News @ M-Media

Author: Ko Lay

  • တရုတ်ကိုယှဉ်မည့် ကုန်သွယ်ရေးသဘောတူညီချက်မှ ကန်နှုတ်ထွက်

    တရုတ်ကိုယှဉ်မည့် ကုန်သွယ်ရေးသဘောတူညီချက်မှ ကန်နှုတ်ထွက်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၇
    M-Media

    TPP မှ နှုတ်ထွက်ကြောင်း လက်မှတ်ထိုးပြီးနောက် တွေ့ရသည့် ဒေါ်နယ်ထရမ့်

    – နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်ပြီး ကမ္ဘာ့စီးပွားရေး၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖတ်သဘောတူညီချက် (TPP) မှ နှုတ်ထွက်ကြောင်း ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်သည်ဟု သိရသည်။

    ယမန်နေ့က လက်မှတ်ထိုးလိုက်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကတိတစ်ခုကို ဖော်ဆောင်လိုက်ခြင်းလည်းဖြစ်သည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြောနေတာ ကြာပါပြီ” ဟု ထရမ့်က လက်မှတ်ရေးထိုးပြီးနောက် ပြောကြားခဲ့ပြီး အမေရိကန်အလုပ်သမားများအတွက် ကြီးကျယ်သည့် ဆောင်ရွက်မှုဖြစ်သည်ဟုလည်း ဆိုသည်။

    ထို့ပြင် ထရမ့်မှာ စစ်တပ်မှလွဲ၍ အခြားသော အလုပ်အကိုင်များကို ဖက်ဒရယ်အစိုးရက ခန့်အပ်မှုကို ရပ်တန့်သည့် အမိန့်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကာ၊ နိုင်ငံခြားတိုင်းပြည်များတွင် ကိုယ်ဝန်ဖျက်ချရေး ဆောင်ရွက်ပေးနေသော သို့မဟုတ် ထိုကိစ္စနှင့်ပတ်သက်၍ အသိပညာပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့များ ဖက်ဒရယ်အစိုးရထံမှ ရန်ပုံငွေ ရယူမှုကို ပိတ်ပင်သည့် ညွှန်ကြားချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

    သြစတေးလျ၊ ဘရူးနိုင်း၊ ကနဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ အမေရိကန်တို့ ပါဝင်သည့် အဆိုပါ TPP ကုန်သွယ်ရေး သဘောတူညီချက်ကို အိုဘားမားအစိုးရလက်ထက်တွင် ပါဝင်ခဲ့သော်လည်း အမေရိကန်လွှတ်တော်က အတည်မပြုရသေးပေ။

    ထို့ပြင် တရုတ်ကို ယှဉ်ပြိုင်ရန် ရည်ရွယ်သည့် အဆိုပါသဘောတူညီချက်မှာ အသက်မ၀င်သေးဘဲ အမေရိကန်၏ နှုတ်ထွက်မှုကြောင့် အကောင်အထည် ပေါ်လာမည့် အခြေအနေ မရှိတော့ပေ။

    Ref : Aljazeera

  • ရာထူးစွန့်သည့် ဂမ်ဘီယာအာဏာရှင် နိုင်ငံ့ဘဏ္ဍာများကို ခိုးယူသွားခဲ့

    ရာထူးစွန့်သည့် ဂမ်ဘီယာအာဏာရှင် နိုင်ငံ့ဘဏ္ဍာများကို ခိုးယူသွားခဲ့

    ဇန်န၀ါရီ ၂၃၊ ၂၀၁၇
    M-Media

    – စနေနေ့က ရာထူမှ ဆင်းသွားခဲ့သည့် ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်မှာ ၎င်း၏ နောက်ဆုံးသီတင်းပတ်အတွင်း တိုင်းပြည်ဘဏ္ဍာ အမြောက်အများကို ခိုးယူခဲ့ပြီး၊ ဇိမ်ခံကားများကိုလည်း ကုန်တင်လေယာဉ်ဖြင့် ထုတ်သွားခဲ့သည်ဟု သမ္မတသစ် အဒါမာဘာရိုး၏ အကြံပေးက ပြောကြားလိုက်သည်။

    တိုင်းပြည်အား ၂၂ နှစ်တာ အုပ်စိုးခဲ့သည့် ဂျာမေဟ်မှာ ဒီဇင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲတွင် ဘာရိုးအား ရှုံးနိမ့်ခဲ့သော်လည်း ရာထူးမှ ဆင်းပေးရန် ငြင်းဆိုခဲ့သောကြောင့် ဒေသတွင်းနိုင်ငံများက စစ်ရေးဖြင့် ၀င်စွက်မည်ဟု ရာဇသံပေးမှ ရာထူးစွန့်ကာ ဂီနီနိုင်ငံတွင် ခိုလှုံခဲ့သည်။

    ဂျာမေဟ်အား မည်သည့် အာမခံချက်များ ပေးခဲ့သည်ဆိုသည်နှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိနေပြီး သမ္မတသစ်ဘာရိုး၏ အကြံပေး မိုင် ဖက်တီးကမူ ဂျာမေဟ်မှာ ဒေါ်လာ သန်းချီ၍ ခိုးယူသွားခဲ့သည်ကို တွေ့ရကြောင်း ပြောကြားခဲ့သည်။

    “ပြည်သူ့ဘဏ္ဍာတွေကတော့ ကုန်ပါပြီ။ ၂ ပတ်အတွင်းမှာ ဒါလာစီငွေ သန်း ၅၀၀ (ကန်ဒေါ်လာ ၁၁ သန်း) ပျောက်သွားပြီး ကျွန်တော်တို့ အာဏာရယူတဲ့အခါ ဂမ်ဘီယာအစိုးရသစ်ဟာ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရတော့မှာပါ” ဟု ဆီနီဂေါမြို့တော် ဒါကာရ်တွင် ဖက်တီးက အသတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဂျာမေဟ်မှာ ဇိမ်ခံကားများအပါအ၀င် ဇိမ်ခံပစ္စည်း အများအပြားကိုလည်း ၎င်း၏ နောက်ဆုံးအချိန်များတွင် ချဒ်နိုင်ငံမှ ကုန်တင်လေယာဉ်ဖြင့် ထုတ်သွားခဲ့သည်ဟု ဆိုသည်။

    မြို့တော်ဘန်ဂျူလ်လေဆိပ်မှ ဂျာမေဟ်ထွက်ခွာချိန် ၎င်းပိုင်ဆိုင်သောပစ္စည်းများ ယူဆောင်သွားခြင်းမပြုရန် လေဆိပ်အာဏာပိုင်များက အမိန့်ပေးခဲ့သည်။

    လက်ရှိတွင် ဂမ်ဘီယာသမ္မတသစ် ဘာရိုးမှာ ဆီနီဂေါနိုင်ငံတွင် ရှိနေပြီး ဖက်တီးကမူ ဘာရိုးအနေဖြင့် တတ်နိုင်သမျှမြန်မြန် ဂမ်ဘီယာသို့ ပြန်လာမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း နိုင်ငံ၏ လုံခြုံရေးအခြေအနေမှာ စိတ်မချရသေးပေ။

    Ref: Aljazeera

  • မူဆိုလ်းအရှေ့ပိုင်း IS လက်မှ လုံးဝလွတ်မြောက်

    မူဆိုလ်းအရှေ့ပိုင်း IS လက်မှ လုံးဝလွတ်မြောက်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၇
    M-Media

    IS က ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည့် မူဆိုးလ်တက္ကသိုလ်

    – IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးခြေကုပ်စခန်းဖြစ်သော မူဆိုလ်းမြို့အရှေ့ပိုင်း ခရိုင်များအားလုံး လွတ်မြောက်ခဲ့ပြီဟု အီရတ်စစ်တပ်က ယမန်နေ့တွင် ကြေငြာခဲ့သည်။

    တီဂရစ်မြစ်အရှေ့ပိုင်း ကမ်းပါးပေါ်တွင်ရှိသည့် ဒေသများဖြစ်ပြီး၊ မူဆိုးလ်နှင့် အနောက်ဖက်မှ ပြည်နယ်မြို့တော် ဒိုဟက်တို့အား ဆက်သွယ်ထားသည့် အဓိကလမ်းမတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်တပ်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက မူဆိုးလ်မြို့အရှေ့ပိုင်း လွတ်မြောက်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြငြာခဲ့ပြီး ယခင်ကလည်း မိမိတို့အနေဖြင့် IS အကြမ်းဖက်အဖွဲ့ကို ဧပြီလတွင် အပြီးတိုင် တိုင်းပြည်မှ မောင်းထုတ်နိုင်လိမ့်မည်ဟု ပြောကြားခဲ့ဖူးသည်။

    မူဆိုလ်းမြို့အရှေ့ပိုင်းတွင် နေထိုင်သူများမှာ ပုံမှန်ဘ၀ကို ပြန်ရရန် ကြိုးစားလာကြပြီး မနေ့ကလည်း ကျောင်းသားများမှာ မူဆိုလ်းတက္ကသိုလ်၏ ဂိတ်ပေါက်ဝတွင် စုရုံးခဲ့ကြကာ အစိုးရစစ်တပ်၏ ပြန်လည်သိမ်းပိုက်နိုင်မှုအတွက် အောင်ပွဲခံခဲ့ကြသည်။ အဆိုပါ မူဆိုးလ်တက္ကသိုလ်ကို IS က ၎င်းတို့ ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။

    Ref: Aljazeera

  • လူပြိန်းကြိုက် နိုင်ငံရေးဝါဒက ဟစ်တလာကဲ့သို့လူများ ပေါ်ထွက်လာစေနိုင်ဟု ပုပ်ရဟန်းမင်းကြီး သတိပေး

    လူပြိန်းကြိုက် နိုင်ငံရေးဝါဒက ဟစ်တလာကဲ့သို့လူများ ပေါ်ထွက်လာစေနိုင်ဟု ပုပ်ရဟန်းမင်းကြီး သတိပေး

    ဇန်ဝါရီ ၂၃၊ ၂၀၁၇
    M-Media

    – ‘လူပြိန်းကြိုက် နိုင်ငံရေးဝါဒ’ (Populism) နှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး ဖန်ရန်စစ်က သတိပေးလိုက်ပြီး အဆိုပါဝါဒက အဒေါ့ဖ် ဟစ်တလာကဲ့သို့ လူမျိုးကို ရွေးချယ်သည်အထိ ဖြစ်လာနိုင်သည်ဟု ပြောကြားလိုက်သည်။

    ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတဖြစ်လာမှုနှင့် ပတ်သက်၍ စပိန်သတင်းစာ El Pais နှင့် ယမန်နေ့က တစ်နာရီကြာ အင်တာဗျူးတွင် ပုပ်ရဟန်းမင်းကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဒုက္ခသည်များနှင့် ပြောင်းရွှေ့အခြေချသူများကဲ့သို့ နိုင်ငံခြားသားများအား တံတိုင်းများကာရံခြင်း၊ သံဆူးကြိုးများဖြင့် ပိတ်လှောင်ခြင်း အယူအဆများကိုလည်း ရှုတ်ချခဲ့သည်။

    “အကျပ်အတည်းတွေက ကြောက်ရွံ့မှုနဲ့ သောကတွေကို ဖြစ်စေတယ်ဆိုတာ မှန်ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုပြီး ဥရောပတွင် လူပြိန်းကြိုက် နိုင်ငံရေးဝါဒ ထွန်းကားမှုအတွက် ဥပမာမှာ ၁၉၃၃ ခုနှစ် ဂျာမနီတွင် ထိုဝါဒပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဂျာမနီဟာ သူတို့ရဲ့ အမှတ်သညာကို ပြန်လည်ဆောင်ကျဉ်းပေးမယ့် ခေါင်းဆောင်တစ်ယောက်ကို ရှာဖွေခဲ့ပြီး ‘ကျုပ်လုပ်နိုင်တယ်’ လို့ပြောတဲ့ အဒေါ့ဖ်ဟစ်တလာကို ရရှိခဲ့ပါတယ်။ ဟစ်တလာက အာဏာကို ခိုးယူခဲ့တာ မဟုတ်ပါဘူး။ ပြည်သူတွေက ရွေးချယ်တာဖြစ်ပြီး၊ သူကပဲ အဲဒီပြည်သူတွေကို ဖျက်ဆီးခဲ့တာပါ”

    ဂျာမန်ပြည်သူများမှာ ထိုစဉ်က အခြားသူများ ၎င်းတို့၏ အမှတ်သညာကို မလုယူစေနိုင်ရန်အတွက် အားလုံးကို ဖယ်ကျဉ်ကာ ၎င်းတို့ကိုယ်ကို ကာကွယ်ချင်ခဲ့ကြကြောင်း၊ ဂျာမနီ၏ အဆိုပါအခြေအနေက ထင်ရှားကြောင်း၊ ဟစ်တလာက ဂျာမနီပြည်သူများအား အမှတ်သညာကို ပြောင်းလဲပေးခဲ့ပြီး မည်သည့်ရလဒ် ထွက်ပေါ်လာသည်ကို မိမိတို့ အသိပင်ဖြစ်ကြောင်း ဖရန်စစ်က ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း ထရမ့်နှင့်ပတ်သက်၍ ထင်မြင်ချက်ပေးရန် စောလွန်းနေသည်ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

