News @ M-Media

Author: Ko Lay

  • ဂါဇာက စာသင်ကျောင်းတစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ ၃၀ ထက်မနည်း သေဆုံး

    ဂါဇာက စာသင်ကျောင်းတစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ ၃၀ ထက်မနည်း သေဆုံး

    ဇူလိုင် ၂၇၊ ၂၀၂၄
    M-Media

    -ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်ယူနစ်မြို့မှာရှိတဲ့ ‘ခါဒီဂျာ’ စာသင်ကျောင်းကို အစ္စရေးက ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပါတယ်။

    စာသင်ကျောင်းမှာ စစ်ရှောင်တွေ အဓိကခိုလှုံနေတာဖြစ်ပြီး စာသင်ကျောင်းအတွင်းက ယာယီဆေးခန်းကို အစ္စရေးက ဒုံးကျည် ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၉၂၅၈ ဦး ရှိလာပြီဖြစ်ပါတယ်။

    အစ္စရေးဟာ စာသင်ကျောင်း၊ ဆေးရုံ၊ စစ်ရှောင်စခန်းတွေပါမကျန် မြင်မြင်သမျှကို အကြမ်းဖက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – ခါဒီဂျာ စာသင်ကျောင်း တိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း)

  • မက္ကဆီကိုအစိုးရကို အိတ်ထဲထည့်ထားသည့် မူးယစ်ရာဇာကို အမေရိကန်တွင် ဖမ်းမိ

    မက္ကဆီကိုအစိုးရကို အိတ်ထဲထည့်ထားသည့် မူးယစ်ရာဇာကို အမေရိကန်တွင် ဖမ်းမိ

    ဇူလိုင် ၂၆၊ ၂၀၂၄
    M-Media

    ကမ္ဘာ့ကြောက်စရာအကောင်းဆုံး မက္ကဆီကို မူးယစ်ရာဇာ အစ္စမေး ဇမ်ဘာဒါ ဂါစီယာကို အမေရိကန်နိုင်ငံ အလ်ပါဆိုမြို့မှာ အမေရိကန်အာဏာပိုင်တွေက ဇူလိုင် ၂၆ ရက်နေ့မှာ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

    အလ်မာယိုလို့ အမည်ပြောင်ပေးထားတဲ့ ဂါစီယာဟာ၊ နောက်ထပ် နာမည်ကျော် မူးယစ်ရာဇာ အလ်ချာပိုနဲ့ ပူးပေါင်းပြီး ဆီနာလိုအာ မူးယစ်ဂိုဏ်းကို တည်ထောင်ထားတာပါ။ အလ်မာယိုဟာ မက္ကစီကို အစိုးရနဲ့ စစ်တပ်တစ်ခုလုံးကို လာဘ်ငွေအမြောက်အများပေးကာ ၁၀ စုနှစ်များစွာ ရှောင်တိမ်း နေထိုင်ခဲ့တယ်လို့ သတင်းထွက်သူပါ။ အသက် ၇၀ ရှိပြီဖြစ်ပြီး အမေရိကန်အစိုးရက မူးယစ်မှုနဲ့ အလိုရှိနေကာ ဆုငွေ ကန်ဒေါ်လာ ၁၅ သန်း ထုတ်ထားခံရသူလည်း ဖြစ်ပါတယ်။

    သူ့သူငယ်ချင်း အလ်ချာပိုရဲ့သား ဂျိုအာကွင်း ဂူဇ်မန် လိုပက်ဇ်က မူးယစ်မှောင်ခို ပို့ဖို့အတွက် သူတို့ဆောက်ထားတဲ့ လေယာဥ်ကွင်း သွားကြည့်မယ်လို့ဆိုကာ ဂါစီယာကို လှည့်ဖျားခေါ်ဆောင်ပြီး အမေရိကန်အာဏာပိုင်တွေလက်ထဲ အပ်ခဲ့တာလို့ အမေရိကန်အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Fox သတင်းဌာနက ဖော်ပြပါတယ်။

    အလ်ချာပိုဟာ မူးယစ်မှုနဲ့ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ကို လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသူဖြစ်ပါတယ်။ ဂူဇ်မန် လိုပက်ဇ်က ဖခင်အဖမ်းခံရတာဟာ ဂါစီယာကြောင့်လို့ ယူဆကာ အမေရိကန်အာဏာပိုင်တွေလက်ထဲကို ထည့်ပေးခဲ့တာလို့ ဆိုပါတယ်။

    ဂါစီယာနဲ့အတူ ဂူဇ်မန် လိုပက်ဇ်ကိုလည်း အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

    Ref: Fox News

  • ရူပ၊ ဓာတုနှင့် ပရိုဂရမ်းမင်းတို့ကို ကိုယ်တိုင်လေ့လာပြီး ဒုံးပျံကုတ်ရေးခဲ့သည့် အသက် ၁၁ နှစ်အရွယ် တရုတ်ကလေးငယ်

    ရူပ၊ ဓာတုနှင့် ပရိုဂရမ်းမင်းတို့ကို ကိုယ်တိုင်လေ့လာပြီး ဒုံးပျံကုတ်ရေးခဲ့သည့် အသက် ၁၁ နှစ်အရွယ် တရုတ်ကလေးငယ်

    ဇူလိုင် ၂၆၊ ၂၀၂၄
    M-Media

    -သိပ္ပံနဲ့ ကွန်ပျူတာပညာရပ်တွေကို ကိုယ်တိုင်လေ့လာပြီး ဒုံပျံတစ်ခု ပျံသန်းဖို့ စာကြောင်း ၆၀၀ ပါ ကွန်ပျူတာကုတ် ရေးခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်လေးဟာ တရုတ်ဆိုရှယ်မီဒီယာတွေမှာ ရေပန်းစားလာပါတယ်။

    ယန်ဟုန်စင်းလို့ အမည်ရတဲ့ အဲဒီကလေးငယ်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ကပါ။ အသက် ၄ နှစ်အရွယ်က Long March-2 ဒုံးပျံ လွှတ်တင်တာကို သွားကြည့်ပြီးတဲ့နောက် ဒုံးပျံပညာရပ်ကို စိတ်၀င်စားလာတာဖြစ်တယ်လို့ ဖခင်က ပြောပါတယ်။

    မူကြိုအရွယ်ထဲကနေ အွန်လိုင်းက ကွန်ပျူတာပရိုဂရမ်းမင်း အတန်းတွေကို တက်ခဲ့ပြီး၊ ရူပဗေဒနဲ့ ဓာတုဗေဒ ဘာသာရပ်တွေကို စာအုပ် အွန်လိုင်း ဗီဒီယိုတွေကနေ ယန်ဟုန်စင်းက လေ့လာခဲ့တာဖြစ်ပါတယ်။

    မိဘတွေကလည်း သားဖြစ်သူရဲ့ ဆန္ဒကိုဖြည့်ဆည့်းပေးဖို့အတွက် အိပ်ခန်းကို ဒုံးပျံစမ်းသပ်စင်တာအဖြစ် အသွင်ပြောင်းပေးခဲ့ပါတယ်။

    သူ့ရဲ့ ပထမဆုံး လောင်စာခဲ ဒုံးပျံကို ၂၀၂၂ ခုနှစ် သြဂုတ်လမှာ စတင်တီထွင်ခဲ့ပြီး ၁၀ လ ကြာမြင့်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လ ဒုံးပျံကို စမ်းသပ်လွှတ်တင်ခဲ့ရာမှာ အောင်မြင်စွာ ပျံတက်နိုင်ခဲ့ပေမယ့် ဒုံးပျံကနေ တွန်းအားပေး အင်ဂျင်တစ်လုံးကို ခွာထုတ်ရာမှာ လိုအပ်တဲ့ လေထီး မပွင့်တဲ့အတွက် ဒုံးပျံပါထိခိုက်ပြီး ပျက်ဆီးခဲ့ပါတယ်။

    ဒါပေမယ့် ယန်ဟုန်စင်းဟာ ပထမအကြိမ်ကြိုးပမ်းမှုက အပြစ်ကိုရှာပြီး ဒုတိယမြောက် ဒုံးပျံကို ဆက်လက်ဖန်တီးနေပါတယ်။ လတ်တလော ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ သူ့ရဲ့ ဗီဒီယိုမှာ ဒုံးပျံ ပျံသန်းမှုစနစ်အတွက် သူရေးထားတဲ့ စာကြောင်းရေ ၆၀၀ ပါ ကွန်ပျူတာကုတ်ကို ပြခဲ့ပါတယ်။

    ဖခင်ဖြစ်သူက ယန်ဟုန်စင်းဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း အရက်ဖက် ကာကွယ်ရေးတက္ကသိုလ်ကို ၇ ခုထဲက တစ်ခုမှာ တက်ခွင့်ရအောင် စီမံကိန်းချ ကြိုးစားနေတယ်လို့ ပြောပါတယ်။

    ယန်ဟုန်စင်းဟာ တရုတ်နိုင်ငံမှာ အသက် အငယ်ဆုံး ဒုံးပျံတီထွင်သူအဖြစ်လည်း မှတ်တမ်း၀င်ပါတယ်။ ၂၀၀၂ ခုနှစ် ဇူလိုင်လ အသက် ၉ နှစ်အရွယ်မှာ နက္ခတဗေဒ မှတ်တမ်းရုပ်ရှင်က သီအိုရီပိုင်း အမှားအယွင်းကို ထောက်ပြပေးခဲ့တဲ့အတွက်လည်း ယန်ဟုန်စင်းတစ်ယောက် နာမည်ကျော်ခဲ့ပါတယ်။

    Ref: The Star

  • ပါလက်စတိုင်းပြည်သူများ ထိခိုက်ခံစားနေရမှုအတွက် နှုတ်ဆိတ်နေမည်မဟုတ် – ကာမာလာ ဟာရစ်

    ပါလက်စတိုင်းပြည်သူများ ထိခိုက်ခံစားနေရမှုအတွက် နှုတ်ဆိတ်နေမည်မဟုတ် – ကာမာလာ ဟာရစ်

    ဇူလိုင် ၂၆၊ ၂၀၂၄
    M-Media

    -ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေ ထိခိုက်ခံစားနေရမှုနဲ့ ပတ်သက်လာရင် နှုတ်ဆိတ်နေမှာ မဟုတ်ဘူးလို့ အမေရိကန်ဒုတိယသမ္မတ ကာမာလာ ဟာရစ်က ပြောကြားလိုက်ပါတယ်။

    ကာမာလာဟာ လာမယ့် နို၀င်ဘာရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဥ်ပြိုင်ဖို့ အလားအလာ များနေသူ ဖြစ်ပါတယ်။

    အမေရိကန်ကိုရောက်နေတဲ့ အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစ္စရေးရဲ့တည်ရှိမှုနဲ့ လုံခြုံရေးကို ယိမ်းယိုင်မှုမရှိ ထောက်ခံအားပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဂါဇာမှာ အပြစ်မဲ့အရပ်သားတွေ အမြောက်အများ သေဆုံးနေတာကိုလည်း ထောက်ပြပြောဆိုသွားပါတယ်။

    “ပြီးခဲ့တဲ့ ၉ လအတွင်း ဂါဇာကမ်းမြှောင်မှာ ဖြစ်ပျက်ခဲ့တာတွေက တော်တော့်ကို ဆိုးရွားပါတယ်။ ကလေးတွေ သေဆုံးနေတဲ့ ပုံရိပ်တွေ၊ ဆာလောင်မွတ်သိပ်နေသူတွေ အသက်အန္တရာယ်ကြောင့် ထွက်ပြေးရတဲ့ ပုံရိပ်တွေ၊ နှစ်ကြိမ်မြောက်၊ သုံးကြိမ်မြောက်၊ လေးကြိမ်မြောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဖြစ်နေတယ်။ ဒီလို အခြေအနေဆိုးမျိုးတွေကို ကျွန်မတို့ မျက်နှာလွှဲနေလို့ မရပါဘူး။ ဒီလို ခံစားနေရတွေအတွက် ဘာမှမဖြစ်သလိုမျိုး ကျွန်မတို့ နေလို့ မရပါဘူး။ ကျွန်မကတော့ နှုတ်ဆိတ်နေမှာ မဟုတ်ပါဘူး”

