News @ M-Media

Author: Ko Lay

  • ဦးကိုနီ အသတ်ခံရခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆိတ်နေမှု အံ့အားသင့်စရာဖြစ်

    ဦးကိုနီ အသတ်ခံရခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆိတ်နေမှု အံ့အားသင့်စရာဖြစ်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၇
    M-Media

    – မွတ်စလင် အထင်ကရ အကြံပေးရှေ့နေတစ်ဦး အသတ်ခံရသည့်အပေါ်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖက်မှ လူသိရှင်ကြား ရေငုံနှုတ်ပိတ်နေ နေခဲ့ခြင်း အပေါ် တိုင်းပြည်၏ မတူကွဲပြားသည့် ဘာသာဝင်များအကြား ရပ်တည်ပြောကြားရန် သူမ၏ ၀န်လေး နေမှု့နှင့် တိုင်းပြည်၏ အင်အား အကြီးဆုံး စစ်တပ်အပေါ်တွင် သူမဘက်မှ ကာဗာပေးနေမှု့တို့အား  မေးခွန်း ထုတ်စရာများ မြင့်တက်လာခဲ့သည်။

    ဦးကိုနီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်န၀ါရီလ နှစ်ဆယ့်ကိုးရက်နေ့၌ လုပ်ကြံ ပစ် သတ်ခြင်းကို ခံလိုက်ရသည်။ ပစ်ခတ်သူအား အခင်းဖြစ်နေရာ၌ပင် လက်ရဖမ်းဆီး မိခဲ့ပြီး လုပ်ကြံ ပစ်ခတ်သည့် အကြမ်းဖက်သမားက မွတ်စလင်တစ်ယောက်အား သတ်ပေးလျှင် သူ့အား ကားဝယ်ဖို့ ပိုက်ဆံပေးမည်ဟု အသိ တစ်ယောက်က ကမ်းလှမ်းခဲ့သောကြောင့် အခုလို သတ်ဖြတ်ရခြင်း ဖြစ်ကြောင်း ရဲအား ၀န်ခံပြောကြားခဲ့သည်။ နောင်တွင် ဆက်စပ်တရားခံများကိုလည်း ထပ်မံ ဖမ်းဆီး ရမိခဲ့သည်။

    ရှေ့နေတစ်ဦးနှင့် အာဏာရပါတီ  အန်အလ်ဒီ ၏ ဥပဒေဆိုင်ရာ အကြံပေးတစ်ဦးလည်း ဖြစ်သော ဦးကိုနီမှာ ယခင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကတည်းက ပြဌာန်းလာခဲ့သော မျိုးစောင့် ဥပဒေဆိုင်ရာ ကန့်သတ်ချက်များအပေါ်တွင် ပွင့်ပွင်းလင်းလင်း ဝေဖန်ခဲ့သူ တစ်ယောက် အဖြစ် နံမည်ကြီးခဲ့သူ တစ်ယောက်ဖြစ်ပြီး ဘာသာရေး အမုန်းတရားများ တားဆီးသည့် ဥပဒေကြမ်းကို လည်း ပြဌာန်းနိုင်အောင် ကူညီအားပေးခဲ့သူ တစ်ယောက် ဖြစ်သည်။

    မကြာသေးခင်နှစ်များအတွင်းက ရခိုင်ဒေသ မြောက်ပိုင်းရှိ ရိုဟင်ဂျာ မွတ်စလင် တို့ အပေါ်တွင် ဖိနှိပ်နေသည့်အတွက်လည်း ကမ္ဘာတစ်ဝှမ်းလုံးက ကျယ်ကျယ် လောင်လောင် ဝေဖန်မှု့ များနှင့် မြန်မာအစိုးရမှာ ရင်ဆိုင်ကြုံတွေ့နေရချိန်လည်း ဖြစ်သည်။ ထိုအချိန်တွင်၊ တိုင်းပြည်၏ မွတ်စလင်များ အပေါ်တွင် ဗုဒ္ဓဘာသာ လူများစုကြီးက လူမှု့ရေး။ နိုင်ငံရေး တုန့်ပြန်မှု့များဖြင့် ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။