    “ကြည့်ကြတာပါ။ သူဘာလုပ်မလဲဆိုတာ စောင့်ကြည့်ပြီးမှ ထင်မြင်ချက်ပေးရမှာပါ”

    ပြီးခဲသည့်နှစ် ဖေဖော်ဝါရီလကလည်း ပုပ်ရဟန်းမင်းကြီးက ထရမ့်အား တစ်ခြားသူများအား ဖယ်ကျဉ်ရန် စဉ်စားနေသူများမှာ ခရစ်ယာန်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ဖယ်ကျဉ်ရန် ပြောနေသည့် ထရမ့်မှာ ခရစ်ယာန်မဟုတ်ကြောင်း သတိပေးခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င်အခြေချအိမ်ယာ ထပ်ဆောက်ရန် အစ္စရေးအတည်ပြု

    ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င်အခြေချအိမ်ယာ ထပ်ဆောက်ရန် အစ္စရေးအတည်ပြု

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် အခြေချအိမ်ယာပေါင်း ၅၆၆ ခုကို ဆောက်လုပ်ရန် အစ္စရေးအာဏာပိုင်များက အတည်ပြုလိုက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သတိပေးမှုကို မထိလေးစားလုပ်ခြင်းလည်း ဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် ဂျူးအခြေချအိမ်ယာများ ဆောက်လုပ်နေခြင်းမှာ နိုင်ငံတကာဥပဒေကို အတိအလင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြောကြားထားသော်လည်း အစ္စရေးမှာ လိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေသည်။

    အဆိုပါ အိမ်ယာ ၅၀၀ ကျော် ဆောက်လုပ်ရန်အတွက် ယနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ထိုအစီအစဉ်မှာ သမ္မတအိုဘားမားအစိုးရ၏ ဝေဖန်မှုကြောင့် ၎င်းတို့အစိုးရ သက်တမ်းကုန်သည်အထိ ရပ်ဆိုင်ထားသည့် စီမံကိန်းဖြစ်သည်။

    “ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာတဲ့အတွက်ကြောင့် ကစားပွဲရဲ့ ဥပဒေတွေက ပြောင်းလဲသွားပါပြီ။ ဘာရက်အိုဘားမား လက်ထက်တုန်းကလို ကျွန်တော်တို့ ချုပ်တည်းမထားတော့ပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဆောက်ရတော့မှာပါ” ဟု ဂျေရုစလင်မြို့၏ ဒုတိယမြို့တော်ဝန် မီအီရ် တာရ်ဂျီမန်က ပြောကြားခဲ့သည်။

    ထို့ပြင် နောက်ထပ် အိမ်ယာ ၁၁၀၀၀ ခန့် ဆောက်လုပ်ရန်လည်း အစီအစဉ်ရှိနေသည်ဟု ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    အရှေ့ဂျေရုစလင်မှာ အာနဂတ် ပါလက်စတိုင်းနိုင်ငံတော်၏ မြို့တော်အဖြစ် နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုပေးထားသော်လည်း အစ္စရေးက ကျူးကျော်သိမ်းပိုက် ထိန်းချုပ်ထားပြီး တရားမ၀င်အိမ်ယာများ ဆောက်လုပ်နေခြင်းဖြစ်သည်။

    ဒေါ်နယ်ထရမ့်ကမူ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကာ အမေရိကန်သံရုံးကိုလည်း ဂျေရုစလင်သို့ ပြောင်းရွှေ့မည်ဟု ကတိပြုထားသည်။

    ရှုတ်ချ

    ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးမှာ ၎င်းတို့၏ တရားမ၀င်အိမ်ယာ ဆောက်လုပ်မှုကို ၂၃ ရာခိုင်နှုန်းအထိ တိုးချဲ့ခဲ့သည်။

    “ဥပဒေအထက်ကိုရောက်နေတဲ့ အစ္စရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ အချိန်ကျပါပြီ” ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရူဒီ နာဟ်ကဆိုပြီး အစ္စရေး၏ ယခုအတည်ပြုချက်ကို ရှုတ်ချကာ ကုလအနေဖြင့် မကြာသေးမီက ပြဌာန်းခဲ့သည့် ဆုံးဖြတ်ချက်အတိုင်း အရေးယူသွားရန် တောင်းဆိုခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာ ဆောက်လုပ်မှုကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာတွင် အတည်ပြုခဲ့သည်။

    Ref: Aljazeera