News @ M-Media

Author: Ko Lay

  • တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရန် ပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရန် ပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    korea-2

    – ပြဿနာများနှင့် ရင်ဆိုင်နေရသည့် သမ္မတပတ်ဂျုံဟေး ချက်ခြင်းနှုတ်ထွက်ပေးရန်အတွက် တောင်ကိုရီးယားပြည်သူ သိန်းပေါင်းများစွာမှာ ယနေ့တွင် လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြပြီး ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုလည်းဖြစ်သည်။

    သမ္မတမှာ မိတ်ဆွေ ချိုဆွန်ဆီလ်အား နိုင်ငံ့ရေးရာများတွင် ၀င်ရောက်စွက်ဖက်ခွင့်ပေးကာ၊ ထိုအမျိုးသမီးကလည်း ၎င်းနှင့် နီးစပ်မှုကို အလွဲသုံးစားလုပ်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားပြည်သူများက ပတ်ဂျုံဟေးအပေါ် မကျေမနပ်ဖြစ်လာခဲ့သည်။

    ပတ်နှင့် ချိုတို့ နှစ်ဦးစလုံးမှာ ၎င်းတို့၏ လုပ်ရပ်များအတွက် တောင်းပန်ခဲ့သော်လည်း ပြည်သူများက မကျေနပ်ဘဲ ယနေ့ဆန္ဒပြမှုမှာ တစ်ပတ်အတွင်း တတိယမြောက် ဆန္ဒပြမှုလည်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ ဆန္ဒပြမှုတွင် လူ ၂ သိန်းနီးပါး ပါဝင်ပြီး မိမိတို့တပ်ဖွဲ့ဝင် ၂၅၀၀၀ ကို တပ်ဖြန့်ချထားသည်ဟု ပြောကြားခဲ့သော်လည်း စီစဉ်သူများကမူ ၅ သိန်းမှ တစ်သန်းကြားရှိသည်ဟု ဆိုသည်။

    ဆိုးလ်မြို့တွင်ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲသို့ အနယ်နယ်အရပ်မှ ဘတ်စ်ကားများ၊ ရထားများနှင့် လာရောက်ပါဝင်ခဲ့ကြပြီး ဆန္ဒပြသူ ၁၀၀၀ ပါဝင်သည့် အုပ်စုတစ်ခုမှာမူ နာမည်ကျော် ဂျယ်ဂျူးကျွန်းမှ စင်းလုံးလေယာဉ်ဖြင့် လာရောက်ပါဝင်ခဲ့ကြသည်။

    ကျောင်းသားများ၊ ကက်သလစ်သီလရှင်များ၊ အလုပ်သမားများ၊ လယ်ာသမားများ၊ ပင်စင်စားများ၊ လူငယ်များ စသဖြင့် လူတန်းစားပေါင်းစုံ ပါဝင်သည့် အဆိုပါ လူအုပ်ကြီးမှာ သမ္မတနှုတ်ထွက်ပေးရန် တိုက်တွန်းသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် နှုတ်မှလည်း သမ္မတ နှုတ်ထွက်ရေး ကျွေးကြော်ခဲ့ကြသည်။

    ညနေပိုင်းတွင်မူ အဆိုပါ ဆန္ဒပြလူအုပ်စုကြီးမှာ ဖယောင်းတိုင်မီးများထွန်းကာ သမ္မတအိမ်တော်သို့ ချီတက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကမူ လမ်းများကို ပိတ်ဆို့ထားလိုက်ပြီး ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့ လမ်းကြောင်းကန့်သတ်မှုကို လိုက်နာမည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ပရိတ်သတ်၏ ဖိအားကြောင့် ဘက်တစ်က နည်းပြကို ထုတ်ပယ်

    ပရိတ်သတ်၏ ဖိအားကြောင့် ဘက်တစ်က နည်းပြကို ထုတ်ပယ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    bitec

    – အသင်း၏ ဆိုးရွားသော ရလဒ်များအတွက် သပိတ်မှောက်မည်ဟု ပရိတ်သတ်များက ကြေငြာခဲ့ပြီးနောက် လာလီဂါကလပ် ရီးယဲလ်ဘက်တစ်အသင်းမှာ နည်းပြ ဂူဇ်ပိုယက်အား ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    ဆန်းဒါးလန်းနှင့် အေအီးကေ အေသင် အသင်းတို့၏ နည်းပြဟောင်းဖြစ်သူ ပိုယက်ကိုင်တွယ်သည့် ဘက်တစ်မှာ နောက်ဆုံး ၅ ပွဲတွင် ၄ ပွဲအထိ ရှုံးနိ့မ်ထားပြီး လာလီဂါတွင် အဆင့် ၁၄ နေရာအထိ ကျဆင်းခဲ့သည်။