    ယင်းကိစ္စနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်၏ တုံဏှိဘာဝေ လုပ်နေခြင်းက သူမ၏ ပြည်တွင်း မှာရော၊ နိုင်ငံရပ်ခြားမှာပါ ရှင်းရှင်းလင်းလင်း မြင်လာရသည်။ ဇန်န၀ါရီလ သုံးဆယ်ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဦးကိုနီ၏ နာရေးဈာပဏကိုလည်း သူမကိုယ်တိုင် မတက်ရောက်ခဲ့။ ယုတ်စွ အဆုံး သူမသည် ဦးကိုနီ၏ မိသားစုများကိုပင် သွားရောက် မတွေ့ဆုံခဲ့။ နိုင်ငံတော် သမ္မတရုံးကတော့ “တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် ကြံရွယ်လုပ်ဆောင်ခြင်း” ဟု ခေါင်းစဉ် တပ်ခဲ့ပြီး ပြည်သူလူထုအား တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်ကြရန် တိုက်တွန်း နှိုးဆော်သည့် စာတစ်စောင် သာ ထုတ်ပြန်ခဲ့သည်။ သို့သော် စုကြည် ကိုယ်တိုင်ကမူ ယင်းကိစ္စနှင့် ပတ်သတ်လာလျှင် ခပ်မဆိတ်သာ နှုတ်ဆိတ်လို့ နေခဲ့ ပါသည်။

    ဦးကိုနီ ကိုယ်တိုင်ကတော့ စစ်အစိုးရ စီမံရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ မူကြမ်းတွင် သူမ ဘယ်လိုမှ မဖြစ်နိုင်တော့သည့် သမ္မတ ရာထူးနေရာ၌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အတိုင် ပင်ခံရာထူး တစ်နေရာအဖြစ် ပြီးခဲ့သော မတ်လက ဂွင်ဆင်ပေးခဲ့၍ မြန်မာ့ အာဏာရ ခေါင်း ဆောင် ဖြစ်လာခဲ့သည်။ သူမအပေါ်တွင် နိုင်ငံရေးအရ အနစ်နာခံပံ့ပိုးပေးထားခဲ့သော သူတစ်ယောက်၏ မျက်နှာကိုတောင်မှမထောက်၊ သူမဖက်က အေးစက်စက် နိုင်လှသည့် သဘောထားကို ကြည့်၍ သူမသည် တိုင်းပြည်အတွင်း မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှု့များအပေါ် အပြီးတိုင် ချေမှုန်းပစ်ရန် စိတ်ပါပုံ မရကြောင်း ထင်ရှားလေသည်။

    အရပ်သားအစိုးရမှာမူ လူထု လုံခြုံရေးကိစ္စနှင့် ပတ်သတ်လာလျှင် အကန့်သတ်များနဲ့သာ ရှိနေ ကြောင်း ဖြစ်သွားသည့် အဖြစ်ပျက်များက မီးမောင်းထိုးပြနေပါသည်။ ရဲဌာနများကို ထိန်းချုပ်ထား သည့် ပြည်ထဲရေး ၀န်ကြီးဌာနမှာလည်း စစ်တပ်၏ အုပ်စိုးမှု့ အောက်တွင်သာ ရှိနေသည်။ တပ်မတော် ကတော့ လုပ်ကြံသတ်ဖြတ်မှု့အား စုံစမ်းစစ်ဆေးရာ၌ အပြည့်အ၀ ပါဝင်ပူးပေါင်း ဆောင်ရွက်ပါမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ဆုံး ရရှိထားသည့် သတင်းများအရ ရဲဘက်မှ သတင်းထုတ် ပြန်ချက်များမှာလည်း အွန်လိုင်းပေါ်ဝယ် အခြားသော အကောင့်များအကြားတွင် သံသယဖြစ်ဖွယ် ပေါက်ကြားနေမှု့ဖြင့် လူသတ်မှု့ကိစ္စတွင် ကိုင်တွယ်နေသည့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်၍ မေးခွန်းထုတ်စရာများ မရေတွက်နိုင်အောင်ပင် ရှိနေသည်။

    ဦးကိုနီမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အန်အလ်ဒီပါတီ၏ အမာခံ ရဲဘော် ရဲဘက် တစ်ယောက်လည်း ဖြစ်သည်။ ထို့ပြင် စစ်တပ်အတွင်းမှာပင် သူအား စိုးရိမ်ပူပန်မှု့များ ဒီရေ အလား တိုးပွားလာခဲ့သည်မှာ ကြာလှပြီ။ စစ်တပ်ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး တစ်ရပ်မှာ  တကယ်ပဲ ဘက်မလိုက်ဖြစ်ရဲ့လားဆိုတာကိုတော့ တစ်ချို့က မေးခွန်းထုတ်နေကြပါ၏ ။

    (Nikkei သတင်းဌာနမှ Suu Kyi’s silence on Muslim adviser’s murder raises eyebrows ဆောင်းပါးကို ဒေါ်ရိတ်ကြီး ဘာသာပြန်သည်။)

  • ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုအတွက် လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲများကို အပြစ်ပေးသင့်ဟု HRW ပြော

    ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုအတွက် လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲများကို အပြစ်ပေးသင့်ဟု HRW ပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်လူ့အဖွဲ့အစည်းက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် စစ်တပ်က အဓမ္မပြုကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေလုပ်ဖို့ အထက်လူကြီးတွေက ခွင့်ပြုထားတယ်ဆိုရင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တပ်မှူးတွေကို အပြစ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့ Human Rights Watch က မြန်မာအစိုးရကို ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    လွန်ခဲ့တဲ့ ၄ လ ရခိုင်မြောက်ပိုင်းက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစိုးရစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာ ၆၉၀၀၀ ထဲက အချို့ကို တွေ့ဆုံမေးမြန်းရာမှာ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တွေအပေါ်မှာတောင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ၊ အကြမ်းဖက်မှုတွေလုပ်တာမျိုး ရှိနေတယ်လို့ မှတ်တမ်းရထားကြောင်း Human Rights Watch (HRW) က ဆိုပါတယ်။

    “လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ ဗြောက်သောက်လုပ်တာမျိုး၊ အခွင့်အရေးရတုန်း လုပ်တာမျိုးမဟုတ်ဘဲ၊ ရိုဟင်ဂျာတွေရဲ့ လူမျိုးဖြစ်တည်မှု၊ ဘာသာတရားကိုးကွယ်မှုတွေကြောင့် သေသေချာချာနဲ့ စနစ်တကျ တိုက်ခိုက်မှုရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ” လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ Reuter သတင်းဌာနက မြန်မာအစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

    အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းမှာ အစိုးရတပ်က စစ်ဆင်ရေးလုပ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို လွတ်လပ်တဲ့ ဂျာနယ်လစ်တွေ၊ လေ့လာစောင့်ကြည့်သူတွေ ၀င်လို့ မရသေးပါဘူး။

    အစိုးရစစ်တပ်ဟာ တရားလက်လွတ်သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ နေအိမ်တွေမီးရှို့မှု၊ အဓ္ဓမပြုကျင့်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး မြန်မာအစိုးရက ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေဟာ စစ်တပ်ဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဆောင်ရွက်နေတဲ့ပုံရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပြီးနောက် HRW ရဲ့ ဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

    ကုလရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ်-ဟူစိန်က သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခဲ့ပြီး ရခိုင်ကိစ္စအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တင်ဖို့ရှိကြောင်း ပြောကြားခဲ့ကာ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ စွပ်စွဲမှုတွေအတွက် စုံစမ်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    HRW က သူတို့အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးမှာ အစိုးရစစ်တပ်က သေနတ်နဲ့ချိန်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ၉ ဦးနဲ့ အင်တာဗျူးအပါအ၀င် လိင်ပိုင်းဆိုင်ရာစော်ကားမှု ၂၈ မှုအတွက် သီးခြားအထောက်အထားတွေ ရရှိထားကြောင်း ပြောကြားခဲ့ပါတယ်။

    အဲဒီအမျိုးသမီးတွေနဲ့ အခြား မျက်မြင်သက်သေတွေက ကျူးလွန်သူတွေဟာ စစ်သား၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေဖြစ်ပြီး သူတိုရဲ့ ယူနီဖောင်း၊ တံဆိပ်တွေကြောင့် ဒီလို သိရှိရတာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

    “ရိုဟင်ဂျာအမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ဒီလို သွေးပျက်ဖွယ် တိုက်ခိုက်မှုဟာ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပြုလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ နှလုံးနာဖွယ် သမိုင်းဆိုးမှာ စက်ဆုပ်စရာ ကဏ္ဍသစ်တစ်ခုကို ပေါင်းထည့်လိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီကိစ္စမှာ ပါဝင်သူတွေကို တားဆီးဖို့ ဒါမှမဟုတ် အပြစ်ပေးဖို့ သူတို့ရဲ့ သြဇာနဲ့ ဘာမှမလုပ်ခဲ့ဘူးဆိုရင်တော့ စစ်တပ်က တပ်မှူးတွေ၊ ရဲတပ်ဖွဲ့က တပ်မှူးတွေဟာ ဒီရာဇ၀တ်မှုအတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်” လို့ HRW က အရေးပေါ်ကိစ္စဆိုင်ရာ အကြီးတန်း သုတေသနပညာရှင် ပရီယန်ကာ မိုတာပါသီက ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ယူကေဗလီများ၏ တံခါးဖွင့်လှုပ်ရှားမှု အောင်မြင်

    ယူကေဗလီများ၏ တံခါးဖွင့်လှုပ်ရှားမှု အောင်မြင်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၇
    M-Media

    – အစ္စလာမ်သာသနာ၊ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ မှားယွင်းတဲ့ယူဆချက်တွေကို တန်ပြန်ဖို့အတွက် အင်္ဂလန်က ဗလီဝတ်ကျောင်းတော်တွေဟာ တံခါးဖွင့်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

    Visit My Mosque လိုအမည်ပေးထားတဲ့ အဲဒီလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ယူကေနိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၀ ကျော်လောက် ပါဝင်ခဲ့ကာ ဘာသာပေါင်းစုံ၊ လူ့အဖွဲ့အစည်းပေါင်းစုံက လာရောက်လည်ပတ်သူတွေလည်း မြောက်များစွာ ရှိခဲ့ပါတယ်။

    ဒီလှုပ်ရှားမှုကို ဂရိတ်ဗြိတိန် မွတ်စလင်ကောင်စီ (MCB) က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

    ဗြိတိန်ရဲ့ ဒုတိယအကြီးဆုံ ဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ ဘာမင်ဂမ်က Paigham-e-Islam မှာတော့ တက်ရောက်လာကြသူတွေဟာ အစ္စလာမ့် ဥပဒေ၊ ရှရီအာဥပဒေ၊ ခရစ်တော်အပေါ် မွတ်စလင်တွေရဲ့အမြင်၊ IS အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ရေး ဗလီဝတ်ကျောင်းတော်တွေရဲ့ ဆောင်ရွက်နေမှု စတဲ့ မေးခွန်းပေါင်းမြောက်များစွာကို မေးမြန်းခဲ့ကြပါတယ်။

    မွတ်စလင်တွေရဲ့ ၀တ်ပြုဆုတောင်းမှုအကြောင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ရှင်းပြခဲ့သလို၊ အကျွေးအမွေးတွေနဲ့လည်း ဧည့်ခံခဲ့ကြပါတယ်။

    ယူကေအတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်က လန်ဒန်မြောက်ပိုင်းမှာ ဖစ်ရှ်ဘူရီပါ့က်က ဗလီဝတ်ကျောင်းတော်ကို သွားရောက်လည်ပတ်ခဲ့ပြီး Twitter စာမျက်မှာ “လက်ဖက်ရည် အတူတူထိုင်သောက်တာဟာ တံတိုင်းကာဖို့ ကွန်ကရစ်လောင်းတာထက် ပိုပြီး ထိရောက်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

    MCB တာဝန်ရှိသူ အန်ဒရက်ဇ် ရှာရစ်ဖ်က ဒီဗလီဝတ်ကျောင်းတော် တံခါးဖွင့်လှုပ်ရှားမှုဟာ မွတ်စလင်တွေနဲ့ အခြားလူ့အဖွဲ့အစည်းတွေအကြား ဆက်ဆံရေး ခိုင်မာအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ငြင်းခုံမှုတွေအစား ဆွေးနွေးမှုတွေကို ကျွန်တော်တို့ ဖန်တီးချင်ပါတယ်။ ငြင်းခုံမယ်ဆိုရင် ကိုယ်အနိုင်ရဖို့ ရည်ရွယ်ချက်ပါမယ်။ ဒါပေမယ့် ဆွေးနွေးမှုကတော့ ကိုယ့်ရဲ့ အယူအဆတွေကို မျှဝေတာမျိုးပါ” လို့ ရှာရစ်ဖ်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာလည်း ယူကေက ဗလီဝတ်ကျောင်းတော်တွေဟာ ဒီလို တံခါးဖွင့်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်ပေါင်း ၈၂ ခု ပါဝင်ခဲ့ကာ ဒီနှစ်မှာတော့ ၂ ဆနီးပါးလောက် များပြားလာခဲ့တာ ဖြစ်ပါတယ်။

    ရှာရစ်ဖ်က လက်ယာစွန်းရောက်သဘောထားတွေ မြင့်တက်လာနေတဲ့အချိန် မွတ်စလင်တွေဟာ သူတို့ရဲ့ အယူအဆတွေကို မျှဝေဖို့ စိတ်အားထက်သန်တဲ့အတွက်လည်း ချီးကျူးခဲ့ပါတယ်။

    ဒီ တံခါးဖွင့်လှုပ်ရှားမှုကို တက်ရောက်လာသူတစ်ဦးဖြစ်တဲ့ ဂျီအို့ဖ် ဂါလဂ်ဟာက သူတို့အနေနဲ့ ဒီအစီအစဉ်ကနေ အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပြီး မွတ်စလင်တွေနဲ့ပတ်သက်တဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အမြင်တွေကို ဖယ်ရှားဖို့အတွက် နိုင်ငံတစ်ဝှမ်းမှာ ဒီလို လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေးတည်ဆောက်မှုတွေ မကြာခဏ လုပ်သင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။

    “မွတ်စလင်တွေဟာ အကြမ်းဖက်လိုတဲ့ ဘာသာရေးအုပ်စုမဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ လူတိုင်းနားလည်ဖို့အတွက် နိုင်ငံတစ်ဝှမ်းမှာ လုပ်သင့်ပါတယ်”

    ယူကေလူဦးရေရဲ့ ၅ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၃ သန်းဝန်းကျင်လောက်ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူတွေ ဖြစ်ပြီး သူတို့ထဲက ထက်ဝက်လောက်ဟာ ယူကေဖွားတွေ ဖြစ်ကြပါတယ်။

    Ref: Aljazeera

  • မြန်မာနိုင်ငံသည် အလက်ပိုဖြစ်စဉ်နောက် လိုက်နင်းနေပြီလော ?

    မြန်မာနိုင်ငံသည် အလက်ပိုဖြစ်စဉ်နောက် လိုက်နင်းနေပြီလော ?

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇

    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ Kutalong ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိသော ဂျမလီဒါး ဘီဂမ်းနှင့် သူမကလေးငယ်များ

    – စစ်တပ်က ကြောက်ခမန်းလိလိ ရှေ့ဆက်လွှမ်းမိုးထားသည့် မြန်မာနိုင်ငံအတွင်း၌ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးမှာ မသေမချာနှင့် အလှမ်းကွာနေဆဲ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စ်လင်မ်စစ်သွေးကြွများအပေါ် ပြုလုပ်လိုက်သော စစ်ဆင်ရေးသည် အရပ်သားပေါင်း ခြောက်သောင်းခွဲခန့်ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ အလွတ်ရုန်းထွက်ပြေးစေခဲ့သည်။ ထိုဖြစ်စဉ်ဝယ် အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ အပြစ်မဲ့အရပ်သားများအပေါ် သတ်ဖြတ်မှု သတင်းများလည်း ဖြစ်ပေါ်နေသည်။ လူ ၉၀ ၀န်းကျင် သေဆုံးရသည်။ ဤသည်မှာ တိုင်းပြည်ကို ပဲ့ထိန်းမောင်းနှင်နေသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်သာမက မြန်မာ၏ ပြည်ပမိတ်ဖက်များအတွက်လည်း စိန်ခေါ်ချက်တစ်ရပ် ဖြစ်စေသည်။

