News @ M-Media
Author: Ko Lay
  • ပါလက်စတိုင်းအပေါ် အစ္စရေး၏ ကျူးလွန်မှုများကို အိန္ဒိယ တက်ကြွလှုပ်ရှားသူများ ရှုတ်ချ
    ပါလက်စတိုင်းအပေါ် အစ္စရေး၏ ကျူးလွန်မှုများကို အိန္ဒိယ တက်ကြွလှုပ်ရှားသူများ ရှုတ်ချ
    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    pales
    – အစ္စရေးသမ္မတ ရူဗန် ရစ်ဗလင် အိန္ဒိယသို့ တစ်ပတ်တာ အလည်အပတ် ရောက်ရှိနေစဉ်အတွင်း ပါလက်စတိုင်းပြည်သူများအပေါ်တွင် အစ္စရေးက ‘ဒီမိုကရေစီနှင့်ဆန့်ကျင်ပြီး၊ ခွဲခြားဖယ်ထုတ်လိုမှုဝါဒ’ ကျင့်သုံးမှုနှင့် ပတ်သက်၍ အိန္ဒိယ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြစ်တင်ရှုတ်ချလိုက်သည်။
    “အိန္ဒိယက အစ္စရေးနဲ့ စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ ငွေကြေးတွေကို စစ်ဖက်ဆိုင်ရာ ၀ယ်ယူမှုတွေကနေတစ်ဆင့် အစ္စရေးလက်နက် ကုမ္ပဏီတွေကို ရောက်ရှိစေပြီး အဲဒီကုမ္ပဏီတွေက ဒီပိုက်ဆံတွေကို ပါလက်စတိုင်းပြည်သူတွေအပေါ် ဖိနှိပ်ဖို့၊ နယ်ချဲ့ဖိုနဲ့ လူမျိုးစုရှင်းလင်းရေး လုပ်ဖို့တွေမှာ အသုံးပြုတဲ့ လူသေစေနိုင်တဲ့ စစ်ဖက်ဆိုင်ရာ နည်းပညာတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်” ဟု တက်ကြွလှုပ်ရှားသူပေါင်း ၇၀ နှင့် အဖွဲ့စည်းပေါင်း ၃၀ က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    “ကိုလိုနီဝါဒကို ဆန့်ကျင်ရုန်းကန်မှုကနေ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်နဲ့ ငြိမ်းချမ်းတဲ့ဆက်ဆံရေးရှိဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အိန္ဒိယနိုင်ငံအတွက် တရားမဲ့တဲ့ လုပ်ရပ်တွေနဲ့ အစ္စရေးဟာ စံနမူနာယူစရာဖြစ်နေတာကို ကျွန်တော်တို့ တုန်လှုပ်မိပါတယ်”
    အိန္ဒိယသို့ အင်္ဂါနေ့က ရောက်ရှိလာခဲ့သည့် အစ္စရေးသမ္မတ ရစ်ဗလင်ကို အိန္ဒိသမ္မတ ရှရီ ပရာနဘ် မူခါဂျီက နိုင်ငံတော် ညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။
    မူခါဂျီကမူ အစ္စရေးပြည်သူများ၏ အောင်မြင်မှုများအတွက် အိန္ဒိယက လေးစားအားကျမိသည်ဟု ပြောကြားခဲ့ကြောင်း ယမန်နေ့ကထုတ်ပြန်သည့် ၎င်း၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။
    ရစ်ဗလင်မှာ အိန္ဒိယသို့ နှစ် ၂၀ အတွင်း ပထမဆုံးလာရောက်သည့် အစ္စရေးသမ္မတဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာလည်း ၂၅ နှစ် တိုင်ခဲ့ပြီဖြစ်သည်။
    တက်ကြွလှုပ်ရှားသူများကမူ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီအနေဖြင့် အစ္စရေးသို့ သွားရောက်ရန် အစီအစဉ်ကို သတိပေးခဲ့ပြီး ထိုသွားရောက်မှုက “လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတို့ကို မြတ်နိုးတန်ဖိုးထားသည့် ပါလက်စတိုင်းပြည်သူနှင့် အိန္ဒိယပြည်သူ နှစ်ရပ်စလုံးက ၀မ်းမြောက်ဝမ်းသာ ဖြစ်စရာမရှိ” ဟု ပြောကြားခဲ့သည်။
    ထို့ပြင် အစ္စရေးမှာ အိန္ဒိယဈေးကွက်နှင့် အခွန်ငွေများကို ၎င်း၏ ရာဇ၀တ်မှုများ၊ တံတိုင်းကာမှုများ၊ စစ်ပွဲဆင်နွှဲမှုများနှင့် ဖယ်ထုတ်မှုများအတွက် ကမ္ဘာကြီးကို ၀ါဒဖြန့်ရန် သုံးစွဲနေသည်ဟုလည်း ထိုအဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။
    အင်္ဂါနေ့က ၎င်းနှစ်နိုင်ငံမှာ အထူးသဖြင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်သွားမည်ဟု ကြေငြာခဲ့သည်။
    အိန္ဒိယမှာ ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း အစ္စရေးမှ စစ်လက်နက်ပစ္စည်း စုစုပေါင်း ကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး ၀ယ်ယူခဲ့ပြီး ရုရှားနှင့် အမေရိကန်တို့ပြီးလျှင် အစ္စရေးမှာ အိန္ဒိယ၏ တတိယအကြီးဆုံး လက်နက်ထောက်ပံ့ပေးသူလည်း ဖြစ်သည်။
    Ref: Aljazeera
  • မွတ်စလင်များ၏ ၀တ်ပြုမှုကို စောင့်ကြပ်ပေးကာ အမုန်းကို ဆန့်ကျင်လိုက်တဲ့ အမေရိကန်ကျောင်းသားများ
    မွတ်စလင်များ၏ ၀တ်ပြုမှုကို စောင့်ကြပ်ပေးကာ အမုန်းကို ဆန့်ကျင်လိုက်တဲ့ အမေရိကန်ကျောင်းသားများ
    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    michigan
    မွတ်စလင်များ ၀တ်ပြုနေစဉ်
    – အမေရိကန်မှာ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားတွေ မြင့်တက်လာတဲ့အချိန် မီချီဂန်တက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာတွေက သူတို့ရဲ့ ကျောင်းနေဖက် မွတ်စလင်သူငယ်ချင်းတွေ ဘုရားဝတ်ပြုမှုကို ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီး အမုန်းတရားတွေကို လှလှပပလေး တုန့်ပြန်သွားခဲ့ပါတယ်။
    မွတ်စလင်ကျောင်းသားတွေဟာ သူ့တို့ရဲ့ အယူဝါဒတွေကို ကျင့်သုံးဖို့အတွက် ခြိမ်းခြောက်ခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဆရာတွေက တက္ကသိုလ်ရဲ့ ရင်ပြင်ကြီးမှာ နိုဝင်ဘာ ၁၅ ရက်နေ့က ပြုလုပ်တဲ့ မွတ်စလင်တွေရဲ့ ညဉ့်ဦးယံဝတ်ပြုမှု (အီရှာဝတ်ပြုမှု) ကို ၀န်းရံပေးခဲ့ကြတာပါ။
    ဒီဝတ်ပြုမှုကို တက္ကသိုလ်ရဲ့ မွတ်စလင်ကျောင်းသားများအသင်းက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အသင်းဥက္ကဌ ဖာရ်ဟန် အလီကတော့ မိမိတို့အနေနဲ့ မွတ်စလင်ဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့အကြောင်းကို ပြသချင်တဲ့အတွက် ဒီလို စုပေါင်းဝတ်ပြုမှုကို ပြုလုပ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
    “တစ်ချို့တွေကျတော့လည်း ၀တ်ပြုနေတဲ့အချိန်မှာ ကျွန်တော်တို့ တိုက်ခိုက်ခံရမလားဆိုပြီး စိုးရိမ်ကြတာပေါ့လေ။ ဒါ့ကြောင့် ကျွန်တော်တို့ကို အားပေးကူညီဖို့အတွက် မိတ်ဆွေတွေခေါ်ဖို့ အတွေးရခဲ့ပါတယ်။ ကျွန်တော်တို့ ဘုရားဝတ်ပြုနေတဲ့အချိန် သူတို့ ကျွန်တော်တို့ပတ်လည်မှာ ၀ိုင်းလိုက်ပြီး လုံခြုံရေးအတွက် အကာကွယ်ပေးခဲ့ကြပါတယ်” လို့ အလီက ဖွင့်ဟခဲ့ပါတယ်။
    ဒါပေမယ့် အလီတစ်ယောက် ၀တ်ပြုမယ့်မွတ်စလင်တွေနဲ့ စောင့်ရှောက်ပေးမယ့် မွတ်စလင်မဟုတ်သူတွေ ဒီလောက်များလိမ့်မယ်လို့တော့ မထင်ခဲ့ပါဘူး။
    “၀တ်ပြုဖို့နဲ့ ကျွန်တော်တို့ကို စောင့်ရှောက်ဖို့ အဖွဲ့နှစ်ခုစလုံးအတွက် လူတွေ ရာနဲ့ချီ လာရောက်ကြတာပါ။ စောင့်ရှောက်ခဲ့တဲ့ ပမာဏကတော့ တော်တော်လေးကို အံ့သြစရာကောင်းပါတယ်။ ဒါက မွတ်စလင်ကျောင်းသားတွေကို စိုးရိမ်စိတ် လျော့ကျစေပြီး ကျွန်တော်တို့ဖက်က မားမားမတ်မတ်ရပ်တည်လိုတဲ့သူတွေ ရှိပါလားဆိုတာကိုလည်း ပြသနေတာဖြစ်ပါတယ်”
    တက္ကသိုလ်ရဲ့ အီမာမ်ဖြစ်သူ မိုဟာမက် အစ်ရှ်တီယက်ကတော့ မွတ်စလင်တွေကို အားပေးထောက်ခံဖို့ ရောက်လာတဲ့ အဲဒီ လူအုပ်စုတွေမှာ ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ လူပေါင်းစုံ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီး အချို့လူတွေက ‘ခင်ဗျားတို့လည်း ဒီနိုင်ငံသားတွေပါပဲ’ ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
    “ညက သိပ်အေးပေမယ့် ကျွန်တော်တို့ကို စောင့်ရှောက်ခဲ့တဲ့ပမာဏကတော့ ကြက်သီးထစရာပါပဲ။ ဒီလို စည်းလုံးညီညွှတ်မှု ပြယုဂ်က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ရှင်သန်စေပါတယ်” လို့ အစ်ရှ်တီယက်က ပြောကြားခဲ့ပါတယ်။
    ဒီလို အီရှာဝတ်ပြုမှုကို တက္ကသိုလ်ပရဝုဏ်ထဲမှာ စုပေါင်းဝတ်ပြုတာဟာ ဟီဂျဘ်ဝတ်ထားတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးကို အပြင်လူတစ်ယောက်က အရှက်ရအောင်လုပ်ခဲ့မှုကို တုန့်ပြန်တဲ့အနေနဲ့ မွတ်စလင်ကျောင်းသားများအသင်းက စီစဉ်တာဖြစ်ပါတယ်။
    us-3
    မွတ်စလင်များ၏ ၀တ်ပြုမှုကို စောင့်ကြပ်ပေးနေသော လူအုပ်ကြီး
    ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးချယ်ခံရပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်တစ်ဝှမ်းက မွတ်စလင်တွေနဲ့ အခြားသော လူနည်းစုတွေအပေါ် အရှက်ရအောင်ပြုလုပ်မှုတွေ၊ ရန်စန်မှုတွေဟာ မြင့်တက်လာခဲ့ပါတယ်။
    ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း မီချီဂန်တက္ကသိုလ်က မွတ်စလင်လူ့အဖွဲ့အစည်းမှာ ၀မ်းနည်းမှု၊ ကြောက်ရွံ့မှုနဲ့ မလွယ်ကူမှုတွေ ၀င်ရောက်လာခဲ့တယ်လို့ အလီက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့အုပ်စုဟာ စုစုစည်းစည်းစည်းဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
    “ကျွန်တော်တို့ရဲ့ အင်္ကျီလက်တွေကို ခေါက်တင်ပြီး အလုပ်ပြန်လုပ်ရပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရွေးကောက်ပွဲရလဒ်နဲ့အတူ တိုက်ခိုက်မှုက အဆုံးမသတ်သွားတာကြောင့်ပါ။ ကျွန်တော်တို့ကိုစာနာတဲ့ မိတ်ဆွေတွေရှိတယ်။ ခုခံနိုင်စွမ်းရှိနေပြီး တိုက်ခိုက်မှုတွေကို ကြောက်ရွံ့တဲ့ လူ့အဖွဲ့အစည်းတစ်ခု ရှိနေပါတယ်”
    Ref: huffingtonpost
  • ရာသီဥတုဒဏ် ခံနေရသည့် အာဖရိကစိုက်ပျိုးရေးကို မော်ရိုကို ကူညီမည်
    ရာသီဥတုဒဏ် ခံနေရသည့် အာဖရိကစိုက်ပျိုးရေးကို မော်ရိုကို ကူညီမည်
    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    morico
    – ရာသီဥတု ပြောင်းလဲလာမှုကြောင့် အာဖရိကစိုက်ပျိုးရေးကဏ္ဍတွင် အခက်အခဲတွေ့နေမှုကို ကျော်ဖြတ်နိုင်ရန်အတွက် မော်ရိုကိုအစိုးရမှာ စီမံကိန်းသစ်တစ်ခုကို စတင်လိုက်သည်ဟု သိရသည်။
    အဆိုပါစီမံကိန်းကို မော်ရိုကိုမြို့တော် မရာကက်ရှ်တွင် ပြုလုပ်နေသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ချမှတ်ရေးအဖွဲ့ဝင်နိုင်ငံများ ၂၂ ကြိမ်မြောက် ညီလာခံ (COP22) တွင် ကြေငြာခဲ့ခြင်းဖြစ်သည်။
    ‘အေသုံးလုံး’ ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းမှာ အာဖရိက စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရေးနှင့် အားကောင်းရေးသာမကဘဲ ရာသီဥတုပြောင်းလဲမှုနှင့် လျော်ညီအောင်ဆောင်ရွက်နိုင်မည့် အကြောင်းအရင်းများ ရှာဖွေရန် ဆောင်ရွက်မှုများပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
    ရာသီဥတုဖောက်ပြန်မှုဒဏ် အများဆုံးခံစားရသည့် နိုင်ငံ ၁၀ တွင် ၆ နိုင်ငံမှာ အာဖရိကနိုင်ငံများဖြစ်ပြီး မော်ရိုကို၏ ယခုစီမံကိန်းမှာ အရေးပါသည့် စီမံကိန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။
    ထိုစီမံကိန်းကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၂၈၀ ဘီလီယံ မှ ၈၈၀ ဘီလီယံအထိ တိုးတက်လာရုံသာမက စိုက်ပျိုးသီးနှံများ တိုးတက်ဖြစ်ထွန်းလာမည့်အပြင် မိုးခေါင်ရေရှားမှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကိုလည်း သိသိသာသာလျှော့ချသွားနိုင်မည်ဟု ခန့်မှန်းထားသည်။
    Ref : IINA
  • ဗီဒီယိုအကူဒိုင်နည်းလမ်းကို ပရီးမီးယားလိဂ်တွင် လျှို့ဝှက်စမ်းသပ်
    ဗီဒီယိုအကူဒိုင်နည်းလမ်းကို ပရီးမီးယားလိဂ်တွင် လျှို့ဝှက်စမ်းသပ်
    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    var
    – ဘောလုံးပွဲတစ်ပွဲတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို သုံးသပ်ရန်အတွက် ဗီဒီယိုအကူဒိုင် (VAR) နည်းလမ်းကို လက်ရှိတွင် ပရီးမီးယားလိဂ်၌ လျှို့ဝှက်စမ်းသပ်နေပြီး မကြာမီ အမြဲတမ်းအတွက် အသုံးပြုလာနိုင်သည်ဟု သိရသည်။
    ပြီးခဲ့သည့်မတ်လတွင် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များဘုတ်အဖွဲ့ (IFAB) က ဗီဒီယိုအကူဒိုင် နည်းလမ်းကို စမ်းသပ်အသုံးပြုရန် ခွင့်ပြုခဲ့သော်လည်း ပရီးမီးယားလိဂ်ကမူ လူသိရှင်ကြား စမ်းသပ်မှုတွင် ပါဝင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
    လက်ရှိတွင် အဆိုပါနည်းလမ်းကို ပွဲအတွင်းမဟုတ်သော်လည်း စမ်းသပ်အသုံးပြုလျက်ရှိပြီး ယခုနှ်စ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲကို ထိုနည်းလမ်းဖြင့် သုံးသပ်ခဲ့သည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။
    ဗီဒီယိုအကူဒိုင်ဆိုသည်မှာ ပွဲကစားနေစဉ်အတွင်း အဓိက ဆုံးဖြတ်ချက်များအတွက် ကွင်းလယ်ဒိုင်မှာ ဗီဒီယိုအနှေးပြကွက်ကို ပြန်လည်ကြည့်ရှုကာ မှားယွင်းသော ဆုံးဖြတ်ချက်များကို ပြင်ဆင်နိုင်မည့် နည်းစနစ်မျိုး ဖြစ်သည်။
    ဒိုင်လူကြီးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Professional Game Match Officials ကမူ VAR နည်းလမ်းကို အင်္ဂလန်တွင် စမ်းသပ်နေသည်ဟု The Telegraph အား အတည်ပြုခဲ့သည်။
    “ဘောလုံးပွဲရဲ့ အရှိန်ကို မထိခိုက်ဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ ဒိုင်လူကြီးတွေကို အကူအညီဖြစ်စေတဲ့ နည်းပညာမျိုးကို အသုံးပြုဖို့အတွက် စဉ်းစားရမှာပါ။ IFAB ဟာ အနည်းဆုံး ၂ နှစ်လောက် စမ်းသပ်မှုပြုလုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဘောလုံးပွဲမှာ အကျိုးဖြစ်ထွန်းဖို့ နည်းပညာကို အကောင်းဆုံးအသုံးချနိုင်ရေး ဒီအချိန်ဟာ အကောင်းဆုံးအချိန်လားဆိုတာ အရေးကြီးနေပါတယ်” ဟု အဖွဲ့ အကြီးအကဲ မိုက် ရီလေးက ပြောကြားခဲ့သည်။
    လက်ရှိအချိန်တွင် VAR နည်းလမ်းကို နိုင်ငံတကာအဆင့် ဘောလုံးပွဲတော်တော်များများတွင် စမ်းသပ်အသုံးပြုနေပြီး အင်္ဂါနေ့က အင်္ဂလန်နှင့် အီတလီတို့၏ ခြေစွမ်းပွဲလည်း ပါဝင်သည်။
    IFAB ကမူ အဆိုပါ စမ်းသပ်မှုကို ၂ နှစ်ကြာ ပြုလုပ်သွားရန် စီစဉ်ထားပြီး အမြဲတမ်းအသုံးပြုရန်အတွက်ကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဆုံးဖြတ်သွားမည်ဖြစ်သည်။
    Ref: Goal
  • ဂါဇာပြည်သူများအတွက် ရာဖယ်နယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး
    ဂါဇာပြည်သူများအတွက် ရာဖယ်နယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး
    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    gaza
    – အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်နှင့် ထိစပ်နေသော ရာဖာနယ်ခြားအား အီဂျစ်က တနင်္လာနေ့မှစ၍ ၅
    ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူများ၊ နယ်စပ်နှစ်ဖက်စလုံးတွင် ပိတ်မိနေသူများအား ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်သည်။
    အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီ၏ အမိန့်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်ပတွင် ပညာသင်ယူနေသည့် ကျောင်းသားများ၊ လူနာများ၊ ဗီဇာကိုင်ဆောင်သူများအပါအ၀င် ဂါဇာပြည်သူ ရာပေါင်းများစွာမှာ နယ်စပ်ဖြတ်ကျော်ရန် စုဝေးခဲ့ကြသည်ဟု WAFA သတင်းဌာနက ဖော်ပြခဲ့သည်။
    ရာဖာနယ်ခြားကို တစ်နှစ်ပတ်လုံးနီးနီး အီဂျစ်က ပိတ်ဆို့ထားလေ့ရှိပြီး ၂ လ သို့မဟုတ် ၃ လတွင် တစ်ကြိမ်လောက်သာ ဖွင့်ပေးကာ ရက်အနည်းငယ် ကြာမြင့်လေ့ရှိသည်။ အီဂျစ်ကမူ ထိုကဲ့သို့ နယ်စပ်ကို ပိတ်ထားရခြင်းမှာ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပြဿနာများကြောင့် ဖြစ်သည်ဟု ဆိုသည်။
    ရာဖာနယ်စပ်သည် ဂါဇာကမ်းမြောင်မှ ပြင်ပကမ္ဘာသို့ ထွက်ခွင့်ရမည့် အဓိက၀င်ပေါက်ဖြစ်သည်။ အခြားထွက်ပေါက်များမှာ အစ္စရေးတွင် တည်ရှိနေပြီး အစ္စရေးစစ်တပ်က အထူးကိစ္စများအတွက်သာလျှင် နယ်စပ်ဖြတ်ကျော်ခွင့်ပေးသည်။
    Ref : IINA