News @ M-Media

Author: Ko Lay

  • ပထမဆုံး ဟိုက်ဒရိုဂျင်သင်္ဘော ၆ နှစ်အတွင်း ကမ္ဘာပတ်မည်

    ပထမဆုံး ဟိုက်ဒရိုဂျင်သင်္ဘော ၆ နှစ်အတွင်း ကမ္ဘာပတ်မည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေကို ဖော်ထုတ်အသုံးချနိုင်ရေး တွန်းအားပေးဖို့အတွက် ရုပ်ကြွင်းလာင်စာဆီ လုံးဝမသုံးတဲ့ ပထမဆုံး ဟိုက်ဒရိုဂျင်သင်္ဘောတစ်စီးရဲ့ ကမ္ဘာတစ်ပတ်ခရီးစဉ်ကို ယူနက်စကို (UNESCO) က ပြီးခဲ့တဲ့ ဇန်န၀ါရီ လလယ်ပိုင်းလောက်မှာ စတင်လိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ၆ နှစ်တာကြာမြင့်မယ့် ဒီခရီးစဉ်မှာ Energy Observer လို့အမည်ပေးထားတဲ့ အဲဒီ ဟိုက်ဒရိုဂျင်သင်္ဘောဟာ ကမ္ဘာ့ ရေကြောင်းအချက်အခြာမြို့တော်တွေ၊ သမိုင်းဝင်ဆိပ်ကမ်းတွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရာနေရာတွေနဲ့ နိုင်ငံတကာပွဲတော်ရှိတဲ့နေရာတွေ စတဲ့ နေရာ ၁၀၁ နေရာမှာ ရပ်နားမှာဖြစ်ပါတယ်။

    ဒီသင်္ဘောမှာ ဖန်လုံအိမ်ဓာတ်ငွေ့နဲ့ အမှုန်တွေကို လုံးဝ ထုတ်လွှတ်မှုရှိမှာမဟုတ်တာကြောင့် ရေကြောင်းကဏ္ဍနဲ့ ပို့ဆောင်ရေး ကဏ္ဍတွေမှာ ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုနိုင်ရေး မီးစိမ်းပြလိုက်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ‘ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်’ နဲ့အညီ အပူချိန်ကို ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ လျှော့ချရေးအတွက် အရေးပါတဲ့ အချိုးအကွေ့လည်း ဖြစ်ပါတယ်။

    နိုင်ငံတကာရေကြောင်းသွားလာမှုဆိုင်ရာ အဖွဲ့အစည်း (International Maritime Organization) က နိုင်ငံတကာ ရေကြောင်းသွားလာမှုကြောင့် နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ တန်ပေါင်း ၁၀၀၀ လောက်ကို ထုတ်လွှတ်နေပြီး ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂.၅ ရာခိုင်နှုန်း ပမာဏ ဖြစ်ပါတယ်။

    ဒီအခြေအနေကို မလျှော့ချနိုင်ဘူးဆိုရင်တော့ ၂၀၅၀ ခုနှစ်မှာ ရေကြောင်းသွားလာမှုက ထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဟာ ၅၀ ရာခိုင်နှုန်းကနေ ၂၅၀ ရာခိုင်နှုန်းလောက် တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

    Ref: unfccc

  • ထရမ့်၏ အမုန်းအခြေခံဝါဒ ဂျူးများကို စိုးရိမ်ဖွယ်ရာ ရိုက်ခတ်

    ထရမ့်၏ အမုန်းအခြေခံဝါဒ ဂျူးများကို စိုးရိမ်ဖွယ်ရာ ရိုက်ခတ်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – အမေရိကန်က ဂျူးအသင်းအဖွဲ့တွေဟာ ၂၀၁၇ ခုနှစ်အတွင်း ဗုံးနဲ့ တိုက်ခိုက်မယ်လို့ အကြိမ် ၅၀ နီးပါးလောက် ခြိမ်းခြောက်ခံခဲ့ရပြီး ဒါဟာ အမေရိကန်နိုင်ငံတစ်ဝှမ်း ဂျူးဆန့်ကျင်ရေး မြင့်တက်လာမှု သရုပ်သကန်လည်း ဖြစ်ပါတယ်။

    “ဒီလိုခြိမ်းခြောက်မှုတွေက အခုအချိန်မှာ ပုံမှန်လိုလိုဖြစ်နေတယ်။ အကြိမ်အရေအတွက် များလာတယ်။ ပြီးတော့ ခြိမ်းခြောက်တဲ့ပမာဏကလည်း ကြီးလာပါတယ်” လို့ Anti-Defamation League က ဥပဒေစိုးမိုးရေး သက်ရောက်မှုနဲ့ လူ့အဖွဲ့အစည်းလုံခြုံရေး ဒါရိုက်တာ အီလီစီ ဂျာဗစ်က ပြောကြားခဲ့ပါတယ်။

    ဒီလိုခြိမ်းခြောက်မှုတွေဟာ အစုလိုက်အပြုံလိုက် ရောက်လာတာဖြစ်တယ်လို့ ဂျာဗစ်က ဆိုပြီး ဇန်န၀ါရီ ၃၁ ရက်နေ့က ဂျူးလူ့အဖွဲ့အစည်းစင်တာ ၁၄ ခုလောက်ကို အရေးပေါ်ကယ်ဆယ်မှုတွေ လုပ်ခဲ့ရပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့တုန်းကလည်း ဒီလို အဖြစ်အပျက်မျိုး ဖြစ်ခဲ့ပါသေးတယ်။

    အခုအချိန်အထိ ဒီခြိမ်းခြောက်မှုတွေဟာ ဆက်လက်တည်ရှိနေပြီး ရဲတပ်ဖွဲ့က သံသယရှိသူ တစ်ဦးကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

    အမည်မဖော်ပြတဲ့ ဂျူးစင်တာတစ်ခုကို ဖုန်းနဲ့ ခြိမ်းခြောက်ခဲ့တဲ့ အသံဖိုင်ကို ဒီတစ်ပတ်အတွင်းမှာ Jewish Journal က ရရှိခဲ့ပြီး၊ နည်းပညာနဲ့ အသံပြောင်းထားတယ်လို့ ယူဆရတဲ့ ဖုန်းခေါ်သူက

    “ယမ်းတွေအများကြီးပါတဲ့ C4 ဗုံးတစ်ခုကို ပလက်စတစ်အိတ်နဲ့ ထုပ်ထားတယ်။ သိပ်မကြာခင်မှာ ဂျူးတော်တော်များများ သေကြရတော့မယ်။ သူတို့ရဲ့ ခေါင်းတွေက ယမ်းဆံတွေကြောင့် ပေါက်ကွဲကုန်လိမ့်မယ်။ ယမ်းတွေအများကြီး ရှိတယ်နော်။ သွေးပင်လယ်ကြီး မကြာခင်ဖြစ်တော့မှာ။ ဒီလောက်ဆိုတော်ပြီ။ ကျုပ်သွားတော့မယ်” လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် ဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေက နိုဝင်ဘာရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရပြီးနောက်ပိုင်း မွတ်စလင် ဆန့်ကျင်ရေး၊ မက္ကဆီကန်ဆန့်ကျင်ရေး၊ လူမည်းဆန့်ကျင်ရေး၊ ပြောင်းရွှေ့အခြေချသူ ဆန့်ကျင်ရေးတွေ များပြားလာသလို နိုင်ငံတစ်ဝှမ်း ဂျူးဆန့်ကျင်ရေး လုပ်ရပ်တွေ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

    ဒီလိုခြိမ်းခြောက်တဲ့သူတွေကို ဖော်နိုင်ခြင်းမရှိသေးတာကြောင့် ဒီကိစ္စဟာ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်တယ်ဆိုပြီး မပြောချင်ကြောင်း၊ နောက်ကွယ်မှာ ဘယ်သူပဲရှိရှိ ဒါဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ကိစ္စဖြစ်ကြောင်း ဂျာဗစ်က ပြောကြားခဲ့ပါတယ်။

    FBI နဲ့ တရားရေးဌာနကကတော့ ဒီလိုခြိမ်းခြောက်မှုတွေဟာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်မှုရှိလားဆိုတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

    Ref : The Guardian

  • ဝေဖန်မှုများကိုလက်ခံရန် အသင်းသားများကို ကလော့ပ်တိုက်တွန်း

    ဝေဖန်မှုများကိုလက်ခံရန် အသင်းသားများကို ကလော့ပ်တိုက်တွန်း

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – ဟားလ်စီးတီးအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် မည်သည့်ဝေဖန်မှုမျိုးကိုမဆို လက်ခံရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းသားများအား ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်မှာ ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဟားလ်စီးတီးက ရရှိခဲ့သော အခွင့်အရေး ၂ ခုကို အကောင်းဆုံး အသုံးချနိုင်သောကြောင့် ၂ ဂိုးပြတ်ဖြင့် အရှုံးပေးခဲ့ရသည်။ ထိုအရှုံးမှာ လီဗာပူးလ်အတွက် ၃ ပွဲတွင် ၂ ပွဲမြောက် အရှုံးလည်းဖြစ်သည်။

    ထို့ကြောင့် အဆင့် ၄ မှ လီဗာပူးလ်မှာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁၃ မှတ် ကွာဟသွားခဲ့ပြီး ကလော့ပ်ကမူ အသင်းမှာ ဝေဖန်ခံရမှုနှင့် ထိုက်တန်သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ တည်ငြိမ်မှုကို ပိုပြီး ပြသရမှာပါ။ ချန်ပီယံလိဂ်ဟာ အင်မတန်ကို ကြီးမားတဲ့ ပစ်မှတ်ကြီးဖြစ်နေပြီး အသင်းတော်တော်များများက အဲဒီပြိုင်ပွဲမှာ ကစားချင်ကြတာပါ။ အင်္ဂလန်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ စိန်ခေါ်နိုင်သူတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က ပြောစရာကို မလိုပါဘူး။ အခုအချိန်မှာ ကျွန်တော်တို့ဟာ အရာရာတိုင်းအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြသရပါတော့မယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဝေဖန်မှုများအားလုံးကို လက်ခံရမည်ဖြစ်ပြီး၊ အသင်းနှင့်ပတ်သက်၍ စိတ်ထဲရှိရာကို ရေးသားပြောဆိုနိုင်သည်ဟုလည်း ကလော့ပ်က ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ကုရ်အာန် အာဂုံဆောင်ပြိုင်ပွဲ အီတလီတွင် ကျင်းပ

    ကုရ်အာန် အာဂုံဆောင်ပြိုင်ပွဲ အီတလီတွင် ကျင်းပ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – ဆော်ဒီအခြေစိုက် ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်မှုဆိုင်ရာ အသင်း (HQMI) နှင့် အီတလီ ကုရ်အာန်ဆိုင်ရာအသင်းတို့ ပူးပေါင်းကာ အီတလီနိုင်ငံ၌ ကုရ်အာန်အာဂုံဆောင် ရွတ်ဖတ်မှုပြိုင်ပွဲကို ကျင်းပခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့သည့် အဆိုပါ ပြိုင်ပွဲတွင် ကဏ္ဍ ၆ ခု ခွဲထားပြီး ကုရ်အာန်တစ်အုပ်လုံး အာဂုံဆောင်ခြင်း၊ ကဏ္ဍ ၁၅ ခု၊ ၁၀ ခု၊ ၅ ခု၊ ၃ ခု၊ ၁ ခု အသီးသီး အာဂုံဆောင်ခြင်းတို့ ဖြစ်သည်။ ပြိုင်ပွဲတွင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၁၂၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

    ပြိုင်ပွဲ၌ မိန့်ခွန်းပြောကြားသူများက မိမိတို့အနေဖြင့် ယခုကဲ့သို့ အခမ်းအနားမျိုးကို တက်ရောက်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ ဆုရရှိသူများကို ဂုဏ်ယူပြီး ၎င်းတို့အနေဖြင့် ကုရ်အာန်ကျမ်းတော်မြတ်က သင်ကြားသည့် ကိုယ့်ကျင့်တရားအတိုင်း ကျင့်မူနေထိုင်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် HQMI ၏ မိခင်အဖွဲ့အစည်းဖြစ်သော ကမ္ဘာ့မွတ်စလင်လိဂ် (MWL)၊ ဆော်ဒီအစိုးရတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    Ref : IINA

  • စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဖလားရရန် ဖြစ်မှတ်ထားနေ

    စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဖလားရရန် ဖြစ်မှတ်ထားနေ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – ပရီးမီးယားလိဂ်၊ ယူရိုပါ နှင့် FA ဖလား ပြိုင်ပွဲ ၃ ခုကို ကစားနေရသော်လည်း မိမိတို့အနေဖြင့် ဖလားများ ရနိုင်လောက်သည့် လူစာရင်းရှိနေသည်ဟု စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပြောကြားလိုက်သည်

    ယမန်နေ့က မစ်ဒယ်ဘရော့အား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ဟယ်ရီကိန်းမှာ အနိုင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ပြီး ထိုနိုင်အနိုင်ကြောင့် ဒုတိယနေရာမှ စပါးမှာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် အမှတ်ကွာဟမှုကို ၉ မှတ်အထိ လျှော့ချနိုင်ခဲ့သည်။

    “ကျွန်တော်တို့ လုံးဝ ခြွင်းချက်မရှိပါဘူး။ ကျွန်တော်တို့မှာ တောင့်တင်းတဲ့ လူစာရင်းရှိပြီး မနှစ်ကထက်တောင် ပိုတောင့်ပါတယ်။ ကစားသမားတွေကို အလှည့်ကျကစားပြီး ပြိုင်ပွဲတွေမှာ အရှိန်ရအောင် ကစားသမားတွေ ကြံ့ခိုင်နေအောင် လုပ်နိုင်ပါတယ်။ ထိပ်တန်းအသင်း ဖြစ်ချင်ရင်တော့ ကျွန်တော်တို့ ဒီအခြေအနေကို ကျော်ဖြတ်ရပါမယ်။ ကျွန်တော်တို့ ပြိုင်ပွဲတွင်မှာ နိုင်ချင်တယ်။ ဖလားတွေ ရချင်တယ်။ ရမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဟယ်ရီကိန်းက ပြောကြား
    ခဲ့သည်။

    Ref: Goal