News @ M-Media

Author: Ko Lay

  • ၂၀၁၆ အလှူအတန်းအများဆုံးနိုင်ငံစာရင်းတွင် မြန်မာက ၃ နှစ်ဆက်တိုက်အဖြစ် ထိပ်ဆုံး၌ ရပ်တည်

    ၂၀၁၆ အလှူအတန်းအများဆုံးနိုင်ငံစာရင်းတွင် မြန်မာက ၃ နှစ်ဆက်တိုက်အဖြစ် ထိပ်ဆုံး၌ ရပ်တည်

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    charity

    – ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အလှူဒါန အရက်ရောဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေပြီး ၃ နှစ်ဆက်တိုက် ထိပ်ဆုံးတွင် ရှိနေခဲ့ခြင်းဖြစ်သည်။

    နိုင်ငံတကာ ပရဟိတဖောင်ဒေးရှင်းတစ်ခုဖြစ်သော Charities Aid Foundation က ထုတ်ပြန်ပြီး ‘ကမ္ဘာ့အလှူဒါန အညွှန်းကိန်း’ (World Giving Index) ဟု အမည်ပေးထားသည့် အဆိုပါ အဆင့်သတ်မှတ်ချက်ကို နိုင်ငံတစ်နိုင်ငံရှိ ပြည်သူများ၏ ငွေကြေးလှူဒါန်းမှု၊ စေတနာ့ဝန်ထမ်း ပါဝင်လှုပ်ရှားမှု သို့မဟုတ် တစ်စိမ်းတရံစာများကို ကူညီမှု ပျမ်းမျှ ရာခိုင်နှုန်းများကို တွက်ချက်ခြင်းဖြစ်သည်။

    အဆိုပါ အညွှန်းကိန်းတွင် အမေရိကန်က နံပါတ် ၂ တွင်ရှိနေပြီး ၂ နှစ်ဆက်တိုက် ဒုတိယနေရာတွင် ရှိနေခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်ကမူ မြန်မာနှင့် အမေရိကန်တို့မှာ ထိပ်ဆုံးတွင် ပူးတွဲရှိနေခဲ့သည်။

    Charities Aid Foundation ၏ လေ့လာမှုများအရ မြန်မာပြည်သူများ၏ ၉၁ ရာခိုင်နှုန်းမှာ ပြီးခဲ့သည့်နှစ်အတွင်း ငွေကြေးများလှူဒါန်းခဲ့ကြပြီး ၆၂ ရာခိုင်နှုန်းကမူ မိမိတို့အနေဖြင့် သူစိမ်းတရံစာများကို ကူညီသည်ဟု ပြောကြားခဲ့သည်။ ၅၅ ရာခိုင်နှုန်းက ၎င်းတို့မှာ စေတနာ့ဝန်ထမ်း ပါဝင်လုပ်ကိုင်ပေးကြသည်ဟု ဆိုသည်။

    “ကျွန်တော်ရဲ့ နိုင်ငံတွေကို အညွှန်းကိန်းသတ်မှတ်မှုဟာ ပြည်သူလူထုရဲ့ လှူဒါန်းမှုအချိုးကို ကြည့်တာဖြစ်ပြီး ဘယ်လောက် လှူဒါန်းလဲဆိုတာကို ကြည့်တာမျိုး မဟုတ်ပါဘူး။ ဘေးအန္တရာယ်တွေ၊ အခက်အခဲတွေက လှူဒါန်းသူအရေအတွက်ကို မြင့်တက်စေပါတယ်” ဟု CAF မှ မီဒီယာဒါရိုက်တာဖြစ်သူ ဆီမွန်ဝါ့ဒ်က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၆ သန်းရှိပြီး အမေရိကန်လူဦးရေ၏ ၅ ပုံ ၁ ပုံသာ ရှိနေသည်။

    CAF ကမူ စစ်တမ်းကောက်ယူမှုတွင် မြန်မာနိုင်ငံက ရလဒ်ကောင်းများ ဆက်တိုက်ကောင်းမွန်မှုကို အသိအမှတ်ပြုခဲ့ပြီး ထိုသို့ ရက်ရောခြင်းမှာ ပြည်သူများ၏ ယဉ်ကျေးမှု၊ ဘာသာရေးယုံကြည်ချက်တို့နှင့် သက်ဆိုင်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “ဆင်းရဲတဲ့နိုင်ငံတစ်ခုက ရယူခြင်းထက် ပေးဆပ်ခြင်းကို အဓိကထားခြင်းအားဖြင့် ရက်ရောမှုမှာ နံပါတ် ၁ ဖြစ်လာနိုင်တယ်ဆိုတာကို ဒီရလဒ်က ဖော်ပြနေပါတယ်” ဟု မြန်မာသမ္မတ၏ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောကြားခဲ့သည်။

    ကမ္ဘာ့ အလှူအတန်း အရက်အရောဆုံး နိုင်ငံများစာရင်းတွင် မြန်မာနှင့် အမေရိကန်တို့ပြီးနောက် သြတေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့က အသီးသီး ရှိနေကြသည်။

    အီရတ်နိုင်ငံကမူ ပြည်တွင်းဖြစ်နေသော်လည်း သူစိမ်းတစ်ရံစာများကို ကူညီရာတွင် ထိပ်ဆုံး၌ ရှိခဲ့ပြီး အာဖရိကတိုက်မှ နိုင်ငံများကလည်း ပြီးခဲ့သည့်နှစ်အတွင်း ရက်ရောမှု အတိုးတက်ဆုံးနိုင်ငံများ ဖြစ်ခဲ့သည်။

    Ref : CNN

  • မူးယစ်လုပ်ငန်းတွင် ပါဝင်သည့် မြို့တော်ဝန်ကို ဖိလစ်ပိုင် ပစ်သတ်

    မူးယစ်လုပ်ငန်းတွင် ပါဝင်သည့် မြို့တော်ဝန်ကို ဖိလစ်ပိုင် ပစ်သတ်

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    drug

    – ဖိလစ်ပိုင်၏ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ နိုင်ငံတောင်ပိုင်းတွင် ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း မြို့တော်ဝန်တစ်ဦးနှင့် ၎င်း၏ သက်တော်စောင့် ၉ ဦးတို့အား ပစ်သတ်ခဲ့ပြီး သမ္မတဒူတာတေးတက်လာပြီးနောက် မူးယစ်နှိမ်နှင်းမှုတွင် အဆိုးရွားဆုံး ဖြစ်ရပ်များမှ တစ်ခု ဖြစ်လာခဲ့သည်။

    ပစ်သတ်ခံရသည့် မြို့တော်ဝန်မှာ ဆော်ဒီ အမ်ပါတူဝမ်မြို့တော်ဝန် ဆမ်ဆူဒင် ဒီမူကွမ်ဖြစ်ပြီး ဒူတာတေးက မူးယစ်လုပ်ငန်းတွင် ပါဝင်နေသည့် အစိုးရတာဝန်တာဝန်ရှိသူများဟု ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သည့် လူ ၁၅၀ စာရင်းတွင် ပါဝင်သူတစ်ဦးလည်း ဖြစ်သည်။

    ဒူတာတေးမှာ ပါဝင်သူများအား အညံ့ခံရန် အမိန့်ပေးခဲ့ပြီး မလိုက်နာပါက နှိမ်နှင်းသွားမည်ဟု ပြောကြားခဲ့သည်။

    ဒီမူကွမ်မှာ ရဲတပ်ဖွဲ့တွင် သွားရောက်အဖမ်းခံခဲ့သော်လည်း ၎င်းအနေဖြင့် မူးယစ်လုပ်ငန်းတွင် ပါဝင်မှုမရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် တရားမ၀င် မူးယစ်လုပ်ငန်းများကို တိုက်ဖျက်နေသူဖြစ်ပြီး ဒူတာတေး၏ နှိမ်နှင်းမှုကို ထောက်ခံကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။

    ပစ်ခတ်မှုမဖြစ်ပွားခင် ရဲတပ်ဖွဲ့က ဒီမူကွမ်၏အဖွဲ့မှာ မူးယစ်ဆေး ပမာဏာအများအပြားကို ဒါဗာအိုမြို့မှ ဒူတာတေး၏ဇာတိ မူဂွင်ဒါနာအိုသို့ ပို့ဆောင်မည့်ဆိုသည့်သတင်းကို ရရှိခဲ့သည်။

    ရဲတပ်ဖွဲ့တာဝန်ရှိသူကမူ မြို့တော်မနီလာတောင်ဘက် ကီလိုမီတာ ၉၅၀ အကွာရှိ မာကီလာလာမြို့တွင် ရဲတပ်ဖွဲ့က ကားရပ်ရန် တားသည့်အခါ ၎င်းတို့အဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မေလ အာဏာရပြီးနောက်ပိုင်း ဒူတာတေး၏ မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးတွင် လက်ရှိအချိန်အထိ လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး အမေရိကန်၊ ကုလနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရသည်။

    Ref: Aljazeera

  • အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် ဗြိတိန်မွတ်လင်တစ်ဦး အစ္စလာမ့်အရုပ်ဆိုင် ဖွင့်လှစ်

    အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် ဗြိတိန်မွတ်လင်တစ်ဦး အစ္စလာမ့်အရုပ်ဆိုင် ဖွင့်လှစ်

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    toy

    – ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေသည့် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် ရည်ရွယ်၍ ဗြိတိန်မွတ်စလင်အမျိုးသမီးဖြစ်သူ နာဇီယာ နက်စ်ရင်းမှာ ကမ္ဘာ့ပထမဆုံး အစ္စလာမ့်အွန်လိုင်းအရုပ်ဆိုင်တစ်ခုကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    အသက် ၃၁ နှစ်အရွယ် နာစရင်း၏ အဆိုပါအရုပ်ဆိုင်တွင် မွတ်စလင်ဘာဘီအရုပ်များ၊ အရောင်သွေးစုံသည့် ၀တ်ပြုခင်းများ၊ ကုရ်အာန်ကျမ်းစာ ရေးထိုးထားသည့် ကတ်ပြား လှလှလေးများ၊ အာရဘီစကားလုံးဆက် အတုံးများ ပါဝင်ပြီး သူမကမူ မိမိ၏ အရုပ်ဆိုင်က ဈေးကွက်အတွင်း လစ်ဟာမှုကို ဖြည့်ဆည်းရန်နှင့် အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန် ဖြစ်သည်ဟု ဆိုသည်။

    “ကလေးတွေဟာ မှားယွင်းတဲ့အရာတွေကို အကြိမ်တော်တော်များများ သင်ယူနေရတယ်။ အဲ့ဒါတွေကနေပဲ အကြမ်းဖက်ဝါဒ ရိုက်သွင်းခံရတာပါ။ တကယ်လို့ မှန်ကန်တဲ့ ပညာပေးကစားစရာပစ္စည်းတွေနဲ့ စာအုပ်တွေသာ ငယ်ရွယ်တဲ့ကလေးတွေအတွက် ထောက်ပံ့ပေးနိုင်ရင်၊ ကျွန်မတို့ရဲ့ ကလေးငယ်တွေမှာ မှန်ကန်တဲ့ အစ္စလာမ့်ကျင့်ဝတ်တွေနဲ့ တန်ဖိုးတွေ ရရှိစေမှာ ဖြစ်ပါတယ်”ဟု သူမက ပြောကြားခဲ့သည်။

    ယခု သူမ၏ အရုပ်ဆိုင်တွင် အရုပ် ၂၀၀ ကျော်၊ ဂိမ်းကစားနည်းများနှင့် အခြားသော ကလေးကစားစရာပစ္စည်းများ ရောင်းချနေပြီး တစ်နှစ်အတွင်း ပေါင် ၃၀၀၀၀ နီးပါး ၀င်ခဲ့သည်။

    နာစရင်းက ဗြိတိန်နှင့် အမေရိကန်ဈေးကွက်များကို အဓိကထားပြီး၊ ထိုကစားစရာအရုပ်များမှာ ကလေးငယ်များတွင် မှန်ကန်သော အစ္စလာမ့်ကျင့်ဝတ်များနှင့် တန်ဖိုးများကို ထည့်သွင်းပေးကာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : IINA

  • ဘောလုံးခေါင်းတိုက်ခြင်းက ဦးနှောက်ထိခိုက်နိုင်

    ဘောလုံးခေါင်းတိုက်ခြင်းက ဦးနှောက်ထိခိုက်နိုင်

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    heading

    – ဘောလုံးသမားများအနေဖြင့် ဘောလုံးကို ခေါင်းဖြင့်တိုက်ခြင်းမှာ ဦးနှောက်ထိခိုက်မှု၊ မှတ်ဉာဏ်ဆုံးရှုံးမှုတို့နှင့် ဆက်စပ်နေသည်ဟု ယူကေတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုအသစ်တစ်ခုအရ သိရသည်။

    Stirling တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုဖြစ်ပြီး သိပ္ပံပညာရှင်များက ဘောလုံးတစ်လုံးကို ခေါင်းဖြင့် အကြိမ်နှစ်ဆယ်တိုက်ပြီးနောက် ဦးနှောက်လုပ်ဆောင်ချက်များ၏ ထိခိုက်မှုကို တွေ့ခဲ့ရပြီး ထိုထိခိုက်မှုမှာ သေးငယ်သော်လည်း ကြီးမားသည့် ပြောင်းလဲမှုများ ရှိနေသည်ဟု ဆိုသည်။

    ထိုကဲ့သို့ ခေါင်းတိုက်မှုကြောင့် မှတ်ဉာဏ်ပျက်စီးမှုသည် ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း ၂၄ နာရီ ကြာမြင့်ခဲ့ပြီးနောက် အဆိုပါမှတ်ဉာဏ်ထိခိုက်မှုမှာ တစ်ဖြည်းဖြည်းဖြင့် ပျောက်သွားခဲ့သည်။

    သုတေသနတွင် ပါဝင်ခဲ့သည့် အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာ မဂ်ဒါလီနာ အစ်ဝါ့ကမူ ဘောလုံးကို ခေါင်းဖြင့် တိုက်လိုက်ပြီးနောက် ချက်ခြင်းဆိုသလိုပင် ဦးနှောက်၏ ချုပ်တည်းမှု မြင့်တက်လာခဲ့ပြီး မှတ်ဉာဏ်မှာ သိသိသာသာကို ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။

    “ဒါမျိုးပြောင်းလဲမှုက တစ်ခဏပဲဆိုပေမယ့် ဦးနှောက်ကျန်းမာရေးကို သိသိသာသာ ထိခိုက်ပါတယ်။ အထူးသဖြင့် ဘောလုံးကစားတဲ့အခါ အကြိမ်ကြိမ်အခါခါ ခေါင်းတိုက်တဲ့ အခါမျိုးမှာပါ” ဟု ဒေါက်တာက ပြောကြားခဲ့သည်။

    အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ၀က်စ်ဘရွန်းအသင်း၏ တိုက်စစ်မှူးဖြစ်ခဲ့သူ ဂျက်ဖ် အက်တဲလ်မှာ ၂၀၀၂ ခုနှစ် အသက် ၅၉ နှစ်အရွယ်တွင် ဆေးမတိုးသည့် ဦးနှောက်ပိုင်းဆိုင်ရာရောဂါကြောင့် ကွယ်လွန်ခဲ့သည်။

    စစ်ဆေးမှုများအရ မစ္စတာ အက်တဲလ်ကွယ်လွန်မှုမှာ ဘောလုံးခေါင်းတိုက်မှုကြောင့် ဖြစ်ပွားသည့် ရောဂါအငယ်စားများကြောင့် ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

    Ref : Independent.co.uk

  • ၁၀ ကာရက်ရှိ ရှားပါး မြန်မာ့ပတ္တမြား ဒေါ်လာ ၁၂ သန်းကျော်ပေါက်နေ

    ၁၀ ကာရက်ရှိ ရှားပါး မြန်မာ့ပတ္တမြား ဒေါ်လာ ၁၂ သန်းကျော်ပေါက်နေ

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    ruby

    – လေလံကုမ္ပဏီတစ်ခုဖြစ်သော Christie မှ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဟောင်ကောင်၌ပြုလုပ်မည့် ကျောက်မြတ်ရတနာ လေလံပွဲတွင် ၁၀.၀၅ ကာရက်ရှိသည့် မြန်မာနိုင်ငံမှ ရှားပါးပတ္တမြားမှာ ဦးဆောင်ဖွယ်ရှိနေသည်ဟု သိရသည်။

    ‘ထူးခြားသည့် အရွယ်၊ အပြစ်အနာအဆာကင်းသည့် အဆင်း၊ တောက်ပသည့် အရည်လဲ့မှု’ စသည့် အရည်အသွေးများနှင့်ပြည့်စုံသော အဆိုပါပတ္တမြားကို သက္ကတဘာသာစကားဖြင့် ‘အဖိုးတန်ကျောက်များ၏ ဘုရင်’ (ရက်နာရက်ဂ်ျ) ဟု ခေါ်ဆိုကြောင်း Christie က ပြောကြာခဲ့သည်။

    လက်ရှိတွင် ထိုပတ္တမြား၏ ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၈.၈ သန်းမှ ၁၂.၅ သန်းအထိ တန်ကြေးရှိနေသည်။

    အဆိုပါပတ္တမြားမှာ မြန်မာနိုင်ငံမှ ပတ္တမြားနှင့် ကက်ရှ်မီးယားမှ နီလာများကို တစ်မူထူးခြားစွာ စုဆောင်းနိုင်မှုကြောင့် နာမည်ကျော်ပြီး ၁၀ စုနှစ်တစ်ခုကျော် သက်တမ်းရှိနေသည့် ကျောက်မြတ်လုပ်ငန်း Faidee မှ လေလံတင်ခြင်းဖြစ်သည်။ ထိုပတ္တမြားမှာ တစ်နှစ်တွင် တစ်ခါလောက်သာ ဈေးကွက်တွင်တွေ့ရသည့် ရှားပါးပစ္စည်းမျိုး ဖြစ်သည်။

    Christie ကမူ ‘ခိုသွေး’ ဟု အမည်ပေးထားပြီး ပတ္တများအမျိုးအစားတွင် ပါဝင်ကာ အရည်လဲ့မှုတွင် ခြွင်းချက်မဲ့သော အဆိုပါ ပတ္တမြားမျိုးမှာ ၅ ကာရက်ကျော် အရွယ်အစားကို အလွန်တွေ့ရခဲသည်ဟု ပြောကြားခဲ့သည်။

    Magnificent Jewels ဟု အမည်ပေးထားသည့် အဆိုပါ လေလံပွဲကို ဟောင်ကောင် Convention and Exhibition Centre တွင် ပြုလုပ်မည်ဖြစ်သည်။

    Ref : Forbes