    နှစ်ရှည်လများ ဒုက္ခခံစားနေရသော လူနည်းစုဝင်ရိုဟင်ဂျာများအပေါ် အားပေးစကား ထုတ်ဖော်ပြောဆိုရန် ကျွန်ုပ်တို့မှ ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းထားပါသည်။ ယခုအခါ သူမသည် အတိုက်အခံဘ၀မှ သူမတိုင်းပြည်၏ နိုင်ငံရေးခေါင်းဆောင်အဖြစ်သို့ ဖြတ်ကျော်လာခဲ့ပြီးဖြစ်သည်။ သူမအနေနှင့် နိုဗဲလ်ဆုရှင်တစ်ဦး၏ စိတ်ဓာတ်နှင့် ခံယူချက်အတိုင်း ထိုက်သင့်သမျှ စွဲမြဲရပ်တည်လျက် ရှိနေသင့်သည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ ထို့ပြင် ပြစ်တင်ကဲ့ရဲ့မှုများ အဆုံးသတ်စေရန် ဒေသတွင်း သတင်းအချက်အလက်များ၊ စုံစမ်းစစ်ဆေးမှုများကို ပွင့်လင်းမြင်သာစေခြင်း အပါအ၀င် သူမ တတ်နိုင်သလောက် ဆောက်ရွက်သင့်သည်။ သို့သော် ရိုဟင်ဂျာများအပေါ် စစ်တပ်၏ရက်စက်စော်ကားမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် စစ်ဗိုလ်ချုပ်များအား ပထမဦးဆုံး အရေးယူရပါမည်။ အဆိုပါ စစ်ဗိုလ်ချုပ်များသည် ပါလီမန်နေရာ လေးပုံတစ်ပုံရယူထားခြင်းနှင့်အတူ ဗုဒ္ဓဘာသာဝင် လူများစုတိုင်းပြည်၏ အာဏာအဆောက်အဦအား လွှမ်းမိုးကြီးစိုးထားကြဆဲဖြစ်သည်။

    ရိုဟင်ဂျာသူပုန်အုပ်စုသစ်တစ်ခုသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ကင်းစခန်းသုံးကို ၀င်ရောက်တိုက်ခိုက်ပြီး ရဲအရာရှိ ကိုးဦးကို သေဆုံးစေခဲ့သော အောက်တိုဘာ ၉ ရက်မှ စတင်၍ နောက်ဆုံး ပဋိပက္ခ စတင်လာသည်။ The International Crisis Group ၏အဆိုအရ ၎င်းအုပ်စုမှာ စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ထားပြီး Harakah al-Yaqin ဟု ပညတ်ထားကြောင်း၊ ရိုဟင်ဂျာစစ်သွေးကြွများက ပြောက်ကျားစစ်ဆင်ရေးနည်းဗျူဟာသုံး၍ အကြမ်းဖက်တိုက်ခိုက်တတ်ကြောင်း သိရသည်။ ထိုအချိန်မှစပြီး စစ်တပ်ကလည်း ကျေးရွာများကို အကြီးအကျယ် ဖျက်ဆိးခြင်း၊ အရပ်သားများကို ရက်စက်ခြင်းတို့ဖြင့် ပြင်းထန်ကြမ်းတမ်းစွာ ပြန်လည်တုန့်ပြန်ခဲ့သည်။ ၎င်းစော်ကားချက်များအပေါ် စွပ်စွဲမှုများကို အစိုးရဖက်မှ ငြင်းဆိုထားသော်လည်း လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးကြသူများနှင့် ဂျာနယ်လစ်များအား အဆိုပါမြင်ကွင်းမှ တားမြစ်ကန့်သတ်လျက် ရှိနေပြန်သည်။

    ပြင်ပဖိအားများလည်း အတော်အတန် သက်ရောက်လာသဖြင့် ဤသည်မှာ အလွန်သိမ်မွေ့သည့် အချိန်အခါသို့ ဆိုက်ရောက်နေပြီဖြစ်သည်။ အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်ကို ချီးကျူးဂုဏ်ပြုခဲ့သည်၊ ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်၊ အထူးခရီးစဉ်ဖြင့်ပင် ရောက်လာပြီး အားပေးခဲ့သည်။ သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ကြိတ်ဖတ် ကဲ့သို့ဖြစ်နေသည့် ဤလူသား၏ ဒုက္ခများအတွက် စာနာမှု မည်သို့ရှိမည်ကို ကျွန်ုပ်တို့ မသိနိုင်သေးပါ။ သူနှင့် သူ၏ခန့်အပ်ခံပုဂ္ဂိုလ်များက လူ့အခွင့်အရေးကိစ္စများအပေါ် စိတ်အားထက်သန်မှု မပြသသေးသလို သူကိုယ်တိုင်က ခေါင်းမာပြင်းထန်သူ ဖြစ်လို့နေသည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့လူ့အဖွဲ့အစည်း၏ ဒီမိုကရေစီခရီးစဉ်အတွက် ကြီးမားစွာ ပေးကမ်းထားပြီးသည့်အပြင် ယိုင်နဲ့နေသော ဒေါ်အောင်ဆန်းစုကြည်၏အနေအထားကို မဖြိုလှဲဘဲ ထပ်မံပံ့ပိုးပေးရန်လည်း ရှိနေသည်။ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခမှာ ကုလသမဂ္ဂအဖွဲ့အစည်းမှ ပြင်းထန်သော တုန့်ပြန်မှုတစ်ရပ် ဆောင်ရွက်သင့်ပေသည်။

    အနောက်တိုင်းနိုင်ငံများရှိ ရေဒါမျက်နှာပြင်ပေါ် ရောက်ရှိမလာသေးသော ရိုဟင်ဂျာလူထု၏ ပြင်းထန်ဆိုးဝါးသည့် ဒုက္ခဝေဒနာများလည်း ရှိနေဦးမည်။ ယင်းအကြမ်းဖက်မှုအတိုင်းအတာမှာ သေးငယ်လင့်ကစား “အာရှ၏အလက်ပို” ဖြစ်ရန် နီးစပ်လာနေပြီ။ လက်နက်ကိုင်သူပုန်တပ်ဖွဲ့တစ်ခု ထွက်ပေါ်ရန် တာစူနေပြီ၊ တအုံတကျင်းသော အပြစ်မဲ့ပြည်သူများ ကယ်ကူရာမဲ့ဘ၀သို့ ရောက်ရှိနေကြသည်၊ ဘာသာရေးကို ပစ်မှတ်ထားခံနေရသည်၊ အင်အားကြီးသည့် စစ်တပ်က ပြင်းထန်စွာ လိုက်လံချေမှုန်းနေသည်။ ဤသည်မှာ လူသားအားလုံးကို စိုးရိမ်သောက ရောက်စေသည့် ယမ်းအိုးတစ်လုံးပင် ဖြစ်ပါတော့သည်။

    ×××××××××××××××

    The Washington Post ၏ အယ်ဒီတာ့အာဘော် Asia’s version of Aleppo is happening in Burma ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့် အာဏာသက်ရောက်စေရန်ကြိုးစားမှု ထပ်မံရှုံးနိမ့်

    ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့် အာဏာသက်ရောက်စေရန်ကြိုးစားမှု ထပ်မံရှုံးနိမ့်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – သမ္မတဒေါ်နယ်ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့်ကို တရားရေးက ယာယီ ပယ်ဖျက်ထားမှုအား ဖယ်ရှားပေးရန် အမေရိကန်အစိုးရ၏ လျှောက်ထားမှုကို ဆန်ဖရန်စစ္စရှိ အယူခံတရားရုံးက ပယ်ချလိုက်သည်ဟု သိရသည်။

    သမ္မတထရမ့်မှာ ပြီးခဲ့သည်လက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဖြင့် ဒုက္ခသည်များအား ၀င်ရောက်ခွင့် ယာယီပိတ်ပင်ခြင်း၊ မွတ်စလင် ၇ နိုင်ငံမှ နိုင်ငံသားများအား ယာယီဗီဇာ ပိတ်ပင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ထိုအမိန့်က အမေရိကန်ပြည်သူများကို အခက်အခဲတွေ့စေသောကြောင့် သောကြာနေ့တွင် ခရိုင်တရားသူကြီးတစ်ဦးက ထိုအမိန့်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာယီပယ်ဖျက်ရန် အမိန့်ပေးခဲ့သည်။

    ထိုအတွက် ထရမ့်ဦးဆောင်သည့် အစိုးရက မကျေမနပ်ဖြစ်ခဲ့ပြီး ခရိုင်တရားသူကြီး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ကာ လူဝင်မှုပိတ်ပင်သည့်အမိန့်ကို ပြန်လည်ကျင့်သုံးရန် တရားရေးဌာနမှတစ်ဆင့် အယူခံတရားရုံး၌ အရေးပေါ်တောင်းဆိုခဲ့ကာ တရားရုံးကမူ ဖေဖော်ဝါရီ ၄ ရက်နေ့ညပိုင်းတွင် ထိုတောင်းဆိုမှုအား ပယ်ချခဲ့သည်။

    ထို့ကြောင့် တရားရေးဘက်မှ သုံးသပ်မှု မပြီးမချင်း ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့်မှာ အာဏာသက်ရောက်မည်မဟုတ်ပေ။

    အမေရိကန်ပြည်သူများကလည်း ထိုကဲ့သို့ လူဝင်မှုပိတ်ပင်ခြင်းကို မကျေနပ်သောကြောင့် နိုင်ငံတစ်ဝှမ်းတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

    Ref: Aljazeera