    ထို့ကြောင့် ပရိတ်သတ်များက ပိုယက်အား ထုတ်ပယ်ရန် တောင်းဆိုခဲ့ပြီး မလိုက်လျောပါက အသင်းအား သပိတ်မှောက်မည်ဟု ကြေငြာခဲ့သည်။ ထို့နောက် ယမန်နေ့တွင် ဘက်တစ်က ပိုယက်အား ထုတ်ပယ်လိုက်သည်ဟု ကြေငြာခဲ့ပြီး ရီးယဲလ်ကွင်းလယ်လူဟောင်း ဗစ်တာဆန်းချက်ဇ်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည်ဟုဆိုသည်။

    ပိုယက်မှာ ပြီးခဲ့သည့် မေလကမှ ဘက်တစ်နှင့် ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

    ရီးယဲလ်မက်ဒရစ်တွင် ၁၉၉၀ ပြည့်နှစ်များက ကစားခဲ့ဖူးသည့် ဆန်းချက်ဇ်မှာ နောက်ဆုံး ဂရိကလပ် အိုလံပီယာကော့စ်ကို ကိုင်တွယ်ဖူးသည်။

    Ref: Goal

  • ဖားကန့်မှာ မိုးပေါ်က ပြုတ်ကျတာလာတာ ဘာကြီးလဲ

    ဖားကန့်မှာ မိုးပေါ်က ပြုတ်ကျတာလာတာ ဘာကြီးလဲ

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    space

    – ကချင်ပြည်နယ် ဖားကန့်မြို့က လုံးခင်းကျေးရွာနားမှာ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းက ကောင်းကင်ပေါ်ကနေ အရာဝတ္ထုတစ်ခု ပြုတ်ကျလာခဲ့ပြီး ဘာအရာဝတ္ထုမှန်း အခုအချိန်အထိ မဖော်ထုတ်နိုင်သေးပါဘူး။

    စလင်ဒါပုံ ကြီးမားတဲ့ အဲဒီသတ္တုကိုယ်ထည်ကြီးဟာ ၁၂ ပေလောက်ရှည်ကာ အချင်းကတော့ ၅ ပေလောက်ရှိပါတယ်။ အဲဒီအရာဝတ္ထု ကျလာတဲ့အခါ အလွန်ကျယ်လောင်တဲ့အသံ ကြားခဲ့ရပြီး မြေကြီးတွေတောင် တုန်လှုပ်သွားတယ်လို့ ရွာသားတွေက ဆိုပါတယ်။

    ဒီအရာဝတ္ထုကြီးကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပေမယ့် ရွာထဲက အိမ်တစ်ချို့တော့ ပျက်ဆီးသွားပါတယ်။ နောက်ပိုင်းမှာ ဒီကိုယ်ထည်ကြီးကနေ ညှော်နံ့တွေလည်း ထွက်လာခဲ့ပါတယ်။

    “ပထမတော့ တိုက်ပွဲဖြစ်နေပြီလို့ ကျွန်မတို့ထင်တာပေါ့။ ပေါက်ကွဲမှုကြီးကြောင့် ကျွန်မတို့အိမ်တွေတောင် တုန်ခါသွားတယ်။ ရွာထဲကနေ မီးခိုးထွက်လာတာကိုလည်း ကျွန်မတို့ မြင်ခဲ့ရတယ်” လို့ လုံးခင်းကျေးရွာမှာနေထိုင်တဲ့ ဒေါ်မကြည်က ပြောကြားခဲ့ပါတယ်။

    ဒီအရာဝတ္ထုကြီးဟာ လေယာဉ်တစ်စီးစီးက ပြုတ်ကျလာတဲ့အရာဖြစ်မယ်လို့ မှန်းဆသူတွေလည်း ရှိနေပါတယ်။

    “အင်ဂျင်လို့ထင်တယ်ဗျ။ ဘာ့ကြောင့်လည်းဆိုတော့ အနောက်ဖက်မှာ ဒိုင်အုပ်တွေ၊ ကြေးနီဝါယာကြိုးတွေလည်း တွေ့ရတယ်” လို့ ကိုမောင်မျိုးက ပြောကြားခဲ့ပါတယ်။

