News @ M-Media
Author: Ko Lay
  • မီဒီယာကို အာဂျင်တီးနားအသင်း သပိတ်မှောက်မည်
    မီဒီယာကို အာဂျင်တီးနားအသင်း သပိတ်မှောက်မည်
    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    ar
    – မိမိတို့အသင်းဖော် အဇီကွီလ် လာဗက်ဇီအား မဟုတ်မတရား စွပ်စွဲပြောဆိုသည့်အတွက်ကြောင့် အာဂျင်တီးနားကစားသမားအားလုံး မီဒီယာကို သပိတ်မှောက်သွားမည်ဟု တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။
    ဂျာနယ်လစ်တစ်ဦးက လာဗက်ဇီမှာ ဆေးခြောက်ရှူခြင်းကြောင့် အသင်းမှ ထုတ်ပယ်ခံလိုက်ရသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရေးသားဖော်ပြခဲ့ပြီး လာဗက်ဇီကလည်း ထိုဂျာနယ်လစ်အား ဥပဒေကြောင်းအရ တုန့်ပြန်နေသည်။
    ယနေ့မနက်က ကစားခဲ့ပြီး အာဂျင်တီးနားက ကိုလံဘီယာအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ကမ္ဘာဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲတွင် ၁ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးပေးခဲ့သည့် မက်ဆီကမူ မိမိတို့အသင်းသားများအနေဖြင့် မီဒီယာကို ဖြေကြားခြင်းမပြုလုပ်တော့ဟု ဆိုသည်။
    “မီဒီယာကို နောက်ထပ်ဖြေကြားမှု မလုပ်တော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ တော်တော်လေး စွပ်စွဲပြောဆိုခံရတယ်။ ကျွန်တော်တို့အပေါ်မှာ လေးစားမှုမရှိဘူး။ ကျွန်တော်တို့ ဘာမှ မပြောပါဘူး။ ဒါပေမယ့် ဒါက အားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ပိုချို (လာဗက်ဇီ) နဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေက သိပ်ဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့တောင် ဘာမှမပြောရသေးဘူး လူတွေက သီတင်းကို ယုံသွားတာကြောင့်ပါ” ဟု မက်ဆီက ပြောကြားခဲ့သည်။
    ထို့ပြင် လူများက မီဒီယာပြောသမျှအားလုံးကို ယုံသည့်အတွက်ကြောင့် မိမိတို့အနေဖြင့် မီဒီယာအား ဘာမှမပြောရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့တွင် ရွေးချယ်စရာမရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Goal
  • တစ်နှစ်အလွန် အရောင်မှိန်လာသော ဒီမိုကရေစီနတ်သမီး
    တစ်နှစ်အလွန် အရောင်မှိန်လာသော ဒီမိုကရေစီနတ်သမီး
    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    daw-su
    လွန်ခဲ့သောတစ်နှစ်က မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သောင်ပြိုကမ်းပြိုအနိုင်ရသည့် ရွေးကောက်ပွဲနှင့်အတူ နိုင်ငံတော်ကို ဦးဆောင်နိုင်ခဲ့သည်။ တစ်နှစ်တာအလွန်တွင်တော့ ခါးသည်းသည့်ပကတိတရားက ရှေ့ဆက်နေဆဲ
    – ယမန်နှစ် NLD ပါတီ၏ အပြတ်အသတ်အနိုင်ရရှိလိုက်ချိန် မဲဆန္ဒရှင်များက ရန်ကုန်မြို့ လမ်းများပေါ်ထွက်၍ ကခုန်မြူးတူးခဲ့ကြသည်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၏မဲများကို ရေတွက်ပြီးစီးချိန်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အပြတ်အသတ် မဲအသာနှင့် အထင်အရှား အနိုင်ရရှိသွားသည်။ ၁၉၉၀ ခုနှစ်က NLD မှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း အာဏာရစစ်တပ်က ယင်းရလဒ်ကို မသိကျိုးကျွန်ပြုခဲ့သည်။ ထိုကာလများက အပြောင်းအလဲဖြစ်သွားခဲ့ပေပြီ။ ယခုတစ်ခါတော့ ရွေးကောက်ပွဲဆိုင်ရာ ပြည်ပလေ့လာသူများ ရှိနေကြပြီး၊ တိုင်းပြည်လည်း ကမ္ဘာ့အသိအမှတ်ပြုမှုစည်းဘောင် အပြင်ဖက်သို့ ရောက်ရှိနေသဖြင့် ယခင်ကကဲ့သို့ မလှိမ့်တပတ်လုပ်၍ မရနိုင်ခဲ့ပေ။
    ၂၀၀၈ ခုနှစ်တွင် ကလိန်ကကျစ် ပြည်သူ့ဆန္ဒခံယူပွဲပြီးသည့်နောက် စစ်တပ်၏ ရေးဆွဲကြီးကြပ်စီမံမှုအောက်မှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ထွက်လာခဲ့သည်။ ၎င်း၌ နိုင်ငံခြားသားတစ်ဦးနှင့် ထိမ်းမြားထားသူသော်လည်းကောင်း၊ သားသမီးများက မြန်မာနိုင်ငံသား မဟုတ်လျှင်သော်လည်းကောင်း တိုင်းပြည်၏ဦးသျှောင် ဖြစ်ခွင့်မရှိဟူ၍ တားမြစ်ထား၏။ ဒေါ်စုကြည်၏အမျိုးသားမှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ္စ ဖြစ်ပြီး၊ သူမ၏သားနှစ်ဦးက ဗြိတိန်နှင့် အမေရိကန်နိုင်ငံသားများ ဖြစ်နေကြ၏။ သို့ဖြစ်၍ NLD ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဤဖွဲ့စည်းပုံဥပဒေအရ မြန်မာနိုင်ငံ၏သမ္မတ ဖြစ်မလာနိုင်ကြောင်း လူတိုင်း သိထားခဲ့ကြသည်။
    သို့သော် ယခုနှစ် ဧပြီလ၌ အပြီးသတ်အာဏာလွှဲယူမည့်အစိုးရသစ်၏ တွဲဖက်ဦးသျှောင်ဖြစ်လာအောင် သူမအတွက် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဟူသော ရာထူးကို ဖန်တီးပေးလိုက်ကြသည်။
    ယနေ့မှာတော့ စိတ်ပျက်စရာများ ရှေ့ဆက်ဖြစ်တည်လာရပြီ။ အထူးသဖြင့် မြန်မာ့လူဦးရေ ၃၀-၄၀ ရာခိုင်နှုန်းအထက်၌ ရှိနေနိုင်သော လူနည်းစု တိုင်းရင်းသားများအကြားတွင် ဖြစ်၏။ ၎င်းတို့လည်း မဖြစ်မနေလိုအပ်ချက်အရ မဟုတ်သည့်တိုင် ပါတီကို ထောက်ခံခြင်း သို့မဟုတ် ဒေါ်စုကြည်ကိုထောက်ခံအားပေးခြင်းကြောင့် NLD အား မဲထည့်ခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဗမာလူမျိုးလူများစု၏ မဲဆန္ဒနောက်ကို လိုက်ခြင်းက ပိုသဘာဝကျသည်ဟု ၎င်းတို့မှ လက်ခံထားခဲ့ကြသည်။
    NLD ပါတီက လမ်းကြောင်းသစ်ပေါ် ရပ်တည်၏။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှာမူ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို သဘောထားပြောင်း ကျယ်ဝန်းစေပြီး အခြားသောပြုပြင်ပြောင်းလဲရေးကို မိတ်ဆက်ထိတွေ့စေခဲ့သော်လည်း အစိုးရဟောင်းကိုသာ ကိုယ်စားပြုခဲ့၏။ ထို့ကြောင့် မဲပေးခြင်း၌ အပြောင်းအလဲ ဖြစ်သွားသည်။ အစိုးရသစ်ထံမှ အပြောင်းအလဲကို အမျှော်ကြီး မျှော်လင့်ခဲ့ကြ၍ ဖြစ်ပေသည်။
    သို့ပင်သို့ငြား အရေးကိစ္စအများအပြားက အရင်အတိုင်း ထူးမခြားနားဖြစ်နေခြင်းကိုသာ တွေ့မြင်နေကြရသည်။ ကချင်၊ ရှမ်းနှင့် အခြားလက်နက်ကိုင်တိုင်းရင်းသားများအပေါ် ဆင်နွှဲသော မြောက်ပိုင်းစစ်ပွဲများမှာ လျော့ပါးမသွားဘဲ ရှေ့ဆက်နေ၏။ အစိုးရ၏ စစ်အင်အားသာလွန်မှု၊ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်ခြင်းအထောက်အကူ၊ အကြီးစားအမြောက်တပ်နှင့် ဂျက်လေယာဉ်များ အသုံးပြုခြင်းကြောင့် လူပေါင်း တစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးကြရသည်။ သြဂုတ်လအတွင်း နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည် ကမကထပြု ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးဝိုင်းတွေက အစိုးရ၏အလိုကို လိုက်လျောမှုထက် ပို၍ မထူးခြားခဲ့ပါ။ ၎င်းတွေ့ဆုံဆွေးနွေးမှု၌ လက်နက်ကိုင် တိုင်းရင်းသားများက အပစ်အခတ်ရပ်စဲရေးကို သဘောတူလက်မှတ်ထိုးမှရမည်ဟု ဆိုသည်။ ၎င်းတို့အများစုကတော့ လက်နက်ချအညံ့ခံခိုင်းသည်ဟု အမြင်ရှိကြ၏။ ထို့ပြင် အာဏာပိုင်များ ဆိုထားသလို တိုင်းပြည်အနာဂတ်ဆိုင်ရာ နိုင်ငံရေးစားပွဲဝိုင်းထိုင်ခြင်း အစပြုမှုမျိုးလည်း မဟုတ်ခဲ့ပြန်။ ရခိုင်ပြည်နယ်မှ တင်းမာမှုသည်လည်း မြင့်တက်လာပြီး (ယခုအခါ) အစိုးရတပ်ဖွဲ့များနှင့် အစ္စလာမ်စစ်သွေးကြွဆိုသူများအကြား သွေးချောင်းစီးတိုက်ခိုက်မှုတွေ ဖြစ်ပွားနေပေသည်။
    အမျှော်ကြီး မျှော်မှန်းထားသော စီးပွားရေးတိုးတက်မှုတွင်လည်း မည်သည့်အကောင်အထည်မျှ ထပ်တိုးထင်ရှားမှု ဖြစ်မလာသေးပေ။ စက်တင်ဘာလ ဒေါ်စုကြည်၏ ၀ါရှင်တန်ခရီးစဉ်အတွင်း အမေရိကန်က ၎င်း၏ကန့်သတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့သည်။ ၎င်းအပြင် ယခုလအတွင်း တိုကျိုသို့ သူမ သွားရောက်သည့်အခါ ဂျပန်အစိုးရက ငါးနှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ ၇.၇၃ ဘီလီယံအထိ အကူအညီပေးရန် အခိုင်အမာအာမခံခဲ့သည်။ ဂျပန်သည် မြန်မာနိုင်ငံတွင်း၌ အလျင်စလို ရင်းနှီးမြှုပ်နှံမှု မပြုသေးသော်လည်း ယင်းရည်ရွယ်ချက်အကြောင်းခံ ဟူသည်မှာ ရှင်းလင်းထင်ရှားပါသည်။
    နိုင်ငံတကာဖွံ့ဖြိုးရေးလုပ်ငန်း အထူးပြုလေ့လာနေသော Deutsche Gesellschaft für Internationale Zusammenarbeit ဂျာမန်ကုမ္ပဏီက ၂၀၁၅ ဖေဖော်ဝါရီရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာပါ တိုးတက်ဖြစ်ထွန်းမှုအချို့အား အသိအမှတ်ပြုခဲ့သည်။ သို့သော် “လတ်တလောတွင် ပြုပြင်ပြောင်းလဲရေးများ ရှိနေလင့်ကစား အောက်ခြေဥပဒေလောက သာမက ဘဏ်လုပ်ငန်းဆိုင်ရာ ငွေကြေးလည်ပတ်မှုစနစ်သည် နိုင်ငံတကာစံနှုန်းများနှင့် အလှမ်းကွာဝေး နောက်ကျလွန်းနေသည်။ ၎င်းပြင် ထိုစနစ်က အရှေ့တောင်အာရှ နိုင်ငံအားလုံးအနက် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးအဆင့်သို့ ရောက်သွားစေသည်။ သို့ဖြစ်ရာ ရှိအပ်သည့် အလယ်အလတ်ဆင့် ဘဏ္ဍာရေးအဆင့်အတန်းကိုပင် လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ပါ” ဟု ဆိုလိုက်သည်။
    အစဉ်သဖြင့် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ညံ့ဖျင်းသော သယ်ယူပို့ဆောင်ရေးနှင့် အိမ်ခြံမြေဈေး အဆမတန် မြင့်မားမှုတို့က အလွန်တရာလိုအပ်လျက်ရှိသော ဖွံ့ဖြိုးရေးကို ခက်ခဲအောင် ဟန့်တားလျက်ရှိ၏။
    NLD ၏ ၂၀၁၄ ရွေးကောက်ပွဲအောင်မြင်မှုနောက်ပိုင်း ဖြစ်နိုင်ချေမျှော်လင့်ချက်များမှာ လက်မခံချင်စရာကောင်းလောက်အောင် မြင့်မားလာသည်ဟု ခြုံငုံသုံးသပ်ရပေမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဒီမိုကရေစီစနစ်သစ်တစ်ရပ်ကို ထိတွေ့စေမည့်အစား စနစ်ဟောင်းတည်မြဲရှင်သန်နေရေးအတွက် ရေးဆွဲခဲ့ခြင်းဖြစ်လေရာ စစ်တပ်က အမျိုးသားနိုင်ငံရေး၏ ဦးဆောင်ကဏ္ဍ၌ ထိန်းသိမ်းရယူထားဆဲပင်။ ၎င်းက ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဟူသော အဓိကအရေးပါသော ၀န်ကြီးနေရာသုံးခုကို ခန့်အပ်ခွင့်ရှိသည့်အပြင် လွှတ်တော်များမှ ကိုယ်စားလှယ်များဦးရေ၏ လေးပုံတစ်ပုံခန့်ကိုလည်း ထည့်သွင်းခွင့်ရှိနေသည်။
    မြန်မာနိုင်ငံသည် ရာစုနှစ်ဝက်ကျော် စစ်အုပ်ချုပ်ရေးကာလအလွန်တွင် ဒီမိုကရေစီစနစ်အား တည်ထောင်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း ဒေါ်စုကြည်ကလည်း ၀န်ခံပြောကြားနေသည်။
    ဖွဲ့စည်းပုံအခြေခံဥပဒေရှိ အရေးပါသည့်အချက်များကို ပြင်ဆင်ပြောင်းလဲရန်မှာ လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံကျော် မဲဆန္ဒ လိုအပ်သဖြင့် လက်ရှိလမ်းကြောင်းအား ဒီမိုကရေစီနည်းကျဖြစ်အောင် ကြိုးပမ်းချက်မှန်သမျှအပေါ် ဆန့်ကျင်ရန် လုံလောက်သည့် အရေအတွက်ကို ပေးအပ်လျက်ရှိသည်။ အရေးအကြီးဆုံးအချက်သည်ကား စစ်တပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိနေပြီး အာဏာပိုင်အစိုးရ သို့မဟုတ် ရွေးချယ်ခံအစုအဖွဲ့၏အမိန့်ထက် ၎င်း၏ စစ်ဦးစီးချုပ်အမိန့်များကိုသာ နာခံနေခြင်းဖြစ်သည်။
    ဒေါ်စုကြည်အနေနှင့် သူမအားရွေးချယ်ခဲ့သော ပြည်သူလူထုနှင့် စစ်တပ်အကြားတွင် အလွန်တရာ သိမ်မွေ့စွာ ကိုင်တွယ်ရပေတော့မည်။ ဖခင်ဖြစ်သူ၏ တပ်မတော်ဖြစ်ခြင်းကြောင့် သူမသည် ချစ်မြတ်နိုးပါကြောင်းကိုလည်း ဗိုလ်ချုပ်များ အကြိုက် ပြောဆိုလျက် လမ်းကြောင်းချော်ထွက်နေပါသည်။
    သူမ၏ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံအတွက် ပထမဆုံးလက်နက်ကိုင်အင်အားစု(တပ်မတော်)ကို ဖွဲ့စည်းခဲ့သည်ကား မှန်၏။ သို့သော် ၎င်းသည် ယနေ့ခေတ် မြန်မာစစ်တပ်နှင့် မတူကွဲပြားလွန်းသော အနေအထားကြားမှ ရှင်သန်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယနေ့စစ်တပ်သည် ၁၉၄၀ ခုနှစ်များအတွင်း ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရန် ၀ါယမပြုရာမှ ထွက်ပေါ်ခဲ့ခြင်းမဟုတ်၊ ပြည်တွင်းစစ်ကို အကြောင်းပြု၍ ကြီးထွားလာခြင်းသာဖြစ်၏။
    သူမသည် စစ်တပ်အကြိုက်လိုက်လွန်းနေသည့်အပေါ် တိုင်းရင်းသားအုပ်စုများအကြား ခံစားချက်ကြီးတစ်ရပ် ဖြစ်လာစေသည်။ “သူမကို ဝေဖန်ရလွန်းလို့ ကျွန်မ မောပန်းလှပါပြီ” ဟူ၍ ဗုဒ္ဓဘာသာဝင်လူများစုကြီးစိုးရာ မြန်မာနိုင်ငံရှိ လူနည်းစု ခရစ်ယာန်လည်းဖြစ်၊ ကချင်အရေးလှုပ်ရှားသူလူငယ်လည်းဖြစ်သော နော်စတယ်လာက ဆိုသည်။
    “သူမကို စစ်တပ်က ထိန်းချုပ်ထားတယ်။ တစ်ချိန်က လူနည်းစုဝင်တိုင်းရင်းသားတွေဆီကရော တိုးတက်ပြောင်းလဲလိုတဲ့ ဗမာလူမျိုးတွေဆီကရော ရရှိထားခဲ့တဲ့ ထောက်ခံအားပေးမှုကို သူမဟာ လက်လွှတ်ဆုံးရှုံးဖို့ များနေပါပြီ”။
    ၎င်းတိုးတက်ပြောင်းလဲလိုကြသည့် ဗမာလူမျိုးအချို့က သူမအား နာမည်ကျော် ဗိုလ်အောင်ဒင်ဇာတ်လမ်းမှ မမြ၀င်းနှင့်ပင် ခိုင်းနှိုင်းတင်စားကြသည်။ ထိုမမြ၀င်းမှာ တောပုန်းခေါင်းဆောင် ဗိုလ်အောင်ဒင်၏ ပြန်ပေးဆွဲခေါ်ဆောင်သွားခံရသော်လည်း သူမအား ကယ်ဆယ်ရန်ကြိုးစားသော ရဲဝန်ထမ်းကို ဆန့်ကျင်၍ ဗိုလ်အောင်ဒင်ဖက်မှ ရပ်တည်ခဲ့လေသည်။ ၎င်းမှာ Stockholm syndrome (ဘက်ပြောင်းစိတ္တ)အား မြန်မာမှုပြုထားသော ဇာတ်လမ်းဖြစ်သည်။
    သူမသည် စစ်အုပ်ချုပ်ရေးကိုအဆုံးသတ်စေလိုသည့် တိုင်းသူပြည်သားများထက် သူမအား ၁၅ နှစ်ထိ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သော စစ်တပ်နှင့် ပိုမို ဖက်လှဲတကင်းဖြစ်နေပုံရ၏။
    ဤသုံးသပ်ချက်မှာ ကြမ်းတမ်းကောင်း ကြမ်းတမ်းပေမည်။ သို့သော် ဒေါ်စုကြည်၏ အရှိန်အ၀ါ မှေးမှိန်လာနေပြီဖြစ်၏။ “ဒေါ်စုကြည် လွတ်မြောက်ရေးအတွက် ကျွန်မတို့ တစ်စုံတစ်ရာကို ထပ်မံစတင်ရတော့မှာဖြစ်တယ်” ဟု နော်စတယ်လာက ဆိုသည်။
    လွန်ခဲ့သောတစ်နှစ်က မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သောင်ပြိုကမ်းပြိုအနိုင်ရသည့် ရွေးကောက်ပွဲနှင့်အတူ နိုင်ငံတော်ကို ဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန်မြို့လမ်းများနှင့် နေရာတိုင်းတွင် ခြိမ့်ခြိမ့်သဲ ပျော်ရွှင်ခဲ့ကြသော်လည်း တစ်နှစ်တာအလွန်တွင်တော့ ခါးသည်းသည့်ပကတိတရားက ရှေ့ဆက်နေဆဲ။ လူမျိုးရေး၊ နိုင်ငံရေးပဋိပက္ခနှင့် ပြည်တွင်းစစ်ကြောင့် ဆယ်စုနှစ်များစွာ ပြိုကွဲပျက်စီးနေသော တိုင်းပြည်တစ်ခုကို နိုင်နင်းအောင်အုပ်ချုပ်ခြင်းထက် ဒီမိုကရေစီသူရဲကောင်းဖြစ်ဖို့က ပို၍ လွယ်ကူသက်သာနေပေသည်။ ၁၉၆၀ ခုနှစ်များကတည်းက ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသည် အရပ်သားအစိုးရတစ်ရပ်ကို ရရှိထားပြီးဖြစ်ပါသော်လည်း စစ်တပ်သည် ပဲ့ထိန်းနေရာတွင် ရှိနေဆဲပါတကား။
    (Bertil Lintner ၏ One year on in Myanmar, is Suu Kyi’s halo slipping? နိုင်ငံရေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။)
  • အစ္စလာမ်ကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်မှု ဘင်္ဂလားဒေ့ရှ် ပယ်ဖျက်မည်
    အစ္စလာမ်ကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်မှု ဘင်္ဂလားဒေ့ရှ် ပယ်ဖျက်မည်
    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    bang
    ဘင်္ဂလားဒေ့ရှ်ရှိ ဂူသီယာ ဗလီဝတ်ကျောင်းတော်
    – ဘင်္ဂလားဒေ့ရှ် အကြီးတန်းနိုင်ငံရေးသမားတစ်ဦးက မိမိတို့နိုင်ငံမှာ ‘ဘာသာရေးမစွက်သော အားကောင်းသည့် နိုင်ငံရေးဝါဒ’ ကို လက်ခံကျင့်သုံးသည်ဟု ပြောကြားခဲ့ပြီးနောက် အင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများက အစ္စလာမ်ဘာသာအား နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားမှုကို ပယ်ဖျက်ရန် စဉ်းစားနေသည်ဟု သိရသည်။
    ဘင်္ဂလားဒေ့ရှ်၏ အာဏာရ အ၀ါမီအဖွဲ့ချုပ်ပါတီ၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ အဘ်ဒူရ် ရာဇတ်က မြို့တော်ဒါကာရှိ ‘အမျိုးသားစာနယ်ဇင်း ကလပ်’ ဆွေးနွေးမှုအတွင်း နိုင်ငံတော်ဘာသာ သတ်မှတ်မှုကို နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပယ်ဖျက်ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။
    “ဘင်္ဂလားဒေ့ရှ်ဟာ လူမှုရေး သဟဇာတဖြစ်တဲ့ နိုင်ငံတစ်ခုပါ။ ဒီနိုင်ငံမှာ ဘာသာပေါင်းစုံ နေထိုင်ကြတယ်။ ဘင်္ဂလားဒေ့ရှ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အစ္စလာမ်ကို နိုင်ငံတော်ဘာသာအဖြစ် မသတ်မှတ်သင့်ပါဘူး။ အရင်ကလည်း ကျွန်တော် လူသိရှင်ကြား ပြောခဲ့ဖူးပါတယ်။ အခု ထပ်ပြောချင်တာက အချိန်တစ်ခုရောက်လာရင် အစ္စလာမ်သာသနာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားမှုကနေ ပယ်ဖျက်သွားမှာပါ။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေမှာ ဘာသာရေးမစွက်တဲ့ အားကောင်းတဲ့နိုင်ငံရေးဝါဒ ရှိပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ‘လူနည်းစု’ ဆိုတာမျိုး မသတ်မှတ်ပါဘူး” ဟု ဒေါက်တာ ရာဇတ်က ဆွေးနွေးမှုတွင် ပြောကြားခဲ့သည်။
    ထိုကဲ့သို့ အစ္စလာမ်သာသနာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းထားမှုမှာ ‘မဟာဗျူဟာမြောက် အကြောင်းအရင်းများ’ ကြောင့်ဟု မိမိယုံကြည်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း အသေးစိတ်ကို ရှင်းလင်းခဲ့ခြင်း မရှိချေ။
    ဘင်္ဂလားဒေ့ရှ်တွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူအရေအတွက်မှာ သန်း ၁၅၀ နီးပါး ရှိနေပြီး အိန္ဒိယ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားပြီးလျှင် စတုတ္ထမြောက် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံလည်းဖြစ်သည်။
    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာမှာ မကြာသေးမီက ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဘာသာရေးလူနည်းစုများကို ကာကွယ်စောင့်ရှောက်မှု အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့သည်။
    “မွတ်စလင်အများစုရှိတဲ့ တိုင်းပြည်ဖြစ်တာကြောင့် လူနည်းစုတွေကို စောင့်ရှောက်ဖို့ဆိုတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်မှာပါ ပါဝင်နေတဲ့ တာဝန်တစ်ခု ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်း တည်ရှိရာ တိုင်းပြည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးဖို့၊ တိုင်းပြည်ရဲ့ပုံရိပ် ကောင်းမွန်ဖို့အတွက် ဒီသဟဇာတဖြစ်မှုကို ဘယ်လိုနည်းမျိုးနဲ့မဆို ထိန်းသိမ်းထားရပါမယ်” ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
    ထို့ပြင် ၀န်ကြီးချုပ်မှာ IS အကြမ်းဖက်အဖွဲ့က နိုင်ငံအတွင်း လူနည်းစု လူ့အဖွဲ့အစည်းများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကိုလည်း ရှုတ်ချခဲ့သည်။
    Ref: Independent
  • အိန္ဒိယနိုင်ငံရေးသမား၏သမီး ငွေလမ်းခင်းလက်ထပ်ပွဲ ပြည်သူက မကျေနပ်
    အိန္ဒိယနိုင်ငံရေးသမား၏သမီး ငွေလမ်းခင်းလက်ထပ်ပွဲ ပြည်သူက မကျေနပ်
    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    wedding
    နိုင်ငံရေးသမား ရက်ဒီနှင့် သမီးဖြစ်သူ ဘရာမာနီ
    – အစိုးရရဲ့ ငွေကြေး တရားမ၀င်ကြေငြာမှုကြောင့် ပြည်သူတွေ အကျပ်အတည်းတွေ့နေတဲ့အချိန် အိန္ဒိယက နိုင်ငံရေးသမားတစ်ယောက်ကတော့ သမီးဖြစ်သူ မင်္ဂလာဆောင်အတွက် ငွေကို ရေလိုသုံးခဲ့တာကြောင့် ပြည်သူတွေရဲ့ ညိုငြင်မှုကို ခံနေရပါတယ်။
    စီးပွားရေးသမားဖြစ်ပြီး အရင်က ၀န်ကြီးဖြစ်ခဲ့ဖူးတဲ့ ဂျာနဒ်ဟာနာ ရက်ဒီရဲ့ သမီးဖြစ်သူ ဘရာမာနီရဲ့ လက်ထပ်ပွဲဖြစ်ပြီး ၅ ရက်တာ ကျင်းပပြုလုပ်မယ့် အဲဒီ လက်ထက်ပွဲမှာ ရူပီး ၅ ဘီလီယံ (ကန်ဒေါ်လာ ၇၄ သန်း) ကုန်ကျမယ်လို့ ခန့်မှန်းရပါတယ်။
    ရွှေပြားနဲ့လုပ်ထားတဲ့ ဖိတ်စာတွေဝေပြီး ဘောလီးဝုဒ် ကြယ်ပွင့်တွေလည်း တက်ရောက်ဖျော်ဖြေဖို့ရှိတဲ့ အဲဒီ မင်္ဂလာပွဲဟာ ပြည်သူတွေကြားထဲမှာတော့ အငြင်းပွားဖွယ်ရာဖြစ်နေပြီး ဝေဖန်သူတွေက ဒါဟာ ‘ချမ်းသာကြွယ်ဝမှုကို မျက်စိစပါးမွှေးစူးဖော်ပြမှု’ လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။
    အဲဒီ မင်္ဂလာပွဲဟာ အိန္ဒိယအစိုးရက ခြစားမှုနဲ့ ငွေမည်းပိုင်ဆိုင်ထားသူတွေကို နှိမ်နှင်းနဲ့အနေနဲ့ ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို တရားမ၀င်ကြောင်း ကြေငြာခဲ့ပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အိန္ဒိယပြည်သူတွေက ဒီငွေကြေးအဟောင်းတွေကို အသစ်နဲ့လဲဖို့အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းရပြီး အခက်အခဲတွေရှိတာကြောင့် မကျေနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။
    အိန္ဒိယရဲ့ လက်ငင်းငွေသားအသုံးပြုတဲ့ စီးပွားရေးမှာ မင်္ဂလာဆောင်တွေကလည်း ပါဝင်ပြီး မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ ငွေပေးချေမှုတွေမှာလည်း လက်ငင်းငွေသားတွေကိုသာ အသုံးပြုကြပါတယ်။
    LCD စကရင်တပ်ထားပြီး ရွှေနဲ့လုပ်ထားတဲ့ ဖိတ်စာကတ်အတွက် ရူပီး ၁၀ သန်း ကုန်ကျခဲ့ပြီး၊ သတို့သမီး ဆာရီအတွက်တော့ သန်း ၁၇၀ ကုန်ကျခဲ့ပါတယ်။ သတို့သမီးရဲ့ လက်ဝတ်လက်စားတွေအတွက် ရူပီး သန်း ၉၀၀ သုံးစွဲခဲ့ပါတယ်။ မင်္ဂလာပွဲ လုံခြုံရေးအတွက် အပြင်လူမိုက် ၃၀၀၀၊ ရဲတပ်ဖွဲ့ဝင် ၃၀၀၀ ခေါ်ထားပြီး အနံ့ခံခွေးတွေ၊ ဗုံးရှင်းအဖွဲ့တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
    မစ္စတာရက်ဒီကတော့ မင်္ဂလာဆောင်မှာ သုံးစွဲဖို့အတွက် ဘန်ဂလောရ်နဲ့ စင်ကာပူတို့က သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်လိုက်တယ်လို့ ပြောကြားခဲ့ပြီး ငွေပေးချေမှုအားလုံးကို မင်္ဂလာဆောင် စတင်စီစဉ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
    ဒါပေမယ့် ဒီလို ငွေကြေးအမြောက်အများသုံးစွဲတဲ့ မင်္ဂလာဆောင်အတွက် ပြည်သူတွေက ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပါတယ်။ သူ့ရဲ့ နိုင်ငံရေးပြိုင်ဖက် တစ်ယောက်ကဆိုရင် ၀န်ကြီးချုပ်မိုဒီရဲ့ ‘ငွေမည်း’ နှိမ်နှင်းမှုမှာ ခရိုနီတွေ မပါဘူးလားဆိုပြီးတော့တောင် မေးခွန်းထုတ်ခဲ့ပါတယ်။
    ရက်ဒီဟာ အရင်က လက်ရှိအာဏာရပါတီ BJP ပါတီဝင်ဖြစ်ခဲ့ဖူးပြီး လာဘ်စားမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရကာ ပြီးခဲ့တဲ့နှစ်ကမှ အာမခံနဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
    hall
    မင်္ဂလာပွဲကျင်းပရာ ဘန်ဂလောရ်နန်းတော်
    ဘန်ဂလာရ်ပြည်နယ်က ‘ဘန်ဂလောရ် နန်းတော်’ (Bangalore Palace) မှာ မင်္ဂလာပွဲအတွက် ပြင်ဆင်မှုတွေ၊ သီးသန့်လျှောက်လမ်း ဖန်တီးမှုတွေကို လပေါင်းများစွာအရင်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး မင်္ဂလာပွဲကျင်းပမယ့်နေရာကို ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းပုံစံမျိုး ဖန်တီးပေးဖို့အတွက် ဘောလီးဝုဒ်က ဒါရိုက်တာ ၈ ယောက်ကို ခေါ်ထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
    မင်္ဂလာပွဲတက်ရောက်လာတဲ့ သူတွေကိုတော့ ဂိတ်ပေါက်ဝကနေ ဇိမ်ခံလှည်းယာဉ်တွေနဲ့ နန်းတော်ကို ခေါ်ဆောင်မှာဖြစ်ပြီး နန်းတော်ဝန်းထဲမှာ သီးသန့်ပြုလုပ်ထားတဲ့ ရွာကြီးထဲမှာ ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။
    ဒီမင်္ဂလာပွဲဟာ အလွန်ငွေကြေးကုန်ကျတဲ့ မင်္ဂလာပွဲဖြစ်ပေမယ့် နောက်ထပ် ငွေကို ရေလိုသုံးကာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲတွေလည်း ရှိပါတယ်။
    ၂၀၀၄ ခုနှစ်က အိန္ဒိယရဲ့ ဒုတိယအချမ်းသာဆုံးသူဌေးကြီးရဲ့ သမီး ဗာနီရှာ မစ်တယ်ဟာ အေမစ် ဘဟာတီယာနဲ့ ပြုလုပ်တဲ့ လက်ထပ်ပွဲမှာ ကန်ဒေါ်လာ ၇၄ သန်းလောက် ကုန်ကျပြီး Forbes ကတော့ မိသားစုက ဧည့်သည် ၁၀၀၀ ကို ပြင်သစ်ကို ခေါ်သွားပြီး ဗာဆိုင်လီမှာ မင်္ဂလာပွဲ ကျင်းပတာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
    ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ဝေလမင်းသမီး ဒိုင်ယာနာတို့ရဲ့ ၁၉၈၁ ခုနှစ်က လက်ထပ်ပွဲမှာတော့ ကန်ဒေါ်လာ ၃၇.၂ သန်း ကုန်ကျခဲ့ပြီး ဒီနေ့ငွေကြေးနဲ့တွက်ရင် သန်း ၁၀၀ ကျော် ရှိပါတယ်။ သူတို့ရဲ့သားဖြစ်တဲ့ မင်းသား ၀ီလီယံနဲ့ ကိသ် မစ်ဒယ်တန်တို့ရဲ့ မင်္ဂလာပွဲကတော့ ဒေါ်လာ ၂၇ သန်းလောက်သာ ကုန်ကျခဲ့ပါတယ်။
    ကမ္ဘာ့တန်ဖိုးအကြီးဆုံး မင်္ဂလာပွဲကတော့ ရုရှား ဘီလျံနာတစ်ဦးရဲ့သား စအစ် ဂက်ဆာရစ်ဗ်နဲ့ ခါဒီဂျာ အူဇာကော့ဗ်တို့ရဲ့ မတ်လက မော်စကိုမှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲဖြစ်ပြီး သတို့သမီး ၀တ်စုံတစ်ခုတည်းအတွက်ကို ကန်ဒေါ်လာ ၁.၂ သန်းပေးခဲ့ရပါတယ်။ မင်္ဂလာပွဲတစ်ခုလုံးအတွက် ကုန်ကျစားရိတ်ကတော့ ၁ ဘီလီယံကျော် ရှိခဲ့ပါတယ်။
    Ref: BBC
  • လိုအပ်ချက်များ မဖြည့်ဆည်းပေးသဖြင့် ဂါဇာကမ်းမြှောင်မှ ကုလ၀န်ထမ်းများ ဆန္ဒပြ
    လိုအပ်ချက်များ မဖြည့်ဆည်းပေးသဖြင့် ဂါဇာကမ်းမြှောင်မှ ကုလ၀န်ထမ်းများ ဆန္ဒပြ
    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    unrwa
    – ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ကူညီရေးအဖွဲ့ UNRWA မှ ၀န်ထမ်းရာပေါင်းများစွာသည် ၎င်းတို့၏ တောင်းဆိုချက်များကို ကုလသမဂ္ဂက ဖြည့်ဆည်းပေးခြင်းမရှိသည့်အတွက် အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်တွင် တနင်္လာနေ့က ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ဆန္ဒထုတ်ဖော်သူများက “ကျွန်ုပ်တို့မှာ လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်ခွင့်ရှိသည်” “အလုပ်ခွင်လုံခြုံရေးဘယ်မှာလဲ” “အကူအညီဖြတ်တောက်ခြင်းဟာ ဒုက္ခသည်ပြဿနာဖြစ်အောင် ဇာတ်လမ်းထွင်မှု ဖြစ်သည်” အစရှိသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
    UNRWA ၏ ၀န်ထမ်းများသမဂ္ဂအဖွဲ့မှ ခေါင်းဆောင် ဆူဟေးလ် အလ်-ဟင်ဒီက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကို အကူအညီဖြတ်တောက်ခြင်းကဲ့သို့ ပြဿနာများ၏ နောက်ကွယ်မှ အကြောင်းများ၊ ဂါဇာနှင့် အနောက်ဖက်ကမ်းရှိ ဒုက္ခသည်များနှင့် ၀န်ထမ်းများ၏ လူနေမှုအခြေအနေ ဆိုးရွားမှုများအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
    ထို့ပြင် မိမိတို့အဖွဲ့အနေနှင့် ကုလသမဂ္ဂ အုပ်ချုပ်ရေးပိုင်းအပေါ် ဆက်လက်ဆန္ဒပြသွားမည်ဟု သတိပေးပြောဆိုခဲ့သည်။
    UNRWA ၀န်ထမ်းများမှာ ဆန္ဒပြမှုအပြင် တစ်ရက်တာ သပိတ်မှောက်မှုလည်း ပြုလုပ်ခဲ့ပြီး၊ စာသင်ကျောင်းများ၊ ဆေးခန်းများ၊ စီမံကိန်းစင်တာများ၊ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ဂါဇာအခြေစိုက် ဒေသဆိုင်ရာ ရုံးခန်းမှ ၀န် ထမ်းများ ပါဝင်ခဲ့သည်။
    Ref; IINA