News @ M-Media

Author: Ko Lay

  • ရီးယဲလ်ကိုအားပေးသော်လည်း မက်ဆီသာ အကောင်းဆုံးဟု ဖော်မြူလာဝမ်းချန်ပီယံပြော

    ရီးယဲလ်ကိုအားပေးသော်လည်း မက်ဆီသာ အကောင်းဆုံးဟု ဖော်မြူလာဝမ်းချန်ပီယံပြော

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    messi-2

    – မိမိအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်း၏ ပရိတ်သတ်ဖြစ်သည်မှာ မှန်သော်လည်း ရော်နယ်ဒိုထက် မက်ဆီသာလျှင် ကမ္ဘာ့အကောင်းဆုံးဖြစ်သည်ဟု ဖော်မြူလာဝမ်းပြိုင်ကားမောင်းချန်ပီယံ ဖာနန်ဒိုအလွန်ဆိုက ပြောကြားလိုက်သည်။

    အာဂျင်တီးနားတွင်ပြုလုပ်ခဲ့သည့် ဖော်မြူလာဝမ်း အခမ်းအနားတစ်ခုတွင် မက္ကလာရင်အသင်း၏ ပြိုင်ကားသမားဖြစ်သူ အလွန်ဆိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ်ရရှိခဲ့သည့် မက်ဆီ၏ကစားပုံကို ကြည့်ရှုရန် သွားရောက်ခဲ့သည်ဟုလည်း ၀န်ခံခဲ့သည်။

    “ကျွန်တော် ရီးယဲလ်မက်ဒရစ်ပရိတ်သတ်တစ်ယောက်ပါ။ ဒါပေမယ့် မက်ဆီကသာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်ပါတယ်။ အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့ ဂွန်ဇာလို ဟီဂူအင်နဲ့ ဖာနန်ဒို ဂါဂိုတို့ကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ မက်ဆီကစားတာကိုကြည့်ဖို့ ကျွန်တော် နျူးကမ့်ကိုလည်း သွားဖူးပါတယ်” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။

    မက်ဆီမှာ ယခုနှစ် လာလီဂါ ၉ ပွဲတွင် ၈ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲအားလုံးတွင် ၁၆ ဂိုး သွင်းယူထားသည်။

    Ref: Goal

  • ထရမ့်အနိုင်ရပြီးနောက် လူဖြူအစွန်းရောက်များက အာရှနွယ်ဖွားများကို စော်ကားမှု မြင့်တက်

    ထရမ့်အနိုင်ရပြီးနောက် လူဖြူအစွန်းရောက်များက အာရှနွယ်ဖွားများကို စော်ကားမှု မြင့်တက်

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    asia-1

    – မဲဆွယ်ပွဲမှာ လူမျိုးရေးခွဲခြားစော်ကားမှုစကားတွေကို တွင်တွင်သုံးခဲ့တဲ့ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ၄၈ နာရီအတွင်းမှာပဲ လူမျိုးရေးခွဲခြားစော်ကားမှုတွေ တော်တော်များများ ဖြစ်ပေါ်လာတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားဖော်ပြမှုတွေကို တွေ့လာရပါတယ်။

    အဲဒီအထဲမှာ လူမျိုးရေးခွဲခြားစော်ကားခံရသူအများစုဟာ အာရှသားတွေဖြစ်နေပြီး အမေရိကန်ကနေ ထွက်သွားလို့ မောင်းထုတ်တာမျိုးတွေ၊ လိုက်နှောက်ရှက်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

    sannah အမည်နဲ့ Twitter အသုံးပြုသူ အာရှသူတစ်ဦးက သူ့ရဲ့ ၀မ်းကွဲညီမ လူမျိုးရေးခွဲခြားစော်ကားခံရမှုကို အခုလို မျှဝေခဲ့ပါတယ်။

    “(အမေရိကမှာ မွေးဖွားကြီးပြင်းတဲ့) ကျွန်မညီမဟာ (သူနေတဲ့) နယူးယောက်မှာ ထရမ့်ကိုထောက်ခံ ချီတက်နေကြတဲ့ လူအုပ်နားကနေ ဖြတ်သွားတဲ့အခါ ‘ကိုယ့်နိုင်ငံကိုပြန် သောက်တရုတ်မ (chink)’လို့ အပြောခံခဲ့ရပါတယ်”

    asia-2Kathy Mirah Tu ဆိုတဲ့ အမျိုးသမီးတစ်ဦးကလည်း သူ့အနေနဲ့ ၀ါရှင်တန်တံတားမှာ လူဖြူအမျိုးသားတစ်ဦးရဲ့ နှောက်ယှက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး ကိုယ်ထိလက်ရောက် စော်ကားမှုပါ ခံခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “ဒီနေ့မှာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုဖြစ် ပျက်ခဲ့ပါတယ်။ ကျွန်မဟာ ၀ါရှင်တန်တံတားမှာ လမ်းလျှောက်နေတဲ့အချိန် လူဖြူအမျိုးသားတစ်ယောက်က အရှေ့မှာပိတ်ရပ်ပြီး ‘အာရှကိုပြန်တော့’ လို့ အော်ခဲ့ပါတယ်။ ကျွန်မတော်တော်လေး တုန်လှုပ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ကျွန်မ ဘာပြန်ပြောရမှန်း မသိပါဘူး။ ဒါပေမယ့် ပြဿနာမဖြစ်ချင်တဲ့အတွက် မကြားချင်ယောင်ဆောင်ပြီး ဆက်လျှောက်သွားပါတယ်။ တအောင့်ကြာတော့ အဲဒီလူကပဲ လမ်းရှေ့မှာ ပိတ်ရပ်ပြီး ‘မင်းကိုစကားပြောနေတဲ့အချိန် မင်းက ထွက်သွားတာဟာ မလေးမစားလုပ်တယ်ဆိုတာ မင်းမသိဘူးလား’ လို့ မေးပါတယ်။ ကျွန်မ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ပြီး ‘နင့်စကားနားမထောင်ချင်တဲ့လူကို အတင်းလိုက်ပြောနေတာကရော မလေးစားရာကျတယ်ဆိုတာ နင်မသိဘူးလား’ လို့ ပြန်ပြောခဲ့ပါတယ်။ နင်ပြောသလိုပြောရရင် ငါလည်း အမေရိကန်နိုင်ငံ သားပဲ။ နင်ကငါ့ကို မောင်းထုတ်ချင်ရင် နင်လည်း နင်လာတဲ့ဆီကို ပြန်။ ငါတို့အားလုံးက ပြောင်းရွှေ့အခြေချသူတွေပဲ။ ဒီမှာ နေထိုက်တဲ့သူတွေက ဌာနေအမေရိကန်တွေ (Native American) တွေပဲရှိတယ်’ လို့လည်း ပြောခဲ့ပါတယ်။ သူက ကျွန်မပြောတာတွေကို လက်ခံဘဲ ကျွန်မကို ‘အသိဉာဏ်မရှိသူ’ လို့ ပြန်ပြောပါတယ်” လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    နောက်ပိုင်းမှာ အဲဒီလူဖြူအမျိုးသားရှေ့ကနေ ထွက်သွားမလို့လုပ်တဲ့အခါမှာ ဒီအမျိုးသားက လက်ဖမ်းဆွဲကာ လှည့်လိုက်ကြောင်း၊ သူ့အနေနဲ့ အလွန်စိတ်ဆိုးသွားပြီး လက်ကိုလွှတ်ဖို့ပြောတဲ့အခါ ရင့်ရင့်သီးသီးစကားတွေ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

    “တစ်မိနစ်အတွင်းမှာ ငါ့ကိုမလွှတ်ဘူးဆိုရင် ပြဿနာတက်ပြီး တစ်ယောက်ယောက်တော့ နာတော့မယ်၊ အဲဒီနာမယ့်သူက ငါမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ သူက ကျွန်မကိုလှောင်ပြီး ‘ကောင်းပြီလေ ဒါဆိုလည်း ထိုးကြတာပေါ။ ပိန်ညောင်ရိုးနင်က ငါ့ကို မနိုင်ပါဘူးကွာ’ လို့ သူက ပြန်ပြောခဲ့ပါတယ်။ သူကျွန်မကို ထိုးမယ့်ပုံစံမျိုး (တစ်ကြိမ်မက) လုပ်ပြပါတယ်။ ကျွန်မလည်း မခံနိုင်တော့ပါဘူး။ သူ ကျွန်မကို မတိုက်ခိုက်ခင်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ပြီး ကိုင်ထားတဲ့သူ့လက်ကိုဖယ်ကာ လည်ပင်ကို ထိုးချလိုက်ပါတယ်။ ကျွန်မနိုင်တော့မယ်ဆိုတာသိတော့ တောက်လျှောက် ရပ်ကြည့်နေတဲ့ သူ့သူငယ်ချင်းတွေက အဲဒီတော့မှ လာဖြန်ဖြေကြပါတယ်”

    အဲဒီနောက်မှာတော့ သူတို့သူငယ်ချင်းကို စော်ကားတယ်ဆိုပြီး ရဲတိုင်ခဲ့ကာ ရဲရောက်လာတဲ့အခါမှာလည်း သူမရဲ့ စကားကို နားမထောင်ခဲ့ကြောင်း၊ လက်ထိပ်ခဲ့ပြီး အချက်အလက်တွေကို စစ်ဆေးခဲ့ကာ ဘာပြစ်မှုမှမရှိတဲ့အတွက် လက်ထိပ်ဖြုတ်ပေးခဲ့ကြောင်း ကေသီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    asia-3

    ကယ်လီဖိုးနီးယားက အမည်မဖော်လိုတဲ့ နောက်တစ်ယောက်ကတော့ သူ့အနေနဲ့ စီးကရက်ဝယ်ဖို့ စတိုးဆိုင်သွားတဲ့အချိန်မှာ လူဖြူအုပ်စုက သူ့ကိုဝိုင်းကာ မခံသာအောင်ပြောခဲ့ပြီး ‘အမေရိကန် စစ်စစ်တွေက ဒီကို ပြန်လာတော့မယ်ကွ’ လို့ ပြောခဲ့ကြောင်း၊ နောက်ပိုင်းမှာ ဘင်လာဒင်လို့ခေါ်ခဲ့ပြီး လက်ဝါးကပ်တိုင်တင် မီးရှို့ဖို့ ပြန်လာအုံးမယ်လို့ ခြိမ်းခြောက်သွားကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    လော့စ်အိန်ဂျလိစ်က Jen Choi ဆိုတဲ့ အမျိုးသမီးငယ်တစ်ယောက်ကတော့ ဒီလို ခွဲခြားစော်ကားမှုကို တက္ကစီ စီးရင်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်မထွက်သေးခင်ညက ဘားကနေ ပြန်ဖို့ Uber Pool တက္ကစီကို ခေါ်လိုက်တဲ့အချိန် တက္ကစီထဲမှာ အမျိုးသားခရီးသည်တစ်ဦး ပါလာခဲ့ပြီး အဲဒီခရီးသည်က ထရမ့်အမာခံ ဖြစ်ပါတယ်။ ဟီလာရီကတိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရမှန်း သိတဲ့လူမဟုတ်ဘူးလို့ ခရီးဖော်ကပြောတဲ့အခါမှာတော့ Jen Choi က ဟီလာရီရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို ပြောလိုက်မိပါတယ်။ ရလဒ်ကတော့ ထရမ့်နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခံလိုက်ရတာပါပဲ။

    asia-4

    “Uber ကို ကျွန်မရပ်ဖို့ပြောလိုက်တယ်။ ကားပေါ်ကဆင်းတဲ့အခါ မျက်လုံးကနေ မျက်ရည် ပေါက်ပေါက်ကျလာတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီလူရဲ့ ပါးစပ်ကထွက်တဲ့စကားဟာ အမေရိကန်တွေ သမ္မတအဖြစ်၊ ကာကွယ်ရေးဦးစီးချုပ်အဖြစ်၊ လွတ်လပ်တဲ့ကမ္ဘာရဲ့ ခေါင်းဆောင်အဖြစ် ရွေးလိုက်တဲ့သူရဲ့ ပါးစပ်က ထွက်လာသလို ပေါက်လွှတ်ပဲစားစကားတွေ ဖြစ်လို့ပါပဲ” လို့ Facebook စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

    asia-7

    asia-6

    Ref: nestshark.com

  • မော်ရိုကိုက အဆန်းသစ်ဆုံး လျှစ်စစ်ကားကို ထုတ်ဖော်ပြသ

    မော်ရိုကိုက အဆန်းသစ်ဆုံး လျှစ်စစ်ကားကို ထုတ်ဖော်ပြသ

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    moroco

    – မော်ရိုကိုနိုင်ငံ အမျိုးသားသယ်ယူပို့ဆောင်ရေးကုမ္ပဏီ (SNTL) က ပထမဆုံး လျှပ်စစ် ပစ်ကစ်ကားတစ်စီးကို ထုတ်ဖော်ပြသလိုက်ပြီး လျှပ်စစ်ဓာတ်အားသုံးယာဉ်များတွင် ကမ္ဘာ့နောက်ဆုံးပေါ်နှင့် အသစ်လွင်ဆုံး တီထွင်မှုလည်းဖြစ်သည်။

    လျှပ်စစ်ဓာတ်အားကို ရာနှုန်းပြည့်အသုံးပြုထားသည့် အဆိုပါ ပစ်ကပ်ထရပ်ကားကို မော်ရိုကိုပညာရှင်များက ဒီဇိုင်းဆွဲဖန်တီးခဲ့ပြီး တစ်စီးလုံးကို ပြည်တွင်းမှာပင် တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၉ လတာ တည်ဆောက်ခဲ့ရသည့် ထိုကားကို မြို့တော် မရာကက်ရှ်ရှိ Tamayuz Supply Chain နည်းပညာနှင့် တီထွင်စမ်းသစ်မှုဌာနတွင် ပြသခဲ့ခြင်းဖြစ်သည်။

    အဆိုပါလျှပ်စစ်ကားနမူနာပုံစံကို မော်ရိုကိုဈေးကွက်နှင့်ကိုက်ညီအောင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ပြန်လည်အားသွင်းရန်အတွက် သီးသန့်နေရာများ မလိုအပ်ဘဲ နေအိမ်သုံး ၂၂၀ ဗို့အားဖြင့်ပင် ၇ နာရီအတွင်း သက်တောင့်သက်သာဖြင့် ပြန်လည်အားသွင်းနိုင်မည်ဖြစ်သည်။ အကယ်၍ အထူးလျှပ်စစ်အားသွင်းကိရိယာကို အသုံးပြုမည်ဆိုပါက တစ်နာရီလောက်နှင့်ပင် အားပြည့်မည်ဖြစ်သည်။

    ကားတွင်ပါဝင်သည့် ဘတ္ထရီများကို ပိုမိုတည်ငြိမ်မှုရှိစေမည့် ခွက်များအတွင်း ထည့်သွင်းထားသည်။ ဖန်တီးသူများကမူ အဆိုပါကားမှာ မကြာခဏ ကားရပ်ရသည့် မြို့ပြသွားလာမှုများအတွက် အလွန်အဆင်ပြေပြီး တစ်နာရီလျှင် ၁၂၉ ကီလိုမီတာအထိ မောင်းနှင်နိုင်သည်ဟု ဆိုသည်။ ကား၏အနောက်ဖက်တွင်မူ ၈၀၀ ကီလိုဂရမ်အထိ အလေးချိန်ရှိသော ပစ္စည်းကို တင်ဆောင်နိုင်သည်။

    ထိုတီထွင်မှု၏ စိတ်ဝင်စားစရာအကောင်းဆုံး အပိုင်းမှာ ပစ်ကတ်ကားအဟောင်း ရှိသူမျာအနေဖြင့် အသစ်ဝယ်စရာမလိုဘဲ အဟောင်းကိုပင် လျှပ်စစ်ကားအဖြစ် အဆင့်မြှင့်တင်နိုင်ခြင်းဖြစ်သည်။ ထိုသို့ အဆင့်မြှင်တင်ရာတွင် ကား၏ လုပ်ဆောင်ချက်များကို မည်သည့် ထိခိုက်မှုမှ မရှိချေ။

    အဆိုပါပစ်ကတ်ထရပ်ကားမှာ သယ်ဆောင်လာသော ကုန်ပစ္စည်းများကို ပုပ်သိုးပျက်ဆီးခြင်းမှ ကာကွယ်နိုင်ရန်အတွက် အပူချိန်ကို အဝေးမှ Tablet သုံး၍ ထိန်းချုပ်နိုင်ခြင်းကဲ့သို့ ဆန်းသစ်သည့် လုပ်ဆောင်ချက်များလည်း ပါဝင်သည်။

    မော်ရိုကိုတွင်တွင် တီထွင်ဖန်တီး တည်ဆောက်ထားသော်လည်း အဆိုပါ လျှပ်စစ်ပစ်ကတ်ကားကို ဥရောပဈေးကွက်တွင် ရောင်းချရန် ရည်ရွယ်ထားသည်။

    Ref : IINA

  • ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၄)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၄)

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    article-g23_400_243
    ရှေးခေတ်မွတ်စလင်သမားတော်များ ခွဲစိပ်ကုသနေစဉ်

    ၅။ ဆေးဝါးထောက်ကူစောင့်ရှောက်မှု

    – တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းသာယာမှု ခညောင်းပါစေ)၏လက်ထက်နှင့် သမိုင်းကာလတစ်လျှောက် မွတ်စ်လင်မ်အမျိုးသမီးတို့မှ သက်ဆိုင်ရာလူ့အဖွဲ့အစည်းများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာအရည်အသွေး မြှင့်တင်စွမ်းဆောင်ခြင်း၌ ထင်ရှားသည့် ဥပမာအထောက်အထားများ ရှိနေကြသည်။ သူတို့သည် စီမံခန့်ခွဲမှု၊ ပညာရေး၊ ဘာသာရေးဥပဒေပြုလုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးတို့တွင် လူထုကောင်းကျိုးသက်သက်အလို့ငှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြ၏။ ရှရီအဟ်(အစ္စလာမ့်ဥပဒေ)က မွတ်စ်လင်မ်တို့ကို လူ့အဖွဲ့အစည်းဝင်များ၏ ဘ၀ရေးရာအပေါင်းတို့အပေါ် အလေးထားရန် အားပေးတိုက်တွန်းထားသည်။ သို့ဖြစ်၍ အစ္စလာမ့်သမိုင်းတစ်လျှောက် သိပ္ပံဆိုင်ရာဗဟုသုတရှာဖွေခြင်းကိုလည်း ခ၀ပ်ခြင်းလုပ်ရပ်တစ်မျိုးအဖြစ် ယူဆသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ အစ္စလာမ်သာသနာ ပေါ်ထွန်းခြင်းနှင့်တစ်ကွ သမားတော်ကဏ္ဍ၌လည်းကောင်း၊ စစ်မြေပြင်တွင် အမျိုးသားနှင့် အမျိုးသမီးများအား ကုသရေး၌လည်းကောင်း အမျိုးသမီးတို့က ပြုလုပ်ဆောင်ရွက်လေ့ရှိခဲ့ကြ၏။ သို့သော် အမျိုးသားနှင့် အမျိုးသမီးတို့အကြား တင်းကြပ်သည့် စည်းကမ်းအချို့ရှိနေရာ
    မိသားစုဝင်နှင့် မိသားစုဝင်ဖြစ်လာဖွယ်ရှိသူများမှအပ အမျိုးသားနှင့်အမျိုးသမီးတို့၏ တိုက်ရိုက်ထိတွေ့မှုမှာ မရှိသလောက်သာဖြစ်သည်။ ထို့ကြောင့် မွတ်စ်လင်မ်အမျိုးသမီးတို့က အဓိကအားဖြင့် အမျိုးသမီးများကိုသာ အဓိကထားပြီး ကျန်းမာရေးစောင့်ရှောက်မှုကို ပေးခဲ့ကြသည်။ အထူးသဖြင့် လူမှုရေးရှုထောင့်အရ အမျိုးသမီးများ၏ကျန်းမာရေးကိစ္စများတွင် အမျိုးသားတို့ ပါဝင်ရန် မသင့်လျော်ကြောင်း သတ်မှတ်ခဲ့၏။ ဆေးဝါးကဏ္ဍတိုးတက်ရေးတွင် မွတ်စ်လင်မ်အမျိုးသမီးတို့၏ စွမ်းဆောင်မှု ဥပမာအချို့ကို ဖော်ပြပါမည်။

    အစ္စလာမ်၏ ပထမဆုံးသူနာပြုအဖြစ် ဂုဏ်ပြုညွှန်းဆိုခံရသူမှာ ရုဖိုင်ဒဟ် ဘင့်န်သိ စအဒ် အလ် အစလာမီယဟ် ဖြစ်၏။ အစ္စလာမ့်ခေတ်ဦးပိုင်းရှိ ဆေးဝါးကုသပေးသူများနှင့် သူနာပြုများအဖြစ် မှတ်တမ်းတင်ခံရသည့် အခြားအမျိုးသမီးတို့မှာ – အေဒီ ၆၂၅ ခုနှစ် အုဟုဒ်စစ်ပွဲ၌ သူနာပြုလုပ်ငန်းဆောင်ရွက်ခဲ့သူ နုစိုင်ဘဟ် ဘင့်န်သိကအဘ် အလ်မဇီနီယဟ်၊ အွမ္မု အင်မရဟ် ဟု လူသိများသော အွမ္မု စိနန်း အလ်အစ္စလာမ် (သူမသည် မွတ်စ်လင်မ်ဖြစ်လာပြီးနောက် စစ်သည်များနှင့်အတူလိုက်၍ ရေတိုက်ကျွေးရန်နှင့် ဒဏ်ရာများကုသပေးရန်
    တမန်တော်မြတ်ထံ ခွင့်ပန်လျှောက်ထားခဲ့သူဖြစ်သည်)၊ ခိုင်ဘရ်အရေးပြီးသည့်နောက် စစ်တပ်သူနာပြုအဖြစ် စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့သူ အွမ္မု မသာဝီ အလ်အစလာမီယဟ်၊ ဘဒရ်စစ်ပွဲတွင် စစ်သည်များကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သော အွမ္မု ၀ရကဟ် ဘင့်န်သိ ဟာရိဆ် (သူမသည် ကျမ်းမြတ်ကုရ်အာန် စုဆောင်းခြင်းလုပ်ငန်းတွင်လည်း ပါဝင်ခဲ့သည်)တို့ ဖြစ်ကြ၏။

    (ပုံ -၅) အစ္စတန်ဘူလ်ရှိ တော့ပ်ကာပီနန်းတော်တွင် တွေ့ရသော စုလိုင်မာန်ဘုရင်၏ကြင်ရာတော် Hürrem Sultan or Roxelana (c. 1510 – April 18, 1558)၏ (ရေးဆွဲသူမသိ) ပုံတူပန်းချီကား။ သူမသည် မက္ကာမြို့မှဂျရုဆလင်နှင့် အစ္စတန်ဘူလ်မြို့အထိ အများပြည်သူနားနေဆောင်လုပ်ငန်းများ၌ အဓိကပါဝင်ခြင်းနှင့် ပရဟိတအလှူအတန်းပြုခြင်းများအတွက် ကျော်ကြားထင်ရှားသူဖြစ်၏။

    ၅(က)။ ရုဖိုင်ဒဟ် အလ်အစလာမီယဟ်

    ရုဖိုင်ဒဟ် အလ်အစလာမီယဟ် ဟု လူသိများသော ရုဖိုင်ဒဟ် ဘင့်န်သိ စအဒ်ကို အစ္စလာမ့်သမိုင်းမှ တမန်တော်ခေတ်၏ ပထမဆုံး သူနာပြုအဖြစ် သတ်မှတ်ကြသည်။ အေဒီ ၆၂၄ ခုနှစ် မတ်လ ၁၃ ရက်တွင် ဖြစ်ပွားသော ဘဒရ်စစ်ပွဲ၌ သူမသည် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းသာယာမှု ခညောင်းပါစေ)နှင့်အတူ စစ်ပွဲတွင်း ဒဏ်ရာရသူများ၊ အသက်ဘေးစိုးရိမ်ရသူများအပေါ် သူနာပြုလုပ်ရပ်ဖြင့် ပါဝင်ခဲ့သည်။

    သူမသည် ဖခင်ဖြစ်သူ သမားတော် စအဒ် အစလာမီ အား ကူညီလုပ်ကိုင်ရင်း ဆေးဝါးဆိုင်ရာဗဟုသုတ အများအပြားကို သိနားလည်ခဲ့၏။ လူနာစောင့်ရှောက်ရေးနှင့် သူနာပြုလုပ်ငန်း၌ ဘ၀ကိုနှစ်မြုပ်ထားခဲ့ပြီး နောင်သော် ကုသရေးကျွမ်းကျင်သူ ဖြစ်လာသည်။ သူမ၏အတတ်ပညာကျွမ်းကျင်မှုများကို ဆေးရုံ၊ ဆေးခန်းကဏ္ဍများတွင် အသုံးချဆောင်ရွက်ခဲ့သည်။ စစ်ပွဲများစွာ၏အချိန်ကာလအတွင်း ကျန်းမာရေးနှင့်ထိခိုက်မှုမှန်သမျှကို ဆေးဝါးဆိုင်ရာကျွမ်းကျင်နှံ့စပ်သူ သူမ ရှိရာ ရွက်တဲထံသို့ သွားရောက်ရန် တမန်တော်မြတ်က စေခိုင်းတော်မူလေ့ရှိခဲ့သည်။

    ရုဖိုင်ဒဟ်ကို ကြင်နာစာနာတတ်သော သူနာပြုအဖြစ်လည်းကောင်း၊ စည်းရုံးရေးမှူးကောင်းတစ်ဦးအဖြစ်လည်းကောင်း ဖော်ပြထားကြသည်။ သူမသည် မိမိ၏ကျွမ်းကျင်မှုများဖြင့် အခြားအမျိုးသမီးတို့ကိုလည်း သူနာပြုများဖြစ်အောင် လေ့ကျင့်ပေးပြီး ကျန်းမားရေးစောင့်ရှောက်မှုနယ်ပယ်၌ လုပ်ကိုင်ဆောင်ရွက်စေခဲ့သည်။ ၎င်းအပြင် သူမသည် ရောဂါဝေဒနာနှင့်ဒွန်တွဲနေတတ်သည့် လူမှုရေးပြဿနာများကို ကူညီဖြေရှင်းပေးရသော လူမှုဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။ သို့သာမက အခက်အခဲရှိသောကလေးငယ်များအား ကူညီပေးပြီး မိဘမဲ့ကလေးငယ်များ၊ သူဆင်းရဲများ၊ အားနည်းနိမ့်ကျသူများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ပေသည်။

    (ကြည့် – R. Jan, “Rufaida Al-Asalmiy, The first Muslim nurse”, Image: The Journal of Nursing Scholarship, 1996 28(3), 267-268; G. Hussein Rassool, “The Crescent and Islam: Healing, Nursing and the Spiritual Dimension. Some Considerations towards an Understanding of the Islamic Perspectives on Caring”, Journal of Advanced Nursing, 2000, 32 (6), 1476-84; Omar Hasan Kasule, “Rufaidah bint Sa’ad: Historical Roots of the Nursing Profession in Islam; History of Nursing in Islam (compiled by Sarah Miller); Rufaidah bint Sa’ad Founder of the Nursing Profession in Islam.)

    ၅(ခ)။ အလ်ရှိဖာ ဘင့်န်သိ အဗ်ဒုလ္လာဟ်

    သာဝိကမကြီး အလ်ရှိဖာ ဘင့်န်သိ အဗ်ဒုလ္လာဟ် အလ်ကုရိုင်းရှီယဟ် အလ်အဒါဝီယဟ်သည် ရှေးဦးမွတ်စ်လင်မ်သမိုင်းတွင် ထိုခေတ်၏ အမျိုးသမီးပညာရှိတစ်ဦးအဖြစ် အခိုင်အမာ နေရာယူခဲ့၏။ စာပေယဉ်ကျေးမှုကင်းမဲ့သည့်ကာလတွင် စာတတ်ပေတတ်ဖြစ်နေခဲ့သည်။ လူထုရေးရာစီမံရေးတွင် ပါဝင်ခဲ့ပြီး ဆေးဝါးကျွမ်းကျင်သူလည်း ဖြစ်သည်။ သူမ၏အမည်ရင်းသည် လိုင်လာ ဖြစ်သော်လည်း သူနာပြုနှင့် ဆေးဝါးကုသမှုကို အစွဲပြုကာ ဝေဒနာကင်းပျောက်စေခြင်း အဓိပ္ပာယ်ရသည့် အလ်ရှိဖာ ဟု ဂုဏ်ပေးခေါ်ဆိုခံရသည်။ သူမသည် အင်းဆက်ပိုးမွှားများအန္တရာယ် ကြိုတင်ကာကွယ်သည့် ကုထုံးတစ်ရပ်ကို အသုံးပြုလေ့ရှိပြီး၊ တမန်တော်မြတ်က သူမ နည်းလမ်းကို နှစ်သက်လက်ခံတော်မူသည့်အပြင် အခြားမွတ်စ်လင်မ်အမျိုးသမီးများအား သင်ကြားလေ့ကျင့်ပေးရန် တောင်းဆိုတော်မူခဲ့၏။

    (ကြည့် – The articles Muslim Women in History and Al-Shifaa bint Abdullah al Qurashiyah al Adawiyah.)

    ၅(၃)။ နုစိုင်ဘဟ် ဘင့်န်သိ ဟာရိဆ် အလ်အန်ဆွာရီ

    အွမ္မု အာသီယဟ် ဟုလည်းခေါ်ဆိုသော နုစိုင်ဘဟ် ဘင့်န်သိ ဟာရိဆ် အလ်အန်ဆွာရီသည် စစ်ပွဲတွင်း ထိခိုက်ဒဏ်ရာရသူများအား ပြုစုစောင့်ရှောက်ခြင်း၊ အစာရေစာတိုက်ကျွေးခြင်း၊ ရှေးဦးသူနာပြုအလုပ်တို့ကို ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင် ကလေးငယ်များအား အရေဖျားလှီးမင်္ဂလာပြုပေးသူလည်းဖြစ်သည်။ (ကြည့် – Abdel-Hamid ‘Abd Rahman Al-Sahibani, Suwar min Siyar al-Sahābiyāt, Riyadh: Dar Ibn Khazima, 1414 H, p. 211; ‘Umar Kahala, A’lam al-nisa’, Damascus, 1959, vol. 5, p. 171.)

    (ပုံ -၆) ၁၂၅၁ နှင့် ၁၂၈၂ ခုနှစ်အကြား Alphonso X, King of Leon and Castile မှ ရေးသားပြုစုစေခဲ့သည့် Alphonso X’s Book of Games (Libro de los Juegos) စာအုပ်ထဲတွင် တွေ့ရသော အန်ဒလူစီယာမှ စစ်တုရင်ကစားနေသူ အာရဗ်အမျိုးသမီးနှစ်ဦးနှင့် ဗျတ်စောင်းတီးခတ်နေသူ မိန်းမပျိုတစ်ဦး။

    ၅(၄)။ ၁၅ ရာစု တူရကီမှ အမျိုးသမီးခွဲစိပ်ဆရာဝန်များ

    clinic
    မော်ရိုကိုနိုင်ငံ ဆာလေးမြို့ရှိ ရှေးဟောင်း ဆေးရုံတစ်ရုံ၏ ၀င်ပေါက်။ အဆိုပါ ဆေးရုံကို မွတ်စလင် ဗသုကာပညာရှင်များက ဆောက်လုပ်ခဲ့ပြီး မွတ်စလင်သမားတော်များက စီမံခန့်ခွဲခဲ့သည်။

    ရှေးဦးအစ္စလာမ့်သမိုင်းအတွင်း ဆေးဝါးနှင့် သူနာပြုလုပ်များ ဆောင်ရွက်ခဲ့သော အခြားအမျိုးသမီးများရှိခဲ့ကြရာအနည်းငယ်မျှသာ မှတ်တမ်းတင်ခံရသည်။ သို့သော် ဆေးဝါးနှင့် စာပေအနုပညာဆိုင်ရာ သမိုင်းကျမ်းဂန်များ၌ နက်နက်ရှိုင်းရှိုင်း တူးဆွလေ့လာမည်ဆိုလျှင် အမည်များသက်သက်သာမက သူတို့၏ဘ၀နှင့် အောင်မြင်ထွန်းပေါက်မှုများကိုပါ မုချ တွေ့ရှိနိုင်ပေမည်။

    ၁၅ ရာစုနှစ်တွင် နာမည်ကြီး ခွဲစိပ်ကုသရေးလက်စွဲကျမ်း Cerrahiyyetu’l-Haniyye အား ပြုစုရေးသားခဲ့သော တူရကီ ခွဲစိပ်ဆရာဝန် Serefeddin Sabuncuoglu (1385-1468)သည် သားဖွားနှင့်မီးယပ်ကုထုံးနည်းစဉ်များကို ပုံနှင့်တစ်ကွ အသေးစိတ် ဖော်ကျူးခဲ့သည်။ အနောက်တိုင်းရှိ သူ၏အမျိုးသားလုပ်ဖော်ကိုင်ဖက်များက အမျိုးသမီးကုသရေးသမားတို့အား ဆန့်ကျင်သည့်တိုင် သူသည် အမျိုးသမီးခွဲစိပ်ဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပေသည်။

    အနာတိုလီယာရှိ အမျိုးသမီးခွဲစိပ်ဆရာဝန်များသည် အများအားဖြင့် အမျိုးသမီးတို့၏ ခန္ဓာအတွင်းအပြင်ဆိုင်ရာ အထွေထွေသဘာဝရောဂါဝေဒနာတို့ကို ကုသဆောင်ရွက်ပေးခဲ့ကြသည်။ Cerrahiyyetu’l-Haniyye ကျမ်းတွင် အမျိုးသမီးခွဲစိပ်ဆရာဝန်များအား ပုံကြမ်းငယ်လေးများဖြင့် သရုပ်ဖော်ခြယ်မှုန်းထားသည်ကို ထူးခြားစွာတွ့ရှိရ၏။ ထို့ကြောင့် အမျိုးသမီးခွဲစိပ်ဆရာဝန်များကို ၁၅ ရာစုနှစ်အစောပိုင်းတည်းက သားဖွား၊ မီးယပ်ရောဂါနှင့်ကလေးဆေးပညာကဏ္ဍများအတွက် အသိအမှတ်ပြုလက်ခံထားကြောင်း နားလည်နိုင်ပေသည်။

    ဆေးပညာသမိုင်းကြောင်းတွင် အမျိုးသမီးများပါဝင်နေမှုနှင့်ပတ်သက်၍ တွေ့ရခြင်းမှာ ထိုခေတ်ကာလ လူ့အဖွဲ့အစည်းက အမျိုးသမီးတို့၏စွမ်းဆောင်မှုတို့ကို လက်ခံအားပေးခြင်းဟူသော ယေဘူယျအမြင်အား ဖော်ပြနေပါသည်။ Serefeddin Sabuncuoglu ၏ ကုထုံးကျမ်း၌ ရှုပ်ထွေးခက်ခဲသော ခွဲစိပ်ကုသရေးနယ်ပယ်ထဲအမျိုးသမီးများ၏ စွမ်းဆောင်ချက်များ အပါအ၀င် အမျိုးသမီးများအပေါ် ကျယ်ကျယ်ပြန့်ပြန့် အားပေးသည့် ရှုထောင့်ကို စိတ်ဝင်စားဖွယ် တွေ့ကြရပါမည်။

    (ကြည့် – G. Bademci Gulsah, “First illustrations of female “Neurosurgeons” in the fifteenth century by Serefeddin Sabuncuoglu, Neurocirugía (Sociedad Española de Neurocirugía, Murcia, Spain), April 2006, vol. 17, no. 2, pp. 162-165. The book was edited several times, see Serefeddin Sabuncuoglu, Kitabul Cerrahiyei Ilhaniye, Istanbul, Kenan Basimevi, 1992, and Ankara, Turk Tarih Kurumu Yayinlari, 1992.)

    Ref : The Muslim Heritage

    (ဆက်လက်ဖော်ပြပါမည်)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၁ ) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)  ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၃) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၄) ဖတ်ရန်

  • မူဆိုးလ်ထိုးစစ်တွင် အစိုးရတပ်က အရပ်သားများအား သတ်ဖြတ်မှုရှိဟု သတင်းထွက်

    မူဆိုးလ်ထိုးစစ်တွင် အစိုးရတပ်က အရပ်သားများအား သတ်ဖြတ်မှုရှိဟု သတင်းထွက်

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    iraq
    မူဆိုးလ်တိုက်ပွဲများကြောင့် ထွက်ပြေးရသည့် အရပ်သားများ

    – နိုင်ငံ၏ ဒုတိယအကြီးဆုံး မူဆိုးလ်မြို့ကို IS လက်မှ ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်တွင် အီရတ်လုံခြုံရေးတပ်ဖွဲ့များမှာ အရပ်သားများအား နှိပ်စက်သတ်ဖြတ်မှုများရှိနေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်ပြီး အီရတ်စစ်တပ်ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

    မူဆိုးလ်မြို့တောင်ဖက်ရှိ အလ်-ရှုရာနှင့် အလ်-ကွေယာရဟ်မြို့မှ ရွာများတွင် ပြီးခဲ့သည့်လက ဖက်ဒရယ်ရဲဝတ်စုံဝတ်ထားသူများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး လူ ၆ ဦး IS နှင့်စွပ်စွဲကာ တရားလက်လွတ်သတ်ဖြတ်ခံရသည့် အထောက်အထားများကို မိမိတို့၏ သုတေသနပညာရှင်များက ရရှိထားသည်ဟု ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် Amnesty International က ဖော်ပြခဲ့သည်။

    အောက်တိုဘာ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် သေဆုံးသူ ၃ ဦးမှာ အသက် ၁၀ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေးအုပ်စုမှဖြစ်ပြီး ၎င်းတို့က အဆိုပါ ဖက်ဒရယ်ရဲဝတ်စုံဝတ်ဆင်ထားသူများထံ သွားရောက်အဖမ်းခံခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

    ထိုအုပ်စုမှာ အလံဖြူများကိုထောင်ပြကာ ၎င်းတို့ထံတွင် အသေခံဗုံးခွဲခါးပတ် ပတ်မထားကြောင်း ပြသရန်အတွက် အ၀တ်များကို ချွတ်ပြခဲ့သော်လည်း အဆိုပါ ရဲဝတ်စုံဝတ်ထားသူများက ၎င်းတို့အား ကွင်းပြင်တစ်ခုသို့ခေါ်ဆောင်သွားကာ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည်။ အမျိုးသားတစ်ဦး၏ မုတ်ဆိတ်မှာလည်း မီးရှို့ခံခဲ့ရသည်။

    ထိုနေ့တွင်ပင် အခြေားအသတ်ခံရသူတစ်ဦးကို ရဲဝတ်စုံဝတ်ထားသူများက ခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်ပတ်အကြာတွင် ၎င်း၏အလောင်းကို ပြန်တွေ့ခဲ့သည်။ Amnesty ကမူ မိမိတို့ထံမှ လေ့လာသူများမှာ ရှုရာနှင့် ကွေယာရာဟ်ရွာရှိ ရွာများစွာသို့ သွားရောက်လေ့လာခဲ့ကြသည်ဟု ဆိုသည်။

    ရှုရာမြို့တွင် IS က လူသားတံတိုင်းအဖြစ်အသုံးပြုရန်အတွက် ဒေသမှထွက်ခွာရန် ကြိုးပမ်းမှုအား မနာခံခဲ့ဘဲ ထိုဒေသတွင်နေကျန်နေခဲ့သည့် အမျိုးသား ၆ ဦး၏ အလောင်းကို အစိုးရတပ်များ ၀င်ရောက်အပြီးတွင် တွေ့ရှိခဲ့ရပြီး ရင်ဘတ်နှင့် ခြေသလုံးများတွင် ကျည်ဆံများကို တွေ့ရှိခဲ့သည်ဟု Amnesty International က ထည့်သွင်းဖော်ပြခဲ့သည်။

    “ဖက်ဒရယ်ရဲဝတ်စုံဝတ်ထားတဲ့သူတွဟာ ဥပဒေပသတ်ဖြတ်မှု၊ မူဆိုးမြို့တောင်ဘက် ရွာတွေက ရွာသားတွေကိုဖမ်းဆီးကာ သွေးအေးအေးနဲ့သတ်ဖြတ်မှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ ဖမ်းဆီးထားသူတွေ၊ အကာကွယ်မဲ့နေသူတွေကို အကြောင်းမဲ့သတ်ဖြတ်တာကို နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေက တားမြစ်ထားပြီး ဒါဟာ စစ်ရာဇ၀တ်မှုပါပဲ” ဟု Amnesty International ၏ ဘေရွတ်ရုံးမှ သုတေသနဆိုင်ရာ လက်ထောက်ဒါရိုက်တာ လင်မာ လုဖ်က ပြောကြားခဲ့သည်။

    သို့သော်လည်း အီရတ်ရဲတပ်ဖွဲ့ကမူ ယမန်နေ့ညပိုင်းက ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး တရားလက်လွတ်သတ်ဖြတ်မှုများတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ ပါဝင်သည်ဆိုသည့် စွဲချက်များကို ငြင်းဆိုခဲ့သည်။

    ရဲတပ်ဖွဲ့တာဝန်ရှိသူကမူ မိမိတို့တပ်ဖွဲ့ဝင်များမှ လူသားတန်ဖိုးကို လေးစားကာ အရပ်ဖက်စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး အရပ်သားများ၏ အသက်အိုးအိမ်ကို စောင့်ရှောက်ကြောင်း မူဆိုးလ်စစ်ဆင်ရေးအတွင်း လိုအပ်သည်များအားလုံးကို ကူညီထောက်ပံ့ပေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera