Author: Ko Lay
-
ဓမ္မအန္တရာယ်ကို ညီညွတ်စွာ တွန်းလှန်နေကြတဲ့ အီရတ်မှ မွတ်စလင်များ (Photo News)
အောက်တိုဘာ ၂၁၊ ၂၀၁၆– အီရတ်နိုင်ငံက IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံး ခြေကုပ်မြို့ဖြစ်တဲ့ မူဆိုးလ်မြို့ ပြန်လည်ရရှိရေး အီရတ်စစ်တပ်နဲ့ လူမျိုးစုတပ်ဖွဲ့တွေပူးပေါင်းကာ ပြုလုပ်နေတဲ့ စစ်ဆင်ရေးက ဓာတ်ပုံတွေ ဖြစ်ပါတယ်။အခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ဒီနေ့ဆိုရင် ၅ ရက်မြောက်လာခဲ့ပြီဖြစ်ပြီး မူဆိုးလ်မြို့ တစ်ဝိုက်က မြို့ငယ်လေးတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် စစ်ဆင်ရေးတတိယအဆင့်ဖြစ်တဲ့ နောက်ဆုံး မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပြီ ဖြစ်ပါတယ်။အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ အီရတ်ကျူးကျော်စစ်ပွဲကနေ သန္ဓေတည် ပေါက်ဖွားလာတဲ့ IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ မူဆိုးလ်မြို့အပါအ၀င် နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အီရတ်စစ်တပ်က နောက်ပိုင်းမှာ ထိုးစစ်တွေနဲ့ နယ်မြေတွေကို ပြန်ယူရင်း မူဆိုးလ်မြို့ တစ်မြို့တည်းသာ ကျန်တော့တာဖြစ်ပြီး ဒီမြို့ကို ပြန်သိမ်းနိုင်မယ်ဆိုရင်တော့ အီရတ်မြေကနေ IS ကို အပြီးတိုင် သုတ်သင်နိုင်မှာ ဖြစ်ပါတယ်။ဒီအကြမ်းဖက်အဖွဲ့ ပေါ်လာပြီးတဲ့နောက်ပိုင်း ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူတွေ ပြုလုပ်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အသင်းအဖွဲ့တွေက ကြေငြာချက်တွေ မြောက်များစွာထုတ်ပြီး ရှုတ်ချခဲ့ကာ၊ ဒီအဖွဲ့ဟာ ဖောက်ပြန်ရေးအဖွဲ့ဖြစ်တယ်၊ အစ္စလာမ်ရဲ့ သွန်သင်မှုနဲ့လုံးဝဆန့်ကျင်တဲ့ အဖွဲ့ဖြစ်တယ်ဆိုပြီး ဓမ္မသတ်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဆော်ဒီမွဖ်သီချုပ် အဘ်ဒူလ် အဇစ် အစ်ဗနေ့ အဘ်ဒူလာ အလ် ရှိခ်ကဆိုရင် IS အဖွဲ့ဟာအစ္စလာမ့် ဓမ္မအန္တရာယ်ဖြစ်ပြီး တွန်းလှန်ဖို့ မွတ်စလင်တိုင်းမှာ တာဝန်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။အခု အီရတ်နိုင်ငံက IS ကို အမြစ်ဖြုတ်သုတ်သင်မယ့် ဒီထိုးစစ်မှာ အီရတ်စစ်တပ်နဲ့အတူ အစ္စလာမ်ဘာသာဝင်လူမျိုးစုတပ်ဖွဲ့တွေ ဖြစ်တဲ့ စွန်နီလူမျိုးစုတပ်ဖွဲ့၊ ရှီအာ ပြည်သူ့စစ်၊ ကာ့ဒ်တပ်ဖွဲ့တွေ ပါဝင်ကြပြီး မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ တူရကီ၊ အီရန်တို့ကလည်း ဒီတပ်ဖွဲ့တွေကို ကူညီအားဖြည့်ပေးထားပါတယ်။စွန်နီ၊ ရှီအာနဲ့ ကာ့ဒ်လူမျိုးစုတွေဟာ နိုင်ငံရေးအရ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အဖုအထစ်တွေ ရှိခဲ့ကြပေမယ့်အစ္စလာမ်သာသနာတော်ရဲ့ ဓမ္မအန္တရာယ်ကို တွန်းလှန်ရာမှာတော့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နေတယ်ဆိုတာ ဒီဓာတ်ပုံတွေက သက်သေပဲ ဖြစ်ပါတယ်။Photo Credit – Aljazeera, Press TV -
အင်အားကြီးနိုင်ငံများက ၀ါဒဖြန့်သော အီရန်ကြောက်ရောဂါကို ဖယ်ရှားနိုင်ခဲ့ပြီဟု ရူဟာနီပြော
အောက်တိုဘာ ၂၁၊ ၂၀၁၆
