွေကို တုန့်ပြန်လိုက်တာဖြစ်ပြီး အီရန်ပြည်သူတွေကို လေးစားသမှုနဲ့ ဂုဏ်သိက္ခာရှိစွာ ပြောဆိုဆက်ဆံရမယ်ဆိုတာ ကမ္ဘာကြီးကို ပြသလိုက်တာလည်း ဖြစ်ပါတယ်” ဟု သမ္မတရူဟာနီက မြို့တော် တီဟီရန်တွင် ပြုလုပ်ခဲ့သည့် ချီတက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။

    “အီရန်ပြည်သူတွေကို ခြိမ်းခြောက်တဲ့လေသံမျိုးနဲ့ ပြောတဲ့ ဘယ်သူမဆို အဲဒီအတွက် နောင်တရစေရမယ်ဆိုတာ အီရန်နိုင်ငံက လွန်ခဲ့တဲ့ ၃၈ နှစ်တာလုံး ပြသခဲ့ပါတယ်”

    အယာတိုလာ ရူဟွလ္လာဟ် ခိုမေနီဦးဆောင်သည့် အဆိုပါ အစ္စလာမ့်မစ်တော်လှန်ရေးမှာ ၁၉၇၈ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့မှ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တစ်နှစ်ကျော် ကြာမြင်ခဲ့ပြီး ပြည်သူများအား ဖိနှိပ်ချုပ်ချယ်သော ရှားဘုရင်ကို ဖြုတ်ချကာ အီရန် အစ္စလာမ့်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်နိုင်ခဲ့သည်။

    ရူဟာနီကမူ အဆိုပါ တော်လှန်ရေးမှာ တိုင်းပြည်ကို အမေရိကန်အပါအ၀င် နိုင်ငံခြားတိုင်းပြည်များအပေါ် မှီခိုမှုမှ လွတ်မြောက်စေခဲ့ပြီး၊ ပြည်သူများ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရရှိစေခဲ့ကြောင်း၊ လက်ရှိတွင် တိုင်းပြည်မှာ ခေတ်အမီဆုံး လက်နက်များ ပိုင်ဆိုင်ထားကြောင်း၊ ရေနံကိုလည်း တိုးမြှင့်ထုတ်လုပ်နိုင်ကာ၊ နိုင်ငံခြားဘဏ်များက သိမ်းယူထားသည့် အီရန်နိုင်ငံပိုင် ငွေကြေး ဒေါ်လာ ၁.၇ ဘီလီယံကို ပြန်ယူနိုင်ခဲ့ပြီး ထပ်မံရယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ့်မစ်တော်လှန်ရေး ၃၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို အီရန်နိုင်ငံရှိ မြို့ကြီးများ၊ မြို့ငယ်များတွင် ပြည်သူများမှာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲအခမ်းအနားလည်း ပါဝင်ခဲ့သည်။

    Ref: Press TV