News @ M-Media

Author: Ko Lay

  • စက္ကူ ထုတ်လုပ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၉)

    စက္ကူ ထုတ်လုပ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၉)

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    paper-making
    – ဒီနေ့ခေတ်မှာ စက္ကူဆိုတာဟာ သာမန်ထုတ်ကုန်တစ်ခု ဖြစ်နေပါပြီ။ ဒါပေမယ့် တကယ်တော့ စက္ကူဟာ ခေတ်မီလူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ပါ။ မဂ္ဂဇင်းတွေ၊ တီဗီလမ်းညွှန်းတွေ၊ သတင်းစာတွေကနေ စက္ကူတာဝါ၊ လိပ်စာကဒ်တွေအထိ နေ့စဉ်အသုံးပြုနေတဲ့ စက္ကူတွေ၊ စာရွက်တွေအကြောင်းကို စဉ်းစားကြည့်ဖူးပါရဲ့လား။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀ ကျော် အေဒီ ၇၅၁ ခုနှစ် တာလက်စ်တိုက်ပွဲ (Battle of Tallas) မှာ တရုတ် သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့ပြီးနောက်ပိုင်း မွတ်စလင်တွေဟာ ဘဂ္ဂဒတ်မြို့မှာ စာရွက်တွေကို အကြီးအကျယ် ထုတ်လုပ်ခဲ့ကြပါတယ်။ တရုတ်လူမျိုးတွေ လျှို့ဝှက်ထားတဲ့ ဒီ စာရွက်ထုတ်လုပ်မှုကို မွတ်စလင်တွေက  အဲဒီသုံ့ပန်းတွေဆီက သင်ယူခဲ့ပြီး စနစ်တကျ ဖြစ်အောင်လုပ်ကာ ဘဂ္ဂဒတ်က စက်ရုံတွေမှာ အမြောက်များ ထုတ်လုပ်နိုင်အောင် အလျင်အမြန် ဆောင်ရွက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ စက္ကူထုတ်လုပ်မှုဟာ အနောက်ဖက်ဖြစ်တဲ့ ဒမတ်စကတ်၊ တိုက်ဘီရီယက်စ်နဲ့ ထရီပိုလီတို့အထိ ပြန့်နှံ့သွားပါတယ်။ ထုတ်လုပ်မှုတိုးတက်လာတာနဲ့အမျှ စက္ကူတွေဟာ ဈေးပေါလာပြီး၊ အရည်အသွေးလည်း ကောင်းမွန်လာခဲ့ပါတယ်။ ဒမတ်စကတ်က စက္ကူစက်ရုံတွေဟာ ဥရောပရဲ့ စက္ကူဝယ်လိုအားကို အဓိကဖြည့်ဆည်းပေးတဲ့ ရင်းမြစ်တွေပါပဲ။

    အရည်အသွေးမြင့်မားတဲ့ စက္ကူကို ထုတ်လုပ်နိုင်ရေး ခိုင်ခံ့တဲ့အမျှင်တွေကိုရစေတဲ့ ကုန်ကြမ်း လျှော်ပင်တွေကို ကိုယ်တိုင် စိုက်ပျိုးနိုင်မှုကလည်း ဆီးရီယားစက္ကူစက်ရုံတွေရဲ့ စက္ကူထုတ်လုပ်နိုင်စွမ်းကို မြင့်မားစေခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လျှော်ပင်ကထွက်တဲ့ စက္ကူတွေဟာ ပြန်လည်အသုံးပြုနိုင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စက္ကူတွေအဖြစ် သတ်မှတ်ခြင်းခံနေရပြီ ဖြစ်ပါတယ်။ အဲဒီစက္ကူတွေဟာ သစ်သားကိုအခြေခံပြီး ထုတ်လုပ်တဲ့ စက္ကူတွေထက်လည်း ကုန်ကျစားရိတ် ထက်ဝက်လောက် သက်သာပါတယ်။

    စက္ကူလုပ်ရာမှာ တရုတ်လူမျိုးတွေ ကုန်ကြမ်းအဖြစ် အသုံပြုခဲ့တဲ့ ပိုးစာပင်ရဲ့အခေါက်နေရာမှာ လင်နင် (linen) ချည်သားစကို အစားထိုး အသုံးပြုခဲ့တာလည်း မွတ်စလင်တွေပါပဲ။ လင်နင်စတွေကို စုတ်ဖြဲပြီး ရေနဲ့စိမ်ကာ အချဉ်ဖောက်ပါတယ်။ ပြီးတဲ့နောက် ပြုတ်ပြီး အယ်ကာလိုင်း အကြွင်းအကျန်နဲ့ အမှုန်အမွှားတွေကို ဖယ်ရှားပါတယ်။ သန့်ရှင်းသွားတဲ့ လင်နင်စတွေကို ဆုံထဲ ထည့်ထောင်းပြီး ပျော့ဖတ်ဖြစ်အောင်လုပ်ကာ စက္ကူထုတ်လုပ်တာပါ။ ဒီလို ပျော့ဖတ်လုပ်နည်းကို မွတ်စလင်တွေက စတင် တီထွင်ခဲ့တာဖြစ်ပါတယ်။

    slide_216341_800608_large
    စာရွက်ထုတ်လုပ်မှုအကြောင်း ဖော်ပြထားသည့် ၁၇ ရာစုမှ လက်ရေးမူတစ်ခု

    သူတို့မှာရှိနေတဲ့ ကုန်ကြမ်းတွေနဲ့လည်း မွတ်စလင်တွေဟာ ၀ါဂွမ်းစက္ကူလုပ်ဖို့ စမ်းသပ်ခဲ့ကြပါတယ် ဒီ လိုစမ်းသပ်မှုပြုလုပ်တာကို ရေးသားမှတ်တမ်းတင်ထားတဲ့ ၁၁ ရာစုက လက်ရေးမူတစ်ခုကိုတာ့ စပိန်နိုင်ငံ မက်ဒရစ်မြို့က အက်စ်ကိုရီယဲလ် (Escorial) စာကြည့်တိုက်မှာ တွေ့မြင်နိုင်ပါတယ်။

    သက္ကရာဇ် ၈၀၀ ရောက်တဲ့အချိန်မှာ စက္ကူထုတ်လုပ်မှုဟာ အီဂျစ်နိုင်ငံကို ရောက်ရှိသွားပါပြီ။ စာရွက်မှာ အက္ခရာတင်ထားတဲ့ ကုရ်အာန်ကျမ်းတော်မြတ်တွေထဲမှာ အစောဆုံးလို့ ယူဆနိုင်တဲ့ ကုရ်အာန်ကို ၁၀ ရာစု အီဂျစ်မှာ ရေးသားခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ စက္ကူလုပ်နည်းဟာ အီဂျစ်ကနေတစ်ဆင့် အနောက်ဖက် – မြောက်အာဖရိကတစ်ဝှမ်းနဲ့ မော်ရိုကိုအထိ ပြန့်နှံ့သွားပါတယ်။ အခြားသော ပညာရပ်တွေလိုပဲ စက္ကူလုပ်နည်းဟာ အာဖရိကနေ ရေလက်ကြားကိုဖြတ်ကာ မွတ်စလင်တွေအုပ်စိုးတဲ့ စပိန်ကို သက္ကရာဇ် ၉၅၀ လောက်မှာ ရောက်ရှိပါတယ်။ အန်ဒါလူစီယာ ပြည်သူတွေဟာ စက္ကူထုတ်လုပ်မှုကို ဆက်လက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ကြပြီး ဗလင်စီယာအနီးမှာရှိတဲ့ ဂျာတီဗာ (Jativa) မြို့လေးကတော့ ရှာတီဘီ (Shatibi) လို့ခေါ်တဲ့ အသားထူပြီး ချောမွတ်တဲ့ စက္ကူတွေကို ထုတ်လုပ်နိုင်မှုအတွက် ကျော်ကြားပါတယ်။ နှစ်ပေါင်း ၂၀၀ အတွင်းမှာ စက္ကူထုတ်လုပ်မှုကို ဘဂ္ဂဒတ်မှာလည်း ပြုလုပ်လာနိုင်ခဲ့ပြီး အစ္စလာမ်ကမ္ဘာမှာ စက္ကူဟာ လူတိုင်းသုံးနိုင်တဲ့ပစ္စည်း ဖြစ်လာခဲ့ပါတယ်။