M-Media– အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့်သာမက ကမ္ဘာတစ်ဝှမ်းလုံးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသော ဆန္ဒရှိသည်ဟု သမ္မတဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။
ယမန်နေ့က တီဟီရန်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားကုန်စည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခု၌ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မိမိအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့ ဦးတည်ဈေးကွက်တွေမှာ အရည်အသွေး၊ ဈေးနှုန်းနဲ့ ထုတ်ပိုးမှုတွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိရမှာဖြစ်ပြီး နိုင်ငံခြားပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိနိုင်ရပါမယ်။ အီရန်ကို လာရောက်ကြတဲ့ စီးပွားရေးသမားများနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော်တို့အနေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုမှာပါ။ သူတို့အီရန်ကို အလွယ်တကူနဲ့ ၀င်ရောက်သွားလာနိုင်ရပါမယ်”
ထို့ပြင် အီရန်နှင့်ပတ်သက်၍ အင်အားကြီးနိုင်ငံများ၏ မဟုတ်မမှန် ၀ါဒဖြန့်မှုများကိုလည်း တုန့်ပြန်သွားမည်ဟု ဆိုသည်။
“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အီရန်ကြောက်ရောဂါကို ဖယ်ရှားဖို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး အစိုးရက အကောင်းဆုံးလုပ်ခဲ့ပြီးပါပြီ။ အီရန်ဟာ ဒေသတွင်းနဲ့ရော ကမ္ဘာတစ်ခုလုံးနဲ့ပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ လူသိရှင်ကြား ပြောနေတာပါ” ဟု အီရန်သမ္မတက ပြောကြားခဲ့သည်။
Ref : Presstv
-
ရခိုင်ပြဿနာတွင် အရပ်သားများကို ကာကွယ်ပေးရန် ကုလ တိုက်တွန်း
အောက်တိုဘာ ၂၀၊ ၂၀၁၆
M-Media– မြန်မာအစိုးရက အကာမွလ် မူဂျာဟစ်ဒင်အဖွဲ့ဟု ခေါ်ဆိုသည့် အဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများမှာ ပြင်းထန်မှု မရှိတော့သော်လည်း ဒေသခံ ပြည်သူလူထုများအကြား ကြောက်ရွံ့မှုနှင့် တင်းမာမှုများ လွှမ်းမိုးနေသည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။
“လုံခြုံရေး တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေအတွက် ၀မ်းနည်းကြေကွဲရပြီး၊ အဲဒီတိုက်ခိုက်မှုအတွက် သူတို့ တည်တည်ငြိမ်ငြိမ်တုန့်ပြန်တာကိုလည်း အသိအမှတ်ပြုသလို အပြစ်မဲ့ပြည်သူတွေ ဆုံးရှုံးရမှု မဖြစ်စေဖို့၊ တိုက်ခိုက်သူတွေအပေါ် ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးတွေကနေ ဒေသခံ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးမှု မရှိစေဖို့အတွက် သတိပြုရမယ်ဆိုတဲ့ အရေးကြီးတဲ့အချက်ကို ကျွန်တော်တို့ ထပ်ပြီး ထောက်ပြလိုပါတယ်” ဟု ကုလသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ယမန်နေ့ နယူးယောက်ရှိ ကုလဌာနချုပ်တွင် ပြုလုပ်ခဲ့သော တစ်နေ့တာ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
“တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့၊ ကျူးလွန်သူတွေကို သင့်လျော်တဲ့ တရားရေးလုပ်ငန်းစဉ်တွေအရ တရားစွဲဆို ဆောင်ရွက်သွားဖို့၊ လုယက်တာ၊ ရန်စတာ ဒါမှမဟုတ် ပြည်သူလုထုကြားထဲမှာ အမုန်းတရား ဖြန့်ဖြူးတာ၊ လှုံ့ဆော်တာ၊ လူ့အဖွဲ့အစည်းအချင်းချင်း အကြမ်းဖက်တာတွေ မဖြစ်အောင် ကြပ်မတ်ဖို့ စတာတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့ ခိုင်မာတဲ့ ကတိက၀တ်ကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်”
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညိနှိုင်းရေးမှူးရုံး (OCHA) က တနင်္လာနေ့တွင် နောက်ဆုံးထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်၌ အောက်တိုဘာ ၉ ရက်နေ့တွင် နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမှု နောက်ပိုင်း လူရာပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရပြီး ဘူသီးတောင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လူ ၁၂၀၀ ခန့်ကို ယာယီ နေရာထိုင်းခင်းပေးထားသည်ဟု ဖော်ထားသည်။
သတင်းစာရှင်းလင်းပွဲတွင် မစ္စတာဒူဂျာရစ်က စစ်ဆင်ရေးဒေသများတွင် လှုပ်ရှားသွားလာမှုများကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားပြီး ကုလနှင့် အခြားသော နိုင်ငံတကာ မိတ်ဖက်အဖွဲ့များ ၀င်ရောက်အကူအညီပေးမှုကို ပိတ်ပင်ထားကာ၊ ထိုဒေသရှိ မွတ်စလင်များကိုလည်း သွားလာခွင့်မပြုဟု ထည့်သွင်းပြောကြားခဲ့သည်။
OCHA ကလည်း မိမိတို့၏ အကူအညီပေးမှုများမှာ ထိုကဲ့သို့ သွားလာမှု ကန့်သတ်ထားခြင်းကြောင့် နှောင့်နှေး ကြန့်ကြာနေရသည်ဟု ဖော်ပြခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့ကတည်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုများအားလုံးကို ရပ်တန့်ထားရပြီး ဒေသခံဝန်ထမ်းများ ဆက်လက်ထားရှိသည့် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များကလည်း ပဋိပက္ခဖြစ်ရာ ဒေသများတွင် ပိတ်မိနေသည်ဟု ဒူဂျာရစ်က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်ကလည်း တိုက်ခိုက်သူများ အလွယ်တကူ မလွတ်မြောက်နိုင်စေရန်အတွက် နယ်စပ်ကို ပိတ်ထားပြီး သံသယရှိသူ ၂ ဦးကို မြန်မာအစိုးရအာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
“အခြေအနေကို အလျင်အမြန် ဖြေရှင်းနိုင်မယ်လို့ ကုလက မျှော်လင့်ပါတယ်။ ဒါမှသာ ရခိုင်ပြည်နယ်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်မှာဖြစ်ပြီး ရခိုင်ပြည်သူတွေကလည်း ငြိမ်းချမ်းပြီး သာယာဝပြောကာ သဟဇာတဖြစ်တဲ့ အနာဂတ်ဆီကို ရှေ့ဆက် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက နိဂုံးချုပ် ပြောကြားခဲ့သည်။
Ref : UN.org
-
တူရကီရှိ ဆီးရီးယားဒုက္ခသည်များအတွက် အီးယူက ယူရို သန်း ၅၀၀ နီးပါး ကူညီ
အောက်တိုဘာ ၂၀၊ ၂၀၁၆
M-Media– တူရကီက လက်ခံထားသည့် ဒုက္ခသည် ၃ သန်းအတွက် အကူအညီအဖြစ် ယူရို ၃ ဘီလီယံ ပေးမည်ဟု ကတိပေးထားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ယူရို ၄၆၇ သန်းကို တူရကီအား ပေးအပ်ခဲ့သည်ဟု ဥရောပသမဂ္ဂက ယခုတစ်ပတ်တွင် ကြေငြာခဲ့သည်။
“Facility ခေါင်းစဉ်အောက်နေ ခွဲဝေပေးခဲ့တာ စုစုပေါင်း ယူရို ၂.၂ ဘီလီယံအထိ ရှိသွားပြီဖြစ်ပါတယ်။ အရစ်ကျ ပုံစံနဲ့ အကူအညီပေးခဲ့တာ ဒေါ်လာ ၁.၂ ဘီလီယံအထိ ရှိပါတယ်။ အဲဒီထဲကမှ ယူရို ၄၆၇ သန်းကို မိတ်ဖက်တွေ အကောင်အထည်ဖော်လို့ရအောင် ပေးခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းတွေ အကောင်အထည်ဖော်မှုကိုလိုက်ပြီး ကျန်တာတွေကိုလည်း ပေးသွားမှာဖြစ်ပါတယ်” ဟု ဥရောပကော်မရှင် ဥက္ကဌ ယန် ကလောက် ဂျန်ကာက ပြောကြားခဲ့သည်။
အဆိုပါ Facility အစီအစဉ်မှာ တူရကီတွင် ရှိနေသည့် ဒုက္ခသည်များ ၃ သန်း နေထိုင်ရေးအဆင်ပြေစေရန်နှင့် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာနှင့် လိုအပ်နေသော ကာကွယ်ရေးတို့အတွက် ဖြစ်သည်။
တူရကီနှင့် အီးယူတို့မှာ မတ်လ ၁၈ ရက်နေ့က ဒုက္ခသည်ကူညီမှုဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါသဘောတူညီချက်က လူကုန်ကူသမားများအတွက် ပိုမိုတင်းကြပ်သည့် အရေးယူမှုများ ပြုလုပ်ခြင်း၊ တူရကီတွင်ရှိနေသည့် ဒုက္ခသည်များ၏ နေထိုင်မှုအခြေအနေ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့မှတစ်ဆင့် အေဂျီယန်ပင်လယ်ကိုဖြတ်၍ အန္တရာယ်များသည့် အခြေအနေမျိုးဖြင့် ၀င်ရောက်ခြင်းမဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်သည်။
Ref : IINA
-
ဗုဒ္ဓရုပ်ပွားတော်ကို အဂါရ၀ဖြစ်စေသည့် လုပ်ရပ်အတွက် ရော်နယ်ဒို ဝေဖန်ခံနေရ
အောက်တိုဘာ ၂၀၊ ၂၀၁၆
M-Media– ရီးယဲတိုက်စစ်မှူး ခရစ္စတီယာနို မှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား အဂါရ၀ပြုရာရောက်သည့် ဓာတ်ပုံတစ်ပုံအတွက် ပရိတ်သတ်များ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရသည်ဟု သိရသည်။
ရော်နယ်ဒို မှာ ယနေ့မနက်ပိုင်းက Facebook နှင့် Instagram တို့တွင် ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ စံပယ်ရာနေရာ၌ ခြေထောက်တင်ထားသည့် ၎င်း၏ ဓာတ်ပုံတစ်ပုံကို လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၎င်း၏ ပရိတ်သတ်များမှာ ထိုလုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ထိုဓာတ်ပုံအား ဖြုတ်ပစ်ရန်လည်း တောင်းဆိုခဲ့ကြသည်။
“ခရစ္စတီယာနိုရော်နယ်ဒို။ အာရှမှာနေထိုင်တဲ့သူတွေ ဒေါသမထွက်ခင် ခင်ဗျားဒီပုံကို ဖျက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ခင်ဗျားကိုချစ်တယ်။ သူများတွေ အပြစ်တင်တာကိုလည်း မကြားချင်ဘူး။ ခင်ဗျား ပရိတ်သတ်တွေရဲ့ ဘာသာတရားကို လေ့လာပြီး လေးစားသင့်ပါတယ်။ ခင်ဗျားဖျက်လိုက်မယ်ဆိုရင်တော့ ကျေးဇူးတင်မိမှာပါပဲ။ ဘုရားသခင် ကောင်းချီးပေးပါစေ” ဟု Veasna Vichea ဟု အမည်ရသည့် ပရိတ်သတ်တစ်ဦးက ရေးသားခဲ့သည်။
Pukar Timalsina ဆိုသည့် ပရိတ်သတ်တစ်ယောက်ကလည်း “ခင်ဗျား ကစားသမားကောင်းတစ်ယောက်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒါက အခြားသူတွေရဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို လစ်လျူရှုဖို့ ဖြစ်စေတာလား။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးကို အုတ်မြစ်ချပေးခဲ့သူဖြစ်ပါတယ်။ (ဗုဒ္ဓဘာသာကို ဟောကြားခဲ့သူဖြစ်တယ်) ဒီလိုပုံစံမျိုးနဲ့ ခင်ဗျား ဘာဖြစ်လို့ အဂါရ၀လုပ်ရတာလဲ။ ကျွန်တော် ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ကျွန်တော့်ကိုလည်း တော်တော်လေး နာကျင်စေပါတယ် (ကျွန်တော် နီပေါကပါ)”
Ref : Goal