    နို၀င်ဘာရွေးကောက်ပွဲ သမ္မတအဖြစ် ၀င်ရောက်ယှဥ်ပြိုင်မယ့် စာရင်းကနေ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် နှုတ်ထွက်သွားပြီးနောက်ပိုင်း ကာမာလာဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ယှဥ်မယ့်သူဖြစ် ရေပန်းစားလာတာ ဖြစ်ပါတယ်။

    အမေရိကန်ကထောက်ခံတဲ့ ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ကို လက်ခံဖို့ နေတန်ယာဟုကို တိုက်တွန်းခဲ့တယ်လို့လည်း ကာမာလာဟာရစ်က ထည့်သွင်းပြောဆိုခဲ့ပါတဘ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူအရေအတွက်ဟာ ၃၉၀၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

    “ဂါဇာစစ်ပွဲ အဆုံးသတ်ရမယ့် အချိန်ရောက်ပါပြီ။ ဒီလိုအဆုံးသတ်မှသာ အစ္စရေးလည်း လုံခြုံမယ်။ ဓားစားခံတွေအားလုံးလည်း လွတ်မြောက်မယ်။ ဂါဇာက ပါလက်စတိုင်းပြည်သူတွေ ထိခိုက်ခံစားနေရတာတွေလည်း အဆုံးသတ်သွားမယ်။ ပါလက်စတိုင်းတွေလည်း သူတို့ရဲ့အခွင့်အရေးဖြစ်တဲ့ လွတ်မြောက်မှုကို ရရှိပြီး ဂုဏ်သိက္ခာရှိရှိ၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တွေနဲ့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်” လို့ ကာမာလာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNN

  • မြန်မာအာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီးက ထပ်မံရှုတ်ချ

    မြန်မာအာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီးက ထပ်မံရှုတ်ချ

    ဇူလိုင် ၂၅၊ ၂၀၂၄
    M-Media

    -အာဆီယံအဖွဲ့က အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီစဥ်ကို လက်မခံတဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက ၀ေဖန်ရှုတ်ချလိုက်ပါတယ်။

    လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးအပြီး စင်ကာပူနိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံစဥ်မှာ မာဆူဒီက ဒီလို ၀ေဖန်လိုက်တာပါ။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ဟာ အာဆီယံအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အဖွဲ့ကတင်ပြတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီသဘောတူညီချက်တွေကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါဘူး။

    “ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်လိုစိတ် မရှိဘူးဆိုတဲ့အကြောင်း ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်”

    စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ဟာ အာဆီယံအဖွဲ့ထဲမှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

    အာဆီယံ သံတမန်အသိုင်းအ၀ိုင်းရဲ့ အမည်မဖော်လိုသူတစ်ဦးက အာဏာသိမ်းစစ်ကောင်စီဟာ လက်ရှိ အားနည်းလာတဲ့ အနေအထားကြောင့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရေးကို ပြန်လည်စဥ်းစားလာတယ်လို့ ပြောပါတယ်။

    ဗီယန်ကျင်းက အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ မြန်မာ့အရေး အားလုံးပါ၀င်တဲ့ သဘောတူညီချက် မရခဲ့ဘူးလို့ သံတမန်ရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။

    အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့က စစ်ကောင်စီကို ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့ လိုလားနေကြပြီး ထိုင်းနိုင်ငံကတော့ သူတို့ လတ်တလောလုပ်ဆောင်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမှုကိုသာ ဆက်လက်လုပ်ဆောင်ချင်နေပါတယ်။

    Ref: The Star