News @ M-Media

Author: Ko Lay

  • ရခိုင်အကူအညီပေးရေးသင်္ဘော မလေးရှားမှ ထွက်ခွာ

    ရခိုင်အကူအညီပေးရေးသင်္ဘော မလေးရှားမှ ထွက်ခွာ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူလူထုအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တင်ဆောင်သွားသော သင်္ဘောမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က မလေးရှားမှ ထွက်ခွားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်ကလည်း ၎င်းတို့ဘက်ခြမ်းရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် သဘောတူခဲ့သည်ဟု သိရသည်။

    ဆန်တန်ချိန် ၁၀၀၀၊ အသင့်စားခေါက်ဆွဲခြောက် ၁၂၀၀၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ၊ ဂျုံမှုန်များနှင့် အခြားထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၂၂၀၀ ခန့်ကို တင်ဆောင်သွားသည့် အဆိုပါသင်္ဘောမှာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်မည်ဖြစ်ပြီး တန်ချိန် ၅၀၀ ခန့် ချမည်ဖြစ်သည်။

    ထို့နောက် နောက်ထပ် ၃ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ တက်နက်ဖ်ဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်သည်။

    “‘ဒါဟာ သမိုင်းဝင် အချိန်တစ်ခုပါ။ မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့ ထိခိုက်ခံစားရမှုတွေကို လစ်လျူမရှုဘူးဆိုတဲ့ ကောင်းမွန်တဲ့ အားထုတ်မှုပါပဲ။ သူတို့ရဲ့ နာကျင်မှုတွေ၊ အဓမ္မပြုကျင့်ခံရမှုတွေ၊ အသတ်ခံရမှုတွေ၊ အရှင်လတ်လတ် မီးရှို့ခံရမှုတွေကို ကျွန်တော်တို့ ကြားပါတယ်” ဟု မလေးရှာဝန်ကြီးချုပ်နာဂျစ်က အကူအညီပေးရေးသင်္ဘော ထွက်ခွာရာ ကလန်းဆိပ်ကမ်းတွင် ယမန်နေ့က ပြောကြားခဲ့သည်။

    အဆိုပါ အကူအညီပေးရေးလှုပ်ရှားမှုကို မလေးရှားရှိ အသင်းအဖွဲ့များ၊ ဒေသတွင်းနှင့် နိုင်ငံရပ်ခြားမှ အကူအညီပေးရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

    စီစဉ်သူများကမူ မိမိတို့၏ အကူအညီပေးရေးအစီအစဉ်မှာ ရခိုင်မြောက်ပိုင်းရှိ လူ့အဖွဲ့အစည်း နှစ်ခုစလုံးအတွက်ဖြစ်ပြီး တူညီစွာ ထောက်ပံ့ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာအစိုးရမှာ စစ်တွေမြို့ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ခွင့်မပေးဟုလည်း ပြောကြားခဲ့သည်။

    ထို့ကြောင့် အကူအညီပေးရေးအဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ တက်နက်ဖ် ဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် ဘင်္ဂလားဒေ့ရှ်နှင့် ဆွေးနွေးခဲ့ပြီးနောက် ခွင့်ပြုချက်ရခဲ့ပြီဟု ယနေ့မနက်တွင် မလေးရှားက ကြေငြာခဲ့သည်။

    အဆိုပါ အကူအညီပေးရေးသင်္ဘောတွင် ဆရာဝန်များ၊ ဆေးမှူးများ၊ မလေးရှားနိုင်ငံရေးသမားများ အပါအ၀င် စေတနာ့ဝန်ထမ်းပေါင်း ၂၅၀ ကျော် ပါဝင်မည်ဖြစ်သည်။

    Ref: CNA

  • ထရမ့်၏ လူဝင်မှုအမိန့်ကို တရားရေးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာယီပယ်ဖျက်

    ထရမ့်၏ လူဝင်မှုအမိန့်ကို တရားရေးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာယီပယ်ဖျက်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၇
    M-Media

    – ဒုက္ခသည်များ၊ မွတ်စလင်အများစုရှိရာ ၇ နိုင်ငံမှ နိုင်ငံသားများကို ယာယီဝင်ခွင့်ပိတ်သည့် သမ္မတထရမ့်၏ အမိန့်ကို ပြည်ထောင်စု တရားသူကြီးတစ်ဦးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပယ်ဖျက်လိုက်သည်ဟု သိရသည်။

    ဆီယက်တဲလ်မှ ခရိုင်တရားသူကြီး ဂျိမ်းစ် ရိုဘာ့တ်က ယမန်နေ့တွင် အဆိုပါအမိန့်ကို ယာယီပယ်ဖျက်သည့်အမိန့်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၀ါရှင်တန်မှ ရှေ့နေချုပ် ဘော့ဘ် ဖာဂူဆန်က တိုင်ကြားချက်ကို အပြည့်အ၀ သုံးသပ်ပြီးသည်အထိ အတည်ဖြစ်မည်ဖြစ်သည်။

    “ဒီနေ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်တဲ့နေ့ပါ။ ဘယ်သူမှ ဥပဒေရဲ့အထက်မှာ မရှိရပါဘူး။ သမ္မတတောင်မှ မရှိရပါဘူး။ ဒါဟာ တရားရုံးထဲမှာပဲ ကြားရတဲ့ အသံမျိုးမဟုတ်ဘဲ ဒါဟာ အခြေခံဥပဒေဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောလိုပါတယ်” ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။

    ထရမ့်၏ အဆိုပါ လူဝင်မှုအမိန့်ကို ပိတ်ပင်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ပြီးခဲ့သည့် တစ်ပတ်ကလည်း ပြည်ထောင်စုတရားသူကြီးတစ်ဦးက ယာယီပယ်ဖျက်ခဲ့ဖူးသည်။

    ပြည်တွင်းလုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂီလီယန် ခရစ္စတန်ဆန်က အဆိုပါ ယာယီအမိန့်အတွက် မှတ်ချက်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ဖာဂူဆန်ကမူ ယခုကဲ့သို့ ယာယီပယ်ဖျက်လိုက်ခြင်းကြောင့် တရားဝင်ဗီဇာရရှိသူများကို လူဝင်မှုနှင့် နယ်စပ်ဒေသ ထိန်းသိမ်းရေးဌာန (CBP) က ၀င်ရောက်ခွင့်ပေးရမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • သြစတေးလျတွင် ဟာလာလ် ကုန်စည်ပြပွဲနှင့် ဟာလာလ်ညီလာခံ ကျင်းပမည်

    သြစတေးလျတွင် ဟာလာလ် ကုန်စည်ပြပွဲနှင့် ဟာလာလ်ညီလာခံ ကျင်းပမည်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ ပါရာမတ္တာဒေသရှိ Rosehill Gardens တွင် ‘၂၀၁၇ သြစတေးလျ ဟာလာလ်ကုန်စည်ပြပွဲ’ ကို ကျင်းပပြုလုပ်သွားရန် ရှိနေသည်ဟု သိရသည်။

    ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ပြုလုပ်မည့် အဆိုပါပြပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ ဟာလာလ် ၀န်ဆောင်မှုလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ ပညာရှင်များ၊ ပရော်ဖက်ရှင်များ တက်ရောက်ရန် ရှိနေပြီး ကမ္ဘာ့ဟာလာလ်ဈေးကွက်တွင် ကြီးကြီးမားမား အထောက်အကူပြုနေသော ကမ္ဘာတစ်ဝှမ်းမှ ဟာလာလ်လုပ်ငန်းများလည်း လာရောက်ပြသမည်ဖြစ်သည်။

    ပြပွဲတွင် ဖက်ရှင်၊ လူမှုနေထိုင်မှု၊ အစားအသောက်၊ ခရီသွားလုပ်ငန်း၊ ကျန်းမာရေး၊ အခြားသော ဟာလာလ်နှင့် ပတ်သက်သည့် လုပ်ငန်းများမှာ ၎င်းတို့၏ ထုတ်ကုန်များ၊ ၀န်ဆောင်မှုများကို ပြသသွားမည်ဖြစ်ပြီး ချက်ပြုတ်မှုပြိုင်ပွဲများ၊ ယဉ်ကျေးမှု ပဒေသာကပွဲများ၊ ပျော်ရွင်ရွှင်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။

    ထို့ပြင် ပြပွဲတွင် အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်သူကို ရွေးချယ်၍ ဆုချီးမြှင့်မည့်အစီအစဉ်လည်း ရှိနေသည်။

    အဆိုပါ ကုန်စည်ပြပွဲတွင် ‘၂၀၁၇ ဟာလာလ်ညီလာခံ’ (IHC2017) ကိုလည်း ‘ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် ဟာလာလ်လုပ်ငန်း၏ အခန်းကဏ္ဍ’ ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ညီလာခံ၌ ဟာလာလ်လုပ်ငန်းတွင် တွေ့ကြုံနေသည့် ပြဿနာများအတွက် အဖြေများ၊ တိုးတက်နိုင်မည့် နည်းလ်းများကို ရှာဖွေသွားမည်ဖြစ်သည်။

    Ref: .crescentrating

  • ဆာရာဝပ်မှ နိုင်ငံမဲ့တရုတ်လူမျိုးများကို မလေးက နိုင်ငံသားပေးမည်

    ဆာရာဝပ်မှ နိုင်ငံမဲ့တရုတ်လူမျိုးများကို မလေးက နိုင်ငံသားပေးမည်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၇
    M-Media

    မလေးရှား ဒုတိယ၀န်ကြီး အဟ်မဒ် ဇာဟစ် ဟာမီဒီ

    – ဆာရာဝပ်ပြည်နယ်ရှိ နိုင်ငံမဲ့ဖြစ်နေသော တရုတ်လူမျိုးများအား မလေးရှားနိုင်ငံသား ပေးနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု မလေးရှား ဒုတိယ၀န်ကြီး အဟ်မဒ် ဇာဟစ် ဟာမီဒီက ယနေ့တွင် ပြောကြားလိုက်သည်။

    နိုင်ငံသားစာရင်းသွင်းရေး ဦးစီးဌာနက ဆာရာဝပ်မှ နိုင်ငံမဲ့ တရုတ်လူမျိုးများကို စာရင်းကောက်ကာ နိုင်ငံသားသတ်မှတ်ချက်များနှင့် ပြည့်မီသူများအတွက် လိုအပ်သော ထောက်ခံချက်များ ပေးသွားမည်ဖြစ်သည်။

    “တော်တော်လေးကြာနေပြီဖြစ်တဲ့ နိုင်ငံမဲ့ တရုတ်လူမျိုးတွေရဲ့ ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ဆာရာဝပ်မှာမွေးတဲ့သူတွေဆိုတာ ခြွင်းချက်မဲ့ပါပဲ။ ပြည်ထောင်စု ဖွဲ့စည်းပုံအရ တိုင်းပြည်အတွင်းမှာ မွေးဖွားကြီးပြင်းတယ်ဆိုရင် နိုင်ငံသားဖြစ်ဖို့ အရည်အချင်းပြည့်မီပါတယ်” ဟု ဟာမီဒီက မလေးရှားရှိ တရုတ်လူမျိုးများနှင့် ပြုလုပ်သော တရုတ်နှစ်သစ်ကူး အခမ်းအနားတွင် ပြောကြားခဲ့သည်။