    အစိုးရတာဝန်ရှိသူတွေက ဒီအရာဝတ္ထုဟာ ဘာဖြစ်တယ်ဆိုတာကို မဖော်ထုတ်ရသေးဘဲ စစ်ဆေးဖို့အတွက် ကျွမ်းကျင်သူတွေ လွှတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ လေကြောင်းဌာန အရာရှိဟောင်းတစ်ဦးကတော့ ဒီအစိတ်အပိုင်းကြီးဟာ ခရီးသည်တင်လေယာဉ်က အစိတ်အပိုင်းထက် ဒုံးပျံတွေမှာသုံးတဲ့ အင်ဂျင်မျိုးနဲ့ ပိုတူတယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့က တရုတ်နိုင်ငံဟာ သူတို့ရဲ့ ဂြိုဟ်တု ၅ လုံးနဲ့ အာကသထဲက ဂြိုဟ်တုတွေကို လမ်းကြောင်းရှာဖွေနိုင်ရေး စမ်းသပ်အသုံးပြုမယ့် ယာဉ်ငယ်တစ်စင်းတို့ တင်ဆောင်သွားတဲ့ Long March Rocket ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ လိုကြေငြာခဲ့ပါတယ်။

    ဂြိုဟ်တုတွေ၊ ဒုံးပျံတွင်လွှတ်တင်အပြီးမှာ အပျက်အဆီးတွေ ကျန်ခဲ့တာဟာ ပုံမှန်ဖြစ်နေပေမယ့် ကမ္ဘာမြေပေါ်ကျပြီး လူတွေကို ထိခိုက်မိတာမျိုးက ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ နာဆာရဲ့ ဟူစန်တန်က Johnson Space Center က Orbital Debris Program ရုံးမှာ အလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင် မာ့ခ် မက်တနေးက ဒီလို အာကာသက အပျက်အဆီးတွေ ကျပြီး လူတွေကို ထိခိုက်မှုဟာ အကြိမ်ပေါင်း ၂၃၀၀ လောက်မှ တစ်ကြိမ်သာ ဖြစ်နိုင်တယ်လို့ ၂၀၁၁ ခုနှစ်က ပြောခဲ့ပါတယ်။

    အခုအချိန် အာကာသထဲမှာ ရှိနေတဲ့ အပျက်အစီးတွေက ၅ သောင်းလောက်ရှိပြိး အများစုက သေးကွေးတဲ့ ပစ္စည်းတွေဖြစ်တယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။

    Ref : Space.com

  • ဆောက်ဂိတ်နှင့် အင်္ဂလန်အနာဂတ် မသေချာသေး

    ဆောက်ဂိတ်နှင့် အင်္ဂလန်အနာဂတ် မသေချာသေး

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    south

    – ရလဒ်ကောင်းများ ရရှိနေပြီး မိမိအနေဖြင့် ယခုရာထူးကို နှစ်သက်သော်လည်း အနာဂတ်အတွက်မူ ရေရာမှုမရှိသေးဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ၂၀၁၈ ကမ္ဘာဖလားခြေစစ်ပွဲအဖြစ် ခြေစွမ်းတက်နေသော စကော့တလန်အသင်းနှင့် ၀င်ဘလေကွင်းတွင်ကစားရာ အင်္ဂလန်က ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ စတားရစ်ခ်ျ၊ လာလနာနှင့် ကာဟေးလ်တို့၏ ဂိုးများဖြင့် အနိုင်ရခဲ့သည့် ထိုပွဲမှာ အလာဒိုက်စ်ထွက်သွားပြီးနောက် ယာယီနည်းအဖြစ် တာဝန်ယူထားသည့် ဆောက်ဂိတ် ကိုင်တွယ်သော ၃ ပွဲစလုံး ရာနှုန်းပြည့်အနိုင်လည်းဖြစ်ခဲ့ကာ ပေးဂိုးမရှိသေးချေ။

    ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဆောက်ဂိတ်က မိမိ၏ အနာဂတ်မှာ သေချာမှုမရှိသေးဟု ဆိုသည်။

    “(ဆက်ရှိမလားဆိုတာက) ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ လူတိုင်းအတွက် ခက်ခဲတဲ့ ဒီအလုပ်အတွက် ကျွန်တော်ဟာ အစမ်းခန့်အပ်ခံခဲ့ရတာပါ။ အသင်းနဲ့အလုပ်လုပ်ရတာကို ကျွန်တော် နှစ်ခြိုက်ပါတယ်။ အင်္ဂါနေ့ စပိန်နဲ့ပွဲဟာ ခက်ခဲတဲ့ စိန်ခေါ်မှု၊ ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်လာမှာပါ။ ကျန်တာကတော့ ကျွန်တော်နဲ့ မဆိုင်တော့ပါဘူး။ ကျွန်တော် ပျော်တယ်။ ကျွန်တော့်ရဲ့နေရာနဲ့ တာဝန်ယူမှု၊ စိန်ခေါ်မှုတိုင်းအတွက်လည်း ကျေနပ်ပါတယ်” ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။

    Ref : Goal

  • ရာဇာအာရာဖတ်အား လုပ်ကြံသူကို မိမိသိသည်ဟု ပါလက်စတိုင်းသမ္မတပြော

    ရာဇာအာရာဖတ်အား လုပ်ကြံသူကို မိမိသိသည်ဟု ပါလက်စတိုင်းသမ္မတပြော

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    abbas
    ပါလက်စတိုင်းသမ္မတ အဘတ်စ်

    – ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်က ၎င်းအနေဖြင့် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ခေါင်းဆောင်းဟောင်းဖြစ်သူ ရာဇာအာရာဖတ်၏ ပဟေဠိဖြစ်ဖွယ် သေဆုံးမှုနောက်ကွယ်၌ မည်သူရှိနေသည်ကို သိရှိကြောင်း ပြောကြားလိုက်သည်။

    “သူ့ကို ဘယ်သူသတ်သလဲလို့ ကျွန်တော့်ကိုမေးရင် ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းရဲ့ ထွက်ချက်က မလုံလောက်ပါဘူး” ဟု အဘတ်စ်က အာရာဖတ်သေဆုံးမှု ၁၂ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ရာမာလာမြို့တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

    “ကျွန်တော် နာမည်တပ်မပြောချင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီနာမည်တွေက မှတ်ထားဖို့တောင် မကောင်းလို့ပါပဲ” ဟု ၎င်းက ပြောသည်။

    သို့သော်လည်း ထိုလုပ်ကြံသူအား ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆောင်ရွက်နေသည်ဟုလည်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

    “စုံစမ်းရေးကော်မရှင်က ဒီကိစ္စကို အသေးစိတ်ရှာဖွေနေပါတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာ ခင်ဗျားတို့သိရင် အံ့အားသင့်သွားပါမယ်” ဟု ၎င်းက စိတ်ဝင်စားဖွယ် ပြောကြားခဲ့သည်။

    အစ္စရေးက ပါလက်စတိုင်းပိုင်နက်များအား တစ်ဖြည်းဖြည်း ကျူးကျော်သိမ်းပိုက်မှုကို တွန်းလှန်ရန်နှင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရန်အတွက် ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းတွင် ပါလက်စတိုင်းလွတ်မြောက်ရေး အဖွဲ့ကို ဦးဆောင်ခဲ့သည့် ရာဇာအာရာဖတ်မှာ ၂၀၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် အသက် ၇၅ နှစ်ရှိချိန်တွင် ပြင်သစ်မြို့တော် ပဲရစ်ရှိ ဆေးရုံတစ်ရုံတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

    ၂၀၁၂ ခုနှစ်က အာရာဖတ်၏ ဇနီးဖြစ်သူ ဆူဟာက သူမ၏ ခင်ပွန်းမှာ အထက်လန်အောက်လျှောဖြစ်သည့်အတွက် Mercy စစ်ဆေးရုံသို့ တင်ထားစဉ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်ဟုဆိုကာ ပြင်သစ်တွင်တရားစွဲဆိုမှု ပြုလုပ်ခဲ့သည်။

    ပြင်သစ်ဆရာဝန်များကမူ အာရာဖတ်မှာ ဆိုးရွားသည့် လေဖြတ်ရောဂါကြောင့် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့ပြီး ၎င်း၏ ရောဂါဇစ်မြစ်ကို မသိဟု ဆိုသည်။

    ဆူဟာ၏ တရားစွဲဆိုမှုပြီးနောက် ရာမာလာရှိ ရာဇာအာရာဖတ်၏ အုတ်ဂူကို ဖွင့်ကာ ကျွင်းကျင်ရစ်သည့် ရုပ်ကလပ်ကို ပြင်သစ်၊ ဆွစ်ဇာလန်နှင့် ရုရှားကျွမ်းကျင်သူများက စစ်ဆေးခဲ့သည်။

    ပြင်သစ်ကျွမ်းကျင်သူများကမူ အာရာဖတ်တွင် အဆိပ်မိသည့်လက္ခဏာမျိုး မတွေ့ရဟု ပြောကြားခဲ့သော်လည်း ဆွစ်ဇာလန်နှင့် ရုရှားကျွမ်းကျင်သူများက ပြုလုပ်သည့် သီးခြား စုံစမ်းစစ်ဆေးမှုတွင်မူ အာရာဖတ်မှာ ပိုလိုနီယံအဆိပ်ဖြင့် လုပ်ကြံခံခဲ့ရခြင်းဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပြည်သူများကမူ ၎င်းတို့၏ ခေါင်းဆောင်ဟောင်းကို အစ္စရေးက လုပ်ကြံခဲ့သည်ဟု ယူဆနေကြသည်။

    Ref : Presstv