News @ M-Media

Author: Ko Lay

  • အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၅)

    အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၅)

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    ကျွန်မရဲ့ဆံနွယ်ဟာ ကျွန်မရဲ့အဓိကအစိတ်အပိုင်းပါ

    5
    ဟိဂျာ့ဗ်ကို ဖယ်ခွာလိုက်ဖို့ အချိန်ကာလကို ပြန်ပြောင်းပြောဆိုနေတဲ့ ရီဟမ်းအလ်ကောင်စာ

    – ရီဟမ်းအလ်ကောင်စာကတော့ ဆီးရီးယားအကြောင်းနဲ့ ဥရောပကဒုက္ခသည်များအကြောင်းရေးသားနေတဲ့ ဆီးရီးယား-ပါလက်စတိုင်းလူမျိုး ဂျာနယ်လစ်တစ်ဦးပါ။ သူမက ဒီလိုပြောကြားပါတယ်။

    ကျွန်မရဲ့ဟိဂျာ့ဗ်ကို ချွတ်လိုက်ဖို့ ၂ နှစ်ကျော်ကြာအောင် အချိန်ယူဆုံးဖြတ်ခဲ့ရတယ်။ ကျွန်မ ဆီးရီးယားကနေ ပထမဆုံးထွက်ခွာလာတဲ့ ဘာလင်ခရီးစဉ် လေယာဉ်ပေါ်မှာပေါ့။ အာရှနွယ်သက်ကြီးလင်မယားဘေးမှာ ကျွန်မ ထိုင်နေတယ်။ သူတို့ အိပ်မောကျနေခဲ့တယ်။ ဖရင့်ဖတ်နိုင်ငံတကာလေဆိပ်မှာ ခရီးတစ်ထောက်နားစဉ် ကျွန်မ ဟိဂျာ့ဗ်ကို ချွတ်လိုက်ပါတယ်။ သူတို့ကတော့ ဒါကို သတိထားမိပုံတောင် မပေါ်ပါဘူး။

    ဥရောပရောက်တဲ့အထိ ကျွန်မက စောင့်နေရဦးမှာလား။ ဖခင်အနေနဲ့စိတ်မကောင်းဖြစ်သွားမှာစိုးလို့ ဆီးရီးယားမှာ ဟိဂျာ့ဗ်ကို ချွတ်လိုက်ဖို့ ကျွန်မ သတ္တိ မရှိခဲ့ဘူး။ ကျွန်မရဲ့ဆန္ဒကိုပြောတော့ ဖခင်က ဒီလိုပြောပါတယ်။ သမီး ဒီနိုင်ငံက ခွာတဲ့အခါမှာ တစ်ပါးသူတွေရဲ့အတင်းအဖျင်းစကားတွေကနေ ကင်းရှင်းအောင်နေနိုင်တယ်ဆိုရင် လုပ်လိုက်ပါတဲ့။

    ကျွန်မရဲ့ဖခင်က မိခင်လောက် ဘာသာရေးကိုင်းရှိုင်းမှု မရှိပါဘူး။ ဒါပေမယ့် လူထုအမြင်ပိုင်းဆိုင်ရာတွေမှာ တော်တော်နှံ့စပ်ပါတယ်။

    ဒီလိုဆုံးဖြတ်ဖို့ အကြောက်ကြီးကြောက်နေခဲ့တာကို ကျွန်မ ကောင်းကောင်းမှတ်မိနေပါတယ်။ ဒါဟာ ကျွန်မဘ၀ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်ခုလို့ ကျွန်မ ထင်မြင်ခဲ့မိတယ်။ ဒါပေမယ့် မဟုတ်ခဲ့ပါဘူး။

    ကျွန်မ ဒါကို ဖယ်ရှားချင်တာက ပိုပြီး သဘာဝဆန်ချင်လို့လေ။ ဦးခေါင်းခြုံထားပြီး မျက်နှာမှာ မိတ်ကပ်အဖွေးသားနဲ့ ကောလိပ်သွားတက်မယ့် ကျွန်မဟာ အိပ်ရာထသွားတိုက်နေတဲ့ မှန်ထဲက ကျွန်မပုံနဲ့ လုံးဝကွဲပြားနေတာမျိုး ကျွန်မ မနှစ်သက်ပါဘူး။ ကျွန်မဟာ ကျွန်မသိတဲ့ ရီဟမ်းဆိုတဲ့ ကျွန်မပင်ကိုယ်ပုံစံအတိုင်းပဲ တတ်နိုင်သမျှ ဖြစ်နေချင်ပါတယ်။

    ပထမရက်ပိုင်းတွေမှာ စိတ်ရှုပ်ထွေးနောက်ကျိနေခဲ့တယ်။ ရှေ့ဆက်ရမှာကိုလည်း ပူပန်စိုးရိမ်နေခဲ့တယ်။ ၁၀ နှစ်ကျော် ဖုံးကာထားခဲ့ပြီးနောက် ကျွန်မရဲ့ဆံပင်ကို ဘယ်လို ကရုစိုက်ရမယ်ဆိုတာ ကျွန်မ တကယ်ကို မသိခဲ့ဘူး။ ရုတ်တရက်ဆိုတော့ ကြောင်စီစီ ဖြစ်နေသလိုပါပဲ။ လပေါင်းများစွာလွန်မြောက်ပြီးတဲ့အခါမှာ ကျွန်မ နေသားကျသွားခဲ့ပါတယ်။

    ခုဆိုရင် ကျွန်မရဲ့ဆံနွယ်က ကျွန်မရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။ ရှုပ်ပွနေသည်ဖြစ်စေ သန်စွမ်းနေသည်ဖြစ်စေ အဲ့ဒါက ကျွန်မရဲ့စရိုက်လက္ခဏာကို ထင်ဟပ်နေစေပါတယ်။ ဒါကို နောင်တရမနေပါဘူး။ တစ်နေ့နေ့ ကျွန်မ ဟိဂျာ့ဗ် ပြန်ဆောင်းပါဦးမလားလို့ မေးရင် ပြန်ဝတ်ကောင်းဝတ်ပါလိမ့်မယ်၊ ဒါပေမယ့် အဲ့ဒီလိုအမြင်မျိုး ယခုချိန်မှာ မရှိသေးပါဘူးလို့ ပြောချင်ပါတယ်။

    (မူရင်း – What the hijab means to me : From Nigeria to Uruguay, women share their thoughts and feelings about the hijab. Al Jazeera)

    ပြန်ဆိုသူ – သြရသ ရေချမ်း

    ဖော်ပြခဲ့ပြီးသော အပိုင်းများ

    အပိုင်း(၁)

    အပိုင်း(၂)

    အပိုင်း(၃)

    အပိုင်း(၄)

     

  • ဂျာနယ်လစ်များ နှိပ်ကွပ်ခံရမှု နှစ် ၃၀ အတွင်း အမြင့်ဆုံးရောက်

    ဂျာနယ်လစ်များ နှိပ်ကွပ်ခံရမှု နှစ် ၃၀ အတွင်း အမြင့်ဆုံးရောက်

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    jouranl

    – ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အစိုးရများ၏ ဖမ်းဆီးအကျဉ်းချခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၂၅၉ ဦး ရှိခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးဖြစ်သည်ဟု ဂျာနယ်လစ် ကာကွယ်ရေးကော်မတီ (CPJ) က ပြောကြားလိုက်သည်။

    CPJ မှာ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေသည့် အကျိုးအမြတ်မယူသော အဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ဖမ်းဆီးအကျဉ်းကျခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၁၉၉ ဦး ရှိသော်လည်း ယခုနှစ်အရေအတွက်မှာ ၎င်းတို့ စတင် စစ်တမ်းကောက်ယူခဲ့သည့် ၁၉၉၀ နောက်ပိုင်း အမြင့်ဆုံးပမာဏဟု ဆိုသည်။

    ယခု အရေအတွက်တွင် ပျောက်ဆုံးသွားသူများ၊ သို့မဟုတ် အစိုးရမဟုတ်သည့် အဖွဲ့များမှ ဖမ်းဆီးထားသူများ မပါဝင်ပေ။

    ဂျာနယ်လစ်များကို ဖမ်းဆီးအကျဉ်းချမှုတွင် တူရကီနှင့် တရုတ်နိုင်ငံတို့က ဦးဆောင်နေပြီး အီဂျစ်နိုင်ငံက တတိယနေရာလိုက်နေသည်။ ယခုနှစ်တွင် ထူခြားချက်တစ်ခုမှာ ၂၀၀၈ ခုနှစ်ကတည်းက ဂျာနယ်လစ်များအား အကျဉ်းချသည့် ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်ခဲ့သောအီရန် ပြုတ်သွားခြင်းဖြစ်သည်။

    CPJ ကမူ ၂၀၀၉ ခုနှစ် ရွေးကောက်ပွဲအပြီးနောက်ပိုင်း ဖမ်းဆီးခံရသည့် ဂျာနယ်လစ်များမှာ အပြစ်ဒဏ်စေ့၍ ပြန်လည်လွတ်မြောက်သွားခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

    တူရကီနိုင်ငံတွင် ဒီဇင်ဘာ ၁ ရက်နေ့အထိ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၈၁ ဦးရှိနေပြီး အားလုံးမှာ နိုင်ငံတော်ပုန်ကန်မှုစွဲချက်ကို ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံတွင်မူ ဂျာနယ်လစ်စုစုပေါင်း ၃၈ ဦး ဖမ်းဆီးခံထားရပြီး ၂ နှစ်အတွင်း ဂျာနယ်လစ်များကို အနှိပ်ကွပ်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။

    Ref: Aljazeera

  • နိုင်ငံခြားအလုပ်သမားများကို ပိုမိုကာကွယ်ပေးမည့် ဥပဒေသစ်တစ်ခုကို ကာတာ ပြဌာန်း

    နိုင်ငံခြားအလုပ်သမားများကို ပိုမိုကာကွယ်ပေးမည့် ဥပဒေသစ်တစ်ခုကို ကာတာ ပြဌာန်း

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    qatar

    – နိုင်ငံအတွင်းရှိ နိုင်ငံခြားအလုပ်သမားများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် အလုပ်သမားဥပဒေအသစ်ကို ကာတာနိုင်ငံက ယမန်နေ့တွင် စတင်ကျင်သုံးခဲ့သည်ဟု သိရသည်။

    ယခုဥပဒေအသစ်ကြောင့် ရွှေ့ပြောင်းလုပ်သားများမှာ သက်တမ်းပြည့်ပါက အလုပ်အကိုင်များ အလွယ်တကူ ပြောင်းလဲနိုင်ကာ၊ တိုင်းပြည်မှ ထွက်သွားချင်ပါကလည်း ထွက်သွားနိုင်မည်ဖြစ်သည်။

    “ဒီဥပဒေအသစ်ဟာ ကာတာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတိုင်းရဲ့ အခွင့်အရေးနဲ့ ကာကွယ်မှုတိုးတက်စေဖို့ နောက်ဆုံး ပေါ်ထွက်လာတဲ့ ခြေလှမ်းလည်းဖြစ်ပါတယ်” ဟု ကာတာအလုပ်သမားဝန်ကြီး အီဆာ အလ်-နူအိုင်မီက ပြောကြားခဲ့သည်။

    ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်သော ကတာတာမှာ ကမ္ဘာ့အကြွယ်ဝဆုံး တိုင်းပြည်များထဲတွင် ပါဝင်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် အခြေခံအဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံခြားသား အလုပ်သမားများအပေါ် ထားရှိသည့် ပေါ်လစီများကြောင့် ဖေ၀န်မှုများနှင့် ရင်ဆိုင်နေရသည်။

    လက်ရှိတွင် နိုင်ငံခြားအလုပ်သမားများမှာ အလုပ်ပြောင်းခြင်း၊ နိုင်ငံအတွင်း ခရီးသွားခြင်းတို့အတွက် အလုပ်ရှင်၏ ခွင့်ပြုချက်လိုအပ်ပြီး၊ ထိုနည်းလမ်းက အလုပ်ပြောင်းသွားသည့် အလုပ်သမားများမှာ ခေါင်းပုံဖြတ်ခံရခြင်းနှင့် အဓမ္မခိုင်းစေခံရခြင်းတို့ကို ဖြစ်စေည်ဟု လူ့အခွင်အရေးအဖွဲ့များက ပြောကြားထားသည်။

    လက်ရှိဥပဒေသစ်တွင် ထိုနစ်နာမှုများအတွက် တိုင်ကြားနိုင်မည့် ကော်မတီတစ်ခုကို အစိုးရက ထားရှိပေးထားပြီး အလုပ်ရှင်က အလုပ်သမားများ၏ ရပိုင်ခွင့်များကို ငြင်းပယ်မှုအတွက် ဖြေရှင်းပေးမည်ဖြစ်သည်။ ထို့ပြင် ခန့်အပ်ထားသည့် နှစ်အပိုင်းအခြားပြည့်ပါက အလုပ်ရှင်မှာ အလုပ်သမားများကို အလုပ်ပြောင်းခွင့် ပြုရမည်ဖြစ်ပြီး၊ အလုပ်သမား၏ နိုင်ငံကူးလက်မှတ် သိမ်းထားသည့် အလုပ်သမားများကို ရီယဲလ် ၂၅၀၀၀ (ကန်ဒေါ်လာ ၆၈၆၀) ဒဏ်ရိုက်သွားမည်ဖြစ်သည်။

    သို့သော်လည်း အဆိုပါဥပဒေအသစ်က နိုင်ငံခြားသားအလုပ်သမားများ၏ အခြေအနေကို အမှန်တကယ် တိုးတက်စေမည်လားဆိုသည့်ကိစ္စနှင့်ပတ်သက်၍ စောင့်ကြည့်ရမည်ဟု နိုင်ငံခြားသား အလုပ်သမားအချို့က မှတ်ချက်ပြုခဲ့သည်။

    Ref: Aljazeera

  • ၂၀၁၆ ခုနှစ်အတွင်း အဖတိုင်းပြည်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် အမေရိကန်မွတ်စလင် အမျိုးသမီးများ – အပိုင်း (၂)

    ၂၀၁၆ ခုနှစ်အတွင်း အဖတိုင်းပြည်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် အမေရိကန်မွတ်စလင် အမျိုးသမီးများ – အပိုင်း (၂)

    ဒီဇင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    အခုအချိန်မှာ အမေရိကန်မွတ်စလင်တွေဟာ ဘာသာရေး သည်းမခံနိုင်မှု၊ အစ္စလာမ်ကြောက်ရောဂါတွေကိုရဲ့ ဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ရလဒ်အနေနဲ့ နိုင်ငံရေးသမားတွေ၊ ကွန်ဆာဗေးတစ်မီဒီယာတွေရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့နေရပါတယ်။ အမေရိကန်မွတ်စလင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားခံရတယ်၊ အရှက်ခွဲခံရတယ်၊ သူတို့ရဲ့ ဘာသာအယူ ယုံကြည်သက်ဝင်မှုကြောင့် အသတ်ခံရတာမျိုးတွေအထိ ရှိပါတယ်။ ခေါင်းဆောင်းပုဝါနဲ့ မွတ်စလင်အမျိုးသမီးတွေကလည်း အကြမ်းဖက်မှုတွေကို ခံနေရပါတယ်။

    ဒါပေမယ့် သူတို့တွေဟာ အရှုံးပေးသူတွေတော့ မဟုတ်ပါဘူး။ မွတ်စလင်အမျိုးသမီးတွေဟာ လူနည်းစုတွေရဲ့ အခွင့်အရေးအတွက် ဦးဆောင်တိုက်ပွဲဝင်နေကြတယ်၊ အမေရိကန်ရဲ့ အုတ်မြစ်ဖြစ်တဲ့ ‘လူတိုင်းအတွက် အသက်ရှင်သန်နိုင်မှု၊ လွတ်မြောက်မှုနဲ့ တရားမျှတမှု’ ဆိုတာတွေ ဆက်လက် ဆုပ်ကိုင်ထားနိုင်ပါ့မလားဆိုတာ အမေရိကန်ကို စမ်းသပ်နေပါတယ်။

    အောက်မှာဖော်ပြမယ့် အမေရိကန်မွတ်စလင်အမျိုးသမီးတွေကတော့ ၂၀၁၆ ခုနှစ်ကို ကြင်နာတဲ့၊ တရားမျှတတဲ့၊ လှပတဲ့ နှစ်တစ်နှစ်ဖြစ်အောင် ပုံဖော်ခဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အဖတိုင်းပြည်ကို ကြီးကျယ်အောင် လုပ်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

    ၆။ ရာနာ အဘ်ဒဲလ် ဟာမစ်

    6

    အမျိုးသမီးများ တစ်နိုင်တစ်ပိုင် စွမ်းအားမြင့်တင်ရေး လှုပ်ရှားမှု (Women’s Initiative for Self-Empowerment) ကို စတင်ထူထောင်ခဲ့တဲ့ ရာနာ အဘ်ဒဲလ် ဟာမစ်ဟာ ပါရမီရှိသူတစ်ဦးဖြစ်ပြီး သူမဘ၀တစ်လျှောက်လုံးကို အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေးအတွက် အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ နှစ်မြှုပ်ကူညီနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

    မွတ်စလင်အမျိုးသမီးတွေ ခေါင်းဆောင်းပုဝါ ၀တ်ဆင်မှုအပေါ် ရှိနေတဲ့ လွဲမှားတဲ့ အမြင်တွေကို ချေဖျက်ဖို့ရည်ရွယ်ပြီးအံ့သြလောက်ဖွယ် Hijabis of New York ဆိုတဲ့ ပညာပေး ဓာတ်ပုံစီးရီးတစ်ခုကို ဖန်တီးရုံတင်မကဘဲ အစ္စလာမ်ကြောက်ရောဂါအခြေတည်တဲ့ အကြမ်းဖက်မှုတွေအတွက် အမျိုးသမီးတွေ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ တိုက်ခိုက်ရေး ပညာရပ်တွေကိုလည်း ရာနာက သင်ကြားပေးနေပါတယ်။

    “မွတ်စလင်အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကို စွမ်းအားမြှင့်တင်ဖို့ ဆောင်ရွက်လာကြပြီဆိုရင် တစ်ခုခု ထူးခြားလာမှာပါ” လို့ ဟာမစ်က ပြောကြားခဲ့ပါတယ်။

    ၇။ နူရာ အာဖီယာ

    နာမည်ကြီး အလှဖန်တီးမှု ဘာလော့ဂါတစ်ယောက်ပါ။ အာဖီယာဟာ နိုဝင်ဘာလမှာ အမေရိကန် ထိပ်တန်း အလှကုန်တံဆိပ်ဖြစ်တဲ့ CoverGirl ရဲ့ ပထမဆုံး ပုဝါဆောင်း သံတမန်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် အာဖီယာအနေနဲ့ ဆိုဖီယာ ဗာဂါရာ၊ ကေသီ ပါရီတို့နဲ့အတူ CoverGirl ကြော်ငြာတွေ၊ ဘီလ်ဘုတ်တွေမှာ ပါဝင်မှာဖြစ်ပြီး နယူးယောက်က တိုင်းမ်စကွဲအပါအ၀င် နိုင်ငံတစ်ဝှမ်းမှာ သူမကို တွေ့မြင်ရတော့မှာပါ။

    “ဟီဂျဘ်ခေါင်းဆောင်းပုဝါကို အပြုသဘောဆောင်တဲ့ အမြင်မျိုး မြင်လာမယ့် လှုပ်ရှားမှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ရတဲ့အတွက် ကျွန်မ ဂုဏ်ယူမိပါတယ်။ တီဗီ ဒါမှမဟုတ် ဘီလ်ဘုတ်တွေမှာတွေ့ရတဲ့ ဒီလို နာမည်ကျော်ကုန်ပစ္စည်းတွေမှာ ပုဝါဆောင်းတဲ့သူတွေ ကိုယ်စားပြုခွင့် ပိုရလေလေ၊ ကောင်းလေလေပါပဲ” လို့ အာဖီယာက နယူးယောက်တိုင်းမ်စ်ကို ပြောကြားခဲ့ပါတယ်။

    ၈။ မွတ်စလင်လူငယ် ကဗျာအဖွဲ့

    8

    ကီရန် ၀ါကာရ်၊ အဘ်ဒီကာဒီရ်၊ ဟာဝါ အဒမ်နဲ့ လီနာ ဂီနာဝီတို့ ၄ ဦး ပါဝင်တဲ့ ဆယ်ကျော်သက် ကဗျာအဖွဲ့ဖြစ်ပြီး Muslim Girls Making Change အမည်နဲ့ ကဗျာလှုပ်ရှားမှုတစ်ခုကို စတင်ဖန်တီးခဲ့သူတွေပါ။ ရည်ရွယ်ချက်ကတော့ ကဗျာတွေကနေတစ်ဆင့် လူမှုရေးဆိုင်ရာ တရားမျှတမှုကို ရှာဖွေဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ လူငယ်ကဗျာအဖွဲ့လေးဟာ Brave New Voices လို့ခေါ်တဲ့ နိုင်ငံတကာ လူငယ်ကဗျာပွဲတော်မှာ ပါဝင်ခဲ့ပြီး အမှတ်သညာ ကိစ္စကနေ၊ အမုန်းတရားတွေအထိ သူတို့ ဖော်ကျူးစပ်ဆိုထားတဲ့ ကဗျာတွေက ပရိတ်သတ်တွေရဲ့ ရင်အစုံကို လှုပ်ခတ်စေခဲ့ပါတယ်။

    “အကြမ်းဖက်ဝါဒဆိုတဲ့ စကားလုံးကြားတာနဲ့ ပထမဆုံး အစ္စလာမ်သာသနာကို ပြေးမြင်တာမျိုး ကျွန်မ မလိုချင်ပါဘူး။ ကျွန်မသိတဲ့အစ္စလာမ်က ငြိမ်းချမ်းရေးသာသနာပါ” လို့ ဂရီနာဝီက ဖွင့်ဟခဲ့ပါတယ်။

    ၉။ နူရ် တာဂူရီ

    အသက် ၂၂ နှစ်အရွယ် ဂျာနစ်လစ်ယောက်ဖြစ်တဲ့ တာဂူရီဟာ စက်တင်ဘာလထုတ် Playboy မဂ္ဂဇင်းမှာ ဟီဂျဘ် ခေါင်းဆောင်းပုဝါနဲ့ ပထမဆုံး မျက်ဖုံးတင် ဖော်ပြခံရသူ ဖြစ်ပါတယ်။ ပြီးတော့ လူငယ်တွေရဲ့ အမြင်တွေကို ပြောင်းလဲဖို့ ရည်ရွယ်တဲ့ မဂ္ဂဇင်းရဲ့ Renegades အစီအစဉ်မှာလည်း ပါဝင်ခွင့် ရခဲ့ပါတယ်။ Playboy ကတော့ တာဂူရီဟာ “ဟိရိသြတ္တပတရားကို ထင်ရှားစေသူ” ဖြစ်တယ်လို့ ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။

    “ရိုးသားတဲ့ပုံစံမျိုးနဲ့ တော်လှန်ပြောင်းလဲမှုကို ကျွန်မယုံကြည်တယ်။ ကိုယ့်ရဲ့ အရှိတရားအတိုင်း ဖြစ်လာဖို့ဆိုတာ တော်လှန်ပြောင်းလဲ ရတာပါပဲ ”

    ၁၀။ ဇိုင်နဘ် အဘ်ဒူလာ

    10

    ဇိုင်နဘ်ဟာ ချီကာဂိုအခြေစိုက် တိုက်ခိုက်ရေးနည်းပြတစ်ဦးဖြစ်ပြီး နိုဝင်ဘာလအတွင်း Hate Crime Survival Seminar ဆိုတဲ့ ဆွေးနွေးပွဲတစ်ခုကို ကျင်းပကာ ရွေးကောက်ပွဲနောက်ပိုင်း မွတ်စလင်လူ့အဖွဲ့အစည်းမှာ တွေ့ကြုံနေရတဲ့ ကြောက်ရွံ့မှုတွေကို တုန့်ပြန်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

    နောက်ပြီး အကြားအာရုံချို့တဲ့သူတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ချီကာဂိုမြို့က အကျိုးအမြတ်မယူတဲ့အဖွဲ့ Deaf Planet Soul မှာ မွတ်စလင်အမျိုးသမီးတွေအတွက် မိမိကိုယ်ကိုကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကိုလည်း ကျင်းပခဲ့ပါတယ်။ ဟီဂျဘ်ခေါင်းဆောင်းပုဝါ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတွေအနေနဲ့ သူတို့ကို တိုက်ခိုက်လာတဲ့သူတွေကို ဘယ်လို တုန့်ပြန်ကာကွယ်မရလဲဆိုတဲ့ တိုက်ခိုက်ရေးလမ်းညွှန် ဗီဒီယို ၂ ခုကိုလည်း ဇိုင်နဘ်က လွှင့်တင်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။

    “ကျွန်မတို့ရဲ့ တိုက်ခိုက်ရေး သင်တန်းတွေ၊ Hate Crime Survival Seminar တွေဟာ အမျိုးသမီးတွေကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့၊ တန်ပြန် တုန့်ပြန်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု ယုံကြည်မှုတွေကို တိုးမြင့်အောင် လုပ်ဆောင်ခြင်း၊ အခြေခံကာကွယ်ရေး အသိပညာတွေ တတ်မြောက်အောင်လုပ်ခြင်းအားဖြင့် ကျွန်မတို့ဟာ အမျိုးသမီးတွေရဲ့ ကာယ၊ ဉာဏစွမ်းအားကို မြှင့်တင်ပေးနေတာဖြစ်ပါတယ်” လို့ ဇိုင်နဘ်က Huffpost ကို ပြောကြားခဲ့ပါတယ်။
    Ref: Huffingtonpost

    (ဆက်လက်ဖော်ပြပါမည်)

    (အပိုင်း (၁) ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်)

  • ရခိုင် လက်နက်ကိုင်များကို လက်နက်ခဲယမ်း အမြောက်အများနှင့် အိန္ဒိယတွင် ဖမ်းမိပြန်

    ရခိုင် လက်နက်ကိုင်များကို လက်နက်ခဲယမ်း အမြောက်အများနှင့် အိန္ဒိယတွင် ဖမ်းမိပြန်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    rk-1
    အာသံရိုင်ဖယ်အသင်းမှ ဖမ်းမိခဲ့သူ ၂ ဦးနှင့် လက်နက်ခဲယမ်းများ

    – ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALA) မှ တပ်ဖွဲ့ဝင် ၈ ဦးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသတွင် ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းမြောက်များစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

    ဖမ်းဆီးရမိခဲ့သူများမှာ တိုက်ပွဲဝင်ဝတ်စုံများနှင့်ဖြစ်ပြီး သောကြာနေ့က Lwangtlai ခရိုင် Tuithumnar ဒေသအနီးတွင် မီဇိုရမ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်အသင်းတို့ ပူးပေါင်းပြုလုပ်သည့် စစ်ဆင်ရေးတစ်ခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကာ ခရိုင်အာဏာပိုင်များကို လွှဲပြောင်းပေးခဲ့သည်။

    သိမ်းဆည်းရမိသည့် လက်နက်များတွင် တစ်လုံးထိုး ဂျောက်ဂျက်သေနတ်တစ်လက်နှင့် ၎င်းတွင်အသုံးပြုသည့် ကျည် ၁၀ တောင့်၊ ၇.၆၂ မမ ချေမှုန်းရေး သေနတ်တစ်လက်၊ ၅.၅၆ မမ M16 ရိုင်ဖယ် တစ်လက်၊ M-11 ချေမှုန်းရေး ရိုင်ဖယ်တစ်လက်၊ ဂျီသရီး ရိုင်ဖယ်တစ်လက်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဆံအများအပြားနှင့် ကျည်ကပ်များ ပါဝင်သည်။

    rk-5
    မီဇိုရမ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်အသင်းတို့ ဖမ်းဆီးခဲ့သည့် ရခိုင်လက်နက်ကိုင်များထံမှ သိမ်းဆည်းရိမ်သော လက်နက်များ

    “ဘာသာစကားအခက်အခဲကြောင့် သူတို့ဝင်ရောက်လာတဲ့အကြောင်းအရင်းကို မသိရှိရသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ ရခိုင်လွတ်မြောက်ရေးတပ်မတော်က ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရပါတယ်” ဟု အိန္ဒိယ ကာကွယ်ရေး ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးကမူ အဆိုပါ လက်နက်ကိုင် ၈ ဦးမှာ အိန္ဒိယသို့ ၀င်ရောက်ရန် ကြိုးစားစဉ်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဖမ်းဆီးခံခဲ့ရသူ ရခိုင်လက်နက်ကိုင်များမှာ ခိုင်သီဇော်၊ ခိုင်မျိုး၊ ခိုင်ရေမင်း၊ ခိုင်မင်း၊ ခိုင်မင်းထူး၊ ခိုင်ရိုင်း၊ ခိုင်မျိုးနိုင်နှင့် ခိုင်ဇော်တို့ ဖြစ်ကြသည်။

    ထို့ပြင် အာသံရိုင်ဖယ်အသင်းမှာ မြန်မာနိုင်ငံသား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လက်နက်များမှာ အေကေရိုင်ဖယ် ၆ လက်အပါအ၀င် နောက်ဆုံးပေါ် သေနတ် ၁၀ လက်၊ ကျည်ကပ် ၁၂ ခု၊ မြန်မာငွေ ၁၀ သိန်းတို့ ပါဝင်သည်။

    Ref: Indiablooms, The News Indian Express

    rk-4
    အာသံရိုင်ဖယ်အသင်းမှ ဖမ်းမိခဲ့သူ ၂ ဦးထံမှ သိမ်းဆည်းရမိသည့် မြန်မာငွေများ