News @ M-Media

Author: Ko Lay

  • လေယာဉ်ပျက်ကျခဲ့သည့် Chapecoense အသင်းကို ဆုဖလားချီးမြှင့်

    လေယာဉ်ပျက်ကျခဲ့သည့် Chapecoense အသင်းကို ဆုဖလားချီးမြှင့်

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    brazil-1
    လောယာဉ်ပျက်ကျကာ တစ်သင်းလုံးနီးပါး သေဆုံးခဲ့သည့် Chapecoense အသင်း

    – ပြီးခဲ့သည့်တစ်ပတ်က လေယာဉ်ပျက်ကျကာ တစ်သင်းလုံးနီးပါး သေဆုံးသွားခဲ့သည့် ဘရာဇီးလ်ကလပ် Chapecoense အသင်းကို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် CONMEBOL က Copa Sudamericana ဆုဖလား ချီးမြှင့်လိုက်သည်ဟု သိရသည်။

    Chapecoense အသင်းမှာ အဆိုပါ ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲပထမကျော့ ယှဉ်ပြိုင်ရန် ကိုလံဘီယာသို့ သွားရောက်စဉ် ထိုကဲ့သို့ ကံကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး အသင်းသားများ၊ နည်းပြများနှင့် အသင်းဝန်ထမ်း စုစုပေါင်း ၅၀ ကျော် သေဆုံးခဲ့သည်။

    တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်မှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ Chapecoense ကလပ်အသင်းအား ဆုဖလား၊ ဆုဖလားနှင့်ပါဝင်မည့် ဆုကြေး၊ အကျိုခံစားခွင့်များ အားလုံးကို ပေးအပ်သွားမည်ဟု ဖော်ပြထားသည်။

    ထို့ကြောင့် အသင်းမှာ ဆုကြေး ကန်ဒေါ်လာ ၂ သန်းကို ရရှိမည်ဖြစ်ပြီး တောင်အမေရိက ကလပ်အသင်းလောကတွင် ဒုတိယအဆင့်အမြင့်ဆုံး Copa Sudamericana ပြိုင်ပွဲကို နောက်နှစ်တွင် အလိုအလျောက် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

    Chapecoense နှင့် ဗိုလ်လုပွဲကစားရမည့် ကိုလံဘီယာကလပ်အသင်းကလည်း ဆုဖလားအား Chapecoense အသင်းကိုသာ ပေးအပ်ရန် စောစောပိုင်းက တောင်းဆိုခဲ့သည်။

    တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်၏ အဆိုပါဆုံးဖြတ်ချက်ကို ဘောလုံးလောကမှ ကြိုဆိုခဲ့ကြပြီး ကလပ်အသင်းများကလည်း Chapecoense သို့ ဂုဏ်ပြုလွှာများ ပေးပို့ခဲ့ကြသည်။

    Ref: Fuison.net

  • ချယ်ဆီးပွဲလုပ်ရပ်အတွင် မန်စီးတီးကစားသမား ၃ ဦး ပွဲပယ်ခံရ

    ချယ်ဆီးပွဲလုပ်ရပ်အတွင် မန်စီးတီးကစားသမား ၃ ဦး ပွဲပယ်ခံရ

    ဒီဇင်ဘာ ၅၊ ၂၀၁၆
    M-Media

    aguro

    – စနေနေ့က ကစားခဲ့သည့် ချယ်ဆီးနှင့်ပွဲ အပြုအမူများကြောင့် မန်စီးတီးကစားသမား ၃ ဦးကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပွဲပယ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်ဟု သိရသည်။

    ဆာဂျီယို အဂူရို၊ ဖာနန်ဒင်ဟိုနှင့် နီကိုလက်စ် အိုတာမန်ဒီတို့ဖြစ်ပြီး ၄ ပွဲ၊ ၃ ပွဲနှင့် ၁ ပွဲ အသီးသီး ပွဲပယ်ပြစ်ဒဏ်များ ကျခံခဲ့ရခြင်းဖြစ်သည်။

    မန်စီးတီးက ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲ နာကျင်အချိန်ပိုတွင် အဂူရိုမှာ ချယ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်အား ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့ခြင်းအတွက် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ဖာနန်ဒင်ဟိုကလည်း ဖာဘရီဂက်စ်ကို တွန်းထုတ်ခဲ့ခြင်းအတွက် အနီကဒ်ထိခဲ့သည်။

    အိုတာမန်ဒီကမူ ထိုပွဲတွင် အ၀ါကဒ်ထိခဲ့သောကြောင့် အ၀ါ ကဒ် ၅ ကဒ်ရှိလာကာ တစ်ပွဲပယ်ခံရခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပွဲပယ်ပြစ်ဒဏ်များ ချမှတ်သည့်အကြောင်းကို FA က ၎င်းတို့၏ ၀ဘ်ဆိုက်၌ ယနေ့တွင် ဖော်ပြခဲ့သည်။

    အဂူရိုမှာ ယခုနှစ်အတွင်း နှစ်ကြိမ်မြောက် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရခြင်းဖြစ်ပြီး သြဂုတ်လကလည်း ၀က်စ်ဟမ်းမှ ၀စ္စတန် ရီဒ်ကို တံတောင်ဖြင့် တွတ်ခဲ့မှုအတွက် အနီကဒ်ဖြင့် အထုတ်ခံခဲ့ရသည်။

    Ref: Goal

  • ဂျပန်က ဗုံးကြဲခဲ့သည့် ပုလဲဆိပ်ကမ်းသို့ ရှင်ဇိုအာဘေး သွားရောက်မည်

    ဂျပန်က ဗုံးကြဲခဲ့သည့် ပုလဲဆိပ်ကမ်းသို့ ရှင်ဇိုအာဘေး သွားရောက်မည်

    ဒီဇင်ဘာ ၅၊ ၂၀၁၆
    M-Media

    abe

    – လွန်ခဲ့သည့် ၇၅ နှစ်က ဂျပန်တို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပုလဲဆိပ်ကမ်းသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုလနှောင်းပိုင်းတွင် သွားရောက်ရန်ရှိနေပြီး ဒုတိကမ္ဘာစစ်နောက်ပိုင်း ထိုနေရာသို့ သွားရောက်သည့် ပထမဆုံး ဂျပန်ခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။

    တိုတိုက်ခိုက်မှုကြောင့် ဒုတိယကမ္ဘာစစ်အတွင်းသို့ အမေရိကန်က ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး လက်တုန့်ပြန်သည့် အနေဖြင့် ဂျပန်ရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားသို့ နျူဗုံးကြဲချခဲ့သည်။

    အာဘေးကမူ ဒီဇင်ဘာ ၂၆-၂၇ တွင် ဟာဝိုင်ယီသို့ ထိုသို့သွားရောက်မှုမှာ ပစိဖိတ်တွင် ကျဆုံးခဲ့သည့် နှစ်ဖက်စစ်သားများကို သွားရောက် ဂါရ၀ပြုခြင်း ဖြစ်မည်ဟု ပြောကြားခဲ့သည်။

    “ဒီခရီးစဉ်က သေဆုံးသွားသူတွေရဲ့ ၀ိဉာဉ်တွေကို နှစ်သိမ့်ဖို့ပါ။ (နှစ်နိုင်ငံအကြားမှာ) ပြန်လည်ရင်ကြားစေ့ရေး အရေးကြီးပုံနဲ့ ပတ်သက်ပြီး သတင်းစကားကိုလည်း ပေးချင်ပါတယ်” ဟု အာဘေးက ဆိုသည်။

    ပုလဲဆိပ်ကမ်းအား ဂျပန်က တိုက်ခိုက်မှုမှာ ဒီဇင်ဘာ ၇ ရက်နေ့တွင် ၇၅ နှစ် ပြည့်မည်ဖြစ်သည်။