    စက္ကူလှိုင်လှိုင်ထုတ်လာနိုင်တာကြောင့် စာအုပ်စာပေတွေ ရေးသားထုတ်ဝေရာမှာလည်း လွယ်ကူလာခဲ့ပြီး ကျူပင်ရတဲ့ စက္ကူတွေ၊ သားရေချပ်တွေလို ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေနေရာမှာ စက္ကူကို အစားထိုးနိုင်ခဲ့တာကြောင့် အကုန်အကျလည်း များစွာသက်သာခဲ့ကာ စာအုပ်၊ စာပေတွေကလည်း မြောက်များစွာ ပေါ်ထွက်လာခဲ့ပါတော့တယ်။ စက္ကူမထုတ်လုပ်နိုင်ခင်က စာအုပ်တွေ ရေးသားထုတ်ဝေဖို့ဆိုတာ အင်မတန်ခက်ခဲပြီး၊ ရှုပ်ထွေးပါတယ်။ ကူးရေးသူတွေကို လုပ်ခ တနင့်တပိုးပေးရတာ၊ လက်ရေးလှကျွမ်းကျင်ပညာရှင်တွေ လိုအပ်တာမျိုးတွေပါ။ စက္ကူ ထုတ်လုပ်လာနိုင်တာကြောင့် ကုန်ကျစားရိတ် လျော့ကျသွားပေမယ့် လက်ရေးဆန်းသစ်တဲ့ ပညာရှင်တွေ လိုအပ်ဆဲပါပဲ။ မွတ်စလင်ကမ္ဘာမှာ ရာချီ၊ ထောင်ချီသော စာအုပ်စာတမ်း အကိုးအကားတွေ ရေးသားထုတ်ဝေလာနိုင်တာကြောင့် စာအုပ်ကုန်သွယ်မှုနဲ့ ပညာသင်ကြားမှု နယ်ပယ်မှာ ဖွံ့ဖြိုးလာခဲ့ပါတယ်။ နောက်ပိုင်းတော်တော်ကြာတဲ့အခါ ဥရောပမှာ ပုံနှိပ်စက် အသုံးပြုလာနိုင်တဲ့ အချိန်မှာတော့ စာအုပ် ရေးသားထုတ်ဝေရေးမှာ သိသာတဲ့ တော်လှန်ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

    စက္ကူထုတ်လုပ်မှု ကျယ်ပြန့်လာခြင်းက ဆေးဆိုးပန်းရိုက် လုပ်သူတွေ၊ စာရေးမင် ဖော်စပ်သူတွေ၊ လက်ရေးလှပညာရှင်တွေ၊ စာပန်းချီပညာရှင်တွေလို အခြားသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရှင်တွေကိုလည်း များပြားလာစေခဲ့ပြီး သိပ္ပံနယ်ပယ်မှာပါ အကျိုးသက်ရောက်ခဲ့ပါတယ်။ ၁၁ ရာစု တူနီးရှားက စွန့်ဦးတီထွင်သူ အစ်ဗနေ့ ဘာဒစ် (Ibn Badis) က သူရဲ့ Staff of the Scribes စာအုပ်မှာ ကလောင်တန်ရဲ့ ဆန်းကြယ်မှုတွေ၊ အရောင်ပါတဲ့ မင်မျိုးစုံ စီမံပြင်ဆင်မှုတွေ၊ အရောင်ဆိုးဆေးတွေနဲ့ အရောင်အရောတွေ၊ လျှို့ဝှက်စာရေးသားနည်းတွေနဲ့ စက္ကူလုပ်နည်း အကြောင်းတွေကို ရေးသားရင်း စက္ကူထုတ်လုပ်နိုင်မှုရဲ့ အကျိုးဆက်တွေကို ဖော်ပြခဲ့ပါတယ်။

    ခရစ်ယာန်ကြီးစိုးရာဥရောပမှာ ပထမဆုံး ဆောက်လုပ်ခဲ့တဲ့ စက္ကူစက်ရုံက ၁၂၉၃ ခုနှစ် အီတလီနိုင်ငံ ဘိုလော့ဂ်နာမြို့မှာ တည်ထောင်ခဲ့တဲ့ စက်ရုံပဲဖြစ်ပါတယ်။ စက္ကူကို ပထမဆုံး အသုံးပြုခဲ့တာကတော့ ၁၃၀၉ ခုနှစ် အင်္ဂလန်မှာဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဒီလို စက္ကူတွေ ထုတ်နိုင်တာကြောင့် စာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ ဖြန့်ချီနိုင်ခဲ့ကာ ဥရောပမှာ အသိပညာဟာ အရှိန်အဟုန်နဲ့ ပြန့်နှံခဲ့ပါတယ်။

    ဒိန်းမတ် သမိုင်းပညာရှင် ဂျိုဟန်နက်စ် ပက်ဒါဆန် (Johannes Pedersen) က စက္ကူတွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ခဲ့တာဟာ “အစ္စလာမ့်စာပေကဏ္ဍတင်မကဘဲ၊ ကမ္ဘာစာပေကဏ္ဍမှာပါ အသက်တမျှအရေးပါတဲ့ မွတ်စလင်တွေရဲ့ စွမ်းဆောင်မှု” ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    ရောင်စုံစာရွက်များ

    marbling-2

    စာရေးစက္ကူတွေ၊ စာအုပ်တွေမှာ ယနေ့အချိန်အထိ အသုံးပြုနေဆဲဖြစ်တဲ့ ရောင်စုံစက္ကူ ထုတ်လုပ်နည်းကို ဖွံ့ဖြိုးစေခဲ့တာလည်း မွတ်စလင်တွေပဲ ဖြစ်ပါတယ်။ အဲဒီအထဲကတစ်ခုကတော့ စာရွက်တွေပေါ်မှာ သွေးကြောယှက်ဖျာနေတဲ့ပုံစံ ဒီဇိုင်းဖော်ခြင်း (Paper Marbling) ဖြစ်ပြီး အရေးပါတဲ့ လက်ရေးမူတွေအတွက် အဖုံးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

    အဲဒီလို ဒီဇိုင်းထုတ်မှုကို တူရကီစကားလုံးနဲ့ ‘အီဘရူ’ (ebru) လို့ ခေါ်ပြီး တိမ်၊ တိမ်ထူသောလို့ အဓိပ္ပါယ်ရပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ ‘အဘရူ’ (abru) လို့လည်း ခေါ်ဆိုပြီး အဓိပ္ပါယ်က ရေမျက်နှာပြင်ပါ။ အီဘရူဟာ အလယ်အာရှက ရှေးဟောင်း ဘာသာစကားတစ်ခုကနေ စတင်းသက်လာတာဖြစ်ပြီး ‘သွေးကြောပုံစံ အမျှင် ဒါမှမဟုတ် စာရွက်’ လို့ အမည်ရပါတယ်။ Paper Marbling နည်းလမ်းရဲ့ နောက်ကြောင်းပြန်ကောက်ရရင် တရုတ်နိုင်ငံမှာ ဆုံးပါတယ်။ ဒီနည်းလမ်းဟာ ပိုးလမ်းမကြီးကနေဖြစ်ပြီး ပထမဆုံး အီရန်ကိုရောက်ခဲ့ကာ အီဘရူဆိုတဲ့အမည်ရဲ့ အနာတိုလီယာ (Anatolia – အာရှမိုင်းနား) ကို ဆက်သွားပါတယ်။

    ၁၆ ရာစုအဆုံးမှာ အာရှမိုင်းနားကိုရောက်တဲ့ ကုန်သည်တွေ၊ သံတမန်တွေဟာ ဒီနည်းလမ်းကို ဥရောပဆီ ယူဆောင်သွားခဲ့ပြီး ၁၅၅၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဒီ ဒီဇိုင်းနဲ့ စက္ကူတွေက ဥရောပ စာအုပ်ချစ်သူတွေရဲ့ အစည်းစွဲဖြစ်ခဲ့ပြီး ‘တူရကီစာရွက်’ ဒါမှမဟုတ်  ‘တူရကီ သွေးကြောဒီဇိုင်း’ လို့ ခေါ်ဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ ဒီစာရွက်တွေကို အီတလီ၊ ဂျာမနီ၊ ပြင်သစ်နဲ့ အင်္ဂလန်တို့မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။

    အီဘရူ ဒီဇိုင်းနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ Discourse on Decorationg Paper in the Turkish Manner (တူရကီစတိုင်ဖြင့် စက္ကူများ ဒီဇိုင်းဖော်မှုဆိုင်ရာကျမ်း) ကို ၁၆၆၄ ခုနှစ်မှာ အက်သာနားစီးယက် ကီရ်ချာ (Athanasius Kircher) က ထုတ်ဝေခဲ့ပါတယ်။ သူဟာ ရောမမှာ ထင်ရှားတဲ့ ၁၇ ရာစု ဂျာမနီပညာရှင်တစ်ဦးဖြစ်ပြီး စက္ကူဒီဇိုင်းပညာရပ်တစ်ခုဖြစ်တဲ့ Marbling Art နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဖြန့်ဝေပေးခဲ့သူ ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • ရခိုင်မြောက်ပိုင်းရှိ မွတ်စလင်များအား အကူအညီပေးခွင့်ပြုရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    ရခိုင်မြောက်ပိုင်းရှိ မွတ်စလင်များအား အကူအညီပေးခွင့်ပြုရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media

    police

    – နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ပိတ်ဆို့ထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်စလင်အများစုရှိရာ ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ၀င်ရောက်ခွင့်ပေးရန်အတွက် လူ့အခွင့်အရေးအဖွဲ့များက မြန်မာအစိုးရအား တိုက်တွန်းလိုက်သည်။

    မြန်မာအာဏာပိုင်များကမူ ထိုတိုက်ခိုက်မှုကို နိုင်ငံခြား စစ်သွေးကြွအဖွဲ့များ၏ ထောက်ပံ့မှုဖြင့် ထိုဒေသရှိ မွတ်စလင်များပါဝင်သော အဖွဲ့တစ်ခု ပြုလုပ်သည်ဟု ယုံကြည်ထားပြီး ခန့်မှန်းခြေ ထိုအဖွဲ့ဝင် ၄၀၀ ခန့်ကိုလည်း စစ်တပ်က တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပိုက်စိပ်တိုက် ရှာဖွေနေသည်။

    မြန်မာစစ်တပ်က ထိုဒေသအား စစ်ဆင်ရေးဇုန်အဖြစ် သတ်မှတ်ကာ ပြင်ပမှ အ၀င်အထွက်များကိုလည်း ကန့်သတ်ထားပြီး နိုင်ငံတကာ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များက ထောက်ပံ့မည့် စားနပ်ရိက္ခာများ၊ ဆေးဝါးများကိုလည်း ပို့ဆောင်ခွင့် မပေးချေ။

    ကုလသမဂ္ဂမှ အဖွဲ့များကမူ ထိုဒေသတွင် လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တိုက်ခိုက်မှုအပြီးနောက်ပိုင်း ပို့ဆောင်ခွင့်မရတော့ဟု ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များကလည်း မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လိုအပ်သူများထံ ပို့ဆောင်နိုင်ရေး လုပ်ဆောင်ပေးရမည်ဟု ဆိုသည်။

    “နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်သူတွေကို ရှာဖွေဖမ်းဆီးဖို့ မြန်မာအစိုးရမှာ တာဝန်ရှိသလို၊ လူ့အခွင့်ရေး လေးစားမှုကိုပြဖို့၊ အဲဒီဒေသကပြည်သူတွေ သူတို့လိုအပ်နေတဲ့ အကူအညီတွေရအောင် လုပ်ပေးဖို့၊ ဂျာနယ်လစ်တွေ၊ လူ့အခွင့်အရေး စောင့်ကြည့်သူတွေကို ဒေသတွင်း ၀င်ရောက်ခွင့်ပြုဖို့လည်း တာဝန်ရှိပါတယ်” ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ၏ အာရှဆိုင်ရာဒါရိုက်တာ ဘရဒ် အဒမ်က ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International ကလည်း အောက်တိုဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုမှာ နိုင်ငံအတွင်း ယိုင်နဲ့နေသော လူ့အခွင့်အရေးအခြေအနေကို ပိုမိုဆိုးရွားသွားစေသည်ဟု ဆိုသည်။

    “လိုအပ်နေတဲ့သူတွေဆီ အကူအညီရောက်ရှိဖို့ ကုလသမဂ္ဂနဲ့ အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတွေအတွက် အဟန့်အတားဖြစ်စေတဲ့ ကန့်သတ်မှုတွေကို ချက်ခြင်း ဖယ်ရှားပေးရပါမယ်” ဟု အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာ ဒါရိုက်တာ ရာဖန်ဒီ ဒီယာမင်က ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကမူ မောင်တောမြို့တွင် စားနပ်ရိက္ခာအကူအညီ လိုအပ်နေသူ ၅၀၀၀၀ ရှိနေပြီး ယခုအချိန်အထိ သွားရောက်ပို့ဆောင်ခွင့်မပြုသေးဟု ပြောကြားခဲ့သည်။ သိုသော်လည်း မောင်တောနှင့် ကပ်နေသည့် ဘူးသီးတောင်မြို့ကို လာမည့်တစ်ပတ်အတွင်း အကူအညီများ ပေးပို့နိုင်ရန် မျှော်လင့်သည်ဟု ဆိုသည်။

    “အဲဒီဒေသတွေမှာ ရက်တော်တော်များများ ၀င်ရောက်ခွင့် မရခဲ့ပြီးတဲ့နောက် နောက်တစ်ပတ်မှာ လူပေါင်း ၃၇၀၀၀ အတွက် ပုံမှန်ထောက်ပံ့မှုတွေ ပြန်စနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအကူအညီတွေထဲမှာ ထိခိုက်ခံစားရတဲ့ အိမ်ထောင်စုတွေအတွက် ငွေသားထောက်ပံ့တာတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေအတွက် အဟာရပြည့်ဝတဲ့ ဖြည့်စွက်အစားအသောက် ဝေငှတာတွေ ပါဝင်ပါတယ်” ဟု WFP ဟု ဒေသဆိုင် ပြောရေးဆိုခွင့်ရှိသူ ဆစ်လ်ကီ ဘာရ်က ပြောကြားခဲ့သည်။

    Ref : Channelnewsasia

  • အစ္စလာမ့် ဖွံ့ဖြိုးရေးဘဏ်က လူငယ်များအတွက် ပိုမိုရင်းနှီးမြှုပ်နှံမည်

    အစ္စလာမ့် ဖွံ့ဖြိုးရေးဘဏ်က လူငယ်များအတွက် ပိုမိုရင်းနှီးမြှုပ်နှံမည်

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media

    islam

    – လူငယ်များသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် လောင်စာဖြစ်သည့် ဖန်တီးတီထွင်မှုစွမ်းအား၏ ပင်မကျောရိုးဖြစ်သောကြောင့် ဖန်တီးနိုင်စွမ်းရှိပြီး၊ ဦးဆောင်ဦးရွက်ပြုနိုင်သည့် လူငယ်များအပေါ် ရင်းနှီးမြှုပ်နှံခြင်းမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို ရောက်ရှိရန်အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်ဟု ဂျစ်ဒါအခြေစိုက် အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ် (IDB) ၏ ဥက္ကဌအသစ် ဒေါက်တာ ဘန်ဒါရ် ဟဂ်ျဂျာက INNA သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “လူငယ်တွေဟာ သူတို့နိုင်ငံရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဦးဆောင်ဖို့ အပြုသဘောဆောင်တဲ့ တွန်းအားတွေကို သဘောကျ နှစ်ခြိုက်ကြတာမို့လို့ သူတို့တွေဟာ နိုင်ငံတွေရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်”

    ဒေါက်တာဟဂ်ျဂျာက IDB အနေဖြင့် လူငယ်များအကြား ဖန်တီးနိုင်စွမ်းမြင့်မားရေး၊ ထူးချွန်ထက်မြက်ရေးနှင့် စွန့်ဦးတီထွင်လိုစိတ် မြင့်တက်လာရေးအတွက် စီမံကိန်းအမြောက်အများကို စတင်ထားသည်ဟု ဆိုသည်။

    “ယခုအစီအစဉ်တွေဟာ လူငယ်တွေရဲ့ စွန့်ဦးတီထွင်လိုတဲ့ စီမံကိန်းတွေကို ထောက်ပံ့ပေးဖို့နဲ့ ကျွန်တော်တို့ရဲ့ အွမ္မသ်အကျိုးအတွက် သူတို့ရဲ့ စွမ်းရည်တွေကို အရှိန်မြင့်တင်ပေးဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်”

    IDB ၏ လူငယ်စီမံကိန်းများတွင် တူရကီရှိ ဂါဇီတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သည့် တီထွင်ဖန်တီးမှုနှင့် စွန့်ဦးစီးပွား ဘာသာရပ်များကို အွန်လိုင်း၌ သင်ကြားခြင်း၊ ဆော်ဒီရှိ ဘုရင်အဘ်ဒူလာ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်နှင့် ပူပေါင်းကာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ အနုပညာနှင့် သင်္ချာဆိုင်ရာ စီမံကိန်းများ ဖော်ဆောင်ခြင်းတို့ ပါဝင်သည်။

    ထို့ပြင် တီထွင်ဆန်းသစ်မှုပြပွဲများ နှစ်စဉ်ကျင်းပနိုင်ရေး၊ ‘လူငယ်ထူးချွန်ဆု’ ချီးမြှင့်ရေး စသည်တို့ကို ဆောင်ရွက်နိုင်ရန်လည်း IDB က ကြိုးစားနေသည်။

    Ref : IINA

  • ဂျာကာတာတိုက်ခိုက်မှုတွင် ပါဝင်သူကို အင်ဒိုက ထောင် ၁၀ နှစ်ချ

    ဂျာကာတာတိုက်ခိုက်မှုတွင် ပါဝင်သူကို အင်ဒိုက ထောင် ၁၀ နှစ်ချ

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media

    philipine

    – ယခုနှစ်ဇန်န၀ါရီလက ဖြစ်ပွားခဲ့သည့် ဂျာကာတာအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ဒိုဒီဆူရီဒီကို အင်ဒိုနီးရှားက ယမန်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

    အသက် ၂၃ နှစ်အရွယ် ဒိုဒီမှာ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဗုံးပြုလုပ်ရာတွင် ကူညီခဲ့မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အစိုးရရှေ့နေများက အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ အနက် ၁၀ နှစ် ချမှတ်ရန် လျှောက်ထားခဲ့သည်။

    ဒိုဒီသည် ဗုံးပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ၃ ကီလိုဂရမ်လေးသည့် ဓာတ်ငွေ့သိုလှောင်ခွက်တစ်ခုကို ၀ယ်ယူရန် တာဝန်ယူရသူဖြစ်သည်။ စစ်သွေးကြွလေးယောက်အပါအ၀င် လူ ၈ ယောက် သေဆုံးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့တိုက်ခိုက်မှု၌ အဆိုပါဗုံးသည် ဂျလန်သမ်ရင်းလမ်းရှိ ရဲစခန်းတစ်ခုအနီးတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

    တရားသူကြီး အက်ခ်မက် ဖော်ဇီက ဒီဒိုသည် အကြမ်းဖက်မှု၌ ဗုံးများကို စီစဉ်ပြုလုပ်ခြင်းဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ အကြမ်းဖက်မှုကာကွယ်ရေးဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် အပြစ်ပေးရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း တရားသူကြီးများက ဒိုဒီသည် ၎င်း၏ လုပ်ရပ်များကို ဖြောင့်ချက်ပေး ၀န်ခံခဲ့သည့်အပြင် ငယ်ရွယ်သူတစ်ယောက် ဖြစ်သည့်အားလျော်စွာ အမှုကို ပြန်လည်စဉ်းစားသုံးသပ်ပေးခဲ့သည်။

    အမိန့်ချမှတ်ခဲ့ပြီးနောက် ဒိုဒီက ထိုအပြစ်ကို လက်ခံသည်ဟုဆိုပြီး “ဒါဟာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်ရတဲ့ အန္တရာယ်ပါပဲ” ဟု ပြောကြားခဲ့သည်။ ဂျာကာတာ တိုက်ခိုက်မှုတွင် ကူညီခဲ့သူ အခြား စစ်သွေးကြွ အလီ ဟက်မာကိုလည်း တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။

    Ref : CNA

  • မှောက်မှား ခက်ထန်မှုသို့ တွန်းပို့နေသည့် အကြောက်တရား

    မှောက်မှား ခက်ထန်မှုသို့ တွန်းပို့နေသည့် အကြောက်တရား

    အောက်တိုဘာ ၂၁၊ ၂၀၁၆

    M-Media
    ma-thid
    ကျင်းပသော ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံရေးရာလေ့လာမှုကွန်ဖရင့် အစီအစဉ်တစ်ရပ်တွင် ဟောပြောခဲ့သည့် ဒေါက်တာ မသီတာအား ၂၀၁၆ အောက်တိုဘာလ၊ မြောက်ပိုင်းအီလီနွိုက်စ်တက္ကသိုလ်ကျောင်းဝင်း၌တွေ့ရစဉ်

    – ဒေါက်တာ မသီတာသည် လူသိထင်ရှား အတိုက်အခံ စာရေးဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေသူ၊ သမားတော်၊ နိုင်ငံရေးကျားကန်သူနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။ သူမသည် ၁၉၉၀ ခုနှစ်များအတွင်း ဥပဒေနှင့်မညီသော စာပေများ ဖြန့်ချိမှုဖြင့် ခြောက်နှစ်နီးပါး အကျဉ်းစံခဲ့ရသူအဖြစ် ထင်ရှားသည်။ အခြားအရေးယူထိန်းသိမ်းခံရမှုများအနက် ၁၉၈၈ ခုနှစ် ကျောင်းသားများဦးဆောင်သည့် မြန်မာ့ဒီမိုကရေစီအရေးအခင်း၏ တက်ကြွလှုပ်ရှားသူအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်းလည်း ပါဝင်သည်။ အကျဉ်းထောင်၌ရှိစဉ် အဆုတ်ရောဂါနှင့်အတူ ကျန်းမာရေးဒုက္ခများစွာ ခံစားခဲ့ရသည်။ PEN International ကဲ့သို့ အဖွဲ့အစည်းများထံမှ ၀င်ရောက်လာသော နိုင်ငံတကာဖိအားကြောင့်သာ အချုပ်အနှောင်မှ လွတ်ကင်းလာရသည်။ ယခုသော် သူမသည် ထိုအဖွဲ့အစည်း၏ ဘုတ်အဖွဲ့ဝင် ဖြစ်နေလေပြီ။

    အောက်တိုဘာလ အမေရိကန်ခရီးစဉ်အတွင်း မသီတာသည် လက်ရှိမြန်မာလူ့အသိုင်းအ၀ိုင်းအပေါ် သူမ၏ စူးစမ်းသုံးသပ်မှုများကိုလည်းကောင်း၊ အကြောက်တရားအတွင်း အမြစ်တွယ်ရာမှာ (ငြိမ်းချမ်းတည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည့်) မှောက်မှားခက်ထန်းခြင်း တိုးမြင့်လာသည့်အပေါ် သူမ၏အမြင်ကို ဧရာဝတီသတင်းဋ္ဌာနသို့ မျှဝေပေးခဲ့သည်။ ၎င်းကို ကျော်လွှားနိုင်သည့်နည်းလမ်းမှာ မျိုးဆက်အလီလီအတွက် ရုပ်ပိုင်း၊ နာမ်ပိုင်း၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းစနစ်တစ်ရပ်ကို အစဉ်တစိုက်လှုံ့ဆော်ရိုက်သွင်းနေကြသော နိုင်ငံ့အဖျက်သမားစစ်စစ်များအား ထိပ်တိုက်ရင်ဆိုင်ခြင်းသာဖြစ်သည်ဟု သူမက ဆိုသည်။

    ဒေါက်တာမသီတာနှင့် အမေးအဖြေဝေမျှချက်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပေသည်။

    (မေး) လက်ရှိအချိန် ဆရာမ ကိုင်တွယ်ထားရတဲ့ ကဏ္ဍအသီးသီးအပေါ် သုံးသပ်ချက်တစ်ရပ် ပေးစေချင်ပါတယ်။

    (ဖြေ) ကျွန်မဟာ PEN Myanmar ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး PEN International ရဲ့ ရွေးချယ်ခံအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အဖွဲ့နှစ်ရပ်စလုံးရဲ့ ဘုတ်အဖွဲ့ဝင်လို့ ဆိုကြတယ်။ ဒါပေမယ့် ကျွန်မအဖို့ ဒီခေါင်းစဉ်နှစ်ခုစလုံးကို ရေရှည်ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး။ လာမည့်ဒီဇင်ဘာလအတွင်း PEN Myanmar အတွက် သုံးနှစ်တစ်ကြိမ်ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်မှာဖြစ်လို့အဲ့ဒီမှာ ကျွန်မ ထပ်မံပါဝင်မှာ မဟုတ်ဘဲ ကူညီသူအဖြစ်သာ ရှိပါမယ်။

    ကျွန်မက Info Digest journal ရဲ့ အယ်ဒီတာချုပ်လည်း ဖြစ်ပါတယ်။ အဲ့ဒါက နှစ်ပတ်တစ်ကြိမ်ထုတ် စာနယ်ဇင်းမှတ်တမ်းဆိုင်ရာ ကန့်သတ်စာစဉ်တစ်စောင်ဖြစ်ပါတယ်။ ကျွန်မတို့ကတော့ စိတ်ကူးယဉ်မှုများ၊ ခံစားချက်များကို စိတ်မ၀င်စားကြပါဘူး။ လူထုသိအပ်တဲ့ လူထုအခွင့်အရေးကို ကာကွယ်ခြင်းမှာသာ စိတ်ပါဝင်စားကြပါတယ်။

    ဒါ့အပြင် ကျွန်မဟာ မိသားစုဆိုင်ရာ အထွေထွေကျန်းမာရေးစောင့်ရှောက်သူအဖြစ်လည်း လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ အချိန်တိုင်း ကျွန်မရဲ့လူနာများနဲ့ ဆုံတွေ့ခွင့်ရခြင်းကလည်း ကျွန်မအဖို့ အထူးအခွင့်အရေးတစ်ရပ်ဖြစ်စေပါတယ်။ လန်ခဲ့တဲ့ ၁၀ နှစ်လောက်က (ရန်ကုန်)အခမဲ့နာရေးကူညီမှုအသင်းဆေးခန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် ကျွန်မ စတင် ဆောင်ရွက်တယ်။ ခရီးအများအပြား ထွက်ရလေ့ရှိသည့်တိုင် အဲ့ဒီနေရာကို တစ်ပတ်တစ်ကြိမ် အရောက်သွားခဲ့ပါတယ်။ ကျွန်မရဲ့ပုံမှန်လူနာများလည်း ယနေ့ထိ ရှိနေဆဲပါ။ ကျွန်မအတွက်တော့ ကျန်းမာရေးလုပ်ငန်းက ပကတိနိုင်ငံရေးပဲ ဖြစ်ပါတယ်။ ဒီအရာက လူတိုင်းနှင့် မကင်းနိုင်ဘူးလေ။

    (မေး) တစ်ချိန်တုန်းက ဆရာမရဲ့ ပင်မနိုင်ငံရေးအာသီသဟာ နိုင်ငံ့သားကောင်းဖြစ်ရေးလို့ ဆိုခဲ့ပါတယ်။ ဒီအချက်က ဆရာမဘ၀ထဲဆရာမအတွက် အဓိပ္ပာယ်သက်ရောက်မှု ဘယ်လောက်ရှိနေပါသလဲ ?

    (ဖြေ) ကျွန်မက နိုင်ငံ့သားကောင်းတစ်ဦး ဖြစ်လိုဆဲပါပဲ။ သို့စေကာမူ ယခုချိန်မှာ PEN International နဲ့ ထဲထဲဝင်ဝင် ပိုမိုလက်တွဲဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါက ကျွန်မရဲ့ ပုဂ္ဂလအောင်မြင်ဖြစ်ထွန်းလိုမှုကြောင့် မဟုတ်ပါ။ ဒါပေမယ့် သမိုင်းကြောင်းတလျှောက် နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်ထဲ ဒီလို ဆုံးဖြတ်ချက်ချမှတ်မှုအဆင့်ထိ တက်လှမ်းနိုင်သူ မြန်မာ့ကလောင်ရှင် တစ်ဦးမျှ မရှိခဲ့ဖူးဘူးလို့ ကျွန်မ ထင်မြင်ပါတယ်။ ကျွန်မရဲ့တိုင်းပြည်ကို ကိုယ်စားပြုသော နိုင်ငံ့သားကောင်းတစ်ဦးဖြစ်ဖို့ ကျွန်မ ကြိုးစားခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ဟာ သီးခြားဖယ်ကြဉ်ခံရခြင်း မရှိကြောင်း ပြသရာလည်း ရောက်ပါတယ်။ ခင်ဗျားအနေနဲ့ သာမန်နိုင်ငံသားတစ်ဦးဖြစ်နေလင့်ကစား တစ်စုံတစ်ရာကိုတော့ ပြုလုပ်နိုင်စွမ်းပါတယ်လို့ ဆိုချင်ပါတယ်။ ကျွန်မ အမှန်တကယ် လက်ဆင့်ကမ်းလိုတဲ့သတင်းစကားကတော့ ဒီအချက်ပဲဖြစ်ပါတယ်။

    (မေး) ဆရာမဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကျားကန်ကူညီသူအဖြစ် ဆောင်ရွက်ခဲ့ဖူးတယ်။ (၁၉၉၂ ခုနှစ်မှာရေးပြီး ၇ နှစ်ကြာမှ ပုံနှိပ်ထုတ်ဝေဖြစ်တဲ့) ဆရာမရဲ့ နေကြာပန်း စာအုပ်မှာ လူထုရဲ့ အထူးမျှော်လင့်ချက်ထားရှိခံရတဲ့ သူမကို “သြဘာပေးခံရသည့် အကျဉ်းစံ” လို့ ဖော်ပြထားပါသည်။ အခု သူမရဲ့ ခြောက်လကျော် အုပ်ချုပ်ရေးကာလအတွင်း သူမနဲ့ NLD အစိုးရရဲ့ ဆောင်ရွက်ချက်အပေါ် ဆရာမဖက်က ဘယ်လို အကဲဖြတ်လိုပါသလဲ ?

    (ဖြေ) ကျွန်မဆီမှာ သူမနဲ့ပတ်သက်ပြီး “အကြောက်တရားမက အမှန်တကယ် လွတ်မြောက်နေပါသလား” ဆိုတဲ့ မေးခွန်းတစ်ခုသာ ရှိပါတယ်။ (လူထု)ခေါင်းဆောင်တစ်ဦးရဲ့နေရာမှာ သူမဟာ အဲ့ဒီလောက်ထိ အကြောက်တရား ရှိချင်မှ ရှိပါမယ်။ သို့သော် နိုင်ငံတော်အတိုင်ပင်ခံတစ်ဦးအနေနဲ့ကတော့ နိုင်ငံသားတို့အပေါ် မထိခိုက်မိစေဖို့၊ အုပ်စုတိုင်းရဲ့ မျှော်လင့်ချက် မပျက်ပြားစေဖို့ စတဲ့ အကြောက်တရား(စိုးရိမ်မှု) အများအပြား ရှိနိုင်ကောင်းပါမယ်။ ဒီအကြောက်တရားအမျိုးအစားကို သူမ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ည် ကျွန်မ အထူးစိတ်ဝင်စားနေပါတယ်။ ဒီကိစ္စက ၁၉၉၁ ခုနှစ်ကရေးသားတဲ့ “အကြောက်တရားမှ လွတ်မြောက်ခြင်း” စာအုပ်ထဲက ဖော်ပြချက် အကြောက်တရားများနဲ့ မတူညီဘဲ ကွဲပြားခြားနားမှု ရှိနေပါတယ်။ ဒါ့ကြောင့် လက်ရှိအကြောက်တရားအပေါ် သူမအနေနဲ့ ဘယ်ပုံဘယ်နည်း ရင်ဆိုင်မလဲဆိုတာ ကျွန်မလည်း အထူးတလည် သိချင်နေမိပါတယ်။

    (မေး) သူမရဲ့ အကြောက်တရားများအောက် သူမ နစ်ဝင်သွားမယ်လို့ ဆရာမ ထင်မြင်ပါသလား ?

    (ဖြေ) ပြောရခက်ပါတယ်။ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေများက အကြောက်တရားနဲ့ဆက်နွယ်ပတ်သက်မှု ရှိမရှိ ဆိုတာ တပ်အပ်မဆိုနိုင်သေးလို့ ဖြစ်ပါတယ်။

    (မေး) Northern Illinois University’s Burma Studies Conference က ဆရာမရဲ့စကားဝိုင်းမှာ အကြောက်တရားအကြောင်း ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီမှာ “အကြောက်တရားက လူထုကို ခက်ထန်မှောက်မှားမှုဆီ တွန်းပို့နေတယ်” လို့ ဆရာမ ပြောဆိုခဲ့တယ်။ လက်ရှိကာလ မြန်မာနိုင်ငံမှာ ဒီဖစ်စဉ်ထင်ရှားလာမှုအပေါ် ဆရာမရဲ့အမြင် ဘယ်လိုရှိပါသလဲ ?
    (ဖြေ) အဲ့ဒါက နာမည်ကြီးစာရေးဆရာတစ်ဦးရဲ့ ၀တ္ထုတိုတစ်ပုဒ်ပါ။ စာပေစကားဝိုင်းတစ်ခုကနေ သူ့ဆီက ကျွန်မ ပြန်ကြားသိခဲ့ရတယ်။ အဲ့ဒီအချိန်က တိုင်းပြည်ဟာ ဦးသိန်းစိန်အစိုးရ လက်အောက်မှာ ရှိနေဆဲပေါ့။ ဒိဇာတ်လမ်းက အစိုးရရဲ့ အရှိုက်ကို အထိနာအောင် ထိုးနှက်နိုင်ခဲ့ပါတယ်။ (ဇာတ်လမ်းမှာ) ရန်ကုန်မြို့ကုမ္မဏီတစ်ခုက အောက်ခြေအဆင့် စာရေး မောင်ခရဲ့အကြောင်းဖြစ်တယ်။ မန်နေဂျာဖြစ်သူ မောင်က ဆိုတာ အလွန်ဆိုးသွမ်းမောက်မာလှသူဖြစ်တယ်။ မောင်ကရဲ့မကောင်းကြောင်းကို အခြားဝန်ထမ်းများစွာက နောက်ကွယ်မှာ ပြောဆိုကြပေမယ့် မောင်ခ ကတော့ အဲ့ဒီလိုပြောဆိုမှုမှ ကင်းစွာနေပါတယ်။ သာမန်အားဖြင့် မောင်ခဟာ မောင်ကရဲ့လုပ်ရပ်ဆိုးများကို လက်ခံနေသယောင်ရှိတယ်။ အလုပ်ချိန်ပြီးသွားတဲ့အခါ မောင်ခဟာ ပန်းဆိုးတန်းတံတားဖက်လမ်းမပေါ်က ခြေသည်းလက်သည်းလှီးဖြတ်သူများဆီ သွားတယ်။ ကျွန်မတို့ရဲ့ထုံးတမ်းဓလေ့အရ တစ်ပါးသူရဲ့ ခြေထောက်ကို ကိုယ်တွယ်ခယသူဟာ အဆင့်အနိမ့်ဆုံးသူဖြစ်တယ်။ အဲ့ဒီလို(ခြေသည်းလှီးဖြတ်ခံယူနေတဲ့)အချိန်မှာ မောင်ခက အထက်အရာရှိသူဋ္ဌေးတစ်ဦးသဖွယ် ဖြစ်နေပါတယ်။ ကိုင်တွယ်လှီးဖြတ်ခြင်း ပြီးစီးတဲ့နောက် သူဟာ ခြေသည်းလှီးဖြတ်သူကို ကျသင့်ငွေပေးပြီး “နှုတ်ဆက်ပါတယ်(bye bye) မောင်က” လို့ ပြောဆိုလိုက်ပါတော့တယ်။

    တစ်စုံတစ်ဦးကို မောင်က လို့ခေါ်ဆိုသမုတ်လို့ မိမိခြေထောက်ကို ကိုယ်တွယ်ခယစေပြီး မိမိဖာသာ လက်စားချေလိုက်တဲ့သဘောပါပဲ။ လူထုထံမှာ လက်စားချေတုန့်ပြန်လိုစိတ် ရှိနေကြပေမယ့် ဒီလိုလုပ်ခြင်းက ထိခိုက်နစ်နာမှု ရှိလာမှာလည်း သိကြတယ်။ မောင်ခဟာ မန်နေဂျာမောင်ခအပေါ် အကြောက်တရားကြောင့် ယဉ်ကျေးကောင်းမွန်စွာဆက်ဆံသည့်တိုင် သူ့ဆီမျာ လက်စားချေလိုစိတ် ကိန်းအောင်းနေတယ်။ ဒါပေမယ့် ဘာမျှ ပြန်လုပ်နိုင်စွမ်းမရှိ။ သူ့အတွက် အန္တရာယ်ရှိလာမှာ သိနေလို့ဖြစ်တယ်။ ဒါ့ကြောင့် သူဟာ မိမိအပေါ် လက်တုန့်ပြန်မှာမဟုတ်တဲ့ လူတစ်ဦးကို မောင်က အဖြစ် ယိုးမှတ်ပြီး လက်စားချေတုန့်ပြန်လိုက်တာပါ။ အဲ့ဒါကို မှောက်မှားခက်ထန်မှု လို့ ကျွန်မ ဆိုရခြင်းဖြစ်ပါတယ်။

    လူတွေက ဒီဇာတ်လမ်းကို ခရိုနီများနဲ့အစိုးရအပေါ် ထိုးနှက်ချက်တစ်ရပ်အဖြစ် နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကျွန်မအတွက် တုန်လှုပ်စရာဖြစ်သွားခဲ့ရတယ်။ အကြောက်တရားက လူထုကို မှောက်မှားခက်ထန်စေကြောင်း ကျွန်ုပ် ခံစားမိလို့ဖြစ်တယ်။ သူတို့ဟာ မိမိတို့ရဲ့ဝေဖန်ပိုင်းခြားတတ်မှုနှင့် ကျိုးကြောင်းသင့်လျော်မှုကို မှန်ကန်စွာ အသုံးမပြုတတ်တော့ မိမိတို့ရဲ့ လက်စားချေတုန့်ပြန်ပုံက ဘယ်လိုဖြစ်သွားပါသလဲ ? ဒါဟာ ကျွန်မတို့လူ့အသိုင်းအ၀ိုင်းထဲ အကြောက်တရာနဲ့ပတ်သက်ပြီး ကိုင်တွယ်စီမံပုံကို မီးမောင်းထိုးပြနေပါတယ်။ ဒီဇာတ်လမ်းအားဖြင့် လူထုရဲ့ စိတ္တဗေဒအနေအထား တစေ့တစောင်းကို ကျွန်မ ပိုမို သိမြင်နားလည်ခဲ့ရပါတယ်။

    (မေး) မိမိတို့ရဲ့ လက်စားချေတုန့်ပြန်မှုများကို (အဲ့ဒီလို လွဲမှားစွာ) ထုတ်ဖော်နေသူများက ဘယ်သူတွေလဲ ?

    (ဖြေ) ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုကို အသုံးချနေသူများလို့ ကျွန်မ ထင်မြင်ပါတယ်။ ပြည်သူတစ်ရပ်လုံးဆီမှာ အကြောက်အတရားက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီးဖြစ်တယ်။ သူတို့က လက်စားချေလိုစိတ် ပြင်းထန်နေပြီး လက်တုန့်ပြန်နိုင်စွမ်းမရှိတဲ့ တစ်စုံတစ်ဦးကို (အထက်ပါဇာတ်လမ်းအတိုင်း) ရှာဖွေနေတတ်ကြပါတယ်။ နောက်ဆုံးတော့ လူနည်းစုဝင်တို့ကို (အစားထိုး လက်တုန့်ပြန်နိုင်သူများအဖြစ်) ရှာတွေ့သွားပါတယ်။ သို့အတွက် အကြောက်တရားက လူထုကို မှောက်မှားခက်ထန်သွားစေတယ်လို့ ကျွန်မ ဆိုရခြင်းဖြစ်ပါတယ်။

    (မေး) လူထုအနေနဲ့ သူတို့ရဲ့အကြောက်တရားကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ ဆရာမ ထင်မြင်ပါသလဲ ?

    (ဖြေ) လူတွေက ကျွန်တော်တို့ဆီမှာ နောက်ထပ်ပြဿနာများစွာ ရှိသေးတယ်လို့ ဆိုကြတယ်။ မဟုတ်ပါဘူးလို့ ကျွန်မ ပြောချင်ပါတယ်။ ပြဿနာတွေကတော့ အနည်းနဲ့အများဆိုသလို အတိတ်ကာလအတိုင်းပါပဲ။ ယခုအခါ ပိုမိုသိမြင်နားလည်လာကြတယ်၊ ပိုမိုဖွင့်ဟ၀န်ခံလာကြတယ်။ ယခင်က ကျွန်တော်တို့ဆီမှာ ပြဿနာများရှိကြောင်း ၀န်မခံတတ်ကြပါဘူး။ ဘာပြဿနာမျှ မရှိသလို ဟန်ဆောင်ခဲ့ကြတယ်။ ယခုအခါမှာ (ဖြေရှင်းရမယ့်) ပြဿနာများနဲ့ပတ်သက်ပြီး ကျွန်မတို့ ၀န်ခံဖွင့်ဟရဲလာပြီ။ ကျွန်မတို့အနေနဲ့ (အဆိုပါဇာတ်လမ်းမှ) စာရေး မောင်ခ လိုမျိုး ဘာကြောင့် ဟန်ဆောင်ခယဆက်ဆံနေဦးမှာလဲ။ စိတ်မပါဘဲ ဟန်ဆောင်ခယနေမယ့်အစား တကယ့်ဒုစရိုက်သမားအစစ်တို့ကို တိုက်ရိုက်ရင်ဆိုင်လိုက်ပါ၊ သတ္တိရှိရှိ ထိပ်တိုက်ပြောဆိုလိုက်ပါ။

    (မေး) ဆရာမက ဘယ်သူတွေကို ဒီလို တိုက်ရိုက်ရင်ဆိုင်စေလိုပါသလဲ ?

    (ဖြေ) လူအများအပြားရှိပါတယ်။ လူထုအပေါ် တရားဝင်တောင်းပန်ချက်တစ်ရပ် ဖြစ်လာစေရေးအတွက် ကျွန်မဟာ နိုင်ငံရေးအကျဉ်းသားဟောင်းများကို တိုက်တွန်းထားပြီး ဖြစ်တယ်။ တကယ်လို့ ကျွန်မတို့က ခွင့်လွှတ်ခြင်းတရား ကျင့်သုံးဖို့ အသင့်ရှိကြလျှင်ပင် တာဝန်ကျေမှာမဟုတ်ဘူး။ အခြားတစ်ဖက်မှာတော့ ဒုစရိုက်သားများက မကောင်းမှုတွေကို ထပ်ဖန်တလဲလဲ ပြုလုပ်နေဦးမှာ ဖြစ်တယ်။ သူတို့တစ်တွေအနေနဲ့ တောင်းပန်ခြင်းဖြင့် မိမိတို့ရဲ့ အပြစ်ကနေ လွတ်မြောက်စေတာမျိုး ကျွန်မ ဆန္ဒရှိပါတယ်။ ဒါက ကျွန်မတို့အတွက်သာ မဟုတ်ဘူး၊ သူတို့အတွက်ပါ ကောင်းကျိုးဖြစ်စေမှာပါ။ တစ်ချို့သောသူတွေက မိမိတို့ဟာ အရိုးခံပါ၊ မိမိတို့မှာ အပြစ်ရှိမရှိ ဆိုတာတောင် မသိပါဘူးလို့ ပြောကောင်းပြောဆိုပါမယ်။ ဒါပေမယ့် ကျွန်မ အယုံအကြည်မရှိပါဘူး။ သူတို့အနေနဲ့ ပြစ်မှုစက်ကွင်းက ထွက်ခွာလာခြင်းသာ သူတို့အတွက် ကောင်းမွန်စေမယ်လို့ ကျွန်မ ထင်မြင်ပါတယ်။

    (မေး) ဒီလို တရားဝင်တောင်းပန်ချက်ကို မြန်မာနိုင်ငံအတွင်း ခံစားထိုက်သူတွေဟာ ဘယ်သူတွေလို့ ဆရာမ ယူဆပါသလဲ ?

    (ဖြေ) မျိုးဆက်တိုင်းက လူထုတစ်ရပ်လုံးပါပဲ။ ကျွန်မတို့အားလုံးက ထိုက်တန်သူတွေပါ။ တစ်ချို့သောသူတွေဟာ ဖမ်းဆီးခံရတယ်၊ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် သူတို့ချည်း မဟုတ်ပါဘူး။ သာမန်လူထုတွေလည်း နစ်နာမှုထဲ ပါဝင်ပါတယ်။ သူတို့ဟာ ကာယကံမြောက်စော်ကားမှုကို မခံရရင်တောင်မှ အခြေခံအားဖြင့် အကြမ်းဖက်မှုသားကောင်တွေ ဖြစ်ခဲ့ရပါတယ်။ ယဉ်ကျေးမှုနဲ့ အခြေခံလူ့အဖွဲ့အစည်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုဒဏ်ကို လူထုတစ်ရပ်လုံး ခံစားခဲ့ရပြီးပါပြီ။

    (မေး) ဒီလို တောင်းပန်လိုက်ယုံနဲ့ လုံလောက်သွားပြီလား ?

    (ဖြေ) စင်စစ်မှာတော့ မလုံလောက်ပါဘူး။ ဒါပေမယ့် ၀န်ချတောင်းပန်မှုက လူထုရဲ့နှလုံးသားကို ထိခတ်စေပါတယ်။ တင်းမာမှုနဲ့ လက်စားချေလိုစိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စကို တရားဝင်ဆောင်ရွက်နိုင်ခြင်းက အကောင်းဆုံးပါပဲ။ ၀န်ချတောင်းပန်မှုဆိုတာ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

    (မေး) အခုဆိုရင် မြန်မာပြည်မှာ “အမျိုးသားရင်ကြားစေ့ရေး” ဆိုတဲ့စကား အလွန်လူပြောများနေကြတယ်။ ဒီအယူအဆအပေါ်ဆရာမအနေနဲ့ ဘယ်လို သုံးသပ်ဝေဖန်ချင်ပါသလဲ ?

    (ဖြေ) အမှားဝန်ခံမှုမပြုဘဲ သို့တည်းမဟုတ် အမှားကိုအမှားအယွင်းလို့ အသိအမှတ်မပြုလက်မခံဘဲနဲ့တော့ အနာဂတ်အတွက် အမျိုးသားရင်ကြားစေ့ရေးဆွေးနွေးချက်များဟာ ငြိမ်းချမ်းရေးကို ရေရှည်ခိုင်မာအောင် ထိန်းသိမ်းသွားနိုင်မှာ မဟုတ်ပါဘူး။

    (မေး) အစကနဦးမှာ ဆရာမက ဆင်းရဲမွဲတေမှုအကြောင်း ဆန်းစစ်သုံးသပ်မှုအမြင်တွေကို ချပြတဲ့ စာရေးသူအဖြစ် ဒီလောကထဲ ၀င်ရောက်လာခဲ့တယ်နော်။ အခုအချိန်မှာ ဘယ်လိုဆန်းစစ်သုံးသပ်မှုမျိုးကို ချပြဖို့ အာသီသရှိနေပါသလဲ ?

    (ဖြေ) ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမွဲတေမှုသာမက အသိပညာ၊ ဗဟုသုတပါ ဆင်းရဲမွဲတေမှု ဖြစ်နေကြပါတယ်။ ဒါဟာ တကယ့်ဆိုးဝါးတဲ့ ပြဿနာ တစ်ရပ်ပါ။ ဒါကြောင့်လည်း လွတ်လပ်စွာထုတ်ဖော်ခွင့်အတွက် တွန်းအားပေးခြင်းက ကျွန်မရဲ့ ထိပ်တန်းအဆင့်လှုပ်ရှားမှုတစ်ခု ဖြစ်နေတာပေါ့။ ခင်ဗျားဟာ ကြွယ်ဝချမ်းသာသူ သို့မဟုတ် အာဏာရှိသူ ဖြစ်နေပါစေ အသိပညာဗဟုသုတ လုံလုံလောက်လောက် မရှိထားဘူးဆိုရင် ခင်ဗျားဟာ အစွမ်းအစကင်းမဲ့သူပါပဲ။ ပြည်သူလူထုတစ်ရပ်လုံး အသိပညာအားကောင်းလာအောင် ပြုလုပ်ကြဖို့ ကျွန်မ အမှန်တကယ် တိုက်တွန်းချင်ပါတယ်။ အစွမ်းအစ၊ စေတနာ၊ လူထုပါဝင်ရေးအသိတရား မရှိဘဲနဲ့ အပြောင်းအလဲတစ်ရပ်ကို ကျွန်မတို့ ဘယ်လိုဖော်ဆောင်နိုင်မှာလဲ ?

    (မေး) လိုအပ်နေတဲ့ အသိပညာအမျိုးအစား ဆိုတာ ?

    (ဖြေ) စနစ်ဇယားနဲ့ပတ်သက်တဲ့ အသိပညာ၊ ကျွန်မတို့ ဘယ်ကို ဦးတည်ရှေ့ရှုနေကြောင်း အသိပညာ၊ မိမိတို့ရဲ့ စွမ်းဆောင်ရည်ဆိုင်ရာအသိပညာတွေပေါ့။ မိမိတို့ကိုယ်တိုင် လူ့အဖွဲ့အစည်းပြောင်းလဲဖို့ ပေးဆပ်နိုင်စွမ်းရှိသူ အပါအ၀င်ဖြစ်တယ်လို့ မခံစား မခံယူနိုင်သရွေ့ အစွမ်းအစမဲ့နေဦးမှာပါပဲ။

    (ဖြေ) တိုင်းပြည်အတွက် အရေးအပါဆုံးပုဂ္ဂိုလ်က ဘယ်သူလဲလို့ ကျွန်မရဲ့စကားဝိုင်းတွေမှာ ကျွန်မ မေးခွန်းထုတ်လေ့ရှိပါတယ်။ လူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ပါလို့ ဆိုကြပါလိမ့်မယ်။ မှန်ထဲကို ကြည့်လိုက်ပါ၊ အသင်သာလျှင် အရေးအပါဆုံးပုဂ္ဂိုလ် ဖြစ်ကြောင်း တွေ့ရပါမယ်၊ ကျွန်မတို့ တစ်ဦးချင်းစီမှာ ဒီအသိတရားကို အသိအမှတ်ပြုသင့်တယ်။ တကယ်လို့ မိမိကိုယ်ကို အရေးပါသူလို့ ခံယူရင် အသင်ဟာ တစ်စုံတစ်ရာသော အားထုတ်မှု ပြုလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ အသင်ဟာ မိမိအတွက် တစ်ပါးသူ လုပ်ပေးမှာကို ထိုင်စောင့်နေရတော့မှာ ဖြစ်ပါတယ်။ လူတိုင်းကိုယ်စီက မိမိသည် မိမိတိုင်းပြည်အတွက် အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ခံယူချက်ထားရှိစေချင်ပါတယ်။

    (မေး) လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အပြည့်အ၀ မဆွေးနွေးနိုင်ဘူးလို့ ဆရာမ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းရပ်အပေါ် ဘယ်လို အမြင်သဘောထားရှိပါသလဲ ?

    (ဖြေ) လွတ်လပ်စွာထုတ်ဖော်ခွင့် ဆိုတဲ့နေရာမှာ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို မဆိုလိုပါဘူး၊ အားလုံးကို ခြုံငုံပါဝင်စေတဲ့ အခွင့်အရေးကို ပြောတာဖြစ်ပါတယ်။ တစ်ပါးသူတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့် ကျင့်သုံးနိုင်ရေးကို ကျွန်မတို့ ခုခံကာကွယ်မှု မပေးနိုင်သေးသရွေ့၊ ခုခံကာကွယ်ပေးခွင့် မရရှိသေးသရွေ့ ကျွန်မတို့လည်း လွတ်လပ်စွာထုတ်ဖော်ခွင့် မရရှိနိုင်ပါဘူး။ အဆင့်လေးရပ်အပေါ် ကျွန်မတို့ ဆန်းစစ်ရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားဥပဒေစိုးမိုးသက်ရောက်မှု၊ သင်းပင်းအုပ်စုရေးရာနဲ့ တစ်သီးပုဂ္ဂလဆိုင်ရာ အဆင့်များဖြစ်ပါတယ်။

    (မေး) ဒီအရေးအရာအပေါ် အားလုံးခြုံငုံပါဝင်စေတဲ့နည်းလမ်းမျိုးနဲ့ ဆရာမက ဘာကြောင့် ချဉ်းကပ်ရပါသလဲ ?

    (ဖြေ) မိမိရဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့် ကျင့်သုံးနိုင်ပါတယ်လို့ ခင်ဗျားယုံကြည်နေသည့်တိုင် အခြေခံဥပဒေမှာတော့ ခင်ဗျားအဖို့ အန္တရာယ်အနံ့ မကင်းဘူး။ တရားဥပဒေကြောင်းအရ ဒါဟာ ပြစ်မှုကျူးလွန်ရာ ရောက်နေပြီဖြစ်ပါတယ်။ သင်းပင်းအုပ်စုအရ အသင်ဟာ မိမိဖာသာ လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင်း လူ့အဖွဲ့အစည်း အသွင်မဆောင်ပြန်ဘူး။ တစ်သီးပုဂ္ဂလဆိုင်ရာအရ ကြည့်ပြန်ရင်လည်း လူနည်းစုဝင်တို့ရဲ့ ဘာသာစကားကို ထည့်သွင်းရမှာဖြစ်ပါတယ်။ ကာလအပိုင်းအခြားနဲ့ ထုတ်ဝေတဲ့ စာစောင်/မဂ္ဂဇင်းတွေ အစုံအလင်ရှိနေပါပြီ၊ ဆင်ဆာဖြတ်တောက်မှု မရှိတော့ပါဘူးလို့ ပြောကြမယ် ဆိုပါစို့၊ မြန်မာဘာသာစကား မပြောဆိုမသုံးနှုန်းတဲ့ လူတစ်ယောက်အတွက် ဘယ်လိုအဓိပ္ပာယ်သက်ရောက်သွားမလဲ၊ သူတို့အတွက် လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့် မရှိကြပါဘူး။

    (မေး) လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကာကွယ်ခြင်းနဲ့အတူ လူထုအကြား မီဒီယာအသိပညာ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်နေတယ်လို့ ဆရာမက ဇောင်းပေးပြောသွားခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ထပ်မံ ရှင်းပြပေးနိုင်မလား ?

    (ဖြေ) မြောက်များစွာသောလူတွေဟာ မီဒီယာက ပုံဖော်တဲ့ သတင်းအချက်အလက် (နဲ့) မူလသတင်းရင်းမြစ်အချက်အလက်ကို ကွဲပြားအောင် မခွဲခြားတတ်ကြပါဘူး။ ဒါကြောင့် ဘယ်သတင်းက ယုံကြည်စိတ်ချရတယ်၊ ဘယ်သတင်းက ပုံဖော်ချက်သတင်း သို့မဟုတ် ဘက်လိုက်သတင်းဖြစ်တယ် ဆိုတာကို မဆုံးဖြတ်နိုင်ကြဘူး။ ကျွန်မတို့ရဲ့ ဆင်ဆာကိစ္စအပေါ် မီဒီယာပိုင်ရှင်ရဲ့ သြဇာလွှမ်းမိုးမှုလည်း အတော်အတန် ကြီးမားပါတယ်။ ကိုယ်တိုင်တည်းဖြတ်မှုဖြစ်စေ၊ စုပေါင်းတည်းဖြတ်မှုဖြစ်စေ မီဒီယာပိုင်ရှင်နဲ့ ဆက်စပ်နေပါတယ်။ ဘယ်မီဒီယာက ဘာကို ကိုယ်စားပြုနေတယ်ဆိုတာ ပြည်သူလူထုက တကယ့်ကို မသိရှိကြပါဘူး။

    (မေး) လက်စမသတ်ရသေးတဲ့အရာတွေထဲက ဘယ်အရာကို ပြီးမြောက်အောင် ဆောင်ရွက်ချင်နေပါသလဲ ?

    (ဖြေ) ၀တ္တုတစ်အုပ်ကို လက်စသတ်ချင်နေပါတယ်။ ခေါင်းစဉ်နဲ့ ဒီဇိုင်းပိုင်းကတော့ စီမံပြီးပါပြီ။ သို့ပေမယ့် သုတေသနလုပ်ဖို့နဲ့ ရေးသားဖို့က လုံလောက်တဲ့အချိန် မရနိုင်သေးပါဘူး။ မြို့တစ်မြို့အကြောင်းပါ။ အဲ့ဒီဇာတ်အိမ်ရဲ့ဇာတ်ကောင်ကတော့ အဲ့ဒီမြို့ ကိုယ်တိုင်ပဲဖြစ်ပါတယ်။

    မသီတာ၏ မကြာသေးမီက ထွက်ရှိခဲ့သော စာအုပ်မှာ အင်းစိန်လမ်းမတစ်လျှောက် ကျွန်မ၏ခြေရာများဟု အမည်ရသည်။ လှုပ်ရှားတက်ကြွသူနှင့် နိုင်ငံရေးအကျဉ်းသားဘ၀မှ အမှတ်တရအကြောင်းအရာများကို ရေးသားထားသည်။ ၂၀၁၂ ခုနှစ်က စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် အမည်ဖြင့် မြန်မာဘာသာနှင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေသည်။

    (Ref : Ma Thida: ‘Fear Makes People Fierce’, By Sally Kantar ; The Irrawaddy Translation : Myintmo Maung Maung)