News @ M-Media
Author: Ko Lay
  • အမေရိကန်မှ လက်နက်ဝယ်ယူမှုကို ဖိလစ်ပိုင်သမ္မတ ဖျက်သိမ်း
    အမေရိကန်မှ လက်နက်ဝယ်ယူမှုကို ဖိလစ်ပိုင်သမ္မတ ဖျက်သိမ်း
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    duterte-1
    – ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးသည် အမေရိကန်ပြည်ထောင်စုထံမှ ဖိလစ်ပိုင်ရဲတပ်ဖွဲ့အတွက် ရိုင်ဖယ်သေနတ်များ ၀ယ်ယူမှုကို ဖျက်သိမ်းရန် ညွှန်ကြားလိုက်ပြီး ဈေးပိုသက်သာသည့် အခြားနေရာတစ်ခုကို ရှာဖွေသွားမည်ဟု ပြောကြားခဲ့သည်။
    “ပိုဈေးသက်သာပြီးတော့ ရေရှည်လက်တွဲလုပ်လို့ရမယ့် နောက်ထပ် ရင်းမြစ်တစ်ခုကို ရှာဖွေသွားမှာပါ” ဟု ဒူတာတေးက ယမန်နေ့တွင် ရုပ်သံမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
    မူးယစ်တိုက်ဖျက်ရေးဆောင်ရွက်မှုတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည့်အတွက် လွှတ်တော်နိုင်ငံခြားရေးကော်မတီ၏ ထိပ်တန်းဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဘင်ကာဒင်က ဖိလစ်ပိုင်ရဲတပ်ဖွဲ့ထံ ရိုင်ဖယ် ၂၆၀၀၀ ရောင်းချမည့်အစီအစဉ်အား ကန့်ကွက်ခဲ့သဖြင့် အမေရိကန်အနေဖြင့် အဆိုပါအစီအစဉ်အား ရပ်ဆိုင်းခဲ့သည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။
    အမေရိကန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေးမှာ ကာလအတော်ကြာ ကောင်းမွန်ခဲ့သော်လည်း အမေရိကန်က ဖိလစ်ပိုင်၏ မူးယစ်နှိမ်နှင်းမှုများအပေါ် ဝေဖန်ခဲ့သည့်အတွက် သမ္မတ ဒူတာတေးက ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့ရာမှ ဆက်ဆံရေး ပျက်ယွင်းခဲ့ရသည်။
    ဒူတာတေးက အမေရိကန်အနေဖြင့် မိမိတို့အား လက်နက်မရောင်းသော်လည်း မိမိတို့အနေဖြင့် ရုရှားနှင့် တရုတ်တို့ထံမှ
    Ref : Presstv
  • ဂျပန်နိုင်ငံက အစ္စလာမ် – ၄ (အေဒီ ၁၉၃၀ မှ ၁၉၄၀)
    ဂျပန်နိုင်ငံက အစ္စလာမ် – ၄ (အေဒီ ၁၉၃၀ မှ ၁၉၄၀)
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    mail
    – ဂျပန်ရောက် တာတာမွတ်စ်လင်မ်များအနက် အဗ်ဒုလ် ဟိုင်း ကုရ်ဘာန် အလီ ဆိုသူက ဘာသာရေးခေါင်းဆောင်တစ်ဦး အဖြစ် ပေါ်ထွန်းလာပါတယ်။ သူဟာ Yapan Makhbari အမည်ရှိ မဂ္ဂဇင်းကို တာတာဘာသာစကားနဲ့ ထုတ်ဝေပြီး ဂျပန်ပြည်တွင်း၊ ပြည်ပကိုလည်း ဖြန့်ချိခဲ့တယ်။ ဒါ့အပြင် အရဗီစာသား အသုံးပြုနိုင်တဲ့ ပုံနှိပ်အလုပ်ရုံတစ်ခုကိုလည်း ထူထောင်ပြီး အဲ့ဒီမှာ တာတာဘာသာစကားနဲ့ အစ္စလာမ့်ကျမ်းဂန်တွေကို ပုံနှိပ်ခဲ့တယ်။ ကျမ်းမြတ်ကုရ်အာန်ကိုလည်း အဲ့ဒီပုံနှိပ်စက်ကနေ ထုတ်ဝေခဲ့တာဖြစ်တယ်။ ဒီ့အလျင်က ကွန်မြူနစ်အုပ်ချုပ်ရေးမတိုင်မီ နှစ်အနည်းငယ်က (ရုရှား)ကာဇန်မြို့တော်မှာ ဒီကုရ်အာန်ကျမ်းကို ပုံနှိပ်ထုတ်ဝေခဲ့ဖူးပါတယ်။ သို့သာမက သူဟာ ဂျပန်အာဏာပိုင်များနဲ့ နွေးထွေးခိုင်မာတဲ့ ဆက်ဆံရေးကိုထူထောင်ပြီး သူတို့ရဲ့ အားပေးကူညီမှုနဲ့ တိုကျိုမြို့မှာ ပထမဆုံး ဗလီဝတ်ကျောင်းတော် (၁၉၃၈ ခုနှစ်)ကို တည်ဆောက်ခဲ့တယ်။ အဲ့ဒီဗလီဝတ်ကျောင်းဖွင့်ပွဲအခမ်းအနားကို ဆော်ဒီဘုရင် အဗ်ဒုလ်ဇီးဇ် အလ်စအူးဒ်(ကွယ်လွန်)ကိုယ်စား လန်ဒန်က ဆော်ဒီအာရေဗျသံအမတ်ကြီး ဟာဖိဇွ် ၀ဟ်ဘဟ်၊ ယီမင်က စအီဖုလ် အစ္စလာမ် အလ်ဟုစိုင်းန်၊ (နောင်တစ်ချိန်မှာ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး၊ နောက်ပိုင်း ဒုတိယသမ္မတဖြစ်လာမယ့်) ဂျပန်နိုင်ငံဆိုင်ရာ အီဂျစ်ကောင်စစ်ဝန် မဟ်မူးဒ် ဖောင်ဇီ အပါအ၀င် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များစွာ တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီအခမ်းအနားမှာ ပြောဆိုခဲ့တဲ့ သူတို့ရဲ့ မိန့်ခွန်းတွေ၊ ဓာတ်ပုံတွေကို လက်ရှိစာရေးသူမှ စုဆောင်း/ပြန်ဆိုလျက်ရှိပါတယ်။
    1
    ကုရ်ဘာန်အလီ
    2
    တိုကျို ဗလီ (၁၉၃၈ ခုနှစ်)
    အဗ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ် က ၁၉၃၃ ခုနှစ်မှာ ဂျပန်ကို ဒုတိယအကြိမ် ရောက်ခဲ့ပြီး ဂျပန်က မွတ်စ်လင်မ်လူ့အသိုင်းအ၀ိုင်းရေးရာကိစ္စများကို ကုရ်ဘာန်အလီနဲ့အတူ အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးခဲ့တယ်။ သူ့ကြိုးပမ်းမှုကြောင့် အစ္စလာမ်သာသနာသက်ဝင်ခဲ့ကြတဲ့ ဂျပန်အရာရှိများက နောင်တစ်ချိန်မှာ နိုင်ငံရဲ့ အရေးပါတဲ့ ရာထူးဌာနန္တရတွေကို ရရှိခဲ့ကြတယ်။ သူဟာ ကွယ်လွန်ချိန် ၁၉၄၄ ခုနှစ်အထိ ဂျပန်မှာ နေထိုင်သွားခဲ့ပါတယ်။
    3
    အဗ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ်
    အိန္ဒိယက ဦးဆောင်ပါမောက္ခ နူးရုလ် ဟစန်ကို ၁၉၃၂ မှ ၁၉၄၉ ခုနှစ်ထိ တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်မှာ အူရ်ဒူစာပေဋ္ဌာနမှူးအဖြစ် ခန့်အပ်ခဲ့တယ်။ သူဟာ အစ္စလာမ့်ရေးရာလုပ်ငန်းတွေကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး အူရ်ဒူဘာသာစကားနဲ့ ဂျပန်ကအစ္စလာမ်အကြောင်း ဆောင်းပါးများစွာ ရေးသားခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးများကို ယခုစာရေးသူမှ အရဗီဘာသာစကားနဲ့ ပြန်ဆိုရေးသားနေပါတယ်။ ၁၉၉၇ ခုနှစ်က ပါကစ္စတန်၊ ကရာချိမှာရှိတဲ့ သူ့ရဲ့သားကိုလည်းကောင်း၊ (ပါကစ္စတန်)ကရာချိ၊ အစ္စလာမ္မဘတ် နဲ့ (ဆော်ဒီအာရေဗျ) ရီယာ့ဒ်မှာရှိတဲ့ သူ့ရဲ့မြေးတွေကိုလည်းကောင်း စာရေးသူမှ တွေ့ဆုံနိုင်ခဲ့ပါတယ်။
    အိန္ဒိယက ကျော်ကြားထင်ရှားတဲ့ ပညာရှင်နဲ့ အစ္စလာမ်ဖိတ်ခေါ်သူ အလီမုလ္လာဟ် ဆွစ်ဒီကီလည်း ဂျပန်ကို ရောက်လာပြီး တိုကျိုမှာ အစ္စလာမ့်ရေးရာဟောပြောချက် အများအပြား ဆောင်ရွက်ခဲ့တယ်။ သူဟာ ကမ္ဘာအနှံ့ခရီးလှည့်ပြီး ပထမဆုံးအစ္စလာမ်ဖိတ်ခေါ်သူများအနက် အပါအ၀င်တစ်ဦးဖြစ်ပါတယ်။ ရောက်ရာအရပ်မှာ အစ္စလာမ်စင်တာ အများအပြား ထူထောင်ခဲ့တယ်။ ၁၉၃၆ ခုနှစ်၊ တိုကျိုမြို့ရဲ့ အစည်ကားဆုံး ဂင်ဇာက Orion Hotel မှာ ပြောခဲ့တဲ့ သူ့ရဲ့ “အစ္စလာမ်မှ အမျိုးသမီးများရဲ့အခန်းကဏ္ဍ” ပို့ချချက် မိတ္တူတစ်စုံ ကျနော့်လက်ထဲမှာ ယနေ့တိုင် ရှိနေပါသေးတယ်။
    ဒီကာလအတွင်း ကိုဘေးမှာ အိန္ဒိယမွတ်စ်လင်မ်များက ဗလီဝတ်ကျောင်းတစ်လုံး တည်ဆောက်ခဲ့တယ်။ ၁၉၃၅ ခုနှစ်မှာ ဖြစ်ပါတယ်။ “Firooz Japan wala” က တည်ဆောက်ရေးအတွက် ငွေကြေးပံ့ပိုးမှုကို ထိထိရောက်ရောက် ကူညီခဲ့တယ်။ တာတာမွတ်စ်လင်မ်များကလည်း နာဂိုယာမြို့မှာ ဗလီဝတ်ကျောင်းတစ်ခု တည်ဆောက်ခဲ့ကြတယ်။
    kobe
    ၁၉၃၅ ခုနှစ်တွင် တည်ဆောက်ခဲ့သော ကိုဘေး ဗလီဝတ်ကျောင်း
    တရုတ်ပြည်ရဲ့အစိပ်အပိုင်းတစ်ခုဖြစ်တဲ့ အရှေ့တာကစ္စတန်ကိုလည်း ဂျပန်က စိတ်ဝင်စားကြတဲ့အတွက် အဲ့ဒီက မွတ်စ်လင်မ်ခေါင်းဆောင်တွေ၊ ကျောင်းသားတွေကို ဂျပန်လာဖို့ ဖိတ်ခေါ်ကြတယ်။ လာရောက်ကြသူများအနက် အာမီးန် အစ္စလာမီ ဆိုသူက တိုကျိုဗလီမှာ ၁၉၃၈ မှ ၁၉၅၃ ခုနှစ်အထိ ရှေ့ဆောင်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲ့ဒီနောက် သူဟာ ဆော်ဒီအာရေဗျက သွာအိဖ်၊ နောက် ဂျစ်ဒဟ်ကို သွားရောက်ပြီး အသံလွှင့်ပြောကြားသူအဖြစ်၊ နောက်ပိုင်း ဆော်ဒီ ဟဂ်ျဝန်ကြီးဋ္ဌာနမှာ လုပ်ကိုင်ခဲ့တယ်။ သူ့ရဲ့သားသမီးများကတော့ ဂျစ်ဒဟ်မှာ ယနေ့တိုင် ရှိနေကြပါတယ်။
    ဒီကာလအပိုင်းအခြားအတွင်းမှာပဲ အစ္စလာမ်ကိုသက်ဝင်လက်ခံလာတဲ့ ဂျပန်ခေါင်းဆောင်တစ်ဦး ရှိခဲ့ပါတယ်။ မုစ်သွဖာ ကိုမုရာ လို့ခေါ်ဆိုပါတယ်။ သူဟာ အစ္စလာမ့်ရေးရာဆောင်ရွက်မှုများမှာ အဓိက အခန်းကဏ္ဍထဲ ပါဝင်သလို တရုတ်ပြည်၊ ယူနန်ပြည်နယ်နဲ့ အရှေ့တာကစ္စတန်က မွတ်စ်လင်မ်များနှင့် အနီးကပ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ စစ်ကြီးပြီးဆုံးတဲ့အခါ သူဟာ အစ္စလာမ့်အသိုင်းအ၀ိုင်းနှစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး တရားဝင်အသိအမှတ်ပြုချက်ကို ရရှိခဲ့ပါတယ်။ ဒါကြောင့် သူဟာ ဂျပန်နိုင်ငံမှာ ရရှိရန် ခက်ခဲလှတဲ့ အာဏာပိုင်ထံက တရားဝင်မှတ်ပုံတင်ကို ရယူနိုင်ခဲ့သော ပထမဆုံး ဂျပန်ုမွတ်စ်လင်မ် ဖြစ်ခဲ့တယ်။ ဒါ့အပြင် ဂျပန်ကျောင်းသား အတော်များများကို ပါကစ္စတန်၊ မလေးရှား၊ ဆော်ဒီအာရေဗျဆီ ပို့ဆောင်ပေးနိုင်ခဲ့ယုံသာမက မက္ကဟ်မြို့တော်က ကုရ်အာန်ဂျပန်ဘာသာပြန်လုပ်ငန်းမှာလည်း တက်ကြွစွာ ပါဝင်ပေးခဲ့ပါသေးတယ်။ သို့သာမက သူဟာ ဂျပန်နိုင်ငံက အစ္စလာမ်သမိုင်းနဲ့ပတ်သက်ပြီး စွယ်စုံကျမ်းအဖြစ် အကျယ်တ၀င့် ရေးသားခဲ့သူဖြစ်ပါတယ်။ အဲ့ဒီကျမ်းကို အင်္ဂလိပ်ဘာသာပြန်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
    ဒီကာလအတွင်းမှာ ဟဂ်ျခရီးစဉ်သွားရောက်ကြတဲ့ ဂျပန်မွတ်စ်လင်မ်တွေ အလွန်များပြားခဲ့ပါတယ်။ နှစ်အနည်းငယ်အကြာမှာ ဂျပန်ဟာဂျီတစ်ဦးဖြစ်တဲ့ ဆွာလိဟ် ဆူဇူကီးကို ဘုရင် အဗ်ဒုလ် အဇီးဇ် အလ်စအူးဒ်က ဂုဏ်ပြုတွေ့ဆုံခဲ့တယ်။ ဘုရင်ကလည်း ဟဂ်ျတာဝန် ၀တ်ဖြည့်ဖို့ လာရောက်ကြတဲ့ ဂျပန်လူမျိုးတို့အပေါ် အထူးကရုစိုက်ကူညီခဲ့တယ်။ နူးရ် တာနာကာ ဆိုသူက ၁၉၃၄ ခုနှစ်မှာ ဒုတိယအကြိမ် ဟဂ်ျပြုနိုင်ခဲ့ပါတယ်။
    hajj
    ၁၉၃၀ ပြည့်နှစ်များအတွင်း ဟဂ်ျပြုခဲ့ကြသည့် ရှေးဦးဂျပန်မွတ်စ်လင်မ်များ
    ထင်ရှားတဲ့ လုပ်ငန်းရှင်နဲ့ စာပေပညာရှင် လက်ဘနွန်လူမျိုး အဗ်ဒုရ် ရဟ်မာန်း ကူလီလက် ဆိုသူလည်း ဘရာဇီးခရီးစဉ်ပြီးတဲ့နောက် သူ့မိသားစုနဲ့အတူ ဂျပန်ကိုလာရောက်ပြီး အခြေချနေထိုင်ခဲ့တယ်။ ဂျပန်က မွတ်စ်လင်မ်တွေအပေါ် တတပ်တအား ကူညီပေးခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီး အဗ်ဒုလ် ဟာဒီ ဒီဘီးစ် အပါအ၀င် DEBIS မိသားစုကြီးလည်း ဂျပန်မှာ အခြေချနေထိုင်ခဲ့တယ်။ သူ့ရဲ့ ညီဝမ်းကွဲ မစ္စတာ ဖူအာ့ဒ် ဒီဘီးစ်နဲ့အတူ DEBIS မိသားစုဝင်အပေါင်းက ဂျပန်နိုင်ငံက အစ္စလာမ်သာသနာနဲ့ မွတ်စ်လင်မ်တွေအတွက် ကြီးကျယ်လှစွာသော ကူညီရေးထောက်ပံ့ရေးဒါနကို ၀န်ဆောင်ပေးခဲ့ကြပါတယ်။
    (ဂျပန်အစ္စလာမ်စင်တာဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ Salih Mahdi S. Al Samarrai ၏ Islam in Japan Between 1920 to 1930 ကို မင်းထွဋ်ခေါင်မှ ပြန်ဆိုသည်။
    ဂျပန်နိုင်ငံမှ အစ္စလာမ်သာသနာ
    အပိုင်း-၁ ဖတ်ရန် Link
    အပိုင်း၂  ဖတ်ရန်  Link,
    အပိုင်း ၃ ဖတ်ရန် Link
  • ကယ်လိုရီလွတ်ဖျော်ရည်ကလည်း ဆီးချိုဖြစ်နိုင်
    ကယ်လိုရီလွတ်ဖျော်ရည်ကလည်း ဆီးချိုဖြစ်နိုင်
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    calori
    – ကယ်လိုရီမပါဝင်သည့် ဖျော်ရည်များကို တစ်နေ့နှစ်ခွက် သောက်သုံးခြင်းက ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆမြင့်တက်နိုင်သည်ဟု ဆွီဒင်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့ရသည်။
    ထိုလေ့လာမှုကို Karolinska တက္ကသိုလ်မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရွယ်ရောက်ပြီးသူ ၂၈၇၄ ဦးအား တစ်နှစ်တာ ဖျော်ရည်သောက်သုံးမှု မှတ်တမ်းကို စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။
    တစ်နေ့လျှင် အချိုရည် နှစ်ခွက် သို့မဟုတ် နှစ်ခွက်ထက်ပို၍ သောက်သုံးကြသူများသည် အမျိုးအစား ၂ ဆီးချိုရောဂါ ပို၍ ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ အချိုရည်ဟုဆိုရာတွင် သကြားပါဝင်သော ဖျော်ရည်နှင့် လူလုပ်အချိုဓာတ်ပါဝင်သော ဖျော်ရည်များ၊ ကယ်လိုရီလွတ် Diet ဖျော်ရည်များနှင့် သကြားလွတ်ဖျော်ရည်များ ပါဝင်သည်။
    သကြားလွတ်ဖျော်ရည်များကို ၅ ခွက်နှင့်အထက် သောက်သုံးပါက ဆီးချိုဖြစ်နိုင်သည့် အန္တရာယ်ကို ၄.၅ ဆအထိ မြင့်တက်နိုင်သည်ကိုလည်း လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။ ထို့ပြင် သဘာဝကိုတုပ၍ အချိုထည့်ထားသာ အချိုရည်များမှာ သာမန် သကြားဖျော်ရည်များကဲ့သို့ပင် ဆိုးဝါးသည်ဟုလည်း လေ့လာသူများက ပြောကြားခဲ့သည်။
    သကြားအများအပြားပါဝင်သော ဖျော်ရည်များကို သောက်သုံးခြင်းအားဖြင့် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေမှာ ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ပြီး ကယ်လိုရီလွတ် Diet ဖျော်ရည်များကမူ ၁၈ ရာခိုင်နှုန်း မြင့်တက်နိုင်သည်။
    Ref; IINA
  • ဆော်ဒီ၏ လူ့အခွင့်အရေး တိုးတက်မှုများကို ကနေဒါ ချီးကျူး
    ဆော်ဒီ၏ လူ့အခွင့်အရေး တိုးတက်မှုများကို ကနေဒါ ချီးကျူး
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    saudi-right
    – ဆော်ဒီအာရေဗျနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကနေဒါနိုင်ငံက ချီးကျူးပြောဆိုလိုက်ပြီး မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာလည်း တစ်မူထူးခြားသည်ဟု ဆိုသည်။
    ကနေဒါနိုင်ငံခြားရေးဝန်ကြီး စတီဖိန်း ဒိုင်အွန်မှာ သောကြာနေ့က အိုတာဝါတွင် ဆော်ဒီလူ့အခွင့်အရေးကော်မရှိဥက္ကဌ ဘန်ဒါရ် အလ်-အိုင်ဘန်နှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များ၊ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။
    ဆော်ဒီလူ့အခွင့်အရေးကော်မရှင်ဥက္ကဌကမူ ဆော်ဒီဘုရင် ဆလ်မန်၏ ညွှန်ကြားမှုအောက်၌ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို လူတန်းစားမရွေးအတွက် ဆောင်ရွက်နေကြောင်း၊ ဆော်ဒီသည် တရားမျှတမှုကိုသာ လက်ကိုင်ထားကြောင်း ပြောကြားခဲ့သည်။
    အလ်-အိုင်ဘန်မှာ ထိုတွေ့ဆုံဆွေးနွေးပွဲပြီးနောက် ကနေဒါနိုင်ငံခြားရေးဝန်ကြီးက စီစဉ်ကျင်းပပြီး ကနေဒါလွှတ်တော်အမတ်များ၊ လူမှုရေးနှင့် နိုင်ငံတကာအသင်းအဖွဲ့များမှ ထင်ရှားသူများပါဝင်သည့် ဆွေးနွေးပွဲတစ်ခုကိုလည်း တက်ရောက်ခဲ့သည်။
    ထိုတွေ့ဆုံပွဲတွင် အသင်းအဖွဲ့များက လူ့အဖွဲ့အစည်းအတွင်း ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် အလ်-အိုင်ဘန်က နိုင်ငံခြားရေးဝန်ကြီးနှင့် ကနေဒါအစိုးရတို့၏ ရင်းနှီးဖော်ရွေမှုအတွက် ကျေးဇူတင်ကြောင်း ပြောကြားခဲ့သည်။
    အဆိုပါတွေ့ဆုံပွဲကို ကနေဒါဆိုင်ရာ ဆော်ဒီသံအမတ်ကြီး နာယက်ဖ် အင် ဘန်ဒါ အလ်-ဆီဒီရီလည်း တက်ရောက်ခဲ့သည်။
    Ref : IINA
  • အာဆင်နယ်ပွဲ လွဲသည့်အတွက် ပရိတ်သတ်ကို အီဗရာဟီမိုဗစ် တောင်းပန်
    အာဆင်နယ်ပွဲ လွဲသည့်အတွက် ပရိတ်သတ်ကို အီဗရာဟီမိုဗစ် တောင်းပန်
    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media
    arsenal
    – အ၀ါကဒ် ၅ ကဒ်ထိကာ နိုဝင်ဘာ ၁၉ ရက်နေ့တွင် အာဆင်နယ်နှင့်ကစားမည့်ပွဲ၌ မပါဝင်နိုင်မှုအတွက် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က မန်ယူပရိတ်သတ်များကို တောင်းပန်လိုက်သည်။
    စနေနေ့က ဆွမ်ဆီးနှင့်ပွဲတွင် အ၀ါကဒ်ပြခံခဲ့ရသသည့် မိုဗစ်မှာ ယခုနှစ်ပရီးမီးယားလိဂ်တွင် အ၀ါကဒ် ၅ အထိ ရှိခဲ့ပြီး အိုးထရက်ဖို့ဒ်တွင်ကစားမည့် အာဆင်နယ်နှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။
    မိုဗစ်ကမူ ထိုပွဲတွင် မပါဝင်နိုင်သည့်အတွက် စိတ်ပျက်ရသည်ဟု ဆိုသည်။
    “ပွဲတိုင်းကို မာမာထန်ထန်ကစားတော့ ကြမ်းတဲ့ပုံစံမျိုးပေါက်တယ်။ အ၀ါထိတယ်။ ကျွန်တော် သိပ်စိတ်ပျက်လွန်းတဲ့အတွက် ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့ပါဘူး။ ဒိုင်လူကြီးအသံလည်း မကြားချင်ဘူး။ အင်္ဂလန်မှာ ဘောလုံးကစားရတာ ခက်တာဆိုတာ ဒါက ပြနေတာပါပဲ။ ရုပ်ပိုင်းကိုအားပြုတယ်။ ကျွန်တော်ကတော့ လက်ခံရမှာပါ။ ကျွန်တော်က ပရော်ဖက်ရှင်နယ် ဖြစ်ရမှာကိုး။ နောက်ပွဲ ပယ်ခံရတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော် တကယ့်ကို ကစားချင်တဲ့ပွဲမှာမှ မပါဝင်နိုင်တာပါ။ ဒါပေမယ့် အသင်းဖော်တွေကို ကျွန်တော်ယုံတယ်။ ကျွန်တော်မပါလည်း ကောင်းအောင်လုပ်နိုင်မယ်ဆိုတာ ကျွန်တော် သိပါတယ်” ဟု မိုဗစ်က ပြောကြားခဲ့သည်။