News @ M-Media

Author: Ko Lay

  • စင်ကာပူတစ်ခေါက်သွားပြီး မီလျံနာဖြစ်လာတဲ့ အင်ဒိုနီးရှားသား

    စင်ကာပူတစ်ခေါက်သွားပြီး မီလျံနာဖြစ်လာတဲ့ အင်ဒိုနီးရှားသား

    ဇန်န၀ါရီ ၁၆၊ ၂၀၁၇
    M-Media

    Be a Changi Millionaire အစီအစဉ်မှ မီလျံနာဖြစ်လာသူ အစ္စကန်ဒါ ရိုနီ

    – အင်ဒိုနီးရှားကနေ စင်ကာပူကို လာလည်တဲ့ ခရီးသည်တစ်ဦးဟာ ချန်ဂီလေဆိပ်မှာ ပြုလုပ်တဲ့ ကံစမ်းမဲ့အစီအစဉ်နဲ့တိုးပြီး မီလျံနာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

    အစ္စကန်ဒါ ရိုနီဆိုသဖြစ်ပြီး ချန်ဂီလေဆိပ်ကို ရောက်တဲ့အချိန် စင်ကာပူဒေါ်လာ ၅၀ တန် Adidas တီရှပ်အင်္ကျီတစ်ထည် ၀ယ်ယူကာ Be a Changi Millionaire ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။ ဒီဝယ်ယူမှုဟာ အစီအစဉ်မှာ ပါဝင်ချင်တဲ့သူတစ်ယောက် အနိုမ့်ဆုံး ၀ယ်ယူရမယ့် ပမာဏဖြစ်ပြီး ဇကာတင် ၈ ဦးမှာ ရိုနီဟာ ၀ယ်ယူမှုအနည်းဆုံးသူလည်း ဖြစ်ပါတယ်။

    နောက်ဆုံးအဆင့်မှာ ရိုနီဟာ အိန္ဒိယက အန်နီမက်ရှ် ဆင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရခဲ့တာပါ။

    “စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ယုံတောင် မယုံနိုင်ပါဘူး။ ဒါပေမယ့် အတိုင်းမသိ ၀မ်းသာပျော်ရွှင်မိပါတယ်။ စင်ကာပူဒေါ်လာတစ်သန်းက ဘယ်လောက်များမလဲဆိုတာ ကျွန်တော် မတွေးတတ်အောင်ပါပဲ။ တော်တော်များများမယ်ထင်တယ်” လို့ ရိုနီက ပြောကြားခဲ့ပါတယ်။

    ချန်ဂီလေဆိပ်လုပ်ငန်းအုပ်စု (CAG) က ပြုလုပ်တဲ့ ဒီ Be a Changi Millionaire ကံစမ်းမဲအစီအစဉ်ဟာ ရောင်းအားမြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ၂၀၁၆ ခုနှစ် ကံစမ်းမဲကာလကတော့ မေလ ၄ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်။

    ရိုနီဟာ ၂၀၁၆ အောက်တိုဘာလအတွင်း ပထမဆုံး စင်ကာပူကိုလာရောက်စဉ် ဒီကံစမ်းမဲအစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီငွေတစ်သန်းနဲ့ ဘာလုပ်မလဲလို့ မေးတဲ့အခါမှာတော့ ရိုနီက “ကျွန်တော့် တစ်မိသားစုလုံးကို ပထမဆုံး အွမ္မရာဟ်ဘုရားဖူးခေါ်သွားမယ်။ ဒီငွေတွေနဲ့ ဘာလုပ်ရမလဲဆိုတာ ကျွန်တော် စဉ်းတောင် မစဉ်စားရသေးပါဘူး။ ဒါပေမယ့် မိသားစုအတွက် ကားလေးတစ်စီးလောက် ၀ယ်ဖို့လည်း မျှော်မှန်းထားပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ၂၀၁၆ Be a Changi Millionaire အစီအစဉ်မှာ လူပေါင်း ၁.၂ သန်းလောက် ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက် အစီအစဉ်ကိုတော့ မေလမှာ စတင်မှာ ဖြစ်ပါတယ်။

    Ref: Channelnewsasia

  • အိန္ဒိယမှ ၁၄ နှစ်အရွယ် ကျောင်းသားလေး မိုင်းရှင်းဒရုန်းကို တီထွင်နိုင်ခဲ့

    အိန္ဒိယမှ ၁၄ နှစ်အရွယ် ကျောင်းသားလေး မိုင်းရှင်းဒရုန်းကို တီထွင်နိုင်ခဲ့

    ဇန်န၀ါရီ ၁၆၊ ၂၀၁၇
    M-Media

    ၎င်းတီတွင်ထားသည့် မိုင်းရှင်းဒရုန်းကို သရုပ်ပြနေသည့် ဟာရှ်ဝါဒန် ဇာလာ

    – အိန္ဒိယမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး ဒရုန်းတစ်ခုကို တီထွင်ခဲ့ပြီးနောက် အစိုးရက စီးပွားဖြစ်ထုတ်လုပ်ရန်အတွက် ၎င်းနှင့် စာချုပ်ချုပ်ခဲ့သည်ဟု သိရသည်။

    နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှ ဟာရှ်ဝါဒန် ဇာလာ အမည်ရှိ ၁၀ တန်းကျောင်းသားဖြစ်ပြီး မြေမြှုပ်မိုင်းများကြောင့် စစ်သားများ ထိခိုက်ဒဏ်ရာရမှု မြင့်မားနေသည့်သတင်းကို ကြားခဲ့ရပြီးနောက် အဆိုပါဒရုန်းကို တီထွင်ရန် စိတ်ကူးရခဲ့ခြင်းဟု ဖွင့်ဟခဲ့သည်။

    လက်ရှိတွင် ၎င်းမှာ နမူနာတစ်ခုကို ထုတ်လုပ်ထားပြီး ဇန်န၀ါရီ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည့် စီးပွားရေးအခွင့်အလမ်းများပြပွဲ Vibrant Gujarat တွင် အဆိုပါဒရုန်းကို စီးပွားဖြစ် ထုတ်လုပ်ရန်အတွက် အစိုးရ၏ ဂူဂျာရတ် သိပ္ပံနှင့် နည်းပညာဌာနနှင့် ရူပီး ၅ ကုဋေတန် သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

    ဇာလာမှာ အဆိုပါ မြေမြှုပ်မိုင်းရှင်း ဒရုန်းကို ၂၀၁၆ ခုနှစ်က တီထွင်ခဲ့ခြင်းဖြစ်ပြီး ရူပီး ၅ သိန်း (ကန်ဒေါ်လာ ၇၃၀၀) ကျသင့်ခဲ့ကာ အစိုးရကလည်း တစ်စိတ်တစ်ပိုင်း အကုန်အကျခံခဲ့သည်။

    ဒရုန်းတွင် အနီအောက်ရောင်ခြည်၊ RGB ဆင်ဆာ၊ အပူချိန်တိုင်းမီတာ၊ ၂၁ မီဂါပစ်ဆဲလ် ကင်မရာတို့ ပါဝင်သည်။

    “အဲဒီဒရုန်းဟာ မြေမြှုပ်မိုင်းတွေကို ဖျက်ဆီးနိုင်ပြီး အလေးချိန် ၅၀ ဂရမ်ရှိတဲ့ ဗုံးတစ်လုံးကို သယ်ဆောင်နိုင်ပါတယ်” ဟု ဇာလာက ပြောကြားခဲ့သည်။

    ယခင်က မိုင်းရှင်းစက်ရုပ်ကို တီထွင်ခဲ့သော်လည်း အလွန်လေးပြီး မိုင်းဖြင့် ပေါက်ကွဲပျက်ဆီးနိုင်သောကြောင့် ဒရုန်းကို ပြောင်းလဲတီထွင်ခဲ့ခြင်းကြောင်း၊ မိမိ၏ အဆိုပါဒရုန်းမှာ လက်ရှိ စစ်တပ်တွင် သုံးစွဲနေသည့် ဒရုန်းများထက် ဈေးပိုပေါမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    ၎င်းမှာ လက်ရှိတွင် Aerobatics 7 ဟုခေါ်သည့် ကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ထားသည်။ ဇာလာ၏ ဖခင်မှာ စာရင်းစစ်တစ်ဦးဖြစ်ပြီး၊ မိခင်မှာ အိမ်ထောင်ရှင်မဖြစ်သည်ဟု အိန္ဒိယ မီဒီယာများက ဖော်ပြကြသည်။

    Ref: RT

  • နှစ်နိုင်ငံတည်ရှိရေးသာလျှင် ပါလက်စတိုင်း-အစ္စရေးပြဿနာအတွက် အဖြေဟု ပြင်သစ်သမ္မတပြော

    နှစ်နိုင်ငံတည်ရှိရေးသာလျှင် ပါလက်စတိုင်း-အစ္စရေးပြဿနာအတွက် အဖြေဟု ပြင်သစ်သမ္မတပြော

    ဇန်န၀ါရီ ၁၆၊ ၂၀၁၇
    M-Media

    – အစ္စရေး-ပါလက်စတိုင်း ပြဿနာတွင် နှစ်နိုင်ငံတည်ရှိရေးအဖြေသည်သာလျှင် အရှေ့အလယ်ပိုင်းတွင် ရေရှည်ခံမည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရရှိရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ပြင်သစ်သမ္မတ ဖရန်ကိုအစ် အော်လွန်းက ပြောကြားလိုက်သည်။

    ပါလက်စတိုင်းပြဿနာဖြေရှင်းရေးအတွက် ယမန်နေ့က မြို့တော်ပဲရစ်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာအဆင့် အစည်းအဝေးတွင် အော်လွန်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၇၀ ကျော်မှ အစိုးရတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး အစ္စရေး-ပါလက်စတိုင်းပြဿနာ စားပွဲဝိုင်းပေါ်ပြန်ရောက်ရေး ဆွေးနွေးခဲ့ကြသည်။

    “ဒေသတွင်းက သက်တမ်းအရှည်ကြားဆုံးဖြစ်နေတဲ့ ပြဿနာတစ်ခုအတွက် ကျွန်တော်တို့ အဖြေမရှာနိုင်ဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ဖို့ ကျွန်တော်တို့ ဘယ်လို မျှော်လင့်နိုင်တော့မှာလဲ” ဟု ပြင်သစ်သမ္မတက ပြောကြားခဲ့သည်။

    ယခုထိပ်သီးအစည်းအဝေးမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြီးခဲ့သည့် ၈ လအတွင်း ပြင်သစ်က ဦးဆောင်ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုလည်းဖြစ်သည်။ အဆိုပါအစည်းအဝေးကို အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုနှင့် ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်တို့ တက်ရောက်ခြင်းမရှိပေ။

    တစ်ရက်တာကြာမြင့်သည့် အဆိုပါအစည်းအဝေးတွင် စီးပွားရေးဆိုင်ရာ ကိစ္စများ၊ အနာဂတ် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးမှု လုပ်ငန်းစဉ်များအကြောင်း ဆွေနွေးခဲ့ကြသည်။

    ပြင်သစ်မှာ ပါလက်စတိုင်းအား အဓိကထောက်ခံအားပေးသူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း အကူအညီ ကန်ဒေါ်လာ ၄၃ သန်းဖိုး ပေးအပ်ခဲ့သည်။

    ပြင်သစ်သမ္မတ အော်လွန်းကမူ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါလက်စတိုင်းနှင့် အစ္စရေးတို့မှ အဖွဲ့ပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ပြီး ရလဒ်ကောင်းများကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မူဆိုးလ်တက္ကသိုလ် အစိတ်အပိုင်းတစ်ချို့အား အီရတ်စစ်တပ် သိမ်းပိုက်နိုင်

    မူဆိုးလ်တက္ကသိုလ် အစိတ်အပိုင်းတစ်ချို့အား အီရတ်စစ်တပ် သိမ်းပိုက်နိုင်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    – IS အကြမ်းဖက်အဖွဲ့လက်မှ မူးဆိုးလ်မြို့ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည့် အီရတ်စစ်တပ်မှာ မူဆိုးလ်တက္ကသိုလ်၏ အစိတ်အပိုင်းတစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု အီရတ်စစ်တပ်က ပြောကြားလိုက်သည်။

    အဆိုပါတက္ကသိုလ်ကို IS က အခြေစိုက်စခန်းအဖြစ် အသုံးပြုထားခြင်းဖြစ်ပြီး ယမန်နေ့ မနက်ပိုင်းမှစတင်ကာ ညပိုင်းအထိ ပြုလုပ်ခဲ့သည့် အီရတ်စစ်တပ်၏ ထိုးစစ်အတွင်း အဆောက်အဦးများအပါအ၀င် တက္ကသိုလ်၏ ၃ ပုံ ၁ ပုံကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    စစ်တပ်တာဝန်ရှိသူများကမူ ၎င်းတို့ ထိုးစစ်ဆင်ရာနေရာတွင် အရပ်သားများ နည်းပါးသောကြောင့် လေကြောင်းမှ လွတ်လွတ်လပ်လပ် ပစ်ကူပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    အီရတ်စစ်တပ်မှာ IS ၏ နောက်ဆုံးခံတပ်ဖြစ်သော မူဆိုးလ်ကို အောက်တိုဘာလကတည်းက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး မြို့၏ အစိတ်အပိုင်း အများအပြားကို သိမ်းယူထားနိုင်ကာ IS ၏ ပြင်းပြင်းထန်ထန် ခုခံမှုနှင့်လည်း ကြုံတွေ့နေရသည်။

    Ref : Aljazeera

  • ရိုဟင်ဂျာပြဿနာက IS အတွက် ရေခံမြေခံကောင်းဟု မလေး ကာကွယ်ရေးဝန်ကြီး သတိပေး

    ရိုဟင်ဂျာပြဿနာက IS အတွက် ရေခံမြေခံကောင်းဟု မလေး ကာကွယ်ရေးဝန်ကြီး သတိပေး

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမွဒ်ဒင် ဟူစိန်

    – ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှင်းပမ်းမှုများက IS အကြမ်းဖက်သမားအတွက် လူသစ်စုဆောင်းရာ ရေခံမြေခံကောင်းဖြစ်နေသည်ဟု မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမွဒ်ဒင် ဟူစိန်က သတိပေးပြောကြားလိုက်သည်။

    “အစွန်းရောက်အောင်တွန်းပို့နေရင် သူတို့အနေနဲ့ IS လိုအဖွဲ့မျိုးနဲ့ သွားပေါင်းဖို့ကလွဲလို့ သူတို့မှာ တစ်ခြားရွေးချယ်စရာမရှိမှာကို ကျွန်တော် စိုးရိမ်ပါတယ်” ဟု ၀န်ကြီးက ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မီလာဒွန် ရစူလ် အခမ်းအနားအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အနောက်နိုင်ငံများက အကြမ်းဖက်ဝါဒကို အမြတ်ဖြုတ်နေသည့် ယခုအချိန်တွင် စစ်သွေးကြွးများက အီရတ်နှင့် ဆီးရီးယားအပြင်ဖက်တွင် ခြေကုပ်ယူရန် လိုအပ်ကောင်း လိုအပ်လိမ့်မည်ဟုလည်း ဆိုသည်။

    “ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင်တောင်းပိုင်းမှာ မဟုတ်ဘူးဆိုရင် ရခိုင်က ရိုဟင်ဂျာဒေသမှာ ဖြစ်မှာပါ”

    ရိုဟင်ဂျာကိစ္စကို ချက်ခြင်းဖြေရှင်းရန်လည်း ဟီရှာမွဒ်ဒင်က တောင်းဆိုခဲ့သည်။

    “ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်ကတော့ သိပ်ရှင်းပါတယ်။ ဒီပြဿနာကို ဆွေးနွေးဖို့အတွက် အိုအိုင်စီအဖွဲ့နဲ့ အစည်းဝေးလုပ်ဖို့ ကက်ဘိနတ်ရဲ့ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုကို ၀န်ကြီးချုပ်က ရရှိထားပါတယ်”

    Ref : Free Malaysia Today