News @ M-Media

Author: Ko Lay

  • ပုံမှန်နေရာရရန် တိုက်ပွဲဝင်သွားမည်ဟု ဖာဘရီဂက်စ်ပြော

    ပုံမှန်နေရာရရန် တိုက်ပွဲဝင်သွားမည်ဟု ဖာဘရီဂက်စ်ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၇
    M-Media

    – ပုံမှန်နေရာတစ်နေရာ ရရှိရန် ရုန်းကန်နေရသော်လည်း မိမိအနေဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ချယ်ဆီးအသင်း၏ ကွင်းလယ်လူ ဆက်စ် ဖာဘရီဂက်စ်က ပြောကြားလိုက်သည်။

    ၂၀၁၄ ခုနှစ်တွင် ချယ်ဆီးသို့ ရောက်ရှိလာပြီးနောက်ပိုင်း ဖာဘရီဂက်စ်မှာ အသင်းတွင် ပုံမှန်နေရာ ရရှိခဲ့ပြီး ချယ်ဆီးအသင်း ပရီးမီးယားလိဂ်နှင့် လိဂ်ဖလားတို့ ရရှိခဲ့သည့် ၎င်း၏ ပထမဆုံးရာသီတွင် ၄၇ ပွဲအထိလည်းကောင်း၊ ပြီးခဲ့သည့်နှစ် မော်ရင်ဟိုနှင့် ဂူစ်ဟစ်ဒင့်တို့၏လက်အောက်တွင် ၄၈ ပွဲအထိလည်းကောင်း ပါဝင်ကစားခဲ့ရသည်။

    သို့သော်လည်း ယခုနှစ် အန်တိုနီယိုကွန်တီ ရောက်ရှိလာပြီးနောက်ပိုင်းတွင်မူ ပုံမှန် ပွဲထွက်ခွင့် မရတော့ပေ။

    “ကျွန်တော်ဟာ အောင်မြင်မှုတွေရဖို့၊ ပျော်ရွှင်စေဖို့ ဘောလုံးကစားတာပါ။ မကစားရတဲ့အချိန်မှာဆိုရင် ကျွန်တော် ၀မ်းနည်းတယ်။ ဒါမျိုး ကျွန်တော် မကြိုက်ပေမယ့် အသင်းအခြေအနေကောင်းတဲ့အတွက်တော့ ပျော်ရွှင်မိပါတယ်။ ဘောလုံးက ကျွန်တော့်ဘ၀ပါ။ ဘောလုံးက ကျွန်တော့်အတွက် အရာအားလုံးပါ။ ကစားရတဲ့အချိန်တိုင်းမှာ ကျွန်တော်ဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်” ဟု ဖာဘရီဂက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် အသင်း၌ နေရာပြန်ရရန် တိုက်ပွဲဝင်သွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • အဖမ်းခံရမည်စိုး၍ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဟောင်း ဘယ်လ်ဂျီယံခရီးစဉ် ဖျက်သိမ်း

    အဖမ်းခံရမည်စိုး၍ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဟောင်း ဘယ်လ်ဂျီယံခရီးစဉ် ဖျက်သိမ်း

    ဇန်န၀ါရီ ၂၄၊ ၂၀၁၇
    M-Media

    အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဟောင်း တဇီပီ လစ်ဗ်နီ

    – စစ်ရာဇ၀တ်မှုစွဲချက်များကြာင့် အဖမ်းခံရမည်ကို စိုးရိမ်သည့်အတွက် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဟောင်း တဇီပီ လစ်ဗ်နီမှာ ဘယ်လ်ဂျီယံသို့ လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

    လစ်ဗ်နီမှာ တနင်္လာနေ့တွင် ဘယ်လ်ဂျီယံရှိ ဂျူးခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိနေသည်။ ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက လစ်ဗ်နီမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ထိုအစီအစဉ်အား ဖျက်သိမ်းလိုက်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဘယ်လ်ဂျီယံ ပြည်တွင်းသတင်းစာ Le Soir က ဘယ်လ်ဂျီယံ အစိုးရရှေ့နေများမှာ လစ်ဗ်နီ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်းထမ်းဆောင်စဉ် ၂၀၀၈-၀၉ ခုနှစ် ဂါဇာအား အစ္စရေးက တိုက်ခိုက်မှုအတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များအတွက် မေးမြန်ရန်ရှိနေသည်ဟု ဖော်ပြခဲ့သည်။

    အစ္စရေးမှာ ဂါဇာတွင် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဟု ၂၀၁၀ ခုနှစ် ဇွန်လက တရားရုံးသို့ လျှောက်ထားမှုတွင် အခြားသော အစ္စရေး နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များနှင့်အတူ လစ်ဗ်နီ၏ အမည်လည်း ပါဝင်ခဲ့သည်။

    ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်နေ့အထိ ကြာမြင့်ခဲ့သည့် အစ္စရေး၏ ဂါဇာအား တိုက်ခိုက်က်မှုတွင် အရပ်သားအများစုအပါအ၀င် ပါလက်စတိုင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး၊ အစ္စရေးဖက်မှ စစ်သား ၁၀ ဦးအပါအ၀င် ၁၃ ယောက်သေဆုံးခဲ့သည်။

    ကျူးလွန်ခံရသူတွင် ဘယ်လ်ဂျီယံနိုင်ငံသား တစ်ဦး ပါဝင်နေပါက နိုင်ငံတကာဥပဒေများနှင့် ဆက်စပ်သည့် ရာဇ၀တ်မှုအတွက် သံသယရှိသူကို ဘယ်လ်ဂျီယံအာဏာပိုင်များက ၎င်းတို့၏ပိုင်နက်တွင် ဖမ်းဆီး ထိန်းသိမ်းပိုင်ခွင့်ရှိသည်။

    Ref: Aljazeera

  • လက်ရှိနောက်တန်းဖြင့် လီဗာပူးလ် ဖလားကို စိန်မခေါ်နိုင်ဟု ကစားသမားဟောင်း ပြော

    လက်ရှိနောက်တန်းဖြင့် လီဗာပူးလ် ဖလားကို စိန်မခေါ်နိုင်ဟု ကစားသမားဟောင်း ပြော

    ဇန်န၀ါရီ ၂၈၊ ၂၀၁၇
    M-Media

    – လီဗာပူးလ်အသင်း၏ လက်ရှိနောက်တန်းဖြင့် ပရီးမီးယားလိဂ်ဖလားကို မျှော်လင့်၍ မရဟု အသင်း၏ ဂန္တ၀င်ကစားသမားဟောင်း စတီဗ် နီကိုးလ်က ပြောကြားလိုက်သည်။

    ပွဲစဉ် ၂၂ ပွဲကစားပြီးချိန်တွင် ၅၁ ဂိုးသွင်းယူထားသည့် လီဗာပူးလ်မှာ ၂၇ ဂိုး ပြန်ပေးထားရပြီး မန်စီးတီး (၂၈ ဂိုး) ပြီးနောက် ထိပ်ဆုံး ၆ သင်းတွင် ဂိုးအများဆုံး ပေးထားရသည့် အသင်းဖြစ်နေသည်။ ဒီဇင်ဘာလအတွင်း လီဗာပူးလ်မှာ ဘုန်းမောက်အသင်းအား ၄ ဂိုး၊ ဆန်းဒါးလန်းအသင်းအား ၂ ဂိုးနှင့် ဆွမ်ဆီးအသင်းအား ၃ ဂိုး ပေးခဲ့ရသည်။

    နီကိုးလ်ကမူ ဂိုးများ ပြန်ပေးနေရမှုက လီဗာပူးလ်ကို အထိနာစေပြီး ပရီးမီးယားလိဂ်ဖလား ပြေးလမ်းပေါ် ပြန်တက်ရေးအတွက် ခက်ခဲစေမည်ဟု ဆိုသည်။

    “သူတို့ရဲ့ အခုနောက်တန်းနဲ့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ဖလား ရမယ်လို့ ကျွန်တော် မထင်ပါဘူး။ အခု အပြောင်းအရွှေ့မှာ တစ်ယောက်ယောက်ကို သူတို့ ၀ယ်မယ့်ပုံ မပေါ်ပါဘူး။ ဒါဆိုရင် ဒီအတိုင်းပဲ ဆက်သွားမှာပါ” ဟု နီကိုးလ်က ပြောကြားခဲ့သည်။

    လီဗာပူးလ်နည်းပြ ယာဂန်ကလော့ကလည်း မိမိတို့အနေဖြင့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် နောက်တန်းကို အားဖြည့်သွားမည်မဟုတ်ဟု ၀န်ခံထားပြီး အသင်းမှာ စုစည်းမှုကောင်းရန်သာ လိုအပ်သည်ဟု ပြောကြားထားသည်။

    Ref: Goal

  • သာကေတ ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ နှစ်ကုန်တွင် လည်ပတ်မည်

    သာကေတ ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ နှစ်ကုန်တွင် လည်ပတ်မည်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၇
    M-Media

    – သာကေတမြို့နယ်ရှိ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံကို ယခုနှစ်ကုန်တွင် စတင်လည်ပတ်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခြင်း လျော့ပါးသွားစေလိမ့်မည်ဟု အဆိုပါ ဓာတ်အားပေးစက်ရုံမှ အထွေထွေမန်နေဂျာ ဒေါင်ဖန်းက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

    ဓာတ်အားပေးစက်ရုံမှာ ဓာတ်အား ၇၂ မဂ္ဂါဝပ်ကို ယခုနှစ်ကုန်တွင် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် နောက်ထပ် ၃၄ မဂ္ဂါဝပ်ကို ထပ်မံထုလုပ်ပေးကာ စီမံကိန်း၏ ပထမဆင့် ပြည့်မီမည်ဖြစ်သည်။

    အဆိုပါ ဓာတ်အားပေးစက်ရုံ စီမံကိန်းကို တရုတ်မှ Union Resources and Engineering Co Ltd နှင့် မြန်မာ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်နကြီးဌာနတို့ ပူးပေါင်းထားသော U Energy Thaketa Power Co, Ltd ကုမ္ပဏီက ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းဖြစ်သည်။

    စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ချုပ်ဆိုခဲ့သည်။ စီမံကိန်းလိုင်စင်ကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့က ရရှိခဲ့သည်။

    Ref: ecns.cn

  • ကမ္ဘာ့စီးပွားရေးကို ဦးဆောင်ရန် ပြင်ဆင်နေသည်ဟု တရုတ်ပြော

    ကမ္ဘာ့စီးပွားရေးကို ဦးဆောင်ရန် ပြင်ဆင်နေသည်ဟု တရုတ်ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့စီးပွားရေးတွင် အနောက်နိုင်ငံများ၏ ခေါင်းဆောင်မှု အခန်းကဏ္ဍ နောက်ဆုတ်သွားပါက မိမိတို့အနေဖြင့် ဦးဆာင်သွားရန် အဆင်သင့်ပြင်ထားသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတကာ စီးပွားရေးဆိုင်ရာရုံးမှ အကြီးအကဲ ကျန်းချွင်က ပြောကြားလိုက်သည်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်မှာ ပြီးခဲ့သည့်တစ်ပတ်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဂလိုဘယ်လိုက်ဇေးရှင်းစီးပွားရေးကို ကာကွယ်လိုသည့်ဆန္ဒကို ပြောကြားခဲ့ပြီး ကုန်သွယ်မှု ကာကွယ်ရေး မူဝါဒဆိုသည်က မိမိကိုယ်ကို အမှောင်ခန်းထဲတွင် ပိတ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုမှတ်ချက်မှာ တစ်နိုင်ငံတည်း၏ အကျိုးစီးပွားကိုသာ ပိုမိုအာရုံစိုက်လိုသည့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ကဲ့သို့ အနောက်နိုင်ငံမှ နိုင်ငံရေးသမားများကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်ဟု ယူဆရသည်။

    “တရုတ်က ခေါင်းဆောင်နေရာကို ယူလိုက်ပြီလို့ လူတွေက ပြောမယ်ဆိုရင် ဒါက တရုတ်နိုင်ငံအနေနဲ့ ရုတ်တရက်ကြီး ခေါင်းဆောင်လုပ်ချင်လို့ ထွက်လာတာ မဟုတ်ပါဘူး။ မူလ ဦးဆောင်သူတွေက နောက်ဆုတ်သွားပြီး တရုတ်နိုင်ငံကို အရှေ့ပို့ပေးလိုက်တာကြောင့်ပါပဲ” ဟု ကျန်းချွင်က ထည့်သွင်း ပြောကြားခဲ့သည်။

    ဒေါ်နယ်ထရမ့်မှာ တရုတ်အပါအ၀င် အချို့သောနိုင်ငံများက အမေရိကန်၏ အလုပ်အကိုင်များကို ခိုးယူနေသည်ဟု မဲဆွယ်စဉ်က စွပ်စွဲခဲ့ပြီး၊ အလီဘာဘာကုမ္ပဏီပိုင်ရှင် တရုတ်ဘီလီယံနာ ဂျက်မာက အမေရိကန်၏ စီးပွားရေးကို မည်သူမျှ ခိုးယူခြင်းမဟုတ်ဘဲ စစ်တိုက်ခြင်းကြောင့်သာ စီးပွားရေးကျခြင်းဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    ထရမ့်မှာ တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ဆောင်ရွက်မည်ဟု သုံးသပ်မှုများရှိနေပြီး ကျန်းချွင်က ထိုသို့ဆောင်ရွက်ခြင်းမှာ အမေရိကန်၏ အကျိုးစီးပွားအတွက် အကျိုးရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်က ယမန်နေ့တွင် နှုတ်ထွက်ခဲ့သည့် TPP ကုန်သွယ်ရေး သဘောတူညီချက်နှင့်အပြိုင် မိမိတို့ကလည်း အာရှ-ပစိဖိတ်ဒေသ ကုန်သွယ်ရေး သဘောတူညီချက် ရရှိအောင် ဆောင်ရွက်သွားမည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။

    Ref: WSJ