News @ M-Media

Author: Ko Lay

  • ရခိုင်ပြဿနာကို IS က အမြတ်ထုတ်နိုင်သည်ဟု မလေးရှားကာချုပ် သတိပေး

    ရခိုင်ပြဿနာကို IS က အမြတ်ထုတ်နိုင်သည်ဟု မလေးရှားကာချုပ် သတိပေး

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    malysia
    မလေးရှား စစ်တပ်အကြီးအကဲ ဇူလ်ကီဖလီ မိုဟာမက် ဇာအင်

    – ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ ကြုံတွေ့နေရသည့် ပြဿနာကို IS အကြမ်းဖက်အဖွဲ့က အမြတ်ထုတ်ကာ အရှေ့တောင်အာရှတွင် ၎င်းတို့၏ သြဇာလွှမ်းမိုးမှု ချဲ့ထွင်နိုင်သည်ဟု မလေးရှား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇူလ်ကီဖလီ မိုဟာမက် ဇာအင်က မြန်မာစစ်တပ်ခေါင်းဆောင်များကို ပြောကြားခဲ့သည်ဟု သိရသည်။

    ရာထူးမှ အနားမယူခင် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခုသီတင်းပတ် အစောပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ကာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုပြဿနာကို သင့်သင့်မြတ်မြတ် ကိုင်တွယ်ဖြေရှင်းရန်လည်း တိုက်တွန်းခဲ့သည်။

    ထို့ပြင် မလေးရှားနိုင်ငံအနေဖြင့် အခြေအနေကို အလေးထား စောင့်ကြည့်နေကြောင်း၊ ထိုခြိမ်းခြောက်မှုကို ကိုယ်တွယ်ဖြေရှင်းရန်မှာ အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်စပ်နေကြောင်း မလေးရှား ကာကွယ်ရေးဦးစီးချုပ်က အလေးထား ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သည်တစ်ပတ်က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ပါဝင်ခဲ့ပြီးနောက် မလေးရှားနှင့် မြန်မာအကြား သံတမန်ရေးအရ တင်းမာမှု ဖြစ်ပွားခဲ့သည်။

    အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်းတွင် မြန်မာစစ်တပ်က ပြုလုပ်သော စစ်ဆင်ရေးများတွင် ဒေသခံမွတ်စလင်အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ တရားလက်လွတ်သတ်ဖြတ်မှုများ ရှိသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီး မြန်မာစစ်တပ်ကမူ ထိုစွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။

    Ref: Freemalaysiatoday

  • ပါလက်စတိုင်းပြည်သူများအတွက် အိန္ဒိယက ဒေါ်လာ ၁.၂၅ သန်း ကူညီမည်

    ပါလက်စတိုင်းပြည်သူများအတွက် အိန္ဒိယက ဒေါ်လာ ၁.၂၅ သန်း ကူညီမည်

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    india-4

    – အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် အတိဒုက္ခရောက်နေကြသော ပါလက်စတိုင်းပြည်သူများအား ကူညီပေးနေသည့် ကုလ၏ UNRWA အဖွဲ့သို့ ကန်ဒေါ်လာ ၁.၂၅ သန်း ကူညီထောက်ပံ့သွားမည်ဟု အိန္ဒိယက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    UNRWA ၏ ၂၀၁၇ ခုနှစ် ဘက်ဂျက်အတွက် ကူညီပေးမည်ဟု ယမန်နေ့တွင် နိုင်ငံပေါင်း ၂၀ ကျော်က ကတိပြုခဲ့ပြီး အိန္ဒိယမှာ ထိုအထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

    ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပခဲသော UNRWA ၏ အစည်းအဝေးတွင် ကုလဆိုင်ရာ အိန္ဒိယ၏ အမြဲတမ်းကိုယ်စာလှယ်အဖွဲ့မှ ပထမအတွင်းဝန် မာဟက်ရှ်ကူးမားရ်က ပါလက်စတိုင်းပြဿနာအတွက် သင့်မြတ်သည့်အဖြေမျိုး မတွေ့ရခြင်း၊ သာမန်ဘ၀ကို ရရှိရန် ပါလက်စတိုင်းဒုက္ခသည်များ၏ မျှော်လင့်ချက်များကို မဖြည့်ဆည်းပေးနိုင်ခြင်းတို့အတွက် ၀မ်းနည်းရသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် UNRWA အနေဖြင့် ဘဏ္ဍာရေးနှင့် လက်တွေ့ဆောင်ရွက်ရေးပိုင်းတွင် မကြုံစဖူး စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရပြီး မိမိတို့ အိန္ဒိယအနေဖြင့် ပါလက်စတိုင်း တရားမျှရေးအတွက် ထောက်ခံကာ၊ ပါလက်စတိုင်းပြည်သူများနှင့် အတူအကွရှိနေကြောင်း ထပ်မံပြောကြားလိုသည်ဟု ဆိုသည်။

    UNRWA မှာ ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယား၊ အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောက်တို့ရှိ ပါလက်စတိုင်းပြည်သူ ၅.၃ သန်းကို ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ကယ်ဆယ်ရေး လူမှုဝန်ဆောင်မှုများ၊ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ၅၆ နှစ်ကြာ ပေးအပ်ခဲ့ရသည်။

    Ref: outlookindia

  • Time မဂ္ဂဇင်း၏ တစ်နှစ်တာအကျော်ကြားဆုံးပုဂ္ဂိုလ်အဖြစ် ထရမ့်ရွေးချယ်ခံရ

    Time မဂ္ဂဇင်း၏ တစ်နှစ်တာအကျော်ကြားဆုံးပုဂ္ဂိုလ်အဖြစ် ထရမ့်ရွေးချယ်ခံရ

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    time

    – အမေရိကန်၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်မှာ Time မဂ္ဂဇင်း၏ ၂၀၁၆ ခုနှစ်အတွက် တစ်နှစ်တာ အကျော်ကြားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

    အိမ်ခြံမြေ လုပ်ငန်းရှင်ဖြစ်ပြီး၊ TV အစီအစဉ်တင်ဆက်သူလည်းဖြစ်သည့် ထရမ့်မှာ နိုဝင်ဘာ ၈ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပြိုင်ဘက် ဟီလာရီကလင်တန်အား အနိုင်ယူက နိုင်ငံရေးသမိုင်းတွင် မှတ်တမ်းသစ်ရယူနိုင်ခဲ့သည်။

    ထရမ့်ကမူ ထိုကဲ့သို့ Time မဂ္ဂဇင်းမှ ရွေးချယ်မှုမှာ ကြီးမားသည့် ဂုဏ်ပြုမှုတစ်ခုဖြစ်ပြီး မိမိအတွက် အလွန်အမင်း အဓိပ္ပါယ်ရှိသည်ဟု ပြောကြားခဲ့သည်။ ထရမ့်မှာ ဇကာတင်စာရင်းမှ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်၊ ဟီလာရီကလင်တန်တို့ကို ကျော်ဖြတ်ကာ ယခုကဲ့သို့ ရွေချယ်ခံခဲ့ရခြင်းဖြစ်သည်။

    ဟီလာရီကလင်တန်ကမူ ဒုတိယနေရာတွင် ရှိခဲ့သည်ဟု Time မဂ္ဂဇင်း၏ မန်းနေးဂျင်းအယ်ဒီတာဖြစ်သူ နန်ဇီ ဂစ်ဘ်က ပြောကြားခဲ့သည်။ Time ကမူ ထရမ့်မှာ အမေရိကန်၏ နိုင်ငံရေး စည်းမျဉ်းများကို ထူးခြားစေခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ရွေးချယ်ရန်အတွက် စာဖတ်သူများထံမှ ဆန္ဒမဲ တောင်းခံခဲ့သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ကို အယ်ဒီတာများက ပြုလုပ်ခြင်းဖြစ်သည်။

    Ref : BBC

  • မုံးကိုးရှိ ခရစ်ယာန်ဘုရားကျောင်း လေကြောင်းမှ တိုက်ခိုက်ခံရ

    မုံးကိုးရှိ ခရစ်ယာန်ဘုရားကျောင်း လေကြောင်းမှ တိုက်ခိုက်ခံရ

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    kat

    – အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားနေသည့် နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်တွင် ခရစ်ယာန်ကက်သလစ်ဘုရားကျောင်းတစ်ခုမှာ ဗုံးကြဲခံခဲ့ရသည်ဟု ခရစ်ယာန်ကက်သလစ် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်သော UCA News တွင် ဖော်ပြထားသည်။

    မုံးကိုးမြို့ရှိ စိန့်ဖရန်စစ် ဇာဗီယာ ကက်သလစ်ဘုရားကျောင်းဖြစ်ပြီး စိန့်ဇာဗီယာအထိမ်းအမှတ် ပွဲတော်နေ့ဖြစ်သော ဒီဇင်ဘာ ၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီး၊ သီလရှင်များနှင့် ကက်သလစ်ဘာဝင် ၁၀၀၀ ခန့်မှာ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

    မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သော်လည်း နေ့လည်အထိ မီးလောင်ခဲ့သည်ဟု ဆိုသည်။

    လားရှိုးမှ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး Philip Lasap Za Hawng ကမူ အချက်အလက်များ ရရှိပါက မိမိအနေဖြင့် အာဏာပိုင်များ၊ စစ်တပ်အကြီးအကဲနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ထံ စာတင်ရန် စီစဉ်ထားသညဟု ပြောကြားခဲ့သည်။ ထို့ပြင် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန်လည်း အဆိုပါ ကချင်ဘုန်းတော်ကြီးက တိုက်တွန်းခဲ့သည်။

    “ဘုန်းကြီးတို့က လက်နက်ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်စေချင်တာပါ”

    ၂၀၁၁ ခုနှစ် အပစ်အခတ်ရပ်စဲရေး ကျိုးပျက်သွားပြီးကတည်းက ကချင်ပြည်နယ်တွင် ခရစ်ယာန်ဘုရားကျောင်းပေါင်း ၆၀ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ဗြိတိန်အခြေစိုက် Christian Solidarity Worldwide အဖွဲ့က ပြောကြားခဲ့သည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်ကျော့ပြန်ဖြစ်ပွားလာသော တိုက်ခိုကှ်ုများကြောင့် ဒေသခံအရပ်သားများမှာ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး၊ တရုတ်ကလည်း ၎င်းတို့၏စစ်တပ်ကို နယ်စပ်တွင် တပ်ဖြန့်ချထားသည်။

    Ref : catholicphilly.com

  • အင်္ဂလိပ်ဘောလုံးလောကရှိ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပွင့်အံထွက်လာ

    အင်္ဂလိပ်ဘောလုံးလောကရှိ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပွင့်အံထွက်လာ

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    sex
    လူငယ်ကစားသမားဘ၀တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရသည်ဟု ဖွင့်ဟခဲ့သော ကစားသမားများ (၀ဲမှယာ – ပေါလ်စတီးဝပ်၊ ဒေးဗစ်ဝှိုက်၊ စတီဗ် ဝေါလ်တာနှင့် အန်ဒီ ၀ုဒ်ဝ့ါဒ်)

    – အင်္ဂလန်က ဘောလုံးအသင်းငယ်လေးတစ်သင်းဖြစ်တဲ့ ခရူဝီအသင်း နောက်ခံလူဟောင်း အန်ဒီ ၀ုဒ်ဝါ့ဒ်က ဘောလုံးသမားပေါက်စအရွယ်မှာ လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရတယ်လို့ ပြောကြားအပြီး ၃ ပတ်မပြည့်တပြည့်မှာတော့ ဒီလို အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရတယ်လို့ ဖွင့်ဟလာတဲ့ ဘောလုံးသမား ၂၀ ကျော် ရှိလာခဲ့ပါတယ်။

    အဲဒီအထဲမှာ လူငယ်ကစားသမားဟောင်းတွေ၊ နည်းပြတွေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတွေ ပါဝင်ပြီး အင်္ဂလိပ် ဘောလုံးလောကမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ သမိုင်းနဲ့ချီ ရှိခဲ့တယ်ဆိုတာကို ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

    အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကတော့ သူတို့ရဲ့ သိုသိုသိပ်သိပ် စုံစမ်းမှုအတွင်းမှာ ဘောလုံးသမားပေါင်း ၃၅၀ လောက်ဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုရဲ့ သားကောင်ဖြစ်ခဲ့ရပြီး၊ အပျော်တမ်းနဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးအသင်း ၅၅ သင်းလောက်က ဒီစွပ်စွဲချက်တွေနဲ့ ဆက်နွယ် ပတ်သက်နေတယ်လို့ ဆိုပါတယ်။

    FA ဥက္ကဌ ဂရက်ဂ်ျ ကလာကီက ဒီပြဿနာဟာ FA မှာ သူမှတ်မိသမျှထဲက အကြီးမားဆုံး အကြပ်အတည်းကြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သတင်းတွေ ဘယ်လို ထွက်လာသလဲ

    နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဘူရီနဲ့ ရှက်ဖီးယူနိုက်တက်ကစားသမားဟောင်း အသက် ၄၃ နှစ်အရွယ် ၀ုဒ်ဝ့ါဒ်ဟာ သူ့အနေနဲ့ လူငယ်ကစားသမားဘ၀မှာ လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရတယ်လို့ ဂါးဒီယန်းသတင်းစာကို ဖွင့်ဟခဲ့ပါတယ်။ အဲဒီပြောကြားမှုအတွက် သူ့အမည်ကို ဖုံးထားလို့ရပေမယ့် သူက ဖုံးမထားခဲ့ပါဘူး။

    အဲဒီနောက်ပိုင်းမှာတော့ အင်္ဂလန်နဲ့ စပါးကစားသမားဟောင်း ပေါလ်စတီးဝပ်၊ မန်ယူတိုက်စစ်မှူးဟောင်း ဒေးဗစ်ဝှိုက်တို့ အပါအ၀င် ကစားသမာတော်တော်များများဟာ သူတို့လည်း ဒီလို ကျူးလွန်ခံခဲ့ရတယ်ဆိုတာ လူသိရှင်ကြား ဖွင့်ဟလာခဲ့ပါတယ်။

    တနင်္လာနေ့မှာတော့ ခရူဝီအလက်ဇန်းဒါး ကစားသမားဟာင်း ၀ုဒ်ဝါ့ဒ်နဲ့ စတိဗ်ဝေါလ်တာ၊ မန်စီးတီး လူငယ်ကစားသမားဟာင်း ခရစ် အန်စ၀ါ့သ်တို့ဟာ လွတ်လပ်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပြီး ထိခိုက်ခံစားခဲ့ရသူတွေအတွက် အားပေးကူညီသွားမှာဖြစ်သလို တရားမျှတရေးအတွက်လည်း တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

    Offisede Trust လို့ အမည်ပေးထားတဲ့ အဲဒီအဖွဲ့ဟာ အင်္ဂလိပ်ဘောလုံးလိဂ်၊ FA၊ ပရီးမီးယားလိဂ်၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်းနဲ့ ဘောလုံးပွဲကနေ အကျိုးအမြတ်တွေရနေတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အလှူငွေထည့်ဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။

    ဘယ်ကလပ်တွေပါလဲ

    ဒီလိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ဆက်နွယ်နေတဲ့ ကလပ်အသင်းတွေကတော့ လက်ရှိမှာ အပျော်တမ်းနဲ့ ပရော်ဖက်ရှင်နယ် စုစုပေါင်း ၅၅ သင်းရှိနေပြီး၊ အသင်းတော်တ်ာများများကလည်း သူတို့ကလပ်အသင်းထဲမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ဒီအဖြစ်အပျက်တွေ ရှိခဲ့တယ်ဆိုတာ ၀န်ခံခဲ့ပါတယ်။

    ကစားသမားဟောင်း ဂယ်ရီ ဂျွန်ဆင် ၁၉၇၀ ပြည့်နှစ်တွေမှာ ခံစားခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် အနူးအညွတ်တောင်းပန်တယ်လို့ ချယ်ဆီးအသင်းက ပြောကြားခဲ့ပြီး အဲဒီကိစ္စအတွက် အသင်းက ဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

    ကျူပီအာရ်အသင်းကလည်း အလုပ်သမားဟောင်း ခရစ် ဂီးလား စော်ကားမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေအတွက် အဓိကထား ဆောင်ရွက်နေပြီး လာမယ့် စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အမည်မဖော်လိုတဲ့ ကျူပီအာရ်ကစားသမားဟောင်း တစ်ဦးကတော့ ဘီဘီစီရဲ့ Victoria Derbyshire အစီအစဉ်မှာ သူ့အသက် ၁၅ နှစ်အရွယ် ၁၉၈၀ ပြည့်နှစ်လောက်တုန်းက မစ္စတာ ဂီးလားဟာ သူ့ရဲ့ငယ်ပါကို ကိုင်တွယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ချာလ်တန်၊ ခရူဝီ အလက်ဇန်းဒါးနဲ့ မန်စီးတီးအသင်းတွေဟာ ဒီလို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    နယူးကာဆယ်အသင်းကလည်း သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပြီး ဆောက်သက်တမ်အသင်းကတော့ ဟမ့်ရှိုင်းယားရဲတပ်ဖွဲ့က ပြုလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုကို အပြည့်အ၀ ပံ့ပိုးသွားမယ်လို့ ပြောထားပါတယ်။

    အင်္ဂါနေ့က ဆောက်သက်တမ်ကြယ်ပွင့်ဟောင်း မတ် လီ တစ်စီယာက နည်းပြဟောင်း ဘော့ဘ်ဟစ်ဂင်ဟာ သူ့ကို ကိုယ်လုံတီးပုံ မက်ဆေ့ခ်ျပို့ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဟစ်ဂင်ကတော့ ဒီပြောကြားချက်ကို ငြင်းဆိုခဲ့ပါတယ်။

    အရေးယူမှုလုပ်မလား

    FA ကလည်း လက်ရှိမှာ အဖွဲ့အတွင်း သုံးသပ်မှုတွေပြုလုပ်နေပြီး ဘယ်အသင်းတွေ၊ ဘယ်တာဝန်ရှိသူတွေက ဒါမျိုးတွေကို သိခဲ့သလဲဆိုတာကို စုံစမ်းနေပါတယ်။ FA အနေနဲ့ ဘယ်လိုအချက်အလက်တွေရမလဲ၊ ဘယ်လိုအရေးယူမှုတွေ လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

    သူတို့အနေနဲ့ ရဲတပ်ဖွဲ့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး ရာဇ၀တ်မှုလုပ်ငန်းတွေအတွက်တော့ ကြားဝင်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဘောလုံးလောကမှာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဖြစ်စေဖို့ FA ကို ၂၀၀၀ ပြည့်နှစ်ကတည်းက ကူညီခဲ့တဲ့ The Child Protection in Sport Unit က FA ရဲ့ ဆောင်ရွက်မှုတွေအတွက် လွတ်လပ်တဲ့ သုံးသပ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ ရဲတပ်ဖွဲ့ ၂၁ ခုက ဒီစွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး အခြားသော အကူအညီပေးရေး အဖွဲ့အစည်းတွေကလည်း ဒီကိစ္စတွေကို ဖော်ထုတ်ဖို့ သက်ဆိုင်သူတွေကို ကူညီပေးနေကြပါတယ်။

    ပတ်ဝန်းကျင်မှာလည်း ရှိနေ

    လူငယ်နည်းပြဟောင်းတစ်ဦးဖြစ်ပြီး ထိပ်တန်းလက်ထောက်ဒိုင်တစ်ဦးဖြစ်တဲ့ ဟုဂ်ျစတီဗင်ဆန်ဟာ စကော့တလန်မှာ လူငယ်ကစားသမားတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    အသက် ၅၀ အရွယ် ပီတီ ဟေးနက်စ်က ၁၉၇၉ ခုနှစ်ကစလို့ နောက်ပိုင်း ၃၊ ၄ နှစ်အတွင်း စတီဗင်ဆန်ဟာ သူ့ကို လိုင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ရှိခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ စတီဗင်ဆန်ကတော့ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

    စတော့တလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင်အကြီးအကဲ စတီးဝတ် ရေဂန်က ဟေးနက်စ်ကို အနူးအညွတ် တောင်းပန်ခဲ့ပြီး ယခင်က ကလေးငယ်တွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တာတွေအတွက် အပြည့်အ၀တာဝန်ယူမယ်လို့ ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

    ဝေးလ်နိုင်ငံရဲ့ ရဲတပ်ဖွဲ့ ၄ ခုက ၃ ခု၊ မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့တွေကလည်း ဘောလုံးအသင်းတွေမှာ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

    ဘယ်လောက်များနိုင်မလဲ

    စပါးကွင်းလယ်လူဟောင်း စတီးဝပ်ကတော့ ဘောလုံးလောကဟာ ယခင် ဒီဂျေနဲ့ တီဗီအစီအစဉ်ကြေညာသူဟောင်း ဆာဗီလီရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြဿနာလိုမျိုး အကြပ်အတည်းတစ်ခုကို ကြုံရနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    လူအများရဲ့ ဂုဏ်ပြုမှုကိုခံခဲ့ရတဲ့ ဆာဗီလီ ကွယ်လွန်သွားပြီးတဲ့နောက်မှာ သူရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ရာပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ရဲတပ်ဖွဲ့က ဆာဗီလီကို လိင်ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    Offside Trust အတွက် ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ကလင်အသင်းတွေဟာ လျော်ကြေပေးကာ နှုတ်ပိတ်စာချုပ်ကို အတင်းလက်မှတ်ထိုးခိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖုန်းနဲ့တစ်မျိုး၊ အီးမေးလ်နဲ့တစ်ဖုံ ပြောကြားတဲ့သူတွေ ရှိနေတယ်လို့ဖွင့်ဟခဲ့ပါတယ်။

    Ref: BBC

    (BBC တွင်ဖော်ပြသည့် Football child sex abuse claims: What has happened so far? ဆောင်းပါးကို လေးမောင်မှ
    ကောက်နှုတ်ပြန်ဆိုသည်။)