အောက်တိုဘာ ၂၅၊ ၂၀၁၆
M-Media
– အစ္စရေးမြောက်ပိုင်းရှိ နာမည်ကျော် ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ယမန်နေ့က ဖျက်ဆီးခြင်းခံခဲ့ရပြီး ဘုရားကျောင်းအတွင်းရှိ စပျစ်ရည်ထည့်သော ရွှေဖလားများလည်း အခိုးခံလိုက်ရသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
တဘောရ်တောင်တွင်ရှိသည့် Church of the Transfiguration ဘုရားကျောင်းဖြစ်ပြီး ဓမ္မသစ်ကျမ်းစာ၏ ဖော်ပြချက်အရ ထိုနေရာမှာ ခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် တမန်တော်မောရှေ၊ ဧလိယတို့နှင့် စကားပြောဆိုသည့် နေရာဖြစ်သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့ကမူ ထိုတိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးနေပြီး မည်သည့် သံသယရှိသူကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ ဖျက်ဆီးမှုတွင် ဘုရားကျောင်းအတွင်းရှိ အမှတ်သညာများ ပျက်ဆီးသွားခဲ့ပြီး၊ ပမာဏ မည်မျှရှိသည်ကို မသိရသည့် အလှူခံသေတ္တာတစ်လုံးနှင့် စပျစ်ရည်ထည့်သည့် ရွှေဖလားများ အခိုးခံခဲ့ရသည်။
ဒေသတွင်းမီဒီယာများကမူ ထိုတိုက်ခိုက်မှုမှာ ဓားမြတိုက်မှုသက်သက်သာ ရည်ရွည်ခြင်းဖြစ်နိုင်ပြီး ယခင် ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရမှုကဲ့သို့ ဂျူးများ၏ အမုန်းတရားကြောင့် တိုက်ခိုက်ခြင်း မဖြစ်နိုင်ဟု ဘုရားကျောင်း တာဝန်ရှိသူများကို ကိုးကား၍ ဖော်ပြခဲ့သည်။
ခရစ်ယာန်နှင့် မွတ်စလင်တို့၏ အထွဋ်အမြတ်ထားရာ နေရာများကို တိုက်ခိုက်သည့်အခါ ဂျူးအစွန်းရောက်များ ပုံမှန်ပြုလုပ်နေကြဖြစ်သည့် စော်ကားသော ဂရက်ဖစ်တီများကိုလည်း ယခုတိုက်ခိုက်မှုတွင် ရေးဆွဲခဲ့ခြင်းမရှိဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နှစ်များအတွင်း ဗလီများ၊ ဘုရားကျောင်းများ၊ သုဿန်များအပါအ၀င် မွတ်စလင်နှင့် ခရစ်ယာန်ုတို့၏ အထွဋ်အမြတ်ထားရာ နေရာများမှာ ဂျူးအစွန်းရောက်များ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
Ref: Xinhua