    ဟာမီဒီမှာ ပြည်ထဲရေ၀န်ကြီးလည်းဖြစ်ပြီး ဆာရာဝပ်ပြည်သူ့စည်းလုံးရေးပါတီအကြီးအကဲ ဒေါက်တာ Sim Kui Hian ၏ တိုက်တွန်းမှုကို ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုကိစ္စကို လျင်လျင်မြန်မြန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ တရုတ်လူ့အဖွဲ့အစည်းနေဖြင့် ကူညီပေးရန်လည်း တိုက်တွန်းခဲ့သည်။

    ဆာရာဝပ်ပြည်နယ်အစိုးရ၏ ၀န်ကြီးဖြစ်သူ Sim Kui Hian မှာ နိုင်ငံမဲ့ တရုတ်လူမျိုးများ၏ ပြဿနာကို ဖြေရှင်းပေးရန်အတွက် ယခင်ကလည်း တောင်းဆိုခဲ့ပြီး ထိုကိစ္စမှာ ကျေးလက်ဒေသတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်ဟု ဆိုသည်။ သို့သော်လည်း အရေအတွက် မည်မျှရှိသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

    Ref : Todayonline

  • အစ္စရေးကျူးကျော်အိမ်ယာက ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်သည်ဟု အိမ်ဖြူတော် ပြော

    အစ္စရေးကျူးကျော်အိမ်ယာက ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်သည်ဟု အိမ်ဖြူတော် ပြော

    ဖေဖော်ဝါရီ ၃၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အိမ်ယာများ အစ္စရေးက ဆောက်လုပ်နေခြင်းကြောင့် ပါလက်စတိုင်းများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် မျှော်လင့်နိုင်မည်မဟုတ်ဟု အိမ်ဖြူတော်က ပြောကြားလိုက်သည်။

    “အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးအတွက် အမေရိကန်ရဲ့ ဆန္ဒက နှစ်ပေါင်း ၅၀ လောက် အပြောင်းအလဲ မရှိခဲ့ပါဘူး။ တရားမ၀င်အိမ်ယာတွေ တည်ရှိနေခြင်းက ငြိမ်းချမ်ရေးအတွက် အဆီးအတားဖြစ်နေပြီး အိမ်ယာသစ်တွေဆောက်လုပ်တာ ဒါမှမဟုတ် တိုးချဲ့တာတွေဟာ ငြိမ်းချမ်းရေး ရည်ရွယ်ချက် အောင်မြင်ဖို့ အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး” ဟု ယမန်နေ့ညပိုင်းက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းတွင် ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်ကြောင်း၊ တရားမ၀င်အိမ်ယာများအတွက် သမ္မတက တရားဝင် ရပ်တည်မှု မပြုသေးဘဲ ယခုလနှောင်းပိုင်းတွင် တွေ့ဆုံရန်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။

    ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီဒါနွန်က အိမ်ဖြူတော်၏ ယခုကြေငြာချက်မှာ အစ္စရေး၏ တရားမ၀င်အိမ်ယာများ ဆောက်လုပ်ခြင်းအပေါ် မည်သို့ သက်ရောက်မည်ဆိုသည်နှင့်ပတ်သက်၍ ပြောရန် စောနေသေးသည်ဟု တုန့်ပြန်ခဲ့သည်။

    အမေရိကန်အစိုးရက မိမိတို့နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်မှာ ကြာသာပတေးနေ့က နေတန်ယာဟုနှင့် ဖုန်းပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကြေငြာချက်အကြောင်း ဆွေးနွေးခဲ့သလားဆိုသည်ကို သိရှိရခြင်း မရှိပေ။
    နေတန်ယာဟုမှာ အမေရိကန်သို့လာရောက်ကာ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထရမ့်နှင့် တွေ့ဆုံရန် ရှိနေသည်။

    အစ္စရေးမှာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းကျိန်ပြီးကတည်းက ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်တို့တွင် ကျူးကျော်အိမ်ယာများ ထောင်နှင့်ချီဆောက်လုပ်ရန် ခွင့်ပြုခဲ့သည်။

    Ref: Haaretz