News @ M-Media

Author: Ko Lay

  • ၂၀၁၆ ခုနှစ်အတွင်း အဖတိုင်းပြည်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် အမေရိကန်မွတ်စလင် အမျိုးသမီးများ – အပိုင်း (၁)

    ၂၀၁၆ ခုနှစ်အတွင်း အဖတိုင်းပြည်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် အမေရိကန်မွတ်စလင် အမျိုးသမီးများ – အပိုင်း (၁)

    ဒီဇင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    – အခုအချိန်မှာ အမေရိကန်မွတ်စလင်တွေဟာ ဘာသာရေး သည်းမခံနိုင်မှု၊ အစ္စလာမ်ကြောက်ရောဂါတွေကိုရဲ့ ဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ရလဒ်အနေနဲ့ နိုင်ငံရေးသမားတွေ၊ ကွန်ဆာဗေးတစ်မီဒီယာတွေရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့နေရပါတယ်။ အမေရိကန်မွတ်စလင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားခံရတယ်၊ အရှက်ခွဲခံရတယ်၊ သူတို့ရဲ့ ဘာသာအယူ ယုံကြည်သက်ဝင်မှုကြောင့် အသတ်ခံရတာမျိုးတွေအထိ ရှိပါတယ်။ ခေါင်းဆောင်းပုဝါနဲ့ မွတ်စလင်အမျိုးသမီးတွေကလည်း အကြမ်းဖက်မှုတွေကို ခံနေရပါတယ်။

    ဒါပေမယ့် သူတို့တွေဟာ အရှုံးပေးသူတွေတော့ မဟုတ်ပါဘူး။ မွတ်စလင်အမျိုးသမီးတွေဟာ လူနည်းစုတွေရဲ့ အခွင့်အရေးအတွက် ဦးဆောင်တိုက်ပွဲဝင်နေကြတယ်၊ အမေရိကန်ရဲ့ အုတ်မြစ်ဖြစ်တဲ့ ‘လူတိုင်းအတွက် အသက်ရှင်သန်နိုင်မှု၊ လွတ်မြောက်မှုနဲ့ တရားမျှတမှု’ ဆိုတာတွေ ဆက်လက် ဆုပ်ကိုင်ထားနိုင်ပါ့မလားဆိုတာ အမေရိကန်ကို စမ်းသပ်နေပါတယ်။

    အောက်မှာဖော်ပြမယ့် အမေရိကန်မွတ်စလင်အမျိုးသမီးတွေကတော့ ၂၀၁၆ ခုနှစ်ကို ကြင်နာတဲ့၊ တရားမျှတတဲ့၊ လှပတဲ့ နှစ်တစ်နှစ်ဖြစ်အောင် ပုံဖော်ခဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အဖတိုင်းပြည်ကို ကြီးကျယ်အောင် လုပ်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

    ၁။ အီလ်ဟန် အိုမာရ်

    1

    ဆိုမာလီမှာ မွေးဖွားခဲ့တဲ့ အီလ်ဟန် အိုမာရ်ဟာ ကင်ညာဒုက္ခသည်စခန်းမှာ ၄ နှစ် ကုန်ဆုံးခဲ့ပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ်မှာ အမေရိကန်ကို ပြောင်းရွှေ့အခြေခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာတော့ မင်နီဆိုတာ ပြည်နယ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး၊ ပြည်နယ်လွှတ်တော်မှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံး ဆိုမာလီ-အမေရိကန် မွတ်စလင် အမျိုးသမီးတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    သူမဟာ တန်ဖိုးနည်း ကောလိပ် ထွန်းကားရေး၊ ရာဇ၀တ်မှုဆိုင်ရာ တရားရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး တန်းတူညီမျှမှုနဲ့ သန့်ရှင်းသောစွမ်းအင် စတဲ့ လူမှုအသိုင်းအ၀ိုင်း ပြုပြင်ပြောင်းလဲရေးကို ချပြမဲဆွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

    “ဒီတိုင်းပြည်က လူတိုင်းအတွက် လွတ်မြောက်မှု၊ တရားမျှတမှုကို ပေးတဲ့ တိုင်းပြည်ပါ။ ဒါပေမယ့် ကျွန်မတို့ ဒီအတွက် အလုပ်တော့လုပ်ရမှာပေါ့လေ။ ကျွန်မတို့တိုင်းပြည်ရဲ့ ဒီမိုကရေစီက ကြီးကျယ်တယ်။ ဒါပေမယ့် ပျက်ဆီးလွယ်တယ်။ တိုးတက်မှု တော်တော်များများကို ဖြတ်သန်းလာရတယ်။ လူတိုင်းအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးဖို့ ကျွန်မတို့ဟာ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားဖို့ လိုပါတယ်” လို့ The Huffignton Post နဲ့ အောက်တိုဘာ အင်တာဗျူးမှာ အိုမာရ်က ပြောကြားခဲ့ပါတယ်။

    ၂။ အစ်ဘ်သီဟဂ်ျ မိုဟာမက်

    ဓားသိုင်းအားကစားသမားဖြစ်တဲ့ အစ်ဘ်သီဟဂ်ျ မိုဟာမက်ဟာ အခုနှစ်အိုလံပစ်မှာ ခေါင်းဆောင်းပုဝါနဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပထမဆုံး အမေရိကန်အားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆုတံဆိပ် မဆွတ်ခူးနိုင်ခဲ့ပေမယ့် ရီယို အိုလံပစ် ၀င်ရောက်ခွင့် ရခဲ့ခြင်းအားဖြင့် အသိအမှတ်ပြုခံရဆုံး ကစားသမားတစ်ဦးဆိုတဲ့ အောင်မြင်မှုကိုတော့ ရခဲ့ပါတယ်။ ပြီးတော့ သူမဟာ ရည်မှန်းချက်တွေရဲ့ စေစားရာနောက်ကိုလိုက်တဲ့အခါ အခက်အခဲတွေကို ကျော်ဖြတ်ရတဲ့ မွတ်စလင်အမျိုးသမီးတွေရဲ့ စံနမူယူစရာ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

    “ကျွန်မတို့ဟာ ခက်ခဲတဲ့ နိုင်ငံရေးအခြေအနေတစ်ခုကို အခု ရောက်နေပါတယ်။ မွတ်စလင်တွေဟာ စောင့်ကြည့်ခံနေရပါတယ်။ (ဒီလိုအာင်မြင်တာဟာ) ကျွန်မအတွက် တကယ့်ကို ကြီးမားတဲ့ အိပ်မက်ကြီးဖြစ်ပြီး အမှန်တကယ်ဖြစ်လာမယ်လို့ ကျွန်မ ထင်မထားခဲ့ပါဘူး။ မွတ်စလင်အမျိုးသမီးတွေနဲ့ လူမည်းအမျိုးသမီးတွေကို ကိုယ်စားပြုရတယ်ဆိုတဲ့ ဂုဏ်တစ်ခုကို ကျွန်မ ပေါ့ပေါ့တန်တန် သဘောမထားပါဘူး” လို့ လော့စ်အိန်ဂျလိစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အိုလံပစ်ကော်မတီ အစည်းအဝေးမှာ အစ်ဘ်သီဟဂ်ျ မိုဟာမက်က ပြောကြားခဲ့ပါတယ်။

    ၃။ လင်ဒါ ဆာဆူရ်

    3

    ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ လင်ဒါ ဆာဆူရ်ဟာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်နေ့ ၀ါရှင်တန် ဒီစီမှာပြုလုပ်မယ့် ‘၀ါရှင်တန်အမျိုးသမီး ချီတက်လမ်းလျှောက်ပွဲ’ ကို ဦးဆောင်ဖို့ ဖိတ်ကြားခံရတဲ့ အမျိုးသမီး ၃ ဦးထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် ကျမ်းကျိန်ပြီးနောက်နေ့မှာ ပြုလုပ်မယ့် အဲဒီ ချီတက်ပွဲဟာ ‘လူ့အဖွဲ့အစည်း ခေါင်းဆောင်မှုရဲ့ အဆင့်တိုင်းမှာ အမျိုးသမီးတွေ တန်းတူညီမျှမှု မရမချင်း’ တက်ကြွလှုပ်ရှားသူတွေက သူတို့ လုပ်ဆောင်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းစကားကို ပေးချင်လို့ ဖြစ်ပါတယ်။ Facebook စာမျက်နှာမှာတော့ လူပေါင်း ၁ သိန်းလောက် အဲဒီအခမ်းအနားကို တက်ရောက်မယ်လို့ စာရင်းပေးထားပါတယ်။

    “ဒေါ်နယ်ထရမ့် အစိုးရဟာ အုပ်ချုပ်ရေး အိပ်မက်ဆိုးကို ယူလာမှာပါ။ ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ ဒါကို မကြောက်ဘူးဆိုတာ ပြသဖို့ အရေးကြီးပါတယ်” လို့ ဆာဆူရ်က Th Huffington Post ကို ပြောကြားခဲ့ပါတယ်။

    ၄။ ဂါဇလာခန်း

    4

    ဇူလိုင်လက ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ခင်ပွန်းဖြစ် မိန့်ခွန်းပြောတဲ့အချိန် တည်ကြည်လေးနက်စွာနဲ့ ဘေးနားမှာရှိတေဲ့ ဂါဇလာခန်းကို အမေရိကန်ပြည်သူတွေ မေ့မှာ မဟုတ်ပါဘူး။ သူမရဲ့သားဖြစ်သူ ဗိုလ်ကြီး ဟူမေယွန်ခန်းဟာ အီရတ်မှာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ ဒီညီလာခံမှာ သူ့ရဲ့ခင်ပွန်းကသာ မိန့်ခွန်းပြောပြီး ဂါဇလာခန်းတစ်ယောက် တိတ်ဆိတ်နေခဲ့တဲ့အတွက် ထိုးနှက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဂါဇလာခန်းက ဒီလိုတုန့်ပြန်ခဲ့ပါတယ်။

    “စကားတစ်လုံးမှမပြောတာကိုက အမေရိကန်နဲ့ ကမ္ဘာ့ပြည်သူတွေ ကျွန်မ ဘယ်လောက်ကြေကွဲရတယ်ဆိုတာကို ခံစားမိမှာပါ။ ကျွန်မဟာ Gold Star (သားဖြစ်သူ ချီးမြှင့်ခဲ့ရသည့် သူရဲ့ဘွဲ့) ရသူတစ်ဦးရဲ့ အမေဖြစ်တယ်။ ကျွန်မကိုတွေ့တဲ့လူတိုင်းက ကျွန်မရဲ့ ခံစားချက်ကို မျှဝေခံစားရမှာပါ (ထုတ်ပြောနေစရာ မလိုပါဘူး)”

    ခါဇလာခန်းရဲ့ ဒီပြောကြားမှုကြောင့် အမေရိကန်အမျိုးသမီး ရာပေါင်းများစွာက #CanYouHearUsNow ခေါင်စဉ်နဲ့ ဆိုရှယ်မီဒီယာမှာ ဒေါ်နယ်ထရမ့်ကို တုန့်ပြန်ခဲ့ကြပါတယ်။

    ၅။ အမာနီ အလ်-ခါသပ်ဘာဟ်

    အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ အမာနီ အလ်-ခါသပ်ဘာဟ်ဟာ စာရေးဆရာနဲ့ စွန့်ဦးထိုးဖောက်သူတစ်ယောက်ဖြစ်ပြီး အမေရိကန် မီဒီယာလောကမှာ ထင်ရှားကျော်ကြားတဲ့ မွတ်စလင်အမျိုးသမီးအဖြစ် နာမည်တစ်လုံး ရရှိထားသူဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကတည်းက MuslimGirl.com ဆိုတဲ့ ၀ဘ်ဆိုက်ကို တည်ထောင်ခဲ့ပြီး အခုအချိန်အထိ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်နေပါတယ်။ ၉/၁၁ နောက်ပိုင်း မွတ်စလင်တစ်ဦးအနေနဲ့ ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံကို ဖော်ပြထားတဲ့ ကိုယ်တွေ့မှတ်တမ်းတစ်ခုကိုလည်း မကြာသေးခင်ကမှ ထုတ်ဝေခဲ့ပါတယ်။

    သူမဟာ အစ္စလာမ်ကြောက်ရောဂါ၊ မတူကွဲပြားမှုနဲ့ မီဒီယာတွေမှာ ဖော်ပြမှုတွေနဲ့ပတ်သက်တဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောကြားသူပါ။ အိမ်ဖြူတော်ရဲ့ ပထမဆုံး ‘အမေရိကန်အမျိုးသမီး ထိပ်သီးအစည်းအဝေး’ မှာ ပင်တိုင်ဆွေးနွေးသူအဖြစ် ပါဝင်ရတဲ့ သူမက အောက်ပါအတိုင်း ဖွင့်ဟခဲ့ပါတယ်။

    “မွတ်စလင်တွေ အသံတွေ ကျယ်ကျယ်ထွက်ဖို့ ကျွန်မတို့လုပ်ဆောင်ရမယ့် အရေးပါအဆုံးအချက်တွေထဲက တစ်ခုကတော့ အခွင့်အရေးရတိုင်း သူတို့ကို ပေးပြောဖို့ပါပဲ။ တစ်ယောက်ယောက်က သူတို့ရဲ့အတွေ့အကြုံကို ပြောခွင့်ရပြီး တစ်ခြားသူတွေ ပြောခွင့်မရဘူးဆိုရင်၊ ကွက်လပ်မဖြည့်ပါနဲ့၊ ပြောခွင့်မရသူတွေကိုယ်စားလည်း မပြောပေးပါနဲ့။ သူတို့ကို ပြောခွင့်ပေးလိုက်ပါ”

    Ref: Huffingtonpost

    (ဆက်လက်ဖော်ပြပါမည်)

  • ဖိလစ်ပိုင်စစ်သွေးကြွတစ်ဦးကို မလေးရှား သုတ်သင်

    ဖိလစ်ပိုင်စစ်သွေးကြွတစ်ဦးကို မလေးရှား သုတ်သင်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    abu

    – ဖိလစ်ပိုင် စစ်သွေးကြွအဖွဲ့ဖြစ်သာ အဘူဆေယက်ဖ်အဖွဲ့မှ တပ်မှူးတစ်ဦးဖြစ်သူ အေဘရာဟမ် ဟာမစ်ကို မလေးရှား လုံခြုံရေးတပ်ဖွဲ့များက သုတ်သင်လိုက်သည်ဟု သိရသည်။

    ဘော်နီယိုကျွန်းရှိ ဆာဘားပြည်နယ် လာဟဒ် ဒါတူတွင် သုတ်သင်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းက အနာဂတ်တွင် ၎င်းတို့အဖွဲ့၏ ချောင်းမြောင်း ပြန်ပေးဆွဲမှုအခြေအနေ လျော့နည်းသွားနိုင်သည်ဟု ဖိလစ်ပိုင်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဖီလ်မွန် တန်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်အတွင်း ဖိလစ်ပိုင်တောင်ပိုင်းရှိ အပန်းဖြေနေရာများမှ နိုင်ငံခြားသားများကို အဘူဆေယက်ဖ်အဖွဲ့က ပြန်ပေးဆွဲမှုတွင် ဟာမစ်က ဦးဆောင်ခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ၂ ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။ တန်ကမူ ဧပြီလက အင်ဒိုနီးရှားသင်္ဘောသားများကို ပြန်ပေးဆွဲမှုတွင်လည်း ဟာမစ်ပါဝင်ခဲ့သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

    မလေးရှားရဲတပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း ဟာမစ်အပါအ၀င် အခြား တိုက်ခိုက်ရေးသမား ၂ ဦးလည်း သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ကိုင်ရိုရှိ ကော့ပတစ် ခရစ်ယာန်ဘုရားကျောင်းတွင် ဗုံးကွဲ

    ကိုင်ရိုရှိ ကော့ပတစ် ခရစ်ယာန်ဘုရားကျောင်းတွင် ဗုံးကွဲ

    ဒီင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    egypt-2
    စိန့်မာ့က် ဘုရားကျောင်းအတွင်းပိုင်း

    – အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ကော့ပတစ်ခရစ်ယာန်ဘုရားကျောင်းအတွင်း ယနေ့တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ကိုင်ရိုမြို့လယ်ရှိ စိန့်မာ့က် ဘုရားကျောင်းဖြစ်ပြီး နိုင်ငံပိုင်သတင်းဌာနကမူ ဗုံးကို ဘုရားကျောင်းအတွင်း ထောင်ထားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများ၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့သည်။

    အဆိုပါ ဘုရားကျောင်းမှာ အီဂျစ်ရှိ ခရစ်ယာန် အော်သိုဒေါ့စ်အသင်းတော်၏ ဌာနချုပ်ဖြစ်ပြီး အသင်းတော်၏ ရဟန်းမင်း ပုပ် တာဝါဒရို့စ် ၂ သီတင်းသုံးရုံးထိုင်ရာနေရာလည်း ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃၅ ဦး ရှိခဲ့သည်။

    ထိုကဲ့သို့ ဗုံးခွဲမှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးပေ။ အီဂျစ်နိုင်ငံ၏ ၈၇ သန်းသော လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။

    ပြီးခဲ့သည့် သောကြာနေ့ကလည်း ကိုင်ရိုမြို့တွင် ဗုံးကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ရှမ်ဟုခေါ်သည့် လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။

    Ref : Aljazeera

  • နိုက်ဂျီးရီးယား ခရစ်ယာန်ဘုရားကျောင်းပြိုကျမှု လူအများအပြား သေဆုံး

    နိုက်ဂျီးရီးယား ခရစ်ယာန်ဘုရားကျောင်းပြိုကျမှု လူအများအပြား သေဆုံး

    ဒီဇင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    chrch
    ပြိုကျပြီးနောက် ခရစ်ယာန်ဘုရားကျောင်း

    – နိုက်ဂျီးရီယားနိုင်ငံ အရှေ့တောင်ပိုင်း အက္က၀ါအီဘွမ်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ပြိုကျမှုအကြောင့် အနည်းဆုံး လူ ၆၀ သေဆုံးခဲ့သည်ဟု သိရသည်။

    ပြည်နယ်မြို့တော် အူယိုရှိ Reigners Bible Ministry ဧ၀ံဂေလိ ဘုရားကျောင်းဖြစ်ပြီး ယမန်နေ့က ၀တ်ပြုဆုတောင်းသူများ ရှိနေစဉ်အတွင်း သံယက်မချောင်းများအပါအ၀င် တည်ဆောက်ဆဲအမိုး ပြိုကျခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက အလောင်း ၆၀ ကို ရရှိခဲ့ပြီဖြစ်သော်လည်း သေဆုံးသူမှာ မြင့်တက်လာနိုင်သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    အခင်းဖြစ်ပွားချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး အူဒွမ် အီမန်နျူယဲလ် ဘုရားကျောင်းထဲတွင် ရှိနေသော်လည်း မည်သည့်ဒဏ်ရာမှ မရခဲ့ပေ။ ၎င်းကမူ ပြည်နယ်၏သမိုင်းတွင် ထိုကဲ့သို့ တုန်လှုပ်စရာ အဖြစ်အပျက်မျိုး မရှိခဲ့ဟု Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက ထိုအဖြစ်အပျက်အတွက် အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ နိုက်ဂျီးရီးယားသမ္မတ မူဟာမာဒူ ဘူဟာရီကလည်း သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရှိမှုများအတွက် ကြေကွဲဝမ်းနည်းရသည်ဟု ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

    အစိုးရသတင်းဌာနကမူ ထိုအဖြစ်အပျက်အတွင်း လူ ၅၀ မှ ၂၀၀ ကြား သေဆုံးနိုင်သည်ဟု ဖော်ပြခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလက လာဂို့စ်မြို့တွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခု ပြိုကျမှုကြောင့် တောင်အာဖရိကနိုင်ငံသား ၈၄ ဦး အသက်ဆုံးရှုံးခဲ့သည်။

    Ref : Aljazeera

  • ဂျူးတစ်ဦးမီးရှို့ခဲ့သည့်ဗလီ ပြင်ဆင်ရန်အတွက် အမေရိကန်ဂျူးအဖွဲ့အစည်း အလှူငွေပေး

    ဂျူးတစ်ဦးမီးရှို့ခဲ့သည့်ဗလီ ပြင်ဆင်ရန်အတွက် အမေရိကန်ဂျူးအဖွဲ့အစည်း အလှူငွေပေး

    ဒီဇင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    florida

    – ဂျူးလူမျိုးတစ်ဦးက မီးရှိုခဲ့မှုကြောင့် ပျက်ဆီးသွားသည့် ဖလော်ရီဒါမှ ဗလီဝတ်ကျောင်းတော် ပြန်လည်ပြင်ဆင်ရန်အတွက် အမေရိကန်ရှိ ထင်ရှားသည့် ဂျူးအဖွဲ့အစည်းဖြစ်သော အမေရိကန် ဂျူးကော်မတီ (AJC) က ရန်ပုံငွေ လှူဒါန်းခဲ့သည်ဟု သိရသည်။

    “ဘယ်လို ၀တ်ပြုရာ အဆောက်အဦးမျိုးကိုမဆို တိုက်ခိုက်တာဟာ အမေရိကန်အားလုံးကို စော်ကားတာပါပဲ။ ဗလီတစ်လုံးကို မီးရှို့မှုဟာ အမေရိကန်က ဂျူးတစ်မျိုးသားလုံး ဆန့်ကျင်ရှုတ်ချတဲ့ အမုန်းရာဇ၀တ်မှုတစ်ခုပါ” ဟု AJC ၏ မွတ်စလင်-ဂျူဆက်ဆံရေး အဖွဲ့မှ ဒါရိုက်တာ ရောဘတ် ဆေးလ်ဗားမန်းက ပြောကြားခဲ့သည်။

    ဆေးလ်ဗားမန်းမှာ ဗလီဝတ်ကျောင်းတော်တည်ရှိရာ ဖော့တ်ပီယာ့စ် အစ္စလာမ့်စင်တာမှ ဒါရိုက်တာ ဆယဒ် ရှာဖီက်အူရ် ရဟ်မန်ကို သောကြာနေ့က အလှူငွေ ပေးအပ်ခဲ့ခြင်းပြီး ဗလီဝတ်ကျောင်းတော်သို့ ၀တ်ပြုရန် လာရောက်ကြသူများကိုလည်း မိန့်ခွန်းပြောကြားခဲ့သည်။

    “ရာစုနှစ်များစွာအရင် ဥရောပက ကက်သလစ်အာဏာရှင်တွေလက်ထက် ဂျူးတွေ ညှင်းပမ်းနှိပ်စက်ခံခဲ့ရတုန်းက သူတို့တွေဟာ မွတ်စလင်နယ်မြေတွေမှာ သွားရောက် ခိုလှုံခဲ့ကြရပါတယ်။ ဒီလို ဒုက္ခသည်တွေကို ကြိုဆိုခဲ့မှုက ဂျူးလူမျိုးတွေ ဘယ်တော့မှ မေ့လိုမရမယ့် ကြင်နာမှုမျိုးပါပဲ။ ဒီနေ့မှာတော့ AJC ဟာ ဒီလိုမဖြစ်စလောက်လေး ကူညီရတဲ့အတွက် ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်” ဟု ဆေးလ်ဗားမန်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော်ကို မီးရှို့သူအား တရားဥပဒေအတိုင်း အမြန်ဆုံး အရေးယူရန်လည်း တိုက်တွန်းခဲ့သည်။

    ဗလီဝတ်ကျောင်းတော်ကို မီးရှို့သူ ဂျူးလူမျိုးမှာ ဂျိုးဆက်ပ် မီခေးလ် ရှရီဘာဆိုသူဖြစ်ပြီး ယခင်က ရာဇ၀တ်မှုကျူးလွန်ဖူးသူတစ်ဦးလည်း ဖြစ်သည်။ ၎င်းကမူ ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှုအတွက် ရှက်မိကြောင်း ပြောကြားခဲ့သည်။ ၎င်းမှာ စက်တင်ဘာ ၁၁ ရက်နေ့ ၁၅ နှစ်မြောက် နှစ်ပတ်လည်တွင် ဗလီအား မီးရှို့ခဲ့သည်။

    ထိုမီးရှို့မှုတွင် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘဲ ဗလီဝတ်ကျောင်းတော်မှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့သည်။

    Ref : Time of Israel