    အမေရိကန်သမ္မတ အိုဘားမားကလည်း ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က နျူဗုံးကြဲခဲ့သည့် ဟီရိုရှီးမားသို့ ပြီးခဲ့သည့် မေလက သွားရောက်ခဲ့ပြီး ထိုတိုက်ခိုက်မှုနောက်ပိုင်း ပထမဆုံးသွားရောက်သည့် အမေရိကန်ခေါင်းဆောင် ဖြစ်ခဲ့သည်။

    အိမ်ဖြူတော်ကမူ အာဘေး၏ ယနေ့ကြေငြာချက်ကို ကြိုဆိုခဲ့ပြီး သေဆုံးသွားသူများကို ဂုဏ်ပြုရန်အတွက် သမ္မတ အိုဘားမားမှာ အာဘေးနှင့်အတူ ပုလဲဆိပ်ကမ်းသို့ သွားရောက်မည်ဟု ကြေငြာခဲ့သည်။

    Ref: Washingtnpost

  • ရခိုင်အရေး မလေးရှားမှာ ဆန္ဒပြပြီး နောက်နေ့တွင် မလေးကာချူပ်က မြန်မာ သမ္မတ၊ ကာချုပ်တို့နှင့်တွေ့ဆုံ

    ရခိုင်အရေး မလေးရှားမှာ ဆန္ဒပြပြီး နောက်နေ့တွင် မလေးကာချူပ်က မြန်မာ သမ္မတ၊ ကာချုပ်တို့နှင့်တွေ့ဆုံ

    ဒီဇင်ဘာ ၅၊ ၂၀၁၆
    M-Media

    malay-2

    – မလေးရှားနိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး တန်ဆရီ ဒါတိုစရီ ဒေါက်တာ ဟာဂျီ ဇွလ်ကီဖလီ ဘင် မိုဟာမက် ဇာအင်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီနေ့မှာ ချစ်ကျည်ရေးခရီး လာရောက်လည်ပတ်ခဲ့ပြီး မြန်သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

    မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နောက်တစ်နေ့မှာပဲ မလေးရှားကာကွယ်ရေးဦးစီးချုပ် ဒီလို ရောက်လာတာဖြစ်ပါတယ်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ သတင်းမှာတော့ ဒီနေ့မနက် ၉ နာရီ နေပြည်တော်က ဇေယျာသီရိဗိမာန် တွေ့ဆုံမှုအတွင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်အရေးကိစ္စတွေဟာ မြန်မာနိုင်ငံက တည်ဆဲဥပေဒနဲ့အညီ လုပ်ဆောင်ဖို့ ကြိုးစားရာမှာ အဲဒီဒေသမှာရှိတဲ့ ဘင်္ဂါလီများအနေနဲ့ ဥပဒေနဲ့အညီ လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့လို့ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

    အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်မှုအပြီးနောက်ပိုင်း စစ်တပ်က ရခိုင်ပြည်နယ်အတွင်း ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ မွတ်စလင်အရပ်သားတွေကိုသတ်ဖြတ်တာ၊ နေအိမ်တွေမီးရှို့တာ၊ အဓမ္မပြုကျင့်တာတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိကြောင်း၊ မိမိတို့အနေနဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး ဥပေဒချိုးဖောက်မှုရှိမယ်ဆိုရင် အရေးယူသွားမယ်လို့ မလေးရှား ကာကွယ်ရေးဦးစီးချုပ်ကို ပြောကြားခဲ့ပါတယ်။

    malay-3

    မနက် ၁၀ နာရီခွဲက နေပြည်တော်သမ္မတအိမ်တော်မှာ သမ္မတဦးထင်ကျော်နဲ့ တွေ့ဆုံမှု အတွင်း နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေးကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

    ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ သမ္မတဦးထင်ကျော်က မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုခံရပြီးနောက်ပိုင်း မိမိတို့အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး သတင်းမှားများပြန့်နှံနေကာ ထိုသတင်းမှားကြောင့် အထင်အမြင်လွဲမှားမှုများ မြင့်တက်နေမှု၊ အစိုးရသစ်က ကိုင်တွယ်ဖြေရှင်းရာတွင် တည်ဆဲဥပဒေများ၊ လူ့အခွင့်အရေးစံနှုန်းများနှင့် အညီ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် စုံစမ်းစစ်ဆေး ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေတဲ့ အခြေအနေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    (Ref and Photo credit – Faceboo pages of Myanmar Pesident Office and တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

  • အင်ဒိုလေဆိပ်တစ်ခု အာရှ၏ အဖြန့်ကျက်နိုင်ဆုံး လေဆိပ်အဖြစ် မှတ်တမ်းဝင်

    အင်ဒိုလေဆိပ်တစ်ခု အာရှ၏ အဖြန့်ကျက်နိုင်ဆုံး လေဆိပ်အဖြစ် မှတ်တမ်းဝင်

    ဒီဇင်ဘာ ၅၊ ၂၀၁၆
    M-Media

    jakatar

    – အင်ဒိုနီးရှားနိုင်ငံရှိ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အာရှပိစိဖိတ်တွင် အဆက်အသွယ် အဖြန့်ကျက်နိုင်ဆုံး လေဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

    ခရီးသွားလာမှုဆိုင်ရာ လေ့လာမှုကုမ္ပဏီ OAG က ပြီးခဲ့သည့် တစ်ပတ်အတွင်း ထုတ်ပြန်ခဲ့သည့် အညွှန်းကိန်း Megahub Index တွင် အာရှရှိ အဖြန့်ကျက်နိုင်ဆုံး ထိပ်တန်းလေဆိပ် ၁၀ ခုစာရင်း၌ ဂျကာတာရှိ Soekarno-Hatta လေဆိပ်မှာ ၅၆၆ ဖြင့် ထိပ်ဆုံး၌ ရှိနေခြင်းဖြစ်သည်။

    ဂျပန်ရှိ Haneda လေဆိပ်ကမူ ၄၁၈ ဖြင့် ဒုတိယရ၊ သြစတေးလျမှ ဆစ်ဒနီလေဆိပ်က ၃၈၉ ဖြင့် တတိယနေရာတွင် အသီးသီး ရှိနေသည်။

    လာမည့် ၅ နှစ်အတွင်း ကန်ဒေါ်လာ ၂၂.၂ ဘီလီယံ အကုန်အကျခံကာ အဓိက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရှိနေခြင်းက ထိုကဲ့သို့ အသိအမှတ်ပြုခံရမှု၏ အကြောင်းအရင်းတစ်ရပ်ဟု Soekarno-Hatta လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုပြုပြင်ပြောင်းလဲမှုမှာ ကြငယ်ငါးပွင့်အဆင့်နှင့် နိုင်ငံတကာ အဓိက transit ပြလုပ်ရာ လေဆိပ်တစ်ခု ဖြစ်လာရန် ရည်ရွယ်ခြင်းဖြစ်သည်။

    လေကြောင်းအဆက်အသွယ် အများဆုံးပြုလုပ်နိုင်သည့် ကမ္ဘာ့ လေဆိပ် ၅၀ စာရင်းတွင် Soekarno-Hatta လေဆိပ်မှာ အဆင့် ၇ နေရာတွင် ရှိနေပြီး၊ လေကြောင်းသွားလာမှု အများဆုံးအချိန်တွင် အဆိုပါ လေဆိပ်မှာ ၆ နာရီအတွင် လေယာဉ်အ၀င်အထွက် အကြိမ်ပေါင်း ၄၀၀၀၀ ကျော်ကို ၀န်ဆောင်မှုပေးရကာ ခရီးသည်များကို ခရီးစဉ်ပေါင်း ၇၁ ခုကို ပို့ဆောင်ပေးရသည်။

    Ref: The Jakartapost