News @ M-Media

Author: Ko Lay

  • အစ္စလာမ်နှင့်ပတ်သက်၍ မဖြစ်မနေသိရမည့် အချက်လေးခု

    အစ္စလာမ်နှင့်ပတ်သက်၍ မဖြစ်မနေသိရမည့် အချက်လေးခု

    ဒီဇင်ဘာ ၅၊ ၂၀၁၆
    M-Media

    je
    ဂျေရုစလင်ရှိ အလ်အက္ကဆွာဗလီကို နောက်ခံထား၍ မွတ်စလင်အမျိုးသမီးနှစ်ဦး ဓာတ်ပုံရိုက်ကူးနေစဉ်

    – ယနေ့ခေတ်မှာ မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေရဲ့ ကိုယ်ကျိုးရှာ လုပ်ရပ်တွေ၊ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ချို့က သူတို့ရဲ့ လူမျိုးရေး ရိုးရာဓလေ့ထုံးတမ်းတွေကို မစွန့်လွှတ်နိုင်မှုတွေကြောင့် အစ္စလာမ်သာသနာအပေါ် စွပ်စွဲပြောဆိုမှုတွေ၊ အထင်အမြင်လွဲမှားမှုတွေဟာ မြင့်တက်လာခဲ့ပါတယ်။

    အစ္စလာမ်သာသနာဟာ မတူကွဲပြားမှုကို သည်းခံမှုမရှိဘူး၊ အမျိုးသမီးတွကို နှိမ်တယ်၊ ဘာသာမတူသူတွေအပေါ် ရန်လိုတယ် စသဖြင့် ပြောဆိုမှုတွေကို နားနဲ့ မဆန့်အောင် ကြားရလေ့ရှိပါတယ်။ ဒါတွေဟာ မွတ်စလင်တွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်တစ်ချို့ကို အပေါ်ယံကြည့် ပြောဆိုတာမျိုး၊ အစ္စလာမ်သာသနာကို တမင်သက်သက် ပုံဖျက်ပြောဆိုတာမျိုးသာ ဖြစ်ပါတယ်။

    ၁။ အမျိုးသမီးတွေကို နှိမ့်ချလား

    အစ္စလာမ်က သတ်မှတ်ထားတဲ့ အိနြေ္ဒသိက္ခာရှိမှု တန်ဖိုးတွေ၊ အစ္စလာမ်ဘာသာကို လိုက်နာကျင့်သုံးကျတဲ့ လူ့အဖွဲ့အစည်းတွေက သူတို့ရဲ့ ယခင်ဓလေ့ထုံးတမ်းဟောင်းတွေကို မစွန့်ပယ်နိုင်တာတွေကို အခြေပြုပြီး အစ္စလာမ်သာသနာက အမျိုးသမီးတွေကို နှိမ့်ချတယ်ဆိုတဲ့ အမြင်က အခြားလူ့အဖွဲ့အစည်းတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

    ဒါပေမယ့် တကယ်တမ်းမှာတော့ အစ္စလာမ်က အမျိုးသမီးတွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးရုံသာမက၊ အစ္စလာမ်သာသနာ တိုးတက်ပြန့်ပွားရေးမှာလည်း အမျိုးသမီးတွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

    အစ္စလာမ်သာသနာကို ပထမဆုံး လက်ခံယုံကြည်သူက အမျိုးသမီးဖြစ်ပြီး တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ရဲ့ ကြင်ယာတော် ခတီဂျာသခင်မ ဖြစ်ပါတယ်။ သခင်ဟာ အာရေဗျမှာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး၊ အဲဒီခေတ်အခါက အမျိုးသားတွေသာ လွှမ်းမိုးတဲ့ ကုန်သွယ်လုပ်ငန်းမှာ နေရာတစ်ခုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်သူပါ။

    သခင်မ သက်တော် ၄၀ မှာ၊ သက်တော် ၂၅ နှစ်အရွယ် မုဟမ္မဒ်သခင်ကို လက်ထပ်ဖို့ ကမ်းလှမ်းခဲ့ပြီး၊ မုဟမ္မဒ်သခင်ရဲ့ ကြင်ယာတော်အဖြစ် တမန်တော်ရဲ့ သာသနာပြုလုပ်ငန်း၊ လူမှုရေးလုပ်ငန်းတွေမှာ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကာ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကိုလည်း ထောက်ပံ့ပေးခဲ့သူ ဖြစ်ပါတယ်။

    အစ္စလာမ်သာသနာဝင်ဖြစ်ပြီးနောက်ပိုင်း သခင်မရဲ့ စီးပွားရေးလုပ်ငန်းကို လွတ်လွတ်လပ်လပ် ဆက်လက်လုပ်ကိုင်နေမှုကို ကြည့်ခြင်းအားဖြင့် အစ္စလာမ်ရဲ့ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ သဘောတရားကို တွေ့မြင်နိုင်ပါတယ်။ မွတ်စလင်အများစုရှိရာ နိုင်ငံတွေက အချို့သော အာဏာရှင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေက အမျိုးသမီးတွေကို အလွန်အမင်း ဖိနှိပ်တာတွေဟာ အစ္စလာမ်ကြောင့်လို့ မှတ်ယူခြင်းက လွဲမှားမှုတစ်ခုပါပဲ။

    တကယ်တော့ အမျိုးသမီးအခွင့်အရေးဟာ အစ္စလာမ်မှာ အဓိကကျတဲ့နေရာက ရှိနေပါတယ်။ လက်ထပ်ထိမ်းမြားတဲ့အခါမှာ အမျိုးသမီးရဲ့ သဘောတူညီချက်ပါမှ အတည်ဖြစ်တာ၊ အတင်းအဓမ္မ ထိမ်းမြားပေးခြင်း မပြုရလို့ တားမြစ်ထားတာ၊ အမျိုးသမီးတွေ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်ရှိတာ၊ အိမ်ထောင်ကွဲသွားတာတောင်မှ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်စရာမလိုတာတွေက အစ္စလာမ်ကပေးထားတဲ့ အမျိုးသမီးအခွင့်အရေးတွေထဲက တစ်ချို့တစ်ဝက် ဖြစ်ပါတယ်။

    တမန်တော်မုဟမ္မသခင်နဲ့ နောက်လိုက်သာဝကကြီးတွေရဲ့ ခေတ်မှာ အမျိုးသမီးတွေ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ စီးပွားရေး လုပ်ခွင့်၊ အုပ်ချုပ်ရေးယန္တယားမှာ ပါဝင်ခွင့် ရခဲ့တာတွေကလည်း အစ္စလာမ်ရဲ့ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ သဘောထားကို ရောင်ပြန်ဟပ်နေပါတယ်။ ဒီနေ့အချိန်အထိ အစ္စလာမ့်ဓမ္မပညာရှင်တွေ လက်ကိုင်ထား ကိုးကားရတဲ့ ဓမ္မသတ်ကျမ်းကြီးတွေကို ရေးသားခဲ့သူ ပညာရှင်အချို့ဟာ အမျိုးသမီး အစ္စလာမ့်ဓမ္မပညာရှင်တွေရဲ့ လက်အောက်မှာ သာသနာ့စာပေတွေကို လေ့လာဆည်းပူးခဲ့တာ ဖြစ်ပါတယ်။

    ၂။ အစ္စလာမ်ထဲ အတင်းသွတ်သွင်းလို့မရ

    အကြမ်းဖက်အဖွဲ့အစည်းတစ်ချို့က အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တာ၊ မသေချင်ရင် အစ္စလာမ်ထဲဝင်ရမယ်လို့ အတင်းအဓမ္မခြိမ်းခြောက်တာတွေကြောင့် အစ္စလာမ်သာသနာက အဓမ္မ သာသနာပြုတယ်ဆိုတဲ့ အပြောမျိုးလည်း ရှိနေပါတယ်။

    ဒါမျိုးဆောင်ရွက်တာဟာ လုံးဝမှားယွင်းကြောင်း ကုရ်အာန်ကျမ်းတော်မြတ် ကဏ္ဍ ၂၊ ပါတော် ၂၅၆ မှာ အတိအလင်း ပြောကြားထားပါတယ်။

    “သာသနာတော်အတွင်းသို့ ၀င်ရောက်ရန်အတွက် အတင်းအဓမ္မ အနိုင့်အထက် အလျင်းမပြုရ”

    တကယ်တော့ အစ္စလာမ့်သာသနာဟာ ချစ်ခြင်း၊ မုန်းခြင်း စတဲ့ စိတ်ခံစားမှုတွေကြောင့် ၀င်ရောက်ခြင်းကို ခွင့်မပြုထားပါဘူး။ သာသနာကို အမှန်တကယ် သိနားလည်ပြီး သာသနာတော်ရဲ့ ဘောင်အတွင်းမှာ နေထိုင်လိုစိတ်ရှိမှသာ ကိုယ်ဆန္ဒနဲ့ကိုယ် ၀င်ရောက်ခွင့် ရရှိတာဖြစ်ပါတယ်။

    အစ္စလာမ့် ဓမ္မသတ်တွေမှာလည်း ဖိအားပေးမှု၊ ရပိုင်ခွင့်နဲ့ဆွယ်မှု စတာတွေကြောင့် သာသနာတော်အတွင်း ၀င်ရောက်မယ့် သူမျိုးကို အစ္စလာမ့်ဓမ္မပညာရှင်တွေအနေနဲ့ သွတ်သွင်းချင်းမပြုဖို့ တားမြစ်ထားပါတယ်။

    ၃။ တစ်ခြားဘာသာတွေကို လေးစားရမယ်

    အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်လာပြီဆိုတာနဲ့ အခြားသော ဘာသာတရားတွေကို လေးစားဖို့၊ မစော်ကားဖို့ဟာ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်း ဖြစ်လာပါပြီ။

    ကုန်အာန်ကျမ်းတော်မြတ်မှာ ဂျူးနဲ့ ခရစ်ယာန်တွေရဲ့ တမန်တော်တွေဖြစ်တဲ့ တမန်တော် မူဆာ (မောရှေ)၊ တမန်တော် အီဆာ (ယေရှုခရစ်)၊ တမန်တော် အီဆာရဲ့ မိခင် မရ်ယမ်သခင်မ (မယ်တော် မေရီ) တို့အပါအ၀င် ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကျမ်းမှာ ဖော်ပြထားတဲ့ တမန်တော်တွေ အမှန်တကယ်တည်ရှိခဲ့ကြောင်း ယုံကြည်ဖို့ တိုက်တွန်းထားပါတယ်။ နောက်ပြီး အဲဒီတမန်တော်ကြီးတွေရဲ့ အကြောင်းတွေနဲ့ နာမတော်တွေ၊ သူတို့အပေါ် ဘုရားခင်က ချပေးတဲ့ ကျမ်းစာတွေ အကြောင်းကိုလည်း ဖော်ပြထားပါတယ်။

    မွတ်စလင်တစ်ယောက်အနေနဲ့ ဒီတမန်တော်ကြီးတွေ၊ ကျမ်းစာတွေ မယုံကြည်တာ၊ နောက်ပြောင်တာ၊ ကျီစယ်တာတွေ လုပ်တာဟာ ကြီးလေးတဲ့အပြစ်ထိုက်ပြီး အစ္စလာမ်သာသနာတော်ရဲ့ ပြင်ပကို ရောက်သွားမယ်လို့လည်း အစ္စလာမ်က အတိအလင်း ကြေငြာထားပါတယ်။

    ၄။ သည်းခံခွင့်လွှတ်မှု

    ယနေ့ အချို့သော မွတ်စလင်လူ့အဖွဲ့အစည်းတွေမှာ သည်းခံမှု၊ ခွင့်လွတ်မှုတွေကို မတွေ့ရပေမယ့် အစ္စလာမ်ကတော့ ဒီအရာတွေကို ကုန်အာန်ကျမ်းတော်မြတ်ကနေတစ်ဆင့် အတိအကျ သတ်မှတ်ပြဌာန်းထားခဲ့ပြီသားပါ။

    “အို- လူခပ်သိမ်းတို့။ မလွဲဧကန် ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်တို့မှ စတင်ဖန်ဆင်းတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည့် အသင်တို့အချင်းချင်း တစ်ဦကိုတစ်ဦး ခွဲခြားသိမြင် မှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး၊ မျိုးနွယ် အသွယ်သွယ်တို့ကို ပြုလုပ်တောမူခဲ့၏။ အသင်တို့အနက် အကျင့်သီလ အစင်ကြယ်ဆုံးသူသည်သာလျှင် အမြင့်မြတ်ဆုံး ဖြစ်တော်မူ၏” (ကုရ်အနာ် ၄၉၊ ၁၃)

    အထက်ပါ ကျမ်းချက်ကတော့ အစ္စလာမ်သာသာရဲ့ လူသားထုအပေါ်ထားရှိတဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေပါတယ်။

    Ref : mic.com

  • တရားမ၀င်နေထိုင်သူများအား နှင်ထုတ်မည့်အစီအစဉ်ကို ကန်တက္ကသိုလ်များ ဆန့်ကျင်မည်

    တရားမ၀င်နေထိုင်သူများအား နှင်ထုတ်မည့်အစီအစဉ်ကို ကန်တက္ကသိုလ်များ ဆန့်ကျင်မည်

    ဒီဇင်ဘာ ၄၊ ၂၀၁၆
    M-Media

    columbi
    နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်

    – ထရမ့်အစိုးရသစ်လက်ထက်တွင် နှင်ထုတ်ခံရနိုင်သည့် အထောက်အထားမဲ့ ပြောင်းရွှေ့အခြေချ ကျောင်းသားများအား ခိုလှုံခွင့်ပေးရန်အတွက် အမေရိကန်ရှိ တက္ကသိုလ်နှင့် ကောလိပ်များက စဉ်းစားနေသည်ဟု သိရသည်။

    မက္ကဆီကန်များ အများအပြားနေထိုင်သည့် နယူးမက္ကဆီကိုပြည်နယ်မှ ကောလိပ်တာဝန်ရှိသူများမှာ နိုင်ငံအတွင်း တရားမ၀င်နေထိုင်ကာ ကျောင်းတက်နေရသည့် ကျောင်းသားများ ဆက်လက်ပညာသင်ယူနိုင်ရေး အာမခံချက်ပေးနိုင်ရန်အတွက် ညှိနှိုင်းမှု ပြုလုပ်သည်။

    ကယ်လီဖိုးနီးယား၊ ဂျော်ဂျီယာ၊ အီလီနွိုက်စ်၊ မင်နီဆိုတာ၊ တက္ကဆက်ပြည်နယ်မှ တက်ကြွလှုပ်ရှားသူများကလည်း အဆိုပါ ပြောင်းရွှေ့အခြေချ ကျောင်းသားများအား ခိုလှုံခွင့်ပေးရန် ပြည်နယ်ပိုင်နှင့် ပုဂ္ဂလိကပိုင် တက္ကသိုလ်များကို ဖိအားပေးနေသည်။

    အီလီနွိုက်စ် တက္ကသိုလ်မှ ကျောင်းသားများနှင့် ပါမောက္ခများကမူ ၎င်းတို့တက္ကသိုလ်အား အထောက်အထားမဲ့ ကျောင်းသားများအတွက် ခိုလှုံရာနေရာအဖြစ် ပြုလုပ်ပေးရေး အသနားခံစာများကို ဖြန့်ဝေနေပြီး ချီကာဂိုမှ အုပ်စုတစ်ခုက လက်မှတ်ပေါင်း ၁၇၀၀ ရရှိခဲ့ကာ တက္ကသိုလ်တာဝန်ရှိသူများထံ ပေးပို့ခဲ့သည်။

    နီးဗားဒါးပြည်နယ်ရှိ ပညာရေး ပရဟိတအသင်းကလည်း ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ ခိုလှုံရာနေရာအဖြစ် ကြေငြာရန် တိုက်တွန်းအားပေးနေသည်။

    ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံအတွင်း တရားမ၀င်နေထိုင်ကာ ကျောင်းတက်နေသည့် ပြောင်းရွှေ့အခြေချသူများအား ယာယီနေထိုင်ခွင့် ပေးထားသည့် ဥပဒေကဲ့သို့ အာဏာတည်သော သမ္မတအမိန့်ကို ပယ်ဖျက်မည်ဟု ကတိပြုထားပြီး၊ တရားမ၀င်နေထိုင်သူများကို နှင်ထုတ်ကာ၊ ၎င်းတို့ကို ထောက်ပံ့ပေးထားသည့် နိုင်ငံတော် ဘက်ဂျက်များကိုလည်း ဖြတ်တောက်ပစ်မည်ဟု ပြောဆိုထားသည်။

    သို့သော်လည်း တက္ကသိုလ်များက ခိုလှုံခွင့် ပေးထားမှုအတွက် မည်သည့် ပြောကြားမှုမှ မရှိခဲ့ပေ။

    နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်ကလည်း ၎င်းတို့အနေဖြင့် ပြောင်းရွှေ့အခြေချသူ ကျောင်းသာများအတွက် ခိုလှုံခွင့်နှင့် ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးသွားမည်ဟု မကြာသေးမီက ကြေငြာခဲ့သည်။

    Ref: Aljazeera

  • ကက်စထရို၏ အရိုးပြာကို ၎င်း၏ တော်လှန်ရေး အစပြုရာမြို့တွင် မြှုပ်နှံ

    ကက်စထရို၏ အရိုးပြာကို ၎င်း၏ တော်လှန်ရေး အစပြုရာမြို့တွင် မြှုပ်နှံ

    ဒီဇင်ဘာ ၄၊ ၂၀၁၆
    M-Media

    fidel

    – ကျူးဘားအား အမေရိကန်၏ အမြတ်ထုတ်ခံ နိုင်ငံအဖြစ်မှ လွတ်မြောက်စေခဲ့သူ သမ္မတဟောင်း ဖီဒဲလ် ကက်စထရို၏ အရိုးပြာကို ယနေ့တွင် နိုင်ငံအရှေ့တောင်ပိုင်း ဆန်တီယေဂိုမြို့တွင် မြှုပ်နှံခဲ့သည်ဟု သိရသည်။

    ဖီဒဲလ်ကက်စထရိုမှာ နိုင်ငံအား ရာစုနှစ် ထက်ဝက်ကြာ အုပ်စိုးခဲ့သူဖြစ်ပြီး အသက် ၉၀ အရွယ် ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အောက်မေ့ဖွယ်နေ့ကို ၉ ရက်တာ ကျင်းပခဲ့ပြီးနောက် ယနေ့တွင် အရိုးပြာ မြှုပ်နှံခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

    ဈာပနအခမ်အနားကို မြို့တော် ဟာဗာနားတွင် ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူသန်းချီ တက်ရောက်ခဲ့ကြသည်။ ယနေ့ပြုလုပ်သည့် အရိုးပြာ မြှုပ်နှံမှုမှာ မိသားစုများသာ ပါဝင်သည့် သီးသန့်အခမ်းအနား ဖြစ်သည်။ ဖီဒဲလ်၏ အရိုးပြာကို တိုင်းပြည်ဟု လွတ်လပ်ရေးခေါင်းဆောင် ဂျိုဆေး မာတီ၏ အုပ်ဂူအနီးတွင် မြှုပ်နှံခဲ့သည်။

    အရိုးပြာ သယ်ဆောင်လာသည့် ယာဉ်တန်းကို ကျူးဘားပြညသ်ူများက လမ်းတစ်လျှောက် စီတန်း ဂါရ၀ပြုခဲ့ကြပြီး ‘ဖီဒဲလ် ထာဝရှင်သန်ပါစေ’ ဟု ကြွေးကြော်ခဲ့ကြသည်။

    ဆန်တီယေဂိုမြို့မှာ ကက်စထရိုခေါင်းဆောင်သည့် ကျူးဘားတော်လှန်ရေး အစပြုရာနေရာဖြစ်ပြီး အမေရိကန်ကျောထောက်နောက်ခံပြု ဘာတစ္စတာအစိုးရလက်ထက် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့မှာ ဆန်တီယေဂိုရှိ မွန်ကားဒါး စစ်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

    Ref: Aljazeera

  • အိမ်ကွင်းအရှုံးနဲ့မြန်မာ ဗိုလ်လုပွဲရောက်ဖို့ ရုန်းကန်ရတော့မည်

    အိမ်ကွင်းအရှုံးနဲ့မြန်မာ ဗိုလ်လုပွဲရောက်ဖို့ ရုန်းကန်ရတော့မည်

    ဒီဇင်ဘာ ၄၊ ၂၀၁၆
    M-Media

    suzuki

    – AFF ဆူဇီကီးဖလား ဆီးမီးဖိုနယ် ပထမအကျော့အဖြစ် ဒီနေ့ညနေ သုဝဏ္ဍကွင်းမှာ ကစားတဲ့ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ပွဲမှာတော့ ထိုင်းအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

    ပွဲအစကတည်းက ထိုင်းအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာရဖို့ ကြိုးစားခဲ့ပြီး ၉ မိနစ်မှာ မြန်မာအသင်းရဲ့ တိုက်စစ်ဆင်မှုကနေ ကောင်းဆက်နိုင် ကန်သွင်းခွင့်ရခဲ့ပေမယ့် ထိုင်းဂိုးသမား ဖမ်းမိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းက ပွဲကို ထိန်းကစားသွားခဲ့ပြီး ၂၃ မိနစ်မှာ နံပါတ် ၁၀ တီရာစီလ် ဒန်ဒါ အဖွင့်ဂိုးမသွင်းခင် ၂ ကြိမ်လောက် အပိုင်ဂိုးသွင့်ခွင့် ရခဲ့ပါသေးတယ်။

    ၃၇ မိနစ်မှာ မောင်မောင်လွင်ရဲ့ အပိုင်ပိတ်သွင်းမှု လူကျွံနေတာကြောင့် အိမ်ရှင်မြန်မာတို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ထိုင်းသာ ဘောလုံးပိုင်ဆိုင်မှု ပိုများခဲ့ပြီး ၅၅ မိနစ်မှာ ဒန်ဒါကပဲ ဂိုးစည်းထိပ်ကနေ ဘယ်ခြေနဲ့ လှလှပပကန်သွင်းကာ ဒုတိယဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

    ဒုတိယဂိုးပေးလိုက်ရပြီးနောက်ပိုင်း မြန်မာအသင်းက အချိတ်အဆက်မိမိနဲ့ ထိုင်းဘက်ကို ပိုပြီး ထိုးဖောက်လာနိုင်ကာ သန်းပိုင်၊ အောင်သူတို့ရဲ့ ကန်သွင်းချက်ကို ထိုင်းဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ထိုင်းကတော့ နောက်ပိုင်းမှာ အဝေးကန်ချက်တွေနဲ့ဘဲ ဂိုးထပ်ရဖို့ ကြိုးစားခဲ့ပြီး မြန်မာဂိုးသမား ကျော်ဇင်ဖြိုး အပိုင် ၂ လုံးလောက်ကို ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်။

    ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဒီဇင်ဘာ ၈ ရက်နေ့ ဘန်ကောက်မြို့က ရာဇမင်္ဂလာ အားကစားကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မြန်မာအသင်းဟာ ဗိုလ်လုပွဲတက်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

  • ဂါဇာ-အီဂျစ် လျှို့ဝှက်လှိုဏ်ခေါင်းပြိုကျ၍ ပါလက်စတိုင်း ၄ ဦး သေဆုံး

    ဂါဇာ-အီဂျစ် လျှို့ဝှက်လှိုဏ်ခေါင်းပြိုကျ၍ ပါလက်စတိုင်း ၄ ဦး သေဆုံး

    ဒီဇင်ဘာ ၄၊ ၂၀၁၆
    M-Media

    gaza

    – အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်နှင့် အီဂျစ်တို့ကို သွယ်တန်းထားသော မြေအောက်လှိုဏ်ခေါင်းတစ်ခု ပြိုကျမှုကြောင့် ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အစ္စရေးနှင့် အီဂျစ်တို့က ပိတ်ဆို့ထားမှုကြောင့် အတိဒုက္ခရောက်နေကြသည့် ဂါဇာပြည်သူများမှာ ဂါဇာနှင့် အီဂျစ်ရှိ ဆိုင်းနိုင်းကျွန်းဆွယ်တို့အကြား လျှို့ဝှက်ဖောက်လုပ်ထားသည့် မြေအောက်လှိုင်ခါင်းများမှ တင်သွင်းသော ပစ္စည်းများဖြင့် အသက်ဆက်နေရခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သော အဆိုပါ လှိုဏ်ခေါင်းပြိုကျမှုမှာ ရေလျှံမှုကြောင့်ဖြစ်ပြီး လူ ၄ ဦး ပျောက်ဆုံးခဲ့ပြီးနောက် ၃ ဦး၏ အလောင်းကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။ ကျန်ရှိသည့် တစ်ဦးကိုမူ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

    ယခုနှစ်အစပိုင်းကတည်းက အဆိုပါ လျှို့ဝှက်လှိုဏ်ခေါင်းများ ပြိုကျမှုကြောင့် ပါလက်စတိုင်းပြည်သူများ အသက်ဆုံးရှုံးခဲ့ရသည်။

    ၂၀၁၄ ခုနှစ် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် အလ် စီစီလက်ထက်မှစ၍ အဆိုပါလှိုဏ်ခေါင်းများကို ဖြိုချဖျက်ဆီးမှုများ ပိုမို ပြုလုပ်လာခဲ့ပြီး ရေဆိုးများ၊ လှိုဏ်ခေါင်အတွင်းဖြည့်ကာ ဖြိုချခြင်းဖြစ်သည်။

    ၎င်းအာဏာမရခင်အချိန်က အီဂျစ်နှင့် ဂါဇာတို့ကို ဆက်သွယ်ထားသော အဆိုပါ လျှို့ဝှက်လှိုဏ်ခေါင်းများမှာ ၁၈၀၀ အထိရှိခဲ့ပြီး ပါလက်စတိုင်းပြည်သူများအနေဖြင့် အခြေခံလိုအပ်ချက်ဖြစ်သော အစားအသောက်၊ ရေသန့် ဆေးဝါး၊ အ၀တ်အထည်နှင့် ကားအစိတ်အပိုင်းများကို အဆိုပါလှိုဏ်ခေါင်းများမှ တင်သွင်းကာ အသက်ဆက်နေရခြင်းဖြစ်သည်။

    Ref: Aljazeera