News @ M-Media

Author: Ko Lay

  • ရင်သားကိုင်သည့်စွဲချက်ဖြင့် ထောင်ချခံရသူ ယူကေရောက် မြန်မာဆရာဝန်တစ်ဦး ကွင်းလုံးကျွတ်လွတ်

    ရင်သားကိုင်သည့်စွဲချက်ဖြင့် ထောင်ချခံရသူ ယူကေရောက် မြန်မာဆရာဝန်တစ်ဦး ကွင်းလုံးကျွတ်လွတ်

    နိုဝင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    dr

    – ဆယ်ကျော်သက်လူနာတစ်ဦးအား စမ်းသပ်စဉ် မဖွယ်မရာပြုလုပ်ခဲ့သည်ဟူသော စွဲချက်ဖြင့် ထောင်ဒဏ် ၁၈ လ ကျခံခဲ့ရသည့် ယူကေရောက် မြန်မာဆရာဝန်တစ်ဦးမှာ ပြန်လည်ကြားနာမှုအတွင်း အပြစ်မရှိကြောင်း တွေ့ရှိရ၍ အမှုမှ ကွင်းလုံးကျွတ် လွတ်သွားပြီဟု သိရသည်။

    အသက် ၄၅ နှစ်အရွယ်ရှိ ဒေါက်တာ အံ့ထွန်းမောင်ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လက ဆန်းဒါလန်းရှိ ၎င်း၏ဆေးခန်းတွင် လာရောက်ပြသသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အင်္ကျီနှင့် ဘရာချွတ်ခိုင်းကာ ရင်သားအား ကိုင်တွယ်သည်ဆိုသော အမှုဖြင့် ပြီးခဲ့သည့်နှစ်ဧပြီလက ထောင်ဒဏ် ကျခံခဲ့ရခြင်းဖြစ်သည်။

    ဒေါက်တာ အံ့ထွန်းမောင်ကမူ ထိုအမျိုးသမီးငယ်၏ စွပ်စွဲချက်များမှာ မဟုတ်မှန်ဘဲ မိမိအနေဖြင့် အ၀တ်အစားများကိုလည်း ချွတ်ခိုင်းခဲ့ခြင်းမရှိကြောင်း၊ ရင်ဘတ်တွင် နားကြပ်ဖြင့်ထောက်၍ နားထောင်ခဲ့ခြင်းသာဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

    ထောင်ဒဏ် ၁၈ လ ချမှတ်ခံရပြီးနောက် ၎င်း၏ မိသားစုများ လုပ်ဖော်ကိုင်ဖက်များက အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားခဲ့ကြပြီး အယူခံနိုင်ခဲ့ကာ ထောင်ဒဏ် ၆ လသာ ကျခံရပြီး ပြန်လည် လွတ်မြောက်လာခဲ့သည်။

    တရားရုံးက ၎င်းအပေါ် ပြစ်ဒဏ်ချမှတ်မှုကို ပယ်ဖျက်ခဲ့ပြီး အမှုကို ပြန်လည်စစ်ဆေးကာ သက်သေများကိုလည်း ပြန်တောင်းခဲ့သည်။

    ၂ နာရီ ကြာမြင့်ခဲ့သည့် နောက်ဆုံးကြားနာမှုတွင် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၆ ဦးတို့ပါဝင်သော ဂျူရီအဖွဲ့က ဒေါက်တာမောင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် အပြစ်ရှိကြောင်း မတွေ့ရဟု ဆုံးဖြတ်ခဲ့သည်။

    ဒေါက်တာအံ့ထွန်းမောင်ကမူ ဆုံးဖြတ်ချက်ပြီးနောက် တရားရုံးအပြင်ဘက်တွင် မိမိအနေဖြင့် အလွန် စိတ်သက်သာရာ ရခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီကိစ္စကို အများပြည်သူ သိစေချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ပြစ်ဒဏ်ပယ်ဖျက်ခံရပြီးကတည်းက တရားရုံးက ကျွန်တော့်ကို တရားဝင် စကားပြောဆိုခွင့် မပေးခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

    ၎င်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက ဆေးကုသခွင့် ပိတ်ပင်ခံထားရပြီး ဆေးကုသခွင့် ပြန်လည်ရရှိရေးအတွက်လည်း လက်ရှိတွင် တရားရင်ဆိုင်နေရသည်။

    ၎င်း၏ရှေ့နေ ဖီလစ်စီတီ ဂယ်ရီကမူ “ဘယ်ရင်သားကိုမှ ကိုင်တွယ်ပွတ်သပ်တာမျိုး မရှိပါဘူး။ ဒါဟာ သာမန် ဆေးစစ်ဆေးမှုဖြစ်ပြီး တုန်လှုပ်စရာ နားလည်မှုလွဲခြင်းသာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ၁၉၉၀ ပြည့်နှစ်ကတည်းက ယူကေသို့ ရောက်ရှိလာခဲ့သည့် ဒေါက်တာ အံ့ထွန်းမောင်မှာ နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆေးရုံနှင့် ဆေးခန်းများတွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။

    ၎င်းမှာ ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသူဖြစ်ပြီး တစ်နေ့လျှင် ၅ ကြိမ်တရားထိုင်လေ့ရှိကာ ဆန်းဒါးလန်းဗုဒ္ဓဘာသာစင်တာတွင်လည်း အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

    “ဒေါက်တာမောင်ဟာ သူ့အပြစ်မရှိကြောင်း သက်သေပြဖို့ ထိုက်တန်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ ပထမ ကြားနာမှုမှာ မှားယွင်းပြီး ပြစ်ဒဏ်ချမှတ်ခံရတာပါ။ နိုင်ငံအတွင်းကသာမကဘဲ နိုင်ငံပြင်ပက ဆရာဝန်တွေကလည်း သူ့ဘက်က ရှိနေပါတယ်။ ဒီအတွက်လည်း သူတို့ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟု ဒေါက်တာ အံ့ထွန်းမောင်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

    Ref: Dialymail

  • ခရိုအေးရှားတွင် ဗလီဝတ်ကျောင်းတော်သစ်လုံး တည်ဆောက်မည်

    ခရိုအေးရှားတွင် ဗလီဝတ်ကျောင်းတော်သစ်လုံး တည်ဆောက်မည်

    နိုဝင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    croatia
    ခရိုအေးရှားတွင် အသစ်ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော်

    – ဥရောပနိုင်ငံတစ်ခုဖြစ်သော ခရိုအေးရှားတွင် စတုတ္ထမြောက် အစ္စလာမ့်ယဉ်ကျေးမှုစင်တာ(ဗလီဝတ်ကျောင်းတာ်) တစ်ခု တည်ဆောက်သွားမည်ဖြစ်ပြီး စနေနေ့က အဆိုပါ စင်တာတည်ဆောက်ရေး အသိပေးရှင်းလင်းပွဲအခမ်းအနား ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဗလီဝတ်ကျောင်းတော်ဆောက်လုပ်မည့် ဆီဆက်မြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားကို ခရိုအေးရှားနှင့် အိမ်နီးချင်းနိုင်ငံများမှ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်နှင့် ဒေသတာဝန်ရှိသူများ၊ သံတမန်များနှင့် အခြားဧည့်သည်တော်များအပါအ၀င် အစ္စလာမ်ဘာသာဝင် ၂၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

    ယူရို ၅.၅ သန်း ၀န်းကျင်ခန့် ကုန်ကျမည့် အဆိုပါစင်တာကို ခရိုအေးရှား အစ္စလာမ့်ရေးရာ အဖွဲ့ဖြစ်သော Islamic Community က ဦးဆောင်ကာ တစ်ဆင့်ချင်းစီ တည်ဆောက်သွားမည်ဖြစ်သည်။ အကျယ်အ၀န်း ၂၅၀၀ စတုရန်းမီတာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ၀တ်ပြုဆောင်အပြင် ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာများလည်း ပါဝင်မည်ဖြစ်သည်။

    အမိုးခုံးတစ်ခု၊ မင်နာရတ် (၀တ်ပြုရန်နှိုးဆော်သံ ဟစ်ကြွေးသည့် မျှော်စင်) တစ်ခုတို့ပါဝင်မည့် အဆိုပါ ဗလီဝတ်ကျောင်းတော်တွင် ဘက်စုံသုံးခန်းမတစ်ခု၊ စာဖတ်ခန်းနှင့်တွဲထားသည့် စာကြည့်တိုက်တစ်ခု၊ စာသင်ခန်းများ၊ ဟာလာလ် စားသောက်ဆိုင်တစ်ခု၊ နားနေခန်းနှင့် အခြားနေရာများကိုလည်း ထည့်သွင်းဖြစ်သည်။

    အခမ်းအနားသို့ တက်ရောက်လာခဲ့သည့် ဘော့စနီးယား ဟာဇီဂိုဗီနာမှ အစ္စလာမ့်ရေးရာအဖွဲ့ Islamic Community ၏ အကြီးအကဲဖြစ်သူ ရီဆွလ်-အိုလမာ ဟူစိန် ကာဗာဇိုဗီက ယနေ့မှာ အစ္စလာမ်ဘာသာဝင်များအတွက် ကြီးကျယ်သည့်နေ့ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အနာဂတ်မှာ ပေါ်ထွက်လာမယ့် ဒီဘာသာရေးအဆောက်အအုံကနေ မွတ်စလင်တွေသာမကဘဲ သူတို့ရဲ့ အိမ်နီးချင်းကောင်းတွေ၊ ကက်သလစ်တွေနဲ့ အခြားသူတွေအကြား သဟဇာတဖြစ်မှု၊ သာယာတဲ့ဘ၀သစ်ကို တည်ထောင်နိုင်မှုပြယုဂ် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဒီအားထုတ်မှုဟာ ပိုကောင်းတဲ့ ကမ္ဘာဖြစ်ရေးနဲ့ စည်းလုံးညီညွတ်ရေးကို ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ခရိုအေးရှားဟာ လူတိုင်းကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးတဲ့နိုင်ငံ ဖြစ်ပါတယ်”

    ခရိုအေးရှား Islamic Community ၏ ဥက္ကဌဖြစ်သူ မွဖ်သီ အဇစ် ဟာဆာနိုဗီက ထိုကဲ့သို့ တည်ဆောက်မှုမှာ နိုင်ငံအတွင်းရှိ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု ပြယုဂ်ဖြစ်ကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့်ကို ခွင့်ပြုထားသည့် ခရိုအေးရှား၏ ဒီမိုကရေစီတန်ဖိုးမြင့်မားမှုကို ခိုင်မာစေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဆီဆက်မြို့၏ ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဗာလ်ဒို ကိုဆီကမူ ယခုတည်ဆောက်မည့် ဆီဆက် ဗလီဝတ်ကျောင်းတော်မှာ ဘုရားသခင်အား သတိရတသရနေရာ၊ ငြိမ်းချမ်းရေးဦးသျှောင်ဖြစ်သော မယ်တော်မေရီ၏ စောင့်ရှောက်မှုအောက်တွင် မွတ်စလင်နှင့် ခရစ်ယာန်တို့၏ တွေ့ဆုံရာနေရာ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ အခမ်းအနားသို့ ကူဝိတ်၊ တူရကီ စသည့် နိုင်ငံများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

    Ref : IINA

  • မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    နိုဝင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    bang

    – မိမိတို့နှစ်နိုင်ငံမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အအလမ်းများကို ရှာဖွေသွားမည်ဟု ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ အစိုးရတာဝန်ရှိသူများက ပြောကြားလိုက်သည်။

    “နှစ်နိုင်ငံ အချိုးညီ စီးပွားရေး ဆက်ဆံမှုကနေပြီး ဘင်္ဂလာဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ဟာ ဘယ်လို ၀န်ထုတ်ဝန်ပိုးမှ ခံစားရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံဟာ တူညီတဲ့ စီးပွားရေး စိန်ခေါ်မှုတွေ ရှိနေပြီး စီးပွားရေးဆိုင်ရာကိစ္စ မြောက်များစွာမှာ ပူးပေါင်းဆောင်ရွက်တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်-မြန်မာ စီးပွားရေး တိုးမြှင့်မှုကောင်စီ (BMBPC) မှ ဥက္ကဌဖြစ်သူ ဆယဒ် မဟ်မူဒူလ် ဟက်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ကြာသာပတေးနေ့က မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အား ဒါကာမြို့၌ BMBPC က လက်ခံတွေ့ဆုံစဉ် ဟက်က ထိုကဲ့သို့ ပြေကြားခဲ့ခြင်းဖြစ်သည်။

    အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာ ကုန်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ၂ ရက်ကြာ ပြုလုပ်မည့် ‘၈ ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ်-မြန်မာ ပူးတွဲကုန်သွယ်ရေးကော်မရှင် အစည်းအဝေး’ ကို တက်ရောက်ရန် လာရောက်ခဲ့ခြင်းဖြစ်သည်။

    ဟက်ကမူ မိမိတို့နှစ်နိုင်ငံမှာ အိမ်နီးချင်းသာမကဘဲ အကျိုးစီးပွားနှင့် သယံဇာတများကို မျှဝေထားသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြားတွင် လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်နှင့် ဘဏ်လုပ်ငန်းအပါအ၀င် ၀န်ဆောင်မှုလုပ်ငန်းများအကြား အလွန်ကြီးမားသည့် ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    ဦးတိုအောင်မြင့်ကမူ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှု တိုးမြှင့်ရန်အတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    BMBPC မှာ ကော့ဇ်ဘဇားနှင့် ဘန်ဒါဘန်ခရိုင်များတွင် အထူးစီးပွားရေးဇုန်များ ဆောင်ရွက်ရန် အဆိုပြုထားပြီး၊ ဇွန်လကလည်း ဘင်္ဂလားဒေ့ရှ် ပုဇွန်ဖောင်ဒေးရှင်းနှင့် မြန်မာ့ပုဇွန်အသင်းတို့က နှစ်နိုင်ငံ ပုဇွန်စီးပွားရေးကဏ္ဍတွင် အတူတကွဆောင်ရွက်ရန်၊ နည်းပညာသစ်များ ပေါင်းစပ်အသုံးပြုရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

    Ref: dhakatribune

  • အာဆီယံ အကြမ်းဖက်ဝါဒကာကွယ်ရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင် တက်ရောက် စာတမ်းဖတ်ကြား

    အာဆီယံ အကြမ်းဖက်ဝါဒကာကွယ်ရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင် တက်ရောက် စာတမ်းဖတ်ကြား

    နိုဝင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    asean

    – အာဆီယံဒေသအတွင်း အကြမ်းဖက် အစွန်းရောက်ဝါဒနှင့် ပဋိပက္ခ ကာကွယ်တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင် တက်ရောက် စာတမ်းဖတ်ကြားခဲ့သည်ဟု သိရသည်။

    ‘အဆီယံ-ကုလ အလုပ်ရုံဆွေးနွေးပွဲ : နိုင်ငံရေး-လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒေသတွင်း တွေ့ဆုံဆွေးနွေးမှု (AURED III)’ ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၇ ရက်နေ့မှ ၉ ၇က်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစိုးရအကြီးတန်းအရာရှိများ၊ အတွင်းဝန်များ၊ အဆီယံရှိ သုတေသနအသင်းများနှင့် အရက်ဖက်အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ၊ ကုလသမ္ဂမှ အကြီးတန်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    အဆိုပါ ဆွေးနွေးပွဲတွင်ကို အင်ဒိုနီးရှား နိုင်ငံခြားရေး ဒုတိယ၀န်ကြီး အေ အမ် ဖာဟီရ်က အစွန်းရောက် အကြမ်းဖက်ဝါဒ တားဆီးရေးတွင် အမျိုးသမီးများ၊ လူငယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အရေးပါမှုကို အဓိကထား ထောက်ပြသည့် ဆွေးနွေးမှုကို ကုသလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး မစ္စတာ မီရိုစလက်ဗ် ဂျန်ကာ၊ အာဆီယံအဖွဲ့၏ ဒုတိယအထွေထွေအတွင်းရေမှး ဟီရူဘာလန်တို့နှင့် ပြုလုပ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

    asean-2

    အစ္စလာမ့်ဓမ္မဗိမာန်မှ ဦးဆောင်ဆော်သြရေးမှူးဖြစ်ပြီး မြန်မာနိုင်ငံ၏ ဘာသာပေါင်းစုံချစ်ကြည်ရေး တက်ကြွစွာ ဆောင်ရွက်နေသူ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်ကမူ “တွေ့ဆုံဆွေးနွေးခြင်းနှင့် ပဋိပက္ခကာကွယ်ခြင်း” (Dialogue and Conflict Prevention) ခေါင်းစဉ်အောက်တွင် ပါဝင်ဆွေးနွေးခဲ့ပြီး ‘အစွန်းရောက် အကြမ်းဖက်မှု ကာကွယ်ရေးတွင် ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့အစည်းများ ပါဝင်ရမည့် အခန်းကဏ္ဍ’ ခေါင်းစဉ်ဖြင့် စာတမ်းတစ်ခုကိုလည်း ဖတ်ကြားခဲ့သည်။

    အဆိုပါ AUED III ဆွေးနွေးပွဲကို ကုလသမဂ္ဂ၏ နိုင်ငံရေးဌာန၊ ကုလသမဂ္ဂ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန၊ မဟာဗျူဟာနှင့် နိုင်ငံကာရေးရာ လေ့လာမှုစင်တာ (CSIS)၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံဖောင်ဒေးရှင်းတို့က ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်သည်။

    ထို့ပြင် အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံခေါင်းဆော်များနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးတို့က အတည်ပြုခဲ့သည့် ‘အာဆီယံ-ကုလ ပြည့်ဝသော မိတ်ဖက်ဖြစ်ရေး’ သဘောတူညီမှုနောက်ပိုင်း နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်း နိုင်ငံရေး-လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲလည်းဖြစ်သည်။

    asean-3

    Ref: unicjakarta.org

  • ဒီမိုကရက်တစ်ပါတီရဲ့ ထိပ်တန်းနေရာကို ရယူတော့မယ့် အမေရိကန်မွတ်စလင်အမတ်

    ဒီမိုကရက်တစ်ပါတီရဲ့ ထိပ်တန်းနေရာကို ရယူတော့မယ့် အမေရိကန်မွတ်စလင်အမတ်

    နိုဝင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    usmuslim

    – ‘အမေရိကန်ကို မွတ်စလင်တွေ ၀င်ရောက်မှု လုံးဝ ပိတ်ပစ်မယ်’ လို့ ကျွေးကြော်ခဲ့သူက အင်္ဂါနေ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

    ဒါပေမယ့် ပထမဆုံး အမေရိကန်မွတ်စလင် အောက်လွှတ်တော်အမတ် ကိသ် အယ်လီဆန်ကတော့ ဒီမိုကရက်တစ်ပါတီရဲ့ မဟာဗျူဟာတွေကို ချမှတ်ပေးတဲ့ အမျိုးသား ဒီမိုကရက်တစ်ကော်မတီရဲ့ DNC မှာ ဥက္ကဌဖြစ်ရေး ခြေလှမ်းနေပြီ ဖြစ်ပါတယ်။

    မင်နီဆိုတာပြည်နယ်ကိုယ်စားပြုတဲ့ အယ်လီဆန်ဟာ ဒီ သြဇာကြီးမားတဲ့ ရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ ဒီအတွက် အယ်လီဆန်ကိုယ်တိုင်က ဘယ်လိုမှတ်ချက်မျိုးမှ မပေးသေးပေမယ့် အထက်လွှတ်တော်အမတ် ဘာရ်နီ ဆန်းဒါးရ်စ်နဲ့ အလီဇဘက်သ် ၀ါရန်၊ နယူးယောက် အထက်လွှတ်တော်အမတ် ချက်ရှူမားတို့အပါအ၀င် သြဇာကြီးမားတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တော်တော်များများကတော့ သူ့ကို ထောက်ခံထားကြပါတယ်။ ချက်ရှူးမားဟာ အထက်လွှတ်တော်ရဲ့ လူနည်းစုခေါင်းဆောင်ဖြစ်ဖို့ မျှော်မှန်းထားသူပါ။ အယ်လီဆန်ဟာ အထက်လွှတ်တော်က ဒီမိုကရက်တစ်ခေါင်းဆောင် နီဗာဒါပြည်နယ်က ဟာရီ ရေ့ဒ်ရဲ့ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။

    “ကျွန်တော့်သူငယ်ချင်း ကိသ် အယ်လီဆန်ဟာ အင်မတန်တော်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသိတဲ့ အရှေ့ကိုကြိုမြင်သူတစ်ယောက် ဖြစ်ပါတယ်။ အခုအချိန်ဟာ DNC မှာ အတွေးအခေါ်အသစ်တွေ၊ ခြေလှမ်းအသစ်တွေ လိုအပ်နေတဲ့အချိန်ဖြစ်ပြီး ဒါဟာ ကိသ် (အယ်လီဆန်) ရဲ့ အချိန်ပါပဲ” လို့ ရေ့ဒ်ကထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပါတီအတွက် ဘယ်လို လူငယ်ခေါင်းဆောင်အသစ်တွေ ပေါ်ထွက်လာမလဲဆိုတာကို စောင့်ကြည့်ရမယ့် DNC ရဲ့ နောက်ထပ်အကြီးအကဲ ရွေးချယ်မှုဟာ ဟီလာရီ ကလင်တန်တစ်ယောက် ထရမ့်ကို မထင်မှတ်ဘဲ ရှုံးနိမ့်မှုအပြီး ဒီမိုကရက်တစ်ပါတီက ဘယ်လမ်းကြောင်းကို လျှောက်မလဲဆိုတာကိုနဲ့ ပြသမယ့် အရေးကြီးတဲ့အချက်လည်း ဖြစ်ပါတယ်။

    တကယ်လို့ အယ်လီဆန်သာ အရွေးခံရမယ်ဆိုရင် ထရမ့်ရဲ့ လူဖြူမဟုတ်သူတွေကိုအပေါ် ပြောခဲ့တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်လို့ တော်တော်လေး စိုးထိတ်မှုတွေရှိနေတဲ့ မွတ်စလင်တွေအပါအ၀င် တစ်ခြား လူမျိုးစုငယ်လေးတွေရဲ့အရေးအတွက် အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

    မင်နီယာပိုလစ်က သူ့ရဲ့ ခရိုင်ရုံးခန်းမှာပြုလုပ်တဲ့ အင်တာဗျူးမှာ အယ်လီဆန်က သူ့ပတ်ဝန်းကျင်က မွတ်စလင်တွေဟာ ထရမ့် သမ္မတဖြစ်တော့မယ်ဆိုတဲ့အချိန်မှာ သူတို့အပေါ် ခွဲခြားမှုတွေ၊ ဆိုးရွားတဲ့ ဆက်ဆံမှုတွေ ရှိမလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

    “‘ကျွန်မတို့ ကလေးတွေက သားတို့တွေ မောင်းထုတ်ခံရတော့မှာလား။ လုံခြုံမှုဆက်ရှိမှာလားဆိုပြီး မေးနေကြတယ်’ လို့ ကျွန်တာ့်ကို ပြောပြတဲ့မိခင် တစ်ယောက်မက ရှိပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတွေကလည်း သူတို့အနေနဲ့ သူတို့ ဆန္ဒရှိရင် ဟီဂျဘ် ဆက်ဝတ်လို့ရမလားဆိုပြီး မေးကြတာတွေလည်း ရှိပါတယ်။ ဒါက ကိုယ်ပိုင်ရွေးချယ်မှုပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဒါမျိုးဝတ်ဆင်ဖို့ မလုံခြုံတော့ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်နေပါပြီ” လို့ အယ်လီဆန်က ပြောကြားခဲ့ပါတယ်။

    အရင်အင်တာဗျူးတွေတုန်းကလိုပဲ အခုအချိန်မှာလည်း အယ်လီဆန်က အံ့သြဖို့ကောင်းတဲ့ မှတ်ချက်တစ်ခု ပေးခဲ့ပါသေးတယ်။ ဒါကတော့ အခုအချိန်ဟာ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီးနောက်ပိုင်မှာ ကြုံတွေ့ရတဲ့ အခြေအနေမျိုးထက် ပိုဆိုးတဲ့ အခြေအနေမျိုးလို့ သူက ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

    “အခုအချိန်က ပိုပြီး ခက်ခဲနိုင်ဖွယ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်”

    စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ တင်းမာမှုတွေက တစ်ဖြည်းဖြည်းလျော့ကျကာ ပုံမှန် ပြန်ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ အောက်လွှတ်တော်ရဲ့ ပထမဆုံး မွတ်စလင်အမတ် ဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့ သမ္မတ ဂျော့ဂ်ျ ဒဘလျူ ဘုရှ်က “‘လက်ဆွဲနှုတ်ဆက်ပြီး ‘အယ်လီဆန်ရေ – အောက်လွှတ်တော်မှာ မွတ်စလင်အမတ်တစ်ယောက် ရှိလာတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်’” လို့ ပြောကြာခဲ့ကြောင်း သူက ဖွင့်ဟခဲ့ပါတယ်။

    နောက်ပြီး အစ္စလာမ်သာသနာက ပြဿနာမဟုတ်ဘဲ့ အကြမ်းဖက်သမားတွေ၊ လူသတ်သမားတွေနဲ့ အဲဒီအရူးတွေကသာ ပြဿနာဖြစ်တယ်လို့လည်း ဘုရှ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    အယ်လီဆန်ကတော့ “ဘုရှ်ဟာ ဒီစကားအတွက် သြဘာပေးမှု သိပ်မရခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNN