News @ M-Media

Author: Ko Lay

  • စပိန်တွင် အခွန်ရှောင်မှုစွဲချက်ကို ဆန်းချက်ဇ် ၀န်ခံ

    စပိန်တွင် အခွန်ရှောင်မှုစွဲချက်ကို ဆန်းချက်ဇ် ၀န်ခံ

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာကစားသမားအဖြစ် စပိန်တွင် ရှိနေစဉ်အတွင်း ယူရို တစ်သန်းနီးပါး အခွန်ရှောင်ခဲ့သည်ဆိုသော စွဲချက်အတွက် အာဆင်နယ်တိုက်စစ်မှူး အလက်ဇစ်ဆန်းချက်က ယမန်နေ့ ဘာစီလိုနာတရားရုံးတွင် ၀န်ခံခဲ့သည်ဟု သိရသည်။

    ၂၀၁၂ ခုနှစ် ၂၀၁၃ ခုနှစ်များတွင် အခွန်ရှောင်ခဲ့မှုအတွက် ကြားနာမှုအတွင်း ဗီဒီယိုမှတစ်ဆင့် ၀န်ခံခဲ့ခြင်ဖြစ်ပြီး စပိန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်နှစ်ခုကိုလည်း လက်ခံခဲ့သည်ဟု Europa Press က ဖော်ပြခဲ့သည်။

    သို့သော်လည်း ဆန်းချက်မှာ အဆိုပါ အခွန်ရှောင်ထားမှုအတွက် ကျသင့်ပမာဏကို ပြန်လည်ပေးချေခဲ့သောကြောင့် တရားစွဲဆိုခံရမှုမှ ကင်းလွတ်ဖွယ် ရှိနေသည်။ ဆန်းချက်ဇ်၏ ရှေ့နေအဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှာ အခွန်ဆောင်ရန် နှောင့်နှေးကြန့်ကြာမှုအတွက် ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ်ကိစ္စတို့ကို ဆွေးနွေးရမည်ဖြစ်သည်။

    ထိုအမှုအတွက် ထောင်ဒဏ်မှာ ကာလအနည်းငယ်သာဖြစ်ပြီး ဆိုင်းငံ့ထောင်ဒဏ်လည်း ဖြစ်နိုင်သည်။

    Tax Agency က ရုံးတော်သို့ လျှောက်ထားမှုတွင် အသက် ၂၈ နှစ်အရွယ် ဆန်းချက်ဇ်မှာ မောလ်တာအခြေစိုက် ကုမ္ပဏီတစ်ခု၏ ပုံရိပ်အသုံးပြုမှုနှင့်ပတ်သက်၍ အခွန်ရှောင်ခဲ့သည်ဟု ဖော်ပြထားသည်။

    Ref: Sport-english

  • မြင့်မြတ်ရာနေရာများတွင် မသန်စွမ်းသူများ လွယ်ကူစေရေး ဆော်ဒီအစိုးရ စီစဉ်နေ

    မြင့်မြတ်ရာနေရာများတွင် မသန်စွမ်းသူများ လွယ်ကူစေရေး ဆော်ဒီအစိုးရ စီစဉ်နေ

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    – မက္ကာဟ်၊ မဒီနာအပါအ၀င် နိုင်ငံအတွင်း မြင့်မြတ်ရာနေရာများတွင် မသန်စွမ်းသူများ အဆင်ပြေပြေဖြင့် သာသနာ့တာဝန်များ ဆောင်ရွက်နိုင်ရေး စီစဉ်ပေးရန် ဆော်ဒီအစိုးရက ညွှန်ကြားချက်များ ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ဆော်ဒီဒုတိယ၀န်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ဟဂ်ျကော်မတီအဖွဲ့ချုပ် ဥက္ကဌ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် နာအစ်ဖ်က ထုတ်ပြန်သော အဆိုပါညွှန်ကြားချက်တွင် ဟဂ်ျနှင့် အွမ္မရာဟ် ၀န်ကြီးဌာနက ပေးပို့ခဲ့သည့် အကြံပြုချက်များကို ဟဂ်ျဗဟိုကော်မတီအနေဖြင့် လေ့လာသုံးသပ် ဆောင်ရွက်ပေးရန် ဖော်ပြထားသည်။

    အကြံပြုချက်များတွင် မြင့်မြတ်သော မြို့နှစ်မြို့နှင့် အခြား မြင့်မြတ်ရာနေရာများတွင် မသန်စွမ်းသူမျာ အဆင်ပြေလွယ်ကူ ချောမွေ့စေရန်အတွက် အသုံးအဆောင်များ ထားရှိပေးခြင်း၊ အဆောက်အဦးများ၊ ဟိုတယ်များ ဆောက်လုပ်ပေးခြင်းတို့ ပါဝင်သည်။

    ပထမအဆင့်တွင် မသန်စွမ်းသူများ ချောမွေ့စွာ သွားလာနိုင်ရေး ၀န်ဆောင်မှုများ စီစဉ်ပေးရန်နှင့် နောက်ပိုင်းအဆင့်များတွင် လမ်းမများ၊ ရထားဘူတာများနှင့် Jamarat တံတားတို့ အပါအ၀င် မသန်စွမ်းသူများ အသုံးပြုနိုင်ရန် အခြေခံအဆောက်အဦးများ အဆင့်မြှင့်တင်ပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။

    တ၀ါးဖ်လှည့်သည့် နေရာများတွင် မသန်စွမ်းသူများအတွက် သီးသန့်နေရာများ၊ မြင့်မြတ်ရာနယ်မြေတွင်း နားနေဆောင်များတွင် သီးသန့်နားနေခန်းများ၊ မသန်စွမ်းသူများအတွက် လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မှုလည်း စီမံကိန်းတွင် ပါဝင်မည်ဖြစ်သည်။

    နောက်ပိုင်းတွင် မသန်စွမ်းသူများအတွက် ဘတ်စ်ကားသီးသန့်လည်း စီစဉ်ပေးသွားရန် ရှိနေပြီး တာဝန်ရှိသူများအနေဖြင့် ဟဂ်ျနှင့် အွမ္မရာဟ်ရာသီများတွင် မသန်စွမ်းခရီးသည်များ၏ အရေအတွက်ကို ၀န်ကြီးဌာနသို့ အတိအကျ တင်ပြရမည်ဖြစ်သည်။

    မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်နှစ်လုံးအား စောင့်ရှောက်မှုဆိုင်ရာ အကြံပေးဖြစ်ပြီး ဗဟိုဟဂ်ျကော်မတီ၏ ဥက္ကဌလည်းဖြစ်သူ မက္ကာဟ်အုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုက်ဆယ်ထံသို့ ပေးပို့ခဲ့သည့် ၀န်ကြီးဌာန၏ အကြံပြုချက်များတွင် ဟဂ်ျကာလအတွင်း အသုံးပြုမည့် ဟိုတယ်များ၊ အဆောက်အဦးများတွင် မသန်စွမ်းသူများအတွက် သီးသန့်နေရာများ စီစဉ်ပေးထားရမည်ဟုလည်း ဖော်ပြထားသည်။

    Ref : Alarabiya

  • လူ ၈ ဦး၏ ကြွယ်ဝမှုက ကမ္ဘာ့လူဦးရေထက်ဝက်ကျော်၏ ပိုင်ဆိုင်မှုလောက် ရှိနေ

    လူ ၈ ဦး၏ ကြွယ်ဝမှုက ကမ္ဘာ့လူဦးရေထက်ဝက်ကျော်၏ ပိုင်ဆိုင်မှုလောက် ရှိနေ

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    – ကမ္ဘာပေါ်က အချမ်းသာဆုံး လူ ၈ ဦး ပိုင်ဆိုင်တဲ့ ပမာဏဟာ ကမ္ဘာ့လူဦးရေ ထက်ဝက်ရဲ့ ပိုင်ဆိုင်မှုနဲ့ ညီမျှနေတယ်လို့ ကမ္ဘာ့ ဆင်းရဲချမ်းသာ ကွာဟမှုကို စောင့်ကြည့်လေ့လာနေတဲ့ Oxfam အဖွဲ့က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကမ္ဘာ့ နိုင်ငံရေးနဲ့ စီးပွားရေး ထိပ်သီးပုဂ္ဂိုလ်တွေရဲ့ အစည်းအဝေး မပြုလုပ်ခင် ထုတ်ပြန်လိုက်တာဖြစ်ပြီး ထားစရာမရှိတဲ့သူနဲ့ စားစရာမရှိတဲ့သူတွေအကြား ကွာဟမှုဟာ လွန်ခဲ့တဲ့ တစ်နှစ်ကထက် ပိုပြီး ကြီးမားနေတယ်လို့လည်း ဆိုပါတယ်။

    နောက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဒီပြဿနာအတွက် အပြောထက် အလုပ်ပိုလုပ်ဖို့၊ ဒါမျိုးမလုပ်ဘူးဆိုရင် ဒီလိုမညီမျှမှုအတွက် ပြည်သူလူထုရဲ့ ဒေါသတွေဟာ မြင့်တက်လာပြီး အမေရိကန်မှာ ထရမ့်အနိုင်ရသလိုမျိုး၊ ဥရောပကနေ ဗြိတိန် ခွဲထွက်တာလိုမျိုးလို နိုင်ငံရေးအလှည်အပြောင်းတွေကို ပိုမြင်လာရနိုင်တယ်လို့လည်း Oxfam က သတိပေးခဲ့ပါတယ်။

    ကမ္ဘာ့လူဦးရေထက်ဝက်ကျော်က ပိုင်ဆိုင်ထားသည့် ပမာဏလောက် ကြွယ်ဝနေသည့် သူကြွယ် ၈ ဦး

    ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဒီအချက်အလက်မှာ လူ ၆၂ ဦးရဲ့ ပိုင်ဆိုင်မှုဟာ ကမ္ဘာ့လူထက်ဝက်ရဲ့ ပိုင်ဆိုင်မှုနဲ့ ညီမျှနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပေမယ့် ဆွစ်ဇာလန်ဘဏ်တစ်ခုဖြစ်တဲ့ Credit Suisse က အချက်အလက်ကို အခြေခံကာ ပြန်လည်တွက်ချက်ပြီးတဲ့နောက် ဒီလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    လူ သန်းပေါင်း ၃၆၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုလောက်ကို ရှိနေတဲ့ သူဌေး ၈ ဦးစာရင်းရဲ့ ထိပ်ဆုံးမှာ မိုက်ခရိုဆော့ဖ် တည်ထောင်ဒူ ဘီလ်ဂိတ် ရှိနေပြီး၊ Facebook တည်ထောင်သူ ဇူကာဘတ်၊ အမေဇုန်တည်ထောင်သူ ဂျက်ဖ် ဘီဇွတ်စ်တို့လည်း ပါဝင်ပါတယ်။ ဘီလ်ဂိတ်ကတော့ ဒေါ်လာ သန်းထောင်ပေါင်း ၇၅၀၀ နဲ့ အကြွယ်ဝဆုံးဖြစ်နေပါတယ်။

    Ref: Aljazeera

  • အစ္စတန်ဘူလ်နိုက်ကလပ်ကို တိုက်ခိုက်သူအား တူရကီဖမ်းဆီး

    အစ္စတန်ဘူလ်နိုက်ကလပ်ကို တိုက်ခိုက်သူအား တူရကီဖမ်းဆီး

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    – နှစ်သစ်ကူးညက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တွင် ၀င်ရောက်ပစ်ခတ်ခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဟူ တူရကီမီဒီယာများက ဖော်ပြခဲ့သည်။

    အဘ်ဒူလ် ဂါဒီရ် မာရှာရီပေါ့ဗ်ဟုခေါ်ဆိုသည့် အဆိုပါသံသယရှိသူကို ယမန်နေ့ညနှောင်းပိုင်းက အစ္စတန်ဘူလ် အက်ဆန်ယာ့တ် ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ကာဇက်အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကိုလည်း ထိန်းသိမ်းခဲ့သည်။

    လူ ၃၉ ဦးသေဆုံးခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွက် IS အကြမ်းဖက်အဖွဲ့က တာဝန်ယူခဲ့ပြီး ဆီးရီးယားတွင် တူရကီက ၀င်ရောက်တိုက်ခိုက်နေမှုကို လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယခင်ကလည်း လူအများအပြားကို ဖမ်းဆီးခဲ့သည်။ မာရှာရီပေါ့ဗ်မှာ ဥဇဘက်နိုင်ငံသားတစ်ယောက်ဖြစ်သည်ဟု သိရပြီး ၎င်း၏ ဇနီးမှာလည်း ဖမ်းဆီးခံထားရသည်။ တိုက်ခိုက်မှုအတွင်း ၆၉ ဦးဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera

  • တရုတ်နိုင်ငံတွင် နှစ် ၆၀၀ သက်တမ်းရှိ ဗုဒ္ဓဆင်းတုတော်တစ်ဆူ တွေ့ရှိ

    တရုတ်နိုင်ငံတွင် နှစ် ၆၀၀ သက်တမ်းရှိ ဗုဒ္ဓဆင်းတုတော်တစ်ဆူ တွေ့ရှိ

    ဇန်န၀ါရီ ၁၆၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံတောင်ပိုင်း ရှန်းကျီ ပြည်နယ်ရှိ ရေလှောင်တမံတစ်ခုတွင် နှစ်ပေါင်း ၆၀၀ သက်တမ်းရှိ ကျောက်ထွင်း ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    အဆိုပါ ရေလှောင်ကန်အား ပြုပြင်ထိန်းသိန်းမှုများ ပြုလုပ်ရန်အတွက် ရေများ ၁၀ မီတာကျော်အထိ ကျသွားသည့်အချိန်တွင် ဒေသခံရွာသားတစ်ဦးက ရုပ်ပွားတော်၏ ဦးခေါင်းတော် ထိပ်ပိုင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

    ဉာဏ်တော် ၁၂.၅ ပေရှိသည့် အဆိုပါရုပ်ပွားတော်မှာ ချောက်ကမ်းပါးတစ်ခုတွင် ထွင်းထုထားခြင်းဖြစ်သည်။ ထိုကဲ့သို့ တွေ့ရှိမှုကို ကံကောင်းခြင်းနိမိတ်ဟု ယူဆကာ ဒေသတွင်းနှင့် ကမ္ဘာလှည့်ခရီးသွားများ တစ်ဖွဲဖွဲ လာရောက်ကြည့်ရှုနေကြသည်။

    ရှေးဟောင်းသုတေသနပညာရှင်များကမူ အဆိုပါ ရုပ်ပွားတော်မှာ မင်မင်းဆက် (၁၃၆၈-၁၆၄၄) ခန့်က ဖြစ်မည်ဟု ပြောကြားခဲ့ကြသည်။

    “ရုပ်ပွားတော်ကို ကနဦးလေ့လာမှုတွေအရ ဒါဟာ မင်မင်းဆက်အစောပိုင်းကာလတွေမှာ ထွင်းထုပူဇော်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီထက်စောပြီး ယန်မင်းဆက်လက်ထက်ကလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ရှန်းကျီပြည်နယ် ရှေးဟောင်းသုတေသနဆိုင်ရာအသင်းမှ ဒါရိုက်တာဖြစ်သူ ဇူချန်ကင်းက ပြောကြားခဲ့သည်။

    ထိုရုပ်ပွားတော်မှာ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခု၏ အစလည်း ဖြစ်ဖွယ်ရှိနေသည်။ ရေလှောင်ကန်၏ အောက်တွင်မူ ဘုရားကျောင်းခန်း၏ အခြေကိုလည်း တွေ့ရှိခဲ့သည်။ ဒေသခံမျာကမူ အဆိုပါ ရေလှောင်ကန်မှာ ရှေးဟောင်း ရှာရှီမြို့ပျက်တွင် တည်ရှိနေခြင်း ဖြစ်မည်ဟု ပြောကြားခဲ့သည်။

    ဇူချန်ကင်းကမူ လက်ရှိတွင် ရေအောက် ရှေဟောင်းသမိုင်းအဖွဲ့က အဆိုပါ မြို့ပျက်နှင့် ဆင်းတုတော်တို့အား ဆန်းစစ်မှုများနှင့် ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်များကို ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဆင်းတုတော် ထိုကဲ့သို့ ရေအောက်မြုပ်နေခြင်းကပင် ရုပ်ပွားတော်အား ပုံစံမပျက် ရှိစေခဲ့သည်ဟုလည်း ဆိုသည်။

    “ဆင်းတုတော်က ရေအောက်မှာ ရောက်မနေဘူးဆိုရင်၊ ရာသီဥတုဒဏ်၊ ဓာတ်တိုးမှုဒဏ်နဲ့ အခြားအန္တရာယ်တွေကို ခံစားရမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”

    တရုတ်နိုင်ငံမှာ ကျောက်တောင်များတွင် ထုဆစ်ပူဇော်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ဂူထွင်းအနုပညာလက်များကြောင့် ထင်ရှားပြီး Leshan Giant Buddha ရုပ်ပွားတော်မှာ ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်လည်း ဖြစ်သည်။

    Ref: CNN