News @ M-Media

Author: Ko Lay

  • ရင်သပ်ရှုမောစရာဂျူပီတာ


    သြဂုတ် ၂၃၊ ၂၀၂၂
    M-Media

    -ကမ္ဘာတည်ရှိတဲ့ နေအဖွဲ့အစည်းက အကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ကြာသာပတေးဂြိုဟ် ဂျူပီတာရဲ့ ရင်သပ်ရှုမောစရာ ဓာတ်ပုံတွေကို အမေရိကန် အာကာသအေဂျင်စီ နာဆာက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ဒီပုံတွေကို လူသားသမိုင်းမှာ အကြီးဆုံးနဲ့ အဆင့်မြင်ဆုံး တယ်လီစကုပ် James Webb နဲ့ ဇူလိုင်လတုန်းက ရိုက်ကူးထားတာပါ။

    ဂျူပီတာြဂိုဟ်က ဧရာမ မုန်တိုင်းကြီးတွေ၊ လတွေ၊ ဂြိုဟ်ပတ်လည်မှာ ရှိတဲ့ကွင်း၊ ဂြိုဟ်ရဲ့ မြောက်နဲ့ တောင်၀င်းရိုးစွန်းမှာရှိတဲ့ အလင်းရောင် စတာတွေကို ဒီဓာတ်ပုံမှာ အသေးစိတ် မြင်ရပါတယ်။

    “ဂျူပီတာဂြိုဟ်ရဲ့ ဒီလိုပုံမျိုးမြင်ရတာ ဒါပထမဆုံးပါပဲ။ သိပ်ကို ရင်သပ်ရှုမောစရာ ကောင်းပါတယ်။ ရိုးရိုးသားသားပြောရရင် ပုံတွေ ဒီလောက် ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး” လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က နက္ခတ္တဗေဒပညာရှင် အင်မီကီ ဒီ ပါတာကိုက ပြောပါတယ်။

    Great Red Spot လို့ အမည်ပေးထားတဲ့ မုန်တိုင်းဆိုရင် ကမ္ဘာကြီးကိုပါ ၀ါးမြိုသွားနိုင်တဲ့အထိ အင်အား ပြင်းထန်ပါတယ်။

    ကမ္ဘာတည်ရှိရာ နေအဖွဲ့အစည်းက ၅ လုံးမြောက်ဖြစ်တဲ့ ဂျူပီတာြဂိုဟ်ဟာ ဒြပ်ထု အလွန်ကြီးမားတဲ့ ဂြိုဟ်တစ်ခုဖြစ်ပြီး အခြားဂြိုဟ်တွေအားလုံးပေါင်း ဒြပ်ထုရဲ့ နှစ်ဆခွဲကျော် ရှိပါတယ်။

    လပေါင်း ၇၉ လုံးရှိပြီး အပူချိန်က အနှုတ် ၁၀၈ ဒီဂရီဆဲလ်စီးယပ်စ်ရှိပါတယ်။ ဂျူပီတာဂြိုဟ်က တစ်နှစ်ဟာ ရက်ပေါင်း ၄၃၃၃ ရက် ကြာပါတယ်။

    Ref: BBC

  • ပါကစ္စတန်မှာ ရုပ်လုံးပေါ်လာပြီဖြစ်တဲ့ သစ်တောသစ်များ ဖန်တီးမှု စီမံကိန်း

    ပါကစ္စတန်မှာ ရုပ်လုံးပေါ်လာပြီဖြစ်တဲ့ သစ်တောသစ်များ ဖန်တီးမှု စီမံကိန်း

    သြဂုတ် ၁၇၊ ၂၀၂၂

    M-Media

    -ပါကစ္စတန်မှာ ၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ နိုင်ငံတစ်၀ှမ်း သစ်ပင်တွေစိုက်ပျိုးကာ သစ်တောသစ်တွေ ဖန်တီးရေး စီမံကိန်းဟာ လက်ရှိမှာ ရုပ်လုံးပေါ်စ ပြုနေပြီ ဖြစ်ပါတယ်။

    ၀န်ကြီးချုပ် အင်မရန်းခန်း ဦးဆောင်တဲ့ ပါကစ္စတန် အစိုးရဟောင်းဟာ စီမံကိန်းသက်တမ်းကို ၂၀၂၃ ခုနှစ်အထိ သတ်မှတ်ခဲ့ပြီး သစ်ပင်ပေါင်း ၁၀ ဘီလီယံလောက် စိုက်ပျိုးဖို့ စီစဥ်ခဲ့တာ ဖြစ်ပါတယ်။

    မြို့တော် ကရာချီရဲ့ ကလစ်ဖ်တန်ခရိုင်က အမှိုက်ပုံပြီးဟာ လက်ရှိမှာတော့ သစ်တောအငယ်စားလေး ဖြစ်ကာ ပြည်သူတွေ အပန်းဖြေအနားယူရာနေရာတစ်ခု ဖြစ်လာပါပြီ။

    “အခုဆို ဒီနေရာက ပိုမိုစိမ်းလန်းပြီး ပျော်စရာနေရာ ဖြစ်လာပါတယ်။ ညနေဆို ကလေးတွေက ဒီမှာလာကစားကြတယ်။ လူကြီးတွေက လမ်းလျှောက်ကြတာပေါ့။ ပြီးခဲ့တဲ့ လေးနှစ်လုံးလုံး ဒီအပင်လေးတွေကို ရင်၀ယ်သားသဖွယ် ကျွန်တော် ပြုစုပျိုးထောင်လာခဲ့တာပါ” လို့ အသက် ၆၁ နှစ်အရွယ် ဥယျာဥ်မှုး မူလာဇင် ဟူစိန်က ပြောပါတယ်။

    ဟူစိန်ဟာ ကလစ်ဖ်တန်က အစိုးရပိုင် ပန်းခြံကို သစ်တောအငယ်စားလေးဖြစ်အောင် ဦးစီး ဖန်တီးပေးရသူ ဖြစ်ပါတယ်။

    ပါကစ္စတန်မှာ လူဦးရေ စုစုပေါင်း သန်း ၂၂၀ ကျော်ရှိပြီး သစ်တောအရေအတွက်က နိုင်ငံအကျယ်အ၀န်းရဲ့ ၅.၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ (၂၄ ရာခိုင်နှုန်း)၊ ဘင်္ဂလားဒေ့ရှ် (၁၄.၅ ရာခိုင်နှုန်း) ထက် အများကြီး နည်းနေတာ ဖြစ်ပါတယ်။ ကမ္ဘာကြီး ပူနွေးမှုဒဏ်ကို အဆိုးရွားဆုံး ခံနေရတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံမှာလည်း ပါကစ္စတန် ပါ၀င်နေပါတယ်။

    ပင်လယ်တွေပြီးရင် သစ်ပင်တွေဟာ ကာဘွန်ဒိုင်အောက်ဆိုက်ကို အဓိကစုပ်ယူပေးတဲ့ ရင်းမြစ်တွေ ဖြစ်ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုက် လေထုထဲမှာ အလွန်အမင်း များပြားလာမှုကြောင့် ကမ္ဘာကြီးပူနွေးမှု မြင့်တက်လာပြီး အပူချိန်မြင့်တာ၊ မိုးခေါင်ရေရှားတာ၊ ရေကြီးရေလျှံတာလို နောက်ဆက်တွဲဆိုးကျိုးတွေကို လူသားတွေ ခါးစီးခံလာရပါတယ်။

    ပါကစ္စတန်ဟာ ၂၀၁၅ ခုနှစ်မှာ ရာသီဥတု ဆိုးရွားမှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။ အပူလှိုင်းဖြတ်မှုကြောင့် ကရာချီတစ်မြို့ထဲမှာတင် ၃ ရက်အတွင်း လူ ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    ပါကစ္စတန်အစိုးရရဲ့ ဒီသစ်ပင်စိုက် စီမံကိန်းကို ၀ေဖန်မှုတစ်ချို့လည်း ရှိပါတယ်။ အထူးသဖြင့် သိပ်ပြီး ဂရုစိုက်စရာမလိုတဲ့ သစ်ပင်တွေထက် နေ့စဥ် ရေလောင်းပေါင်းသင်ပေးရတဲ့ သစ်ပင်တွေကို စိုက်ပျိုးကြတဲ့ ကိစ္စပါ။ ပါကစ္စတန်က တစ်ချို့နေရာတွေဟာ ရေအလွန်ရှားတဲ့ ဒေသတွေ ဖြစ်ပါတယ်။

    နိုင်ငံတစ်၀ှမ်း သစ်ပင် စိုက်ပျိုးရေး စီမံကိန်းကို ဦးဆောင်နေတဲ့ ရှဇက် ကိုရိုက်ရှီက သစ်ပစ်တွေဟာ အပူချိန်ကို လျှော့ချနိုင်သလို၊ ရေကြီးရေလျှံတာကို လျော့ချပေးကာ၊ စားနပ်ရိက္ခာအတွက်လည်း တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်စေတယ်လို့ ပြောပါတယ်။

    Ref: Aljazeera

  • မြေထဲပင်လယ်ထဲက ရေစုပ်ပြီး အဓိကရေချိုမြစ်ကို ရေဖြည့်မယ့် အစ္စရေး

    မြေထဲပင်လယ်ထဲက ရေစုပ်ပြီး အဓိကရေချိုမြစ်ကို ရေဖြည့်မယ့် အစ္စရေး

    သြဂုတ် ၁၉၊ ၂၀၂၂
    M-Media

    -နိုင်ငံအတွင်းက အဓိကရေချိုမြစ် တိုက်ဘေးရီးယက်စ်မှာ ရေခန်းမှုပြဿနာကို ဖြေရှင်းဖို့အတွက် အစ္စရေးဟာ မြေထဲပင်လယ်ထဲကရေတွေကို စုပ်ပြီး ဖြည့်တင်းဖို့ စီစဥ်နေပါတယ်။

    ဂယ်လီလီပင်လယ်လို့လည်းခေါ်တဲ့ တိုက်ဘေးရီးယက်စ်မြစ်ဟာ အစ္စရေးမြောက်ပိုင်းမှာ ရှိပြီး စိုက်ပျိုးရေးအတွက်သာမက၊ ဗိသုကာပိုင်းဆိုင်ရာ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာမှာပါ အဓိကကျတဲ့မြစ် ဖြစ်ပါတယ်။

    ဘာသာရေးအရလည်း အရေးပါပြီး ယေရှုခရစ်တော်ရဲ့ တန်ခိုးအများပြားဟာ ဒီမြစ်မှာ ပြသခဲ့တာလို့ ခရစ်ယာန်ဘာသာ၀င်တွေက ယုံကြည်ကြပါတယ်။

    ကမ္ဘာကြီးပူနွေးလာမှုရဲ့ နောက်ဆက်တွဲကြောင့် အရှေ့အလယ်ပိုင်းက ရေအရင်းအမြစ်တွေ လျော့ပါးလာပြီး တိုက်ဘေးရီးယက်စ်မြစ်ရေဟာလည်း သမိုင်းတစ်လျှောက် အနိမ့်ဆုံးကို ရောက်ရှိနေပါတယ်။

    ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အစ္စရေးဟာ မြေထဲပင်လယ်ထဲက ရေတွေကို စုပ်ယူကာ ဆားထုတ် ရေချိုအဖြစ်ပြောင်းပြီး တိုက်ဘေးရီးယက်စ်မြစ်ထဲကို စီး၀င်တဲ့ ဆဲလ်မွန်ချောင်းထဲ ထည့်ပေးမှာပါ။

    အစ္စရေးဟာ ပင်လယ်ရေကို ရေချိုအဖြစ်ပြောင်းတဲ့ နည်းပညာနဲ့ ပတ်သက်ရင် ကမ္ဘာ့ထိပ်တန်းဖြစ်ပါတယ်။ အစ္စရေးတစ်၀ှမ်း အသုံးပြုနေတဲ့ သောက်သုံးရေ အားလုံးနီးပါးကို ဒီနည်းပညာနဲ့ သန့်စင် ဖြန့်ဖြူးပေးထားတာ ဖြစ်ပါတယ်။

    အခုစီမံကိန်းဟာ ကန်ဒေါ်လာ ၂၆၄ သန်း ကုန်ကျပြီး ရေစုပ်စက်က လာမယ့်လ အနည်းငယ်အတွင်း စတင်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ရေစုပ်စက်ကို အမြဲတမ်း လည်ပတ်မှာမဟုတ်ဘဲ ရေလိုအပ်မှာသာ လည်ပတ်မယ်လို့ ဆိုပါတယ်။

    ဒီစီမံကိန်းကြောင့် စိုက်ပျိုးရေးမှာလုပ်ငန်းမှာ ပိုမိုအကျိုးခံစားရမှာဖြစ်ပြီး အိမ်နီးချင်းဂျော်ဒန်နိုင်ငံနဲ့လည်း ဆက်ဆံရေး ပိုကောင်းလာမယ်လို့ အစ္စရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

    ဂျော်ဒန်ဟာ အစ္စရေးဆီက ရေ၀ယ်သုံးနေရတာ ဖြစ်ပါတယ်။

    Ref: CNN

  • မလေးရှား၀န်ကြီးချုပ်ဟောင်း ထောင်နန်းစံရမည်

    သြဂုတ် ၂၃၊ ၂၀၂၂
    M-Media

    -ခြစားမှုအပါအ၀င် စွဲချက် ၇ ခုနဲ့ ချမှတ်ထားတဲ့ ပြစ်ဒစ်အတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ အယူခံလျှောက်ထားမှုကို မလေးရှား တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။

    ဒီစွဲချက်တွေမှာ နိုင်ငံပိုင်လုပ်ငန်း 1MDB က ငွေကြေး အကြီးအကျယ် အလွဲသုံစားလုပ်ထားမှုလည်း ပါ၀င်ပါတယ်။

    ၀န်ကြီးချုပ်ဟောင်းရဲ့ အယူခံလျှောက်ထားမှုဟာ ဘာအကျိုးကျေးဇူးမှ မရှိနိုင်ဘဲ၊ အောက်ရုံးက ချမှတ်ထားတဲ့ ပြစ်မှု ၇ ခုဟာ သက်သေအထောက်အထားတွေ ပြည့်စုံတဲ့အတွက် အယူခံကို ပယ်ချလိုက်တာလို့ ဂျူရီအဖွဲ့ အကြီးအကဲ တရားသူကြီး မိုင်မွန် တူအန် မတ်က အမိန့် ဖတ်ကြားခဲ့ပါတယ်။

    ဒါ့ကြောင့် နာဂျစ်ဟာ ထောင်ဒဏ် ၁၂ နှစ်ကို ချက်ခြင်းကျခံရတော့မှာပါ။ ဒါဟာ မလေးရှားနိုင်ငံရေးသမိုင်းမှာ ပထမဆုံး ထောင်ဒဏ်ချမှတ်ခံရတဲ့ ၀န်ကြီးချုပ်ဟောင်းအဖြစ် မှတ်တမ်း၀င်မှာ ဖြစ်ပါတယ်။

    နာဂျစ်ကို အာဏာအလွဲသုံးစားမှု၊ ငွေကြေးခ၀ါချမှု၊ ယုံကြည်မှု အလွဲသုံးစားလုပ်မှု စတာတွေနဲ့ တရားစွဲဆိုပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အောက်ရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အယူခံခုံရုံးက နာဂျစ်ရဲ့ အယူခံလျှောက်ထားမှုကို ပယ်ချခဲ့ပြီး၊ အခု တရားရုံးချုပ်ကပါ ထပ်မံ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တိုင်းပြည်အတွင်းမွေးသည့်အတွက် အခွင့်အရေး အပြည့်ရမည်ဟု ဟိန္ဒူလူ့အဖွဲ့အစည်းကို ဘင်္ဂလား၀န်ကြီးချုပ်ပြော

    တိုင်းပြည်အတွင်းမွေးသည့်အတွက် အခွင့်အရေး အပြည့်ရမည်ဟု ဟိန္ဒူလူ့အဖွဲ့အစည်းကို ဘင်္ဂလား၀န်ကြီးချုပ်ပြော

    သြဂုတ် ၁၉၊ ၂၀၂၂
    M-Media

    -နိုင်ငံအတွင်းက ဟိန္ဒူဘာသာ၀င်တိုင်းဟာ သူရတဲ့အခွင့်အရေးမျိုး တန်းတူ ရရှိခံစားရမယ်လို့ ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားလိုက်ပြီး အားငယ်ဖို့လည်း အားပေးခဲ့ပါတယ်။

    ဟိန္ဒူဘာသာ၀င်တွေရဲ့ မနေ့ကကျရောက်တဲ့ Durga Puja ပွဲတော်ကို ရှိခ်ဟာဆီနာဟာ အွန်လိုင်းကနေ ပါ၀င်ပြီး မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

    “ဘာသာ၀င်တိုင်းအားလုံး တန်းတူအခွင့်အရေးရတာမျိုးပဲ ဖြစ်ရမယ်။ ဟိန္ဒူတွေအားလုံးဟာ ဒီနိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေဖြစ်တယ်။ ကျွန်မနဲ့ ရှင်တို့အားလုံးရဲ့ အခွင့်အရေးဟာ တန်းတူပါပဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်တဲ့အတွက် အခြားလူတွေအားလုံနဲ့ တန်းတူအခွင့်အရေး ခံစားခွင့်ရှိတယ်ဆိုတာမျိုး ရှင်တို့ကိုယ်တိုင်လည်း မှတ်ယူထားရပါမယ်”

    အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီရဲ့ လှုံ့ဆော်မှုကြောင့် အစ္စလာမ်ဘာသာ၀င်တွေအပေါ် ရန်လိုမှု၊ တိုက်ခိုက်မှုတွေ မြင့်တက်လာတာဟာ ဆယ်စုနှစ်တစ်ခုနီးပါ ရှိနေပြီ ဖြစ်ပါတယ်။

    အစ္စလာမ်ဘာသာ၀င်အများစုရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အိန္ဒိယက ဟိန္ဒူအမျိုးရေးအဖွဲ့တွေရဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။

    ဟိန္ဒူတွေအနေနဲ့ အားမငယ်ဖို့လည်း ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက အားပေး တိုက်တွန်းခဲ့ပါတယ်။

    “ကိုယ့်ကိုယ်ကို အားမငယ်နဲ့ စိတ်ဓာတ်မကျနဲ့။ ဒီနိုင်ငံမှာမွေးတဲ့ ရှင်တို့အားလုံးဟာ ဒီနိုင်ငံသားတွေပါပဲ”

    မိမိတို့အစိုးရကလည်း နိုင်ငံအတွင်းက ဘယ်ဘာသာတရားကိုမှ အထင်အမြင်သေးမှု မရှိဘူးလို့လည်း ရှိခ်ဟာဆီနာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Indian Express