News @ M-Media

Author: Ko Lay

  • တရုတ်က တိုက်တန်းနစ်သင်္ဘောပုံတူ တည်ဆောက်နေ

    တရုတ်က တိုက်တန်းနစ်သင်္ဘောပုံတူ တည်ဆောက်နေ

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    titanic

    – အများပြည်သူများ အပန်းဖြေနားနေရာတစ်ခုတွင် အလှထားရှိရန်အတွက် တရုတ်နိုင်ငံမှာ ကမ္ဘာကျော် တိုက်တန်းနစ်သင်္ဘော၏ အရွယ်အစားအတိုင်း ပုံတူသင်္ဘောတစ်စီးကို တည်ဆောက်နေသည်ဟု သိရသည်။

    ၂၆၉ မီတာ ရှည်လျားမည့် အဆိုပါ တိုက်တန်းနစ်သင်္ဘော ပုံတူကို ကြာသာပတေးနေ့က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆီချွမ်ပြည်နယ် ကျေးလက်ဒေသမှ အပန်းဖြေအနားယူရာ နေရာတစ်ခုရှိ ရေကန်ထဲတွင် ထားရှိသွားမည်ဖြစ်သည်။

    အဆိုပါ ပုံတူသင်္ဘောတွင် ကပွဲခန်းမ၊ ပြဇာတ်ရုံ၊ ရေကူးကန်၊ ပထမတန်း အိပ်ဆောင်များ အပါအ၀င် တိုက်တန်းနစ် သင်္ဘောအစစ်တွင် ပါဝင်ခဲ့သည့် အတွင်းပိုင်း ပုံစံအားလုံးကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။ ထို့ပြင် သင်္ဘောပေါ်တွင် ၀ိုင်ဖိုင်လည်း အသုံးပြု၍ ရမည်ဖြစ်ကာ အပန်းဖြေနေရာ၏ အဓိက ပြယုဂ် ဖြစ်လာမည်ဖြစ်သည်။

    ယွမ် ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၁၅ သန်း) အကုန်အကျခံတည်ဆောက်မည့် အဆိုပါ အစီအစဉ်ကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ကြေငြာခဲ့ခြင်းဖြစ်သည်။

    titanic-2
    တိုက်တန်းနစ်သင်္ဘောပုံတူ ထားမည့် စီချွမ်ပြည်နယ်မှာ အပန်းဖြေဥယျဉ် ပုံစံငယ်

    သူခေတ်သူ့အခါက ကမ္ဘာ့အကြီးဆုံးနှင့် အန္တရာယ်အကင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် တိုက်တန်းနစ်သင်္ဘောအစစ်ကို အင်္ဂလန်နိုင်ငံ ဘဲလ်ဖက်စ်မြို့တွင် Harland and Wolff ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၁၂ ခု ဆောက်သက်တမ်မှ နယူးယောက်သို့ ပထမဆုံး ခရီးစဉ်မှာပင် အတ္တလန်တိတ်သမုဒ္ဒရာ၌ ရေခဲတောင်ဖြင့်တိုက်မိ၍ နစ်မြုပ်ခဲ့ကာ လူ ၁၅၀၀ ကျော် သေဆုံးခဲ့သည်။

    ၁၉၉၇ ခုနှစ်က ထိုအဖြစ်အပျက်ကို ဟောလီးဝုဒ်က မင်းသား လီယိုနာဒို ဒီကာပရီယို၊ မင်းသမီး ကိတ်ဝင်းစလက်တို့ဖြင့် ရိုက်ကူးခဲ့ပြီး တရုတ်နိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်း၌ အောင်မြင်ခဲ့သည်။ အဆိုပါ ဇာတ်ကား ရိုက်ကူးခဲ့စဉ်က ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်းမှာ မူလသင်္ဘောနှင့် ၉၀ ရာခိုင်နှုန်းတူညီသည့် သင်္ဘောပုံတူကို တည်ဆောက်ကာ ရိုက်ကွင်းအတွက် အသုံးချခဲ့သည်။

    titanic-3
    တရုတ်နိုင်ငံမှ တိုက်တန်းနစ်သင်္ဘောပုံတူ ဆောက်လုပ်ရေး လုပ်ငန်းခွင်

    ၂၀၁၂ ခုနှစ်က သြစတေးလျဘီလျံနာ ကလိုက်ဗ် ပါလ်မာက ရာနှုန်းပြည့်ပုံတူတစ်စီး ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း အထ မေမြောက်ခဲ့ပေ။

    တရုတ်နိုင်ငံတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးလာခဲ့ပြီး အစိုးရကိုယ်တိုင်က အဆိုပါလုပ်ငန်းကို မြှင့်တင်ပေးနေခြင်းဖြစ်သည်။

    Ref: BBC

    titanic-4
    ၁၉၁၂ ခုနှစ်တွင် အတ္တလန်တိတ် သမုဒ္ဒရာ၌ နစ်မြုပ်ခဲ့သည့် တိုက်တန်းနစ် သင်္ဘော အစစ်
  • မလေးရှားမှ တရားမ၀င်ကလေးရာင်းချမှုလုပ်ငန်းအတွက် ဖမ်းဆီးမှု စတင်

    မလေးရှားမှ တရားမ၀င်ကလေးရာင်းချမှုလုပ်ငန်းအတွက် ဖမ်းဆီးမှု စတင်

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    baby-2

    – မလေးရှားတွင် မွေးကင်းစကလေးများ ရောင်းချနေသည့် တရားမ၀င်ဈေးကွက်အကြောင်းကို အလ်ဂျာဇီးရား သတင်းဌာနက ဖော်ထုတ်ခဲ့ပြီးနောက် ထိုလုပ်ငန်းတွင် ပါဝင်သည်ဟု သံသယရှိသူ ၃ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးတို့ဖြစ်ကြပြီး ကွာလာလမ်ပူ ဆင်ခြေဖုံးရှိ ဆေးခန်းများ၊ နေအိမ်များကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ အလ်ဂျာဇီးရား လျှို့ဝှက်သတင်းထောက်များ၏ စုံစမ်းမှုဖြင့် 101 East အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည့် မလေးရှားမှ မှောင်ခိုကလေးဈေးကွက် မှတ်တမ်းတွင် ပါဝင်ခဲ့သူ အမျိုးသမီးလည်းဖြစ်သည်။ အခြား ၂ ဦးမှာ ထိုအမျိုးသမီး၏ သားနှင့် ပုဂ္ဂလိကဆေးခန်းတွင် အလုပ်လုပ်နေသူ ဆေးဘက်ဆိုင်ရာ အကူတစ်ဦး ဖြစ်သည်။

    မလေးရှား တော်ဝင် ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာနမှ တာဝန်ရှိသူ ရိုဟိုင်မီ မိုဟာမက် အီဆာကမူ ၎င်းတို့ ၃ ဦးအား လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပြောင်းရွှေ့အခြေသူများအား ကုန်ကူးမှု တိုက်ဖျက်ရေး အက်ဥပဒေများဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

    “စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆိုပြီး မွေးကင်းစကလေးငယ်များအား ရောင်းဝယ်မှုတွင် ပါဝင်သူများကို ထပ်မံဖမ်းဆီးရန်ရှိနေသည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

    အလ်ဂျာဇီးရားမှ ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်လွှင်ခဲ့သည့် မလေးရှားမှ ကလေးငယ် တရားမ၀င်ဈေးကွက်အကြောင်းတွင် မွေးကင်းစကလေးငယ်တစ်ဦးကို ကန်ဒေါ်လာ ၄၀၀ မှ ၇၅၀၀ အထိ ဈေးပေါက်ပြီး ဆရာဝန်များနှင့် လူကုန်ကူးသူများပေါင်းက ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့သည့် အမျိုးသမီးကမူ ၎င်းအနေဖြင့် မလေးရှားနိုင်ငံတစ်ဝှမ်းတွင် ကိုယ်ဝန်ဆောင် အင်ဒိုနီးရှားအမျိုးသမီး ၇၈ ဦးကို ထာဝန်ယူထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

    ဘွန်ဒါဟုဆိုသည့် ထိုအမျိုသမီးက ၎င်းမှာ ကိုယ်ဝန်ဆောင် အင်ဒိုနီးရှားအမျိုးသမီးများ၏ ဓာတ်ပုံ ကက်တလောက်ကို ၀ယ်ယူမည့်သူများထံသို့ ပေးပို့ကာ ရွေးချယ်စေပြီး ကလေးတစ်ဦးလျှင် ကန်ဒေါ်လာ ၁၅၀၀ ခန့် ဈေးခေါ်သည်ဟု ပြောကြားခဲ့သည်။ ထိုသို့ရောင်းချမှုတွင် မွေးဖွားသည့်မိခင်များအနေဖြင့် ၎င်းတို့၏ကလေးကို နောက်ပိုင်းတွင် ပြန်မရှာဟူသော ကတိ ပေးရသည်ဟုလည်း ဆိုသည်။

    ဘွန်ဒါကမူ ၎င်းအနေဖြင့် ထိုအလုပ်အတွက် အင်ဒိုနီးရှားအမျိုးသမီး ၁၀၀၀ ကျော်နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ဖူးပြီး မည်သည့်ပြဿနာမှ မရှိခဲ့ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • အာဖရိကမှ သမိုင်းဝင် လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်အကြောင်း တစေ့တစောင်း

    အာဖရိကမှ သမိုင်းဝင် လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်အကြောင်း တစေ့တစောင်း

    ဒီဇင်ဘာ ၁၊ ၂၀၁၆

    M-Media

    a-1
    ဂါနာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်

    – သက္ကရာဇ် ၁၄၀၀ ပြည့်နှစ်လောက်မှာ တည်ဆောက်ခဲ့တဲ့ ဒီဗလီဝတ်ကျောင်းတော်ကို လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်လို့ခေါ်ပြီး ဂါနာနိုင်ငံမှာ တည်ရှိတာဖြစ်ပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်ဟာ ဂါနာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး အနောက်အာဖရိမှာတော့ အရေးပါတဲ့ သမိုင်းဆိုင်ရာ နေရာတစ်ခု ဖြစ်ပါတယ်။ ဒီဗလီကို သက္ကရာဇ် ၁၄၀၀ ပြည့်နှစ်တွေက မဒီနာကနေ ရောက်ရှိလာတဲ့ အိုက်ယူဘာ အလ်-အန်ဆာရီက ဆောက်လုပ်ခဲ့တာပါ။

    ရွှံ့နဲ့ဆောက်လုပ်ထားတဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ ပူပြင်းလှတဲ့ အာဖရိက အပူန်ချိန်ကို အံ့တုကာ အေးမြမှုပေးနိုင်ပြီး၊ အဆောက်အဦးခိုင်ခံဖို့အတွက်တော့ ဒေသထွက် သစ်ပင်တွေရဲ့ပင်စည်ကို အသုံးပြုထားပါတယ်။ ဒီပင်စည်တွေဟာ အင်မတန်မာကျောပြီး ခေါက်ကြည့်လိုက်တဲ့အခါမှာ သတ္တုလိုအသံမျိုး ထွက်ပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်မှာ ယနေ့အချိန်အထိ နေ့စဉ် ၅ ကြိမ်ဝတ်ပြုမှုနဲ့၊ တစ်ပတ်တစ်ခါ သောကြာဝတ်ပြုမှုတွေကို ပြုလုပ်နေဆဲဖြစ်ပြီး ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းမှာတော့ ၀တ်ပြုသူ အမျိုးသား၊ အမျိုးသမီး ၁၀၀ ကျော်လောက်သာ ဆန့်ပါတယ်။ ကျန်တဲ့သူ အများစုကတော့ ဗလီဝတ်ကျောင်းတော်ဝန်းကျင်မှာ ၀တ်ပြုရတာပါ။

    ဗလီဝတ်ကျောင်းတော်ကိုဆောက်လုပ်တဲ့ အိုက်ယူဘာ အလ်-အန်ဆာရီကို ဒီဗလီဝတ်ကျောင်းတော်မှာပဲ မြှုပ်နှံခဲ့ပြီး သူ့ကို မြှုပ်နှံထားတဲ့နေရာမှာ သစ်ပင်ကြီးတစ်ပင်ကို ယခုထက်တိုင် တွေ့နိုင်ပါသေးတယ်။ အလ်-အန်ဆာရီဟာ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ရဲ့ မိခင်အမျိုးအနွယ်ဖြစ်တဲ့ ဘနူ အလ်-နက်ဂျာရ် မျိုးနွယ်ကနေ ဆင်းသက်လာတယ်လို့ ပြောစမှတ် ရှိကြပါတယ်။

    a-9
    ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ခဲ့သည့် အလ်-အန်ဆာရီ တရားထိုင်ရာ နေရာ

    အလ်-အန်ဆာရီကို မြှုပ်နှံထားတဲ့နေရာမှာ ပေါက်နေတဲ့ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ သစ်ပင်က သစ်ရွက်နဲ့ အသီးတွေကို နှစ်စဉ်နှစ်တိုင်း ဒေသခံတွေက ခူးဆွတ်ကာ မျှဝေယူငင်ကြပြီး ငြိမ်းချမ်းမှု၊ သဟာဇတဖြစ်မှု၊ ညီရင်းအစ်ကိုစိတ်ဓာတ်ရင့်သန်မှု စတာတွေ တိုးပွားစေလိုတဲ့ အထိမ်းအမှတ်နဲ့ ဆောင်ရွက်ကြတာပါ။

    မိုးရာသီရောက်တိုင်း လာရာဘန်ဂါက ဒေသခံတွေဟာ ဗလီတ်ဝကျောင်းတော်ကို ရွံ့တွေနဲ့ ပြန်ကျံရပြီး ဆေးပြန်သုတ်ကြရပါတယ်။

    ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုမှုကို ဦးဆောင်ရတဲ့ ရှေ့ဆောင်အီမာမ်ရဲ့အမည်ဟာ အိုစမန် ဆူလိုင်မန်ဖြစ်ပြီး လာရာဘန်ဂါ ဒေသတစ်ခုလုံးမှာ ဘာသာရေးဆိုင်ရာ လမ်းညွှန်မှုပေးတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    a-6
    ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ခဲ့သည့် အလ်-အန်ဆာရီကို မြှုပ်နှံထားရာနေရာတွင် ပေါက်နေသည့် သစ်ပင်

    ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင်အီမာမ် ၀တ်ပြုရာနေရာရဲ့ အပေါ်မှာ အခန်းလေးတစ်ခု ရှိနေပြီး ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ခဲ့သူ အလ်-အန်ဆာရီ တစ်ယောက်တည်း ကုရ်အာန်ဖတ်ခြင်း၊ တရားထိုင်ခြင်းနဲ့ ၀တ်ပြုခြင်းတို့ ပြုလုပ်တဲ့ အခန်းလေး ဖြစ်ပါတယ်။

    a-3
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ အတွင်းပိုင်း
    a-8
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်အီမာမ် အိုစမန် ဆူလိုင်မန် (၀ဲဘက်မှ ဒုတိယမြောက်)
    a-4
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ အတွင်းပိုင်း
    a-5
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ အတွင်းပိုင်း
    a-2
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ ၀င်ပေါက်
    a-7
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ အပြင်ပိုင်း

    Ref: ilmfeed.com

  • ပါလက်စတိုင်းပြည်သူများအတွက် ဆော်ဒီက ဒေါ်လာ ၆၇ သန်း ထောက်ပံ့

    ပါလက်စတိုင်းပြည်သူများအတွက် ဆော်ဒီက ဒေါ်လာ ၆၇ သန်း ထောက်ပံ့

    ဒီဇင်ဘာ ၁၊ ၂၀၁၆
    M-Media

    unrwa

    – အစ္စရေးက ပိတ်ဆို့ထားမှု၊ ပိုင်နက် ကျူးကျော်သိမ်းပိုက်မှုများကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်းပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနေသည့် ကုလ၏ UNRWA မှ စီမံကိန်းများအတွက် ဆော်ဒီက ကန်ဒေါ်လာ ၆၇ သန်း ထောက်ပံ့ခဲ့သည်ဟု သိရသည်။

    ဆော်ဒီ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ (SFD) မှတဆင့် UNRWA မှ ကော်မရှင်နာမင်းကြီး ပီယာရီ ကရာဟန်ဘူလ်နှင့် တနင်္လာနေ့က သေဘာတူညီချက်ကို ၃ ခုကို လက်မှတ်ရေးထိုးကာ ကူညီခဲ့ခြင်းဖြစ်ပြီး ဂါဇာ၊ အနောက်ဘက်ကမ်းနှင့် ဂျော်ဒန်တို့ရှိ ပါလက်စတိုင်းပြည်သူများအတွက် အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် သုံးစွဲရန်ဖြစ်သည်။

    ပထမသဘောတူညီချက်အရ ဂါဇာတွင် နေစရာနေရာများ ပြန်လည်ဆောက်လုပ်ရေးအပါအ၀င် ဆက်လက်ဆောင်ရွက်နေဆဲ စီမံကိန်းများအတွက် ကန်ဒေါ်လာ ၂၈ သန်း ပေးအပ်ခဲ့ပြီး ဒုတိယသဘောတူညီချက်အရ အနောက်ဘက်ကမ်းတွင် ကျန်းမာရေးဌာနများနှင့် ကျောင်းများကို ပြန်လည်တည်ဆောက်ရေးနှင့် ပြုပြင်မွမ်းမံရေးအပြင် အခြားသော ဆောင်ရွက်နေဆဲစီမံကိန်းများစွာကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကန်ဒေါ်လာ ၃၂ သန်း ပေးအပ်ခဲ့သည်။

    ဒေါ်လာ ၇ သန်းတန် တတိယသဘောတူညီချက်အရ ဂျော်ဒန်တွင် ကျန်းမာရေးစင်တာနှစ်ခုနှင့် ကျောင်းတစ်ကျောင်း ပြန်လည်တည်ဆောက်ရေး၊ ပြုပြင်မွမ်းမံရေးနှင့် ပစ္စည်းကိရိယာများတပ်ဆင်ရေးတို့တွင် အသုံးချမည် ဖြစ်သည်။

    ဆော်ဒီသည် UNRWA အကြံပေးကော်မရှင်၏ အဖိုးတန်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ကော်မရှင်မှာ UNRWA ၏ လုပ်ငန်းများအတွက် ၂၀၀၅ ခုနှစ်မှစ၍ အကြံပေးမှုများ ကူညီမှုများ ပြုလုပ်ခဲ့သည်။

    Ref : IINA

  • ဗလီများကို ခြိမ်းခြောက်စာပို့မှု ကန်ရဲတပ်ဖွဲ့ စုံစမ်းနေပြီး ဗလီအချို့ကို လုံခြုံရေးပေးထား

    ဗလီများကို ခြိမ်းခြောက်စာပို့မှု ကန်ရဲတပ်ဖွဲ့ စုံစမ်းနေပြီး ဗလီအချို့ကို လုံခြုံရေးပေးထား

    ဒီဇင်ဘာ ၁၊ ၂၀၁၆
    M-Media

    mosque

    – ဂျူများကို သတ်ဖြတ်သကဲ့သို့ မွတ်စလင်များကို လူမျိုးသုဉ်းသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကာ နိုင်ငံအတွင်းမှ ထွက်သွားရန် တိုက်တွန်းထားသည့် ခြိမ်းခြောက်စာများ ရရှိထားသော အမေရိကန်မှ ဗလီဝတ်ကျောင်းတော်များကို ရဲတပ်ဖွဲ့က လုံခြုံရေးပေးကာ စောင့်ကြပ်နေပြီး ခြိမ်းခြောက်မှုနှင့်ပတ်သက်၍လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    အိုဟိုင်းယိုး၊ မီချီဂန်၊ ရိုဒီ အိုင်းလန်း၊ အင်ဒီယားနား၊ ကိုလိုရာဒိုနှင့် ဂျော်ဂျီယာပြည်နယ်များရှိ ဗလီဝတ်ကျောင်းတော်များထံ ပေးပို့ခဲ့သည့် အဆိုပါခြိမ်းခြောက်စာတွင် သမ္မသစ် ဒေါ်နယ်ထရမ့်မှာ အမေရိကန်ကို သန့်ရှင်းမည်ဖြစ်ပြီး မွတ်စလင်များနှင့် စတင်မည်ဖြစ်ကြောင်း၊ ဟစ်တလာက ဂျူးများကို သတ်ဖြတ်ကဲ့သို့ ထရမ့်ကလည်း မွတ်စလင်များကို သတ်ဖြတ်မည်ဖြစ်ကြောင်း၊ မွတ်စလင်များအနေဖြင့် အထုတ်ထုပ်ကာ တိုင်းပြည်မှ ထွက်သွားခြင်းကသာ အမျှော်အမြင်ကြီးသည့် လုပ်ရပ်ဖြစ်ကြောင်း ရေးသားထားသည်။

    အဆိုပါ စာမှာ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှ စတင်ပြန့်နှံ့ခဲ့ခြင်းဖြစ်ပြီး လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့ကမူ ထိုလုပ်ရပ်ကို အမုန်းဖြန့်ဝေမှုလုပ်ရပ်အဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း သီးသန့်ခြိမ်းခြောက်မှုမျိုးမရှိ၍ ရာဇ၀တ်မှုမမြောက်ဟု ပြောကြားခဲ့သည်။

    အမေရိကရှိ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းအဖြစ်သော အမေရိကန်-အစ္စလာမ် ဆက်ဆံရေး ကောင်စီကလည်း ထိုအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန် FBI ကို တောင်းဆိုထားသည်။

    ရိုဒီအိုင်းလန်းရှိ ပရိုဗီဒန့်စ်မြို့မှ ရဲတပ်ဖွဲ့က မိမိတို့အနေဖြင့် ခြိမ်းခြောက်စာ ရရှိခဲ့သည့် အလ်-ကရင်မ် ဗလီဝတ်ကျောင်းတော်ကို လှည့်ည်စောင့်ကြပ်မှုများ တိုးမြှင့်ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    FBI ကမူ အဆိုပါခြိမ်းခြောက်မှုမှာ ဆိုးရွားပြီး လှုံ့ဆော်သော ဆောင်ရွက်ချက်ဖြစ်သော်လည်း အမုန်းရာဇ၀တ်မှုအဖြစ် ယူဆ၍မရကြောင်း၊ မိမိတို့အနေဖြင့် အခြအနေကို စောင့်ကြည့်နေပြီး ထိုကဲ့သို့ ဖြစ်အပျက်များ ဖြစ်လာပါက သတင်းပို့ရန